ကျန်းရှနတ်ဧကရာဇ်
Vol. 6 Ch. 90
အခန်း (၉၀) ကျန်းရှနတ်ဧကရာဇ်
‘ကံတရားအထောက်အပံ့နဲ့ မွေးဖွားလာသူလား’
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။ ကောင်းချီးနဲ့ မွေးဖွားလာသူကို ဟန်ကျွယ် မတွေ့တာ အတော်ကြာသွားခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[မုရုံချီ: ရွှေဓာတ်လုံး စတုတ္ထအအဆင့်၊ အထက်ဘုံရှန်နန်းတော်မှ စစ်နတ်ဘုရား ပြန်လည်မွေးဖွားခြင်း ဖြစ်ပြီး ဘွဲ့အမည်နာမမှာ ကျန်းရှနတ်ဧကရာဇ်ဖြစ်သည်။ ကျန်းရှနတ်ဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်စု အမတဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာပျက်စီးပြီး သူ့ဝိညာဉ်သည် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်ကာ သေမျိုးဘုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်း စက်ဝန်းတွင် သူ့ဝိညာဉ်သည် တဖြည်းဖြည်း ပြန်ကောင်းလာ၏။ ယခုအချိန်၌ သူသည် သေမျိုးတစ်ယောက် ဖြစ်နေသော်လည်း နတ်ဧကရာဇ် ကံတရားအထောက်အပံ့ကြောင့် ပြိုင်ဘက်ကင်းသော အရည်အချင်းရှိ၏။ သူသည် ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း၏ ဆွဲဆောင်မှုကိုခံရပြီး ယွီဂျင်ဂိုဏ်းသို့ ရောက်လာခြင်း ဖြစ်သည်။]
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
‘ရှန်နန်းတော်က စစ်နတ်ဘုရား’
‘ကျန်းရှနတ်ဧကရာဇ်’
‘ဒီရှန်နန်းတော်က ဘယ်လိုအဆင့်မှာ ရှိတာလဲ၊ ကောင်းကင်ရုံးတော်နဲ့ တန်းတူပဲလား’
ဟန်ကျွယ်ဟာ အထက်ဘုံက သူထင်ထားတာနဲ့ ကွဲပြားခြားနားနေလိမ့်မယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ ကြည့်ရတာ အထက်ဘုံကို ကောင်းကင်ရုံးတော်တစ်ခုတည်းကပဲ အုပ်စိုးမနေဘဲ တစ်ခြားစွမ်းအားကြီးတဲ့ အင်အားစုတွေ ရှိနေပုံပါပဲ။ ဒါ့အပြင် သူတို့ကြားက ဆက်ဆံရေးက တော်တော်လေး နက်ရှိုင်းပုံပါပဲ။
ကောင်းကင်ရုံးတော်၊ ရှန်နန်းတော်၊ တချန်ဖူ။
ဒီနာမည်တွေက ဟန်ကျွယ် တဖြည်းဖြည်းသိလာတဲ့ အထက်ဘုံက အင်အားစုတွေပါ။
ဘာပဲဖြစ်ဖြစ် ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်။ ဟန်ကျွယ်ဟာ စနစ်ရှိလို့သာ ကံတရားအထောက်အပံ့ ရှိသူတွေနဲ့ သူတို့ရဲ့ဇာစ်မြစ်ကို သိရှိနိုင်ပြီး အထက်ဘုံက စွမ်းအားကြီးအင်အားစုတွေကို သတိထားမိတာပါ။ သူ့နေရာမှာ တစ်ခြားသူဆို ဘယ်လောက်စွမ်းအားကြီးကြီး လုံးဝသိနိုင်မှာ မဟုတ်ပါဘူး။
ဝတ္ထုတွေထဲမှာဆိုရင် ဇာတ်လိုက်က ပါရမီရှင်မျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ ဇာတ်လိုက်ဟာ သူတို့ဇာစ်မြစ်ကို မသိမြင်နိုင်ပါဘူး။
မူရုံချီက ကျန်းရှနတ်ဧကရာဇ် ပြန်ဝင်စားတာ ဖြစ်ပေမဲ့ ဟန်ကျွယ်က သူ့ကို စိတ်ထဲမထားပါဘူး။ သူ့ကို သတ်ပစ်လိုက်လို့ အနာဂတ်မှာ ကျန်းရှနတ်ဧကရာဇ် ပြန်ဖြစ်သွားရင်တောင် ဟန်ကျွယ်ကို လက်စားလာချေမှာ မဟုတ်ပါဘူး။
မူရုံချီက ဘယ်နှဘဝလောက် ပြန်ဝင်စားပြီးပြီလဲဆိုတာ နတ်ဘုရားပဲ သိပါလိမ့်မယ်။ ရွှင်ချန်အန်းတောင် ဒီဘဝက ၃၉ ခါမြောက်ဘဝပါ။ နောက်ကျလို့ ရွှင်ချန်အန်း အထက်ဘုံကို တက်သွားရင် သူ့ဘဝတိုင်းက ရန်သူတွေကို လက်စားလိုက်ချေမှာ မဟုတ်ပါဘူး။ ဘဝဆက်တိုင်း မုန်းတီးတဲ့ ရန်သူဆိုရင်တော့ တစ်မျိုးပေါ့။
ဘဝတိုင်းမှာ ရန်သူတွေရှိသလို မိတ်ဆွေတွေ ရှိပါတယ်။ သူတို့အကုန်လုံးကိုသာ ကလဲ့စားချေတာ ကျေဇူးပြန်ဆပ်တာ လုပ်ရမယ်ဆိုရင် တော်တော့်ကို မလွယ်တဲ့ကိစ္စပါ။
‘ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း ဝင်စားတဲ့ ရွှင်ချန်အန်းက ကျန်းရှနတ်ဧကရာဇ်ကို ဆွဲဆောင်ခဲ့တာဆိုတော့ နောက်ကျရင် ဒီလိုပဲစွမ်းအားကြီးတဲ့ တစ်ခြားလူတွေကို ဆွဲဆောင်အုန်းမှာလား’
‘ဒါဆိုရင်တော့ ဒီကောင်က ပါကျဲမဟုတ်တော့ဘူး ထန်စန်း ဖြစ်သွားပြီ’
ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို အသုံးပြုပြီး မုရုံချီကို ရှာဖွေလိုက်ပါတယ်။
မုရုံချီနဲ့ ကျင့်ကြံသူတစ်စုဟာ ယွီဂျင်ဂိုဏ်းဆီ ပျံသန်းလာကြပါတယ်။ သူတို့ကို ဦးဆောင်လာတဲ့သူကတော့ ကွမ်းယိုကုန်းပဲ ဖြစ်ပါတယ်။ ဒီကျင့်ကြံသူတွေဟာ ယွီဂျင်ဂိုဏ်းရဲ့ တာအိုဝတ်ရုံကို ဝတ်ဆင် မထားတာကြောင့် ယွီဂျင်ဂိုဏ်းထဲဝင်မဲ့ ကျင့်ကြံသူတွေမှန်း သိသာပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီကို သေချာအကဲခတ်လိုက်ပါတယ်။ မုရုံချီမျက်နှာက တော်တော်လေးငယ်ရွယ်ပြီး အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ခန့် ရုပ်ရည်မျိုး ရှိနေတောကြောင့် အရွယ်ထိန်းဆေးကို စောစောမှီဝဲထားမှန်း သိသာပါတယ်။
ဟန်ကျွယ်ဟာ သိပ်အများကြီး မတွေးပါဘူး။ မုရုံချီက သူ့စိတ်ဝိညာဉ်ချီကို စားချင်တယ်ဆိုရင်တော့ ရွေဓာတ်လုံးအဆင့်လောက်နဲ့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။
နောက်ပြီးတော့....
ရွှင်ချန်အန်းက ဒီလောက်ရုပ်ဆိုးတာ မုရုံချီက သူ့ကိုမြင်တာနဲ့ စားချင်စိတ် ပျောက်သွားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားကို ဒီထက်ပိုစွမ်းအားကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စစဉ်းစားပါတယ်။
ကွမ်းယိုကုန်းတို့ ဝီရိယတောင်ကို ဖြတ်တဲ့အခါမှာ မုရုံချီက ရုတ်တရက် မေးလိုက်ပါတယ် “ဒီတောင်က ယွီဂျင်ဂိုဏ်းကလား”
တစ်ခြား ကျင့်ကြံသူတွေကလည်း ဒီတောင်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အလွန်များပြားတဲ့အတွက် စိတ်ဝင်တစား ကြည့်ရှုနေကြပါတယ်။
“ဟုတ်တယ်၊ ဒီတောင်မှာ ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲ နေထိုင်တယ်၊ မင်းတို့တွေ နောက်ကျရင် ဒီတောင်ကို မကျူးကျော်မိစေနဲ့၊ မဟုတ်ရင် မင်းတို့တွေ ဂိုဏ်းထဲကနေ နှင်ထုတ်ခံရလိမ့်မယ်” ကွမ်းယိုကုန်းဟာ ခေါင်းညိတ်ပြီး သူ့နောက်က လိုက်လာတဲ့လူတွေကို သတိပေးလိုက်ပါတယ်။ သူကိုယ်တိုင်လည်း ဝီရိယတောင်ကို ရိုသေလေးစားတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
‘ဒီနေရာပဲ၊ ဒီတောင်မှာ ငါ့အတွက် အခွင့်အရေး ရှိနေတယ်’ မုရုံချီဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ မုရုံချီဟာ မွေးဖွားလာကတည်းက သာမန်ထက် ထူးကဲသာလွန်တဲ့ အလိုလိုသိစိတ် ရှိပါတယ်။ ဒီအလိုလိုသိစိတ်ကြောင့်လည်း မုရုံချီဟာ အခွင့်အရေးကောင်းများစွာကို ရှာဖွေ့ရရှိခဲ့ပါတယ်။
မုရုံချီဟာ အရင်တုန်းက ယွီဂျင်ဂိုဏ်းရဲ့ အပြင်စည်းထဲကို ရောက်ဖူးပါတယ်။ အခုအချိန်မှာ ယွီဂျင်ဂိုဏ်းက ရန်ဒေသမှာ နာမည်ကြီးနေတာကြောင့် မုရုံချီဟာ ခိုးမဝင်ရဲပါဘူး။ ဒါကြောင့် မုရုံချီဟာ ယွီဂျင်ဂိုဏ်းရဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေကို စုဆောင်းတဲ့ နေရာဆီသွားပြီး စာရင်းသွင်းလိုက်ရတာပါ။
“နတ်သတ်အကြီးအကဲက တပည့်လက်ခံလား” မုရုံချီက မေးလိုက်ပါတယ်။
ကွမ်းယိုကုန်းဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “လက်ခံတယ်၊ ဒါပေမဲ့ ငါတို့တွေ သူ့ကို နှောင့်ယှက်လို့မရဘူး၊ အရင်တစ်ခေါက်တုန်းကတော့ ဘုန်းကြီးတစ်ပါး တောင်အောက်မှာ ငါးနှစ်ဒူးထောက်ပြီးမှ တပည့်ဖြစ်သွားတယ်”
ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေဟာ ကွမ်းယိုကုန်းရဲ့စကားကြောင့် အံဩလို့မဆုံး ဖြစ်သွားပါတယ်။
‘ငါးနှစ်တောင် ဒူးထောက်တာလား’
‘တော်တော်လေး မာကြောတဲ့စိတ်ဓာတ်ပဲ’
မုရုံချီက ရွှင်ချန်အန်းကို မတွေ့ရသေးဘဲနဲ့ အလိုလိုလေးစားသွားပါတယ်။
ကွမ်းယိုကုန်း ဦးဆောင်လာတဲ့ ကျင့်ကြံသူတွေဟာ ဝီရိယတောင်ဘေးကနေ အဓိကတောင်ထိပ်ဆီ ပျံသန်းသွားကြပါတယ်။
ဖူစန်းသစ်ပင်အောက်။
တရားထိုင်နေတဲ့ ရွှင်ချန်အန်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ရွှင်ချန်အန်းဟာ သူ့ရင်ဘက်ကို အသာပုတ်လိုက်ပြီး နားမလည်နိုင်အောင် ဖြစ်သွားပါတယ် “ငါ ဘာဖြစ်လို့ မသက်မသာ ခံစားနေရတာလဲ...”
ဒီလိုမျိုး မသက်မသာ ခံစားရတာက ရွှင်ချန်အန်းအတွက် ပထမဆုံးအကြိမ်မို့ ရွှင်ချန်အန်းဟာ စိုးရိမ်ထိတ်လန့်သွားပြီး သူကျင့်စဉ်များ မှားယွင်းနေသလားလို့ ချက်ချင်း ပြန်စစ်ဆေးပါတယ်။
…
နှစ်လကြာပြီးတဲ့နောက်မှာ ကောင်းကင်တစ်ခုလုံး ခရမ်းရောင် အလင်းတန်းတွေနဲ့ ထပ်မံပြည့်နှက်သွားတာကြောင့် လောကတစ်ခုလုံး တုန်လှုပ်သွားပြန်ပါတယ်။
ဒီလိုအံဖွယ်ဖြစ်ရပ် ဖြစ်ပေါ်လာရတာကတော့...
ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲကို ထပ်မံဝင်ရောက်သွားလို့ပဲ ဖြစ်ပါတယ်။
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းဟာ လက်ချောင်းသိုင်းဆိုပေမဲ့ အရင်းစစ်လိုက်ရင် ဓားသိုင်းပါပဲ။ ပြိုင်ဘက်ကင်းဓားလက်ချောင်းသိုင်းနဲ့ ဘာမှသိပ်မကွာပါဘူး။ လက်ချောင်းတွေကို ဓားအဖြစ်အသုံးပြုပြီး ဓားချီ ပစ်လွှတ်တာပါပဲ။
ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲကို ထပ်မံရောက်ရှိသွားပြီး ဓားကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက် သူ့နောက်မှာ ပြတ်ကျန်ခဲ့ပါတယ်။ ဒီတစ်ခါမှာ ဟန်ကျွယ်ဟာ အံဩခြင်းမရှိဘဲ ရင်ထိတ်နေပါတယ်။
‘အရင်တစ်ခါကလို လူမျိုးနဲ့ ထပ်တိုးအုန်းမှာလား’
ဟန်ကျွယ်ဟာ သူ့သတိတရားကို မထိန်းချုပ်နိုင်တာကြောင့် ထိုင်ကြည့်ရုံပဲ တက်နိုင်ပါတယ်။
ဓားတာအိုမြစ်ဟာ တောက်ပကြည်လင်နေတဲ့အတွက် ဟန်ကျွယ်ဟာ ဓားကျင့်ကြံသူအချို့ရဲ့ မှတ်ဉာဏ်တွေကို မသဲမကွဲ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ လျှစ်တစ်ပြက်ပေါ်လာပြီး ပြန်ပျောက်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။
အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရှေ့က ဓားကျင့်ကြံသူတစ်ဦးဟာ ရပ်တန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ရှေ့ကလူကိုကြည့်ပြီး နှလုံးခုန်မြန်သွားပါတယ် ‘ဒီလူပဲလား... သူက မကျင့်ကြံဘဲ ဒီမှာ ဘာလုပ်နေတာလဲ၊ ဓားတာအိုမြစ်ကို အမြဲတမ်း စောင့်ကြပ်နေတာလား’
ဒီပုဂ္ဂိုလ်ဟာ ဓားရောင်တွေ ဖုံးလွှမ်းနေတဲ့အတွက် သူ့ရုပ်ရည်အမှန်ကို မြင်တွေ့ဖို့ဆိုတာ အတော်လေး ခက်ပါတယ်။ သူဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်း ထပ်ရောက်လာပြန်ပြီလား”
ဟန်ကျွယ်က ဂရုတစိုက် ပြန်ပြောလိုက်ပါတယ် “ကျွန်တော်က စီနီယာကို အပြစ်ပြုမိဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော့်ကိုယ် ကျွန်တော် ရပ်တန့်လို့မရလို့ပါ၊ ကျွန်တော်ကို ကူပြီး ရပ်တန့်ပေးပါ၊ ကျွန်တော့်ကိုသာ မထိခိုက်စေပါနဲ့”
လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူဟာ တိတ်ဆိတ်သွားပါတယ်။
မမြင်ရတဲ့အားတစ်ခုကြောင့် ဟန်ကျွယ်ဟာ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်တန့်သွားပါတယ်။ ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေပါတယ်။
“ထူးဆန်းလိုက်တာ၊ မင်းမှာ အရင်ဘဝက ပုံရိပ်ဟောင်းလည်း မရှိပါဘူး၊ ဘယ်လိုလုပ်ပြီး ဓားတာအိုနားလည်နိုင်စွမ်းက ဒီလောက်ထိ မြင့်မားနေရတာလဲ” လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူက တအံတဩ မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အရာအားလုံးမှာ အစရှိတာပါ၊ အနာဂတ်ကျရင် ကျွန်တော်က တစ်ဦးဦးရဲ့ ပုံရိပ်ဟောင်း ဖြစ်ချင် ဖြစ်လာမှာပေါ့”
လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူဟာ ဘာမှပြန်မပြောပါဘူး။ အသက်ရှူကြိမ် သုံးကြိမ်ကြာတဲ့အခါမှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဓားကျင့်ကြံသူဟာ သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “မဟာညီညွှတ်မှုရဲ့ သိမ်မွေ့နက်ရှိုင်းမှုက သာမန်လူတွေ ထိတွေ့လို့ရတဲ့အရာ မဟုတ်ဘူး၊ တန်ပြန်မခံရအောင် ဂရုစိုက်၊ ပြန်သွားတော့”
“ဝုန်း...”
ဟန်ကျွယ်ဟာ မူးနောက်သွားပြီး မျက်လုံးဖွင့်လိုက်တဲ့အခါမှာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ သူ့မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်ပါတယ် ‘ငါ ဘာလို့ ဒီလူနဲ့ပဲ တွေ့နေရတာလဲ၊ ဒီကောင်က ဘာမှလုပ်စရာမရှိလို့ ဓားတာအိုမြစ်ထဲမှာ အချိန်တိုင်း ရှိနေတာလား’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ရှောင်ယောင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခန္ဓာကိုယ်ပေါင်းစပ် တတိယအဆင့်ထိ မြှင့်တင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို စွမ်းအားကြီးအောင် လေ့ကျင့်ခဲ့ပြီးပြီမို့ ရှောင်ယောင်ကို ချက်ချင်း သတ်ပစ်နိုင်သွားပါတယ်။
‘နှမြောဖို့ကောင်းလိုက်တာ’
ရှောင်ယောင်ဟာ နည်းနည်း အားနည်းနေပါသေးတယ်။ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ယွီဂျင်ဂိုဏ်းထဲ ခိုးဝင်လာရင် ကောင်းမှာပဲလို့ ရုတ်တရက် တွေးမိလိုက်ပါတယ်။ ဒါမှလည်း သူ့ရဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းစွမ်းအားကို အပြည့်အဝ စမ်းသပ်နိုင်မှာပါ။
တစ်ချိန်တည်းမှာပဲ ကောင်းကင်က အံဖွယ်ဖြစ်ရပ်လည်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ ဒီအံဖွယ်ဖြစ်ရပ်ကြောင့် လောကတစ်ခုလုံး ပွတ်လောရိုက်ကျန်နေခဲ့ပြီး ကျင့်ကြံသူတွေအချင်းချင်း ဆွေးနွေးကြတာ တရစပ်ပါပဲ။
ကျင့်ကြံခြင်းလောကရဲ့ မျိုးဆက်ဟောင်း စွမ်းအားကြီး ကျင့်ကြံသူတွေဟာ ပါရမီရှင်တွေရဲ့ ရွှေခေတ်ရောက်လာပြီလို့ ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအံဖွယ်ဖြစ်ရပ်က သုံးကြိမ်မြောက် ဖြစ်နေလို့ပါပဲ။ ဒီကျင့်ကြံသူဟောင်းတွေရဲ့ မျက်လုံးထဲမှာ ဒီအံဖွယ်ဖြစ်ရပ်သုံးခုက လူတစ်ယောက်တည်းကြောင့် ဖြစ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ တွေးထားကြတာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ ပါရမီရှင်ရွှေခေတ်ကို တစ်ဦးတည်းနဲ့ အသက်သွင်းခဲ့ပါတော့တယ်။
ဟန်ကျွယ်ဟာ သူ့အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်အားထုတ်ပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဝီရိယတောင်အောက်မှာ လူတစ်ယောက်ပေါ်လာပြီး ကျောက်ပြားရှေ့မှာ ဒူးလာထောက်ပါတယ်။ ဒီလူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ကျန်းရှနတ်ဧကရာဇ်လို့ အမည်တွင်ခဲ့တဲ့ လူဝင်စား မုရုချီပါပဲ။
ယွီဂျင်ဂိုဏ်းမှာ တစ်နှစ်ကျော်နေပြီး နောက်မှာ မုရုံချီဟာ ဝီရိယတောင်ကို တက်နိုင်တဲ့နည်းလမ်းကို စဉ်းစားလို့ မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ မုရုံချီဟာ ဝီရိယတောင်ပေါ်ကို ကြည့်မိတိုင်း နှလုံးခုန် မြန်လာပါတယ်။ ဒီနှလုံးခုန်မိကြောင့် မုရုံချီဟာ ဝီရိယတောင်ပေါ်ကို ပြေးတက်ချင်တဲ့စိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာပါတယ်။ နောက်ဆုံးမှာတော့ မုရုံချီဟာ ကွမ်းယိုကုန်းပြောတဲ့အတိုင်း တောင်အောက်မှာ ဒူးထောက်ပြီး တပည့်ဖြစ်ခွင့်တောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
မုရုံချီဟာ ကျောက်ပြားရှေ့မှာ ဒူးထောက်ပြီး ရှိခိုးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းကို အာရုံစိုက်နေတာမို့ မုရုံချီကို လုံးဝသတိမထားမိပါဘူး။ ဒါပေမဲ့ ရွှင်ချန်အန်းကတော့ မုရုံချီကို ခဏလေးနဲ့ သတိထားမိသွားပါတယ်။ ဘာလို့လဲဆိုတော့ မုရုံချီဟာ သူ့လမ်းစဉ်အတိုင်း လိုက်လုပ်လို့ပါပဲ။
မုရုံချီ ဒူးထောက်တာ တစ်လပြည့်တဲ့နေမှာတော့ ရွှင်ချန်အန်းဟာ တောင်ပေါ်ကဆင်းလာပြီး မုရုံချီကို ပြုံးပြလိုက်ပါတယ် ‘ဒီကောင်က ကြည့်ကောင်းသားပဲ’ ရွှင်ချန်အန်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
မုရုံချီဟာ ရွှင်ချန်အန်း ရောက်လာတာကို သတိပြုမိသွားတာကြောင့် မော့ကြည့်လိုက်တဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလူက ရုပ်ဆိုးလှချည်လား’
ရွှင်ချန်အန်းရဲ့ ရုပ်ဆိုးလှတဲ့မျက်နှာကို ကြည့်ပြီး မုရုံချီဟာ အော်ဂလီဆန်သွားပါတယ်။ ဒါပေမဲ့ အကြောင်းအရင်းတစ်ချို့ကြောင့် ဒီပုဂ္ဂိုလ်က သူ့ကို ဆွဲဆောင်နေတာလို့ မုရုံချီ ခံစားလိုက်ရပါတယ်။
ခံစားချက်နှစ်ခုဟာ မုရုံချီ နှလုံးသားထဲမှာ လွန်ဆွဲကြပြီး မီးပွင့်ထွက်သွားပါတယ်။
‘ဒီပုဂ္ဂိုလ်က နတ်သတ်အကြီးအကဲများလား’
‘နတ်သတ်အကြီးအကဲက အရမ်းချောတာဆို’
‘ဒီပုဂ္ဂိုလ်က ငါ့အတွက် အခွင့်အရေးကောင်းကို သယ်ဆောင်လာမှာလား’
မုရုံချီဟာ သူ့နှလုံးသားထဲက မသက်မသာဖြစ်မှုကို ဖိနှိပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”