← Chapters

နတ်စွမ်းအား နိုးထခြင်း

Vol. 6 Ch. 89

နတ်စွမ်းအား နိုးထခြင်း

Vol. 6 Ch. 89

အခန်း (၈၉) နတ်စွမ်းအား နိုးထခြင်း

ရှောင်ယောင် ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲဖြစ်လာပြီး ငါးနှစ်အကြာမှာ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း တတိယအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ထွက်လိုက်ပြီး ဖူစန်းသစ်ပင်ဆီလျှောက်သွားကာ အကြောလျှော့လိုက်ပါတယ်။

ရွှင်ချန်အန်းနဲ့ ငရဲကြက်နက်ဟာ ကျင့်ကြံအားထုတ်နေကြပါတယ်။ ဖူစန်းသစ်ပင်နဲ့ မြေဝိဇ္ဇာဘူးပင်ဟာ ပုံမှန်အတိုင်း ဆက်ကြီးထွားနေပါတယ်။ သူတို့ရဲ့အကူအညီကြောင့် ဟန်ကျွယ်ရဲ့ ဝီရိယတောင်မှာ စိတ်ဝိညာဉ် စွမ်းအားတွေ တစ်နေ့တစ်ခြား တိုးပွားလာပါတယ်။

ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။ နတ်သစ်ပင်ဆိုတဲ့အတိုင်း တစ်ခြားရတနာတွေထက် အများကြီး သာလွန်ကောင်းမွန်ပါတယ်။

ဖူးစန်သစ်ပင်ကို ငရဲကြက်နက် နေရာယူပြီးတဲ့နောက်ပိုင်းမှာ ဖူစန်းသစ်ပင်ဟာ အရင်လိုမလှုပ်တော့ပါဘူး။ နတ်သားရဲမပြောနဲ့ သာမန်သားရဲတစ်ကောင်ကိုတောင် မဆင့်ဆိုတော့ပါဘူး။

ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း လူမှုဆက်ဆံရေးကိုဖွင့်ပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်အိမ်မွေးတိရစ္ဆာန် ပဋိပက္ခကောင်းကင်ခွေးသည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၈၇၇

[သင့်အိမ်မွေးတိရစ္ဆာန် ပဋိပက္ခကောင်းကင်ခွေးသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သေလုမျောပါး ဖြစ်သွားသော်လည်း စွမ်းအားကြီးနတ်ဆိုးတစ်ကောင်၏ ကယ်တင်မှုကြောင့် သေခြင်းတရားမှ လွတ်မြောက်သွား၏။]

[သင့်တပည့် ရန်ထျန်တုန်းသည် ဂူအောင်းကျင့်ကြံနေစဉ် နတ်ဆိုးတာအိုအား သိမြင်နားလည်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၁၁၉

[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၀၂၈

[သင့်မိတ်ဆွေကောင်း နတ်မိမယ်ရှီရွှမ်သည် ကံအားလျော်စွာရရှိလာသော အခွင့်အရေးတစ်ခုကြောင့် ကံတရားအထောက်အပံ့ တိုးတက်သွားပြီ ဖြစ်သည်။]

[သင့်မိတ်ဆွေကောင်း ရှောင်ယောင်သည် ဝိဇ္ဇာနတ်ဘုရားကျိန်စာကြောင့် ဒုက္ခခံနေရသည်။] x၅

[သင့်တပည့် စုချီသည် နတ်ဆိုးကျင့်စဉ်အား လေ့ကျင့်ခဲ့ပြီး နတ်စွမ်အား နိုးထလာပြီ ဖြစ်သည်။]

…

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။

‘တကယ်ကြီးလား’

‘ပဋိပက္ခကောင်းကင်ခွေးက ဘာတွေလျှောက်လုပ်နေတာလဲ’

‘ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကန ပြန်ကောင်းလာရုံရှိသေးတယ်၊ ထပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြန်ပြီ၊ ကံတရားအထောက်ပံ့ရှိတဲ့ နတ်သားရဲမို့လိုပဲ၊ သူ့နေရာမှာ တစ်ခြားသူသာဆိုရင် ဆယ်ခါပြန် သေနေလောက်ပြီ၊ မဟုတ်ဘူး... အကြိမ်ရာထောင်ချီသေမှာ’

‘မော့ဖူချိုနဲ့ ကျိုးဖန်က အတူတူပဲ ရှိနေသေးတယ်ထင်တယ်၊ သူတို့တွေ တိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက် သိပ်မကွာဘူး၊ သူတို့နှစ်ယောက် အတူတူရှိနေသေးရင် ပြဿနာရှာတဲ့လူက ကျိုးဖန်ပဲ ဖြစ်ရမယ်’

‘နာမည်ကြီးတဲ့လူတွေက ရိုးရိုးလေး မနေထိုင်ချင်ကြဘူးပဲ၊ ဒါက ကံကြမ္မာပဲ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်က နောက်ထပ်အခွင့်အရေးတစ်ခု ရသွားတာကို သတိပြုမိသွားပါတယ်။ ဒီနှစ်တွေမှာ နတ်မိမယ်ရှီရွှမ်ဟာ အပြင်မှာလေ့ကျင့်နေပြီး သူမရဲ့ကျင့်ကြံမှုက တဖြည်းဖြည်း တိုးတက်လာတာကြောင့် စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ထိုးဖောက်ဖို့ မျှော်လင့်ချက် ရှိလာပါပြီ။

ယွီဂျင်ဂိုဏ်း အင်အားကြီးမားလာတနဲ့အမျှ အကြီးအကဲအများစုရဲ့ ကျင့်ကြံခြင်းအဆင့်တွေဟာလည်း စတိုးတက်လာပါတယ်။

‘ရှောင်ယောင်က ဝိဇ္ဇာနတ်ဘုရားကျိန်စာကို တစ်နှစ်တစ်ကြိမ် ခံစားရတာလား၊ သူ ဘာတွေဖြစ်နေတာလဲ’ ဟန်ကျွယ်ဟာ ရှောင်ယောင်က ယွီဂျင်ဂိုဏ်းဆီ ပြဿနာသယ်လာမှာကို ရုတ်တရက် စိုးရိမ်သွားပါတယ်။

‘စုချီက နတ်စွမ်းအား နိုးထလာပြီတဲ့လား၊ သူ့ကြမ္မာဆိုးနဲ့တင် တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ၊ နတ်စွမ်းအားနိုးထသွားပြီးဆိုတော့...’

ဟန်ကျွယ်ဟာ စုချီကို အဝေးလွှတ်လိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ စုချီသာ ယွီဂျင်ဂိုဏ်းမှာ အကြာကြီးဆက်ရှိနေမယ်ဆိုရင် ယွီဂျင်ဂိုဏ်း ဒုက္ခရောက်ဖို့က ရာခိုင်းနှုန်း တော်တော်များပါတယ်။

ပြောမဲ့သာ ပြောရတာပါ။ စုချီရဲ့ဘဝကို တော်တော်လေး သနားဖို့ကောင်းပါတယ်။ သူ့ပတ်ဝန်းကျင်က လူတွေဟာ သူ့ကြောင့် သေဆုံးကုန်ပါတယ်။ ဒါပေမဲ့ စုချီဟာ အရင်ဘဝကို မမှတ်မိတာကြောင့် ကောင်းကင်က သူ့ကိုပစ်မှတ်ထားပြီး ဒုက္ခပေးနေတယ်လို့ ခံစားနေရပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က စုချီကို သေမျိုးဘုံဆီ စေလွှတ်လိုက်ရတဲ့ အကြောင်းကို သံသယဝင်သွားပါတယ်။ ဒါပေမဲ့ ကပ်ဘေးနတ်သားရဲ ကျိုတုတ်တောင် သေမျိုးဘုံဆီ ရောက်လာတယ်ဆိုတော့ ကြမ္မာဆိုးဝိဇ္ဇာတစ်ယောက် သေမျိုးဘုံဆီ ရောက်လာတာ သိပ်ပြီး မထူးဆန်းတော့ပါဘူး။

ဒီလိုဘေးဒုက္ခသယ်ဆောင်လာတဲ့ နတ်သားရဲကျိုတုတ်နဲ့ စုချီတို့ သေမျိုးဘုံဆီ ရောက်လာတာ ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တစ်ခု ရှိနေသလိုပါပဲ။

ဒါကတော့ ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်သက်သက်ပဲ ဖြစ်ပါတယ်။ အဖြစ်မှန်ကိုတော့ ကောင်းကင်ရုံးတော်ပဲ သိပါလိမ့်မယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ခိုက်မင်မွန်းစတားအိုကြီးနဲ့ ပြဒါးငှက်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီတစ်ခေါက်မှာ ငါးရက်ကြာအောင် ကျိန်စာတိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အဓိကတောင်ထိပ်မှာ လီချင်းဇဲ့၊ မဟာအကြီးအကဲ၊ ရှောင်ယောင်နဲ့ တစ်ခြားအကြီးအကဲတွေဟာ ခန်းမထဲမှာ စုရုံးနေကြပါတယ်။

သူတို့အကုန်လုံးရဲ့အကြည့်ဟာ လူတစ်ဦးဆီ စုပြုံကျရောက်နေပါတယ်။ ဒီလူကတော့ ကောင်းကင်သွေးမီးလျှံဂိုဏ်းက စေလွှတ်လိုက်တဲ့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်ရှိတဲ့ အကြီးအကဲရန်လင်ပဲ ဖြစ်ပါတယ်။

ရန်လင်ဟာ ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲတွေကိုကြည့်ပြီး ပဟေဠိ ဖြစ်သွားပါတယ် ‘သူတို့တွေက အားနည်းလှချည်းလား၊ ဒီဆံဖြူ မျက်မမြင်ကလွဲလို့ ဘယ်သူမှ ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး’

ရန်လင်ဟာ သူတို့ဂိုဏ်းချုပ်က ယွီဂျင်ဂိုဏ်းဆီ ဘာလို့ခိုလှုံချင်လဲဆိုတာ နားမလည်ပါဘူး။ ဒါပေမဲ့လည်း လာရင်းကိစ္စကို ရိုးရိုးသားသား ပြောလိုက်ပါတယ်။

ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ ချောက်ကမ်းပါးစွန်းကို ရောက်နေပြီဖြစ်တဲ့အတွက် သူတို့တွေ အကောင်းဆုံးကြိုးစားရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။

ရန်လင့်စကား ဆုံးတဲ့အခါမှာ ယွီဂျင်ဂိုဏ်းအကြီးအကဲတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ကောင်းကင်‌သွေးမီးလျှံဂိုဏ်းက ယွီဂျင်ဂိုဏ်းထဲ ဝင်လာလိမ့်မယ်လို့ သူတို့တွေ အိပ်မက်တောင် မမက်ဖူးပါဘူး။

လီချင်းဇဲ့ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “မင်းတို့ဂိုဏ်းနဲ့ အသွင်မဲ့ဂိုဏ်းက တိုက်ပွဲကြီးဖြစ်နေတာပဲ၊ ငါတို့ယွီဂျင်ဂိုဏ်းက ဒီပြဿနာထဲ ဝင်မပါချင်ဘူး”

လီချင်းဇဲ့ဟာ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို တစ်ချက်ကလေးတောင် အကောင်းမမြင်ပါဘူး။ သူ့အမြင်အရ ကောင်းကင်သွေးမီးလျှံဂိုဏ်းက ယွီဂျင်ဂိုဏ်းကို သူတို့အရှုပ်ထုတ်ထဲ ဆွဲချချင်တာပါ။

“ကျုပ်တို့ဂိုဏ်းချုပ်က ပြောလိုက်ပါတယ်၊ ယွီဂျင်ဂိုဏ်းသာ သဘောတူမယ်ဆိုရင် ကောင်းကင်သွေးမီးလျှံဂိုဏ်းက ယွီဂျင်ဂိုဏ်းရဲ့ ဆယ့်ကိုးထိပ်မြောက် တောင်ထိပ် ဖြစ်လာပါလိမ့်မယ်တဲ့”

လီချင်းဇဲ့ဟာ မနေနိုင်ဘဲ မဟာအကြီးအကဲကို ကြည့်လိုက်ပါတယ်။ ဆရာသခင်နဲ့ တပည့်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မငြင်းချင်တဲ့ အမူအရာကို တွေ့လိုက်ရပါတယ်။

ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ ဝေ့‌ဒေသကို စုစည်းပြီးနောက်မှာ သူတို့အုတ်မြစ်က အတော်လေးကို သန်မာသွားပါပြီ။ ယွီဂျင်ဂိုဏ်းသာ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ဝါးမြိုနိုင်မယ်ဆိုရင် အချိန်တိုအတွင်း အင်အားကြီးသွားမှာပါ။

လီချင်းဇဲ့ဟာ မတ်တတ်ရပ်လိုက်ပါတယ် “ခင်ဗျားတို့တွေ အရင်ဆုံး ဆွေးနွေးကြအုန်း၊ ကျုပ် လမ်းလျှောက်လိုက်အုန်းမယ်” လီချင်းဇဲ့ဟာ ပြောဆိုပြီးတာနဲ့ ခန်းမထဲက ထွက်ခွာသွားပါတယ်။

အကြီးအကဲအားလုံး သူတို့ဂိုဏ်းချုပ် ဘယ်သွားလဲဆိုတာကို သိလိုက်ကြပါတယ်။ သူတို့ဂိုဏ်းချုပ်က ဒီလိုအရေးကြီးကိစ္စကို တိုင်ပင်ဖို့အတွက် နတ်သတ်အကြီးအကဲဆီ သွားတာကလွဲပြီး တစ်ခြားဟာ မဖြစ်နိုင်ပါဘူး။

ရှောင်ယောင်ဟာ ရှေ့ထွက်ကာ ပြောလိုက်ပါတယ် “ကျုပ် ကောင်းကင်သွေးမီးလျှံဂိုဏ်း အကြောင်းကို သိပ်မသိဘူး၊ ဒါပေမဲ့ ကျုပ်နဲ့ ခင်ဗျားက အကြီးအကဲတွေဆိုတော့ တစ်ယောက်အစွမ်းကို တစ်ယောက် စမ်းကြည့်ရအောင်”

ရန်လင်ဟာ မျက်လုံးကိုကျဉ်းလိုက်ပါတယ် “ကောင်းပြီလေ”

ရန်လင်ဟာ ယွီဂျင်ဂိုဏ်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ကာကွယ်နိုင်လောက်တဲ့ အင်အားမရှိဘူးလို့ ခံစားနေရာတာကြောင့် ‌ရှောင်ယောင်ရဲ့ စိန်ခေါ်မှုကို ချက်ချင်း သဘောတူလိုက်ပါတယ်။

…

လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီသွားပြီး ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြလိုက်ပါတယ်။

“အကြီးအကဲဟန်... ဒီကိစ္စကို ဘယ်လိုထင်လဲ”

ဟန်ကျွယ်ဟာ အသွင်မဲ့ဂိုဏ်းကို တွေးမိတဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ်။

ကောင်းကင်သွေးမီးလျှံဂိုဏ်းကို လက်ခံလိုက်ရင် အသွင်မဲ့ဂိုဏ်းကို ရန်စမိမှာ ကျိန်းသေပါပဲ။ ဒါပေမဲ့ အသွင်မဲ့ဂိုဏ်းချုပ် ခိုက်မင်မွန်းစတားအိုကြီးက သူ့ရန်သူ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အသွင်မဲ့ဂိုဏ်းကို ရန်စမိမှာ လုံးဝမကြောက်ပါဘူး။

ခိုက်မင်မွန်းစတားအိုကြီးက ခန္ဓာကိုယ်ပေါင်းစပ်ခြင်း သတ္တမအဆင့်ရှိပေမဲ့ တတိယအဆင့် ရောက်နေပြီဖြစ်တဲ့ ဟန်ကျွယ်က သူ့ကို ‌အနိုင်ယူနိုင်ပါတယ်။ ဒါပေမဲ့ ခိုက်မင်မွန်းစတားအိုကြီးက တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီအတွက် သတိကြီးကြီးထားရပါလိမ့်မယ်။

“အသွင်မဲ့ဂိုဏ်းကို ခုခံဖို့အတွက် ဂိုဏ်းချုပ်မှာ ယုံကြည်ချက်ရှိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

လီချင်းဇဲ့ဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “အသွင်မဲ့ဂိုဏ်းက ကျုပ်တို့ဂိုဏ်းကို ပစ်မှတ်ထားနေပုံရတယ်၊ သူတို့တပည့်တွေက ရန်ဒေသထဲကို ဝင်လာပြီ၊ ရန်ဒေသရဲ့ ဂိုဏ်းအသီးသီးက ကျုပ်ဆီ စာပို့ပြီး အကူအညီတောင်းနေကြတယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ် ‘ဒီခိုက်မင်မွန်းစတားအိုကြီးက ငါ့ဆီကို လာတာလား’

“ဝုန်း...”

မိုးမြေပျက်မတက် ကျယ်လောင်တဲ့အသံကြီးကို အပြင်ဘက်ကနေ ကြားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ သူ့နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ရှောင်ယောင်နဲ့ ရန်လင် တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။ ရှောင်ယောင်က ဟင်းလင်းပြင်ပေါင်းစပ် နဝမအဆင့်မှာမို့ ရန်လင်က သူ့ပြိုင်ဘက် မဟုတ်ပါဘူး။

ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ဒီလိုဆိုတော့ ကျုပ်တို့မှာ ရွေးချယ်စရာ မရှိဘူးပဲ၊ ကျုပ်တို့တွေ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ငြင်းပယ်လိုက်ရင် အသွင်မဲ့ဂိုဏ်းက ရန်ဒေသကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်လာလိမ့်မယ်”

လီချင်းဇဲ့ဟာ ကူကယ်ရာမဲ့တဲ့ မျက်နှာထားနဲ့ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ဒီလိုလုပ်ပါလား၊ ရန်လင်ရှုံးသွားရင် သူတို့ဂိုဏ်းချုပ်နဲ့ တာအိုသခင်တျန်ကုန်းကို ကိုယ်တိုင်လာခဲ့ဖို့ ပြောလိုက်”

လီချင်းဇဲ့ဟာ ဟန်ကျွယ် လှုပ်ရှားတော့မယ်မှန်း သိလိုက်ရတာကြောင့် အံအားသင့်သွားပြီး ကျေနပ်အားရသွားပါတယ်။

သူတို့တွေ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ဝါးမြိုမယ်ဆိုရင် လုံးဝနှိပ်ကွပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ အင်အားက အတော်လေးကို ကွာခြားနေလို့ပါ။ သူတို့တွေ ပေါင်းစည်းမှုပဲ လုပ်မယ်ဆိုရင် ယွီဂျင်ဂိုဏ်းက အနာဂတ်မှာ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

လီချင်းဇဲ့ဟာ ချက်ချင်းပဲ ထွက်ခွာသွားပါတယ်။

ရှောင်ယောင်နဲ့ ရန်လင်ရဲ့ တိုက်ပွဲဟာ ငါးမိနစ်ကြာညောင်းပြီး ယွီဂျင်ဂိုဏ်းတပည့်တွေကို အမြင်ကျယ်သွားစေပါတယ်။

‘အကြီးအကဲရှောင်က တော်တော်လေး စွမ်းအားကြီးတာပဲ’ ဒါကတော့ ယွီဂျင်ဂိုဏ်းတပည့်တွေရဲ့ စိတ်ထဲက အတွေးပါ။

ရှောင်ယောင်ဟာ ကိုယ်ပွားတစ်သောင်း ထုတ်သုံးလိုက်တဲ့အခါမှာ ရန်လင်ကို လုံးဝဖိနှိပ်နိုင်သွားပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်ပြောတဲ့အတိုင်း ရန်လင်ကို ပြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ရန်လင်ဟာ ချက်ချင်းထွက်ခွာသွားပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဟန်ကျွယ်ဟာ သူ့မေးစေ့ကိုပွတ်ပြီး ရေရွတ်လိုက်ပါတယ် “မဟုတ်သေးဘူး၊ ငါနဲ့ ခိုက်မင်မွန်းစတားအိုကြီးက အသွင်တူလက်ရည်စမ်းပွဲထဲမှာ မတိုက်ရသေးတော့ ဒီမွန်းစတားကြီးရဲ့ စွမ်းအားအတိမ်အနက်ကို ငါမသိဘူး၊ သူ့မှာ ရှောင်ယောင်လိုမျိုး ထူးခြားတဲ့ ဆန်းကြယ်စွမ်းအားရှိနေရင် ဘယ်လိုလုပ်မလဲ”

တိုက်ပွဲစတာနဲ့ ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို ချက်ချင်း သတ်ပစ်ဖို့ လိုအပ်ပါတယ်။ သူ့ကို တာအိုသခင်တျန်ကုန်းလိုမျိုး လွတ်မြောက်ခွင့်ပြုလို့ မရပါဘူး။ မဟုတ်ရင် ယွီဂျင်ဂိုဏ်းအတွက် ပြဿနာပေါင်း သောင်းခြောက်ထောင် သယ်ဆောင်လာမှာပါ။

ဒီလိုနဲ့ ဟန်ကျွယ်ဟာ သူ့ရဲ လမ်းခြောက်သွယ် အမှတ်အသားကို တွေးမိသွားပါတယ်။

‘နောက်ကျရင် ရန်သူနဲ့တွေ့တိုင်း ဒီအမှတ်အသား ချန်ထားသင့်လား၊ ဒီလိုဆိုရင် သူ ဘယ်လောက်ပြေးပြေး ငါထက်ထဲကနေ လွတ်မှာ မဟုတ်တော့ဘူး’

‘နောက်ပြီး ငါရဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားကိုလည်း စွမ်းအားကြီးမားလာအောင် လုပ်ရမယ်၊ ဒီလိုဆိုရင် ငါ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ခြေတစ်လှမ်း ထွက်စရာမလိုဘဲ ရန်သူကို လှမ်းတိုက်လို့ရပြီ”

ဟန်ကျွယ် အတွေးများနေတုန်းမှာပဲ စာကြောင်းတစ်ကြောင်း သူ့ရှေ့မှာ ပေါ်လာပါတယ်။

[ကံတရားအထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]

All Chapters