အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂)
ရာမန်ခေါက်ဆွဲဆိုင်လေး
ဟွာကျွင်း သူတို့ကို သေသေချာချာ ပညာသင်ယူကြရန် မှာကြားပြီး အတော်ဆုံးသူကို ရွာလူကြီး၏ လက်ထောက်အဖြစ် ခန့်အပ်မည်ဟု ပြောခဲ့၏။ ရွာလူကြီး အနားယူသွားချိန်တွင် ထိုသူသည် ရွာ၏ အဆင့်မြင့်ဆုံး အရာရှိ ဖြစ်လာပေလိမ့်မည်။
ထိုလူနှစ်ယောက်မှာ မီးပုံပေါ်တွင် ကင်ခံနေရသလိုပင် ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေကြသည်။
မသွားဘဲ နေပြန်လျှင်လည်း ကျန်တစ်ယောက်ကို ရှုံးနိမ့်ကြောင်း ဝန်ခံရာရောက်မည်။ သွားပြီးမှလည်း သူ့ထက် မတော်နိုင်ခဲ့လျှင် ပို၍ အရှက်ရစရာ ဖြစ်ပေတော့မည်။ ယခုတော့ အံကြိတ်ကာ အစွမ်းကုန် ကြိုးစားရန်သာ ရှိတော့၏။
သူတို့နှစ်ယောက်သည် အထုပ်အပိုးကိုယ်စီ ပြင်ဆင်ပြီး နောက်တစ်နေ့ နံနက်စောစောတွင် ဟွာကျွင်း၏ လက်ရေးစာနှင့်အတူ စားစရာ အိတ်ကြီးများစွာကို သယ်ဆောင်၍ ထွက်ခွာသွားကြသည်။
ရာသီဥတုက ပူပြင်းသဖြင့် ဟွာကျွင်း ပစ္စည်းအများကြီး မထည့်ပေးနိုင်ပေ။ ကျန်းရှီယွဲ့အတွက် ဘီစကစ်၊ သကြားလုံး၊ အာလူးကြော်နှင့် ဆားဖုတ်ကြက်ပေါင်ကဲ့သို့သော မုန့်ပဲသရေစာ အနည်းငယ်ကိုသာ ထည့်ပေးလိုက်သည်။
မော့ချွမ်းကလည်း သူ့ကို အလွန်သတိရနေ၏။ သူသည် သူတို့နှင့်အတူ ပေးလိုက်ရန် စာတစ်စောင် ရေးခဲ့ပြီး စတီးလ်ဓားမြှောင် တစ်လက်ကိုပါ အတူထည့်ပေးလိုက်သည်။
အာချင်းသည် နေ့စဉ် ခေါက်ဆွဲသား ဆွဲနည်းကို ဝီရိယရှိရှိ လေ့ကျင့်ရာ ခြောက်ရက်အတွင်းမှာပင် အတော်လေး ကျွမ်းကျင်လာ၏။
သူ၏ နည်းစနစ်မှာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပြီး ခေါက်ဆွဲမျှင်များမှာ အထူအပါး ညီညာလှသည်။ သူသည် စိတ်ကြိုက် အနုအကြမ်းအတိုင်း ဆွဲနိုင်စွမ်း ရှိလာပြီဖြစ်သည်။
ဟွာကျွင်း ကျေနပ်စွာဖြင့် ပြောလိုက်၏။
“မဆိုးဘူး။ အချိန်တန်ပြီ။ ကျွန်မတို့ ခေါက်ဆွဲဆိုင်လေး စဖွင့်ကြရအောင်”
ဆိုင်ကို တည်းခိုခန်းတံခါးဝတွင် ဝါးတိုင်များဖြင့် မိုးထားသော အမိုးအောက်၌ ဖွင့်လှစ်ခဲ့သည်။ အောက်တွင် စားပွဲတစ်လုံး၊ မီးဖိုအချို့နှင့် ရိုးရှင်းသော စားပွဲကုလားထိုင် အချို့ကို ချထားသည်။
ထို့နောက် အမဲသားဟင်းရည်ကို စတင်တည်တော့သည်။
အမဲရိုးနှင့် အမဲသားများကို ရေအေးတွင် နှစ်နာရီကြာ စိမ်ထားပြီးမှ ထုတ်ယူကာ ဟင်းရည်အိုးထဲ ထည့်၏။ အောက်ခြေတွင် အမဲရိုးများထား၍ အပေါ်မှ အမဲသားများတင်ကာ မီးပြင်းပြင်းဖြင့် ဆူအောင်တည်သည်။
ဆူလာသောအခါ ပေါ်လာသည့် အမြှုပ်များကို အကုန်စင်အောင် ခပ်ထုတ်ရ၏။ သို့မှသာ ဟင်းရည်သည် ဆရာကြီးကျန်း ပြောခဲ့သည့် လက်ဖက်ရည်ရောင်ကဲ့သို့ ကြည်လင်မည် ဖြစ်သည်။
ငရုတ်ကောင်းစေ့၊ ဇီရာ၊ ဖာလာနက်၊ ပန်းပွင့်ခြောက်နှင့် သစ်ကြပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် ၁၂ မျိုးကို ပိတ်ကျဲစအိတ်ထဲထည့်ကာ အမဲရိုး၊ အမဲသားများနှင့်အတူ ထည့်ချက်ရ၏။
ဤအတောအတွင်း သူသည် ခေါက်ဆွဲ စတင်ဆွဲနိုင်သည်။
အာချင်း တည်ငြိမ်စွာ ဂျုံမှုန့်များကို စားပွဲပြားပေါ် လောင်းချလိုက်ပြီး အလယ်တွင် ကျင်းလေးတစ်ခု ဖော်လိုက်သည်။
“ဒုန်း ဒုန်း ဒုန်း”
အာချင်း စဉ်းတီတုံးကို လက်ဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်ပြီး သူ၏ စွမ်းဆောင်ရည်ကို စတင်ပြသတော့သည်။
ယခုဆိုလျှင် မုန့်ဆိုင်တွင် လှုပ်ရှားမှု အနည်းငယ်ရှိရုံဖြင့် လူတိုင်းက စိတ်ဝင်တစား ရှိနေကြပြီဖြစ်၏။ ဆိုင်လေး စပြင်သည်ကို မြင်သည်နှင့် လူများစွာ စုရုံးလာကြပြီး အသစ်အဆန်းကို ပထမဆုံး မြည်းစမ်းလိုကြသည်။
အာချင်းက အလယ်တွင် ဆားအနည်းငယ်နှင့် ရေတစ်ခွက် ထည့်လိုက်ပြီး ဂျုံမှုန့်များ အားလုံး အလယ်ဗဟိုသို့ ရောက်အောင် ပေါက်ပြားအသေးလေးဖြင့် ခြစ်ယူသည်။
ထို့နောက် ဂျုံသားကို ဖောင်းကြွလာအောင် ပြုလုပ်ပြီး ဂျုံတုံးအဖြစ် နယ်လိုက်သည်။
သူသည် အဆင့်တိုင်းကို စနစ်တကျ လုပ်ဆောင်နေရာ အတွေ့အကြုံမရှိသူနှင့် လုံးဝမတူပေ။
သူသည် ဂျုံတုံးကို ဆွဲဆန့်ကာ အကြိမ်အနည်းငယ် ခေါက်လိုက်ရာ မူလက အလုံးလိုက်ဖြစ်နေသော ဂျုံတုံးသည် ဆံခြည်မျှင်ကဲ့သို့ သေးငယ်သော ခေါက်ဆွဲမျှင်များအဖြစ် ပြောင်းလဲသွားတော့၏။
ရွာသားများက “ဝိုး” ဟု အံ့ဩတကြီး အော်ဟစ်ကာ လက်ခုပ်တီးကြသည်။
“လူငယ်လေး... မင်း မျက်လှည့်ပြနေတာလား တို့တွေ မြင်ရအောင် နောက်တစ်ခါ ထပ်ဆွဲပြပါဦး”
“ဟုတ်တယ် နောက်တစ်ခါ ဆွဲပြပါအုံး”
အာချင်းက ပြုံးလျက် မေး၏။
“အမဲသားမပါတဲ့ တစ်ပွဲကို ၆ ပြား၊ အမဲသားပါရင် ၈ ပြားပါ။ ခေါက်ဆွဲစားချင်တဲ့သူ ရှိပါသလား”
“ကျွန်တော် တစ်ပွဲယူမယ်”
သန်မာထွားကျိုင်းသော လူတစ်ယောက်က ကြေးပြားများကို ဆုပ်ကိုင်ထားရင်း လူအုပ်ကြားမှ တိုးထွက်လာသည်။ “ကျွန်တော့်ကို တစ်ပွဲပေး၊ အမဲသားနဲ့နော်”
“ကျွန်တော့်ဆီမှာ ပိုနုတဲ့ ခေါက်ဆွဲတွေလည်း ရှိပါတယ်။ ဒီအတိုင်းပဲ အဆင်ပြေလား”
ထိုလူက စပ်စု၏။ “မင်းဆွဲထားတာက တော်တော်နုနေပြီပဲ။ ဒါထက် ပိုနုလို့ ရသေးတာလား?”
“ဒါက ‘ဒုတိယအနု’ ပါ။ ‘တတိယအနု’ နဲ့ ‘ဆံခြည်မျှင်အပါး’ ဆိုတာတွေလည်း ရှိသေးတယ်။ ခင်ဗျား ဘယ်ဟာ လိုချင်လဲပေါ် မူတည်တာပေါ့”
လူတိုင်း မေးကြ၏။
“ဘယ်ဟာက ဆွဲရတာ အကြာဆုံးလဲ”
အာချင်း ပြုံးပြီး ဖြေလိုက်သည်။
“ဆံခြည်မျှင် က အနုဆုံးနဲ့ ဆွဲရတာ အကြာဆုံးပါပဲ”
“ဒါဆိုရင်လည်း ကျွန်တော်က ‘ဆံခြည်မျှင်’ ပဲ မှာမယ်။ ‘ဆံခြည်မျှင်’ ဆွဲတာကို မြင်ချင်လို့”
အာချင်း ထပ်မေး၏။
“ဒါဆို ‘ဒုတိယအနု’ စားမယ့်သူ ရှိပါသလား၊ စောင့်စရာ မလိုပါဘူး”
အဘိုးအိုတစ်ဦး ပြောလိုက်သည်။
“ငါစားမယ်၊ ငါက ဗိုက်ဆာနေလို့ မစောင့်နိုင်တော့ဘူး”
အာချင်းသည် ဆွဲထားသော ခေါက်ဆွဲများကို ဆူနေသော အိုးထဲသို့ အမြန်ထည့်ကာ ခဏမွှေပြီးနောက် ပန်းကန်ထဲသို့ ခပ်ထည့်လိုက်သည်။ ထို့နောက် ကြာရှည်စွာ တည်ထားသော မွှေးကြိုင်လှသည့် အမဲသားဟင်းရည်ကို လောင်းထည့်လိုက်၏။
အဘိုးအိုသည် ခေါက်ဆွဲပန်းကန်ကို ယူကာ အခိုးအငွေ့များကို မှုတ်ပြီး ဟင်းရည်ကို အရင် မြည်းလိုက်ရာ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားတော့၏။
သူသည် ခေါက်ဆွဲများကို တူဖြင့် ခပ်လိုက်သည်။ ‘ဒုတိယအနု’ ခေါက်ဆွဲများမှာ အဝါဆုံး၊ အိအိလေးနှင့် အတောင့်ဆုံးဖြစ်ရာ တကယ့်ကို ဂန္ထဝင်မြောက်လှသည်။
လက်ဖက်ရည်ရောင် ဟင်းရည်မှာ အမဲသားနံ့ သင်းပျံ့နေပြီး အပေါ်တွင် ကြက်သွန်မြိတ်နှင့် နံနံပင်များ ဝဲနေကာ အမဲသားအချပ်ထူထူများ ဖုံးအုပ်ထား၏။ အဘိုးအိုသည် အနည်းငယ်စားရုံနှင့် ကုန်သွားပြီး ဟင်းရည်ကိုပါ ကုန်အောင် သောက်လိုက်သည်။
သူသည် ပါးစပ်ကို သုတ်ကာ အဆက်မပြတ် ချီးကျူးနေတော့သည်။
‘ဆံခြည်မျှင်’ ခေါက်ဆွဲနှင့် ‘ဒုတိယအနု’ ခေါက်ဆွဲတို့၏ ခြားနားချက်မှာ ဘယ်နှစ်ခါ ဆွဲရသလဲ ဆိုသည့်အချက်ပင် ဖြစ်သည်။ ‘ဒုတိယအနု’ မှာ ခြောက်ကြိမ်ဆွဲရပြီး ‘ဆံခြည်မျှင်’ မှာ ရှစ်ကြိမ် ဆွဲရ၏။
သူ မည်သို့လုပ်လိုက်သည် မသိ၊ သူ၏ လက်များမှာ တစ်ခါတစ်ရံ ယှက်သွားလိုက်၊ အပေါ်အောက် ဝေ့ယမ်းသွားလိုက်နှင့် ဖြစ်နေသည်။ သူ ရပ်လိုက်သောအခါ သူ၏လက်ထဲမှ ဂျုံတုံးသည် ဆံခြည်မျှင် တစ်မျှင်ကဲ့သို့ သေးနုသွားတော့သည်။
နောက်ထပ် ခေါက်ဆွဲတစ်ပွဲ ကျက်သွားသောအခါ သူက ထိုလူကြီးကို ပြောလိုက်၏။
“ခင်ဗျား မြန်မြန်စားသင့်တယ်နော်”
ထိုလူက တဟားဟား ရယ်မောကာ ပြန်ပြော၏။
“တခြားသူဌေးတွေက ဖြည်းဖြည်းစားဖို့ ပြောကြတာ၊ မင်းက ဘာလို့ ငါ့ကို မြန်မြန်စားခိုင်းတာလဲ၊ ငါက မင်းစားပွဲကို နေရာဦးထားမှာ ကြောက်လို့လား”
“မဟုတ်ပါဘူး။ ခင်ဗျား ဖြည်းဖြည်းစားရင် ခေါက်ဆွဲတွေက ပိုပိုများလာသလို ခံစားရမှာ စိုးလို့ပါ”
“ဆန်းလိုက်တာ၊ အဲဒီလိုမျိုးလည်း ရှိသေးလို့လား ဒါဆိုရင်တော့ ငါက ဖြည်းဖြည်းပဲ စားမယ်၊ အများကြီး စားရအောင်ပေါ့”
ထိုသို့ပြောသည်ကို ကြားသောအခါ အာချင်းက ဟင်းရည်တစ်ဇွန်း ထပ်ထည့်ပေးလိုက်ပြီး ပြန်ပြော၏။
“ဖြည်းဖြည်း စားပါ ခင်ဗျား”
ထိုလူသည် ထိုင်၍ မလောတမ်း စားတော့သည်။ ဤ ‘ဆံခြည်မျှင်’ ခေါက်ဆွဲ၏ အားသာချက်မှာ အရသာစိမ့်ဝင်မှု ကောင်းပြီး ဝါးရတာ အားမစိုက်ရခြင်းပင်။
သို့သော် စားရတာတော့ ဒုက္ခပင်။ ခေါက်ဆွဲတွေက ပွားများလာသလိုပင်၊ ဘယ်လောက်ပဲ စားစား ကုန်မသွားတော့ချေ။
သူသည် ခေါက်ဆွဲတွေ စုပြီး ခဲသွားမည်စိုး၍ တုတ်ဖြင့် ခဏခဏ မွှေနေမိရာ ၎င်းမှာ အကြီးမားဆုံး အမှားပင် ဖြစ်သည်။ မွှေလေလေ ခေါက်ဆွဲတွေက ပိုများလာလေလေ ဖြစ်နေ၏။
သူ ဘယ်လောက်ကြာကြာ စားနေမိသည် မသိ။ သတိပြန်ဝင်လာချိန်တွင် ပန်းကန်ထဲ၌ ခေါက်ဆွဲ တစ်ဝက်ကျော် ကျန်နေဆဲပင်။
“ဒီခေါက်ဆွဲက အရသာရှိပေမယ့် တကယ်လည်း အများကြီးပဲဗျာ” သူ မော့ကြည့်ကာ အာချင်းကို ပြောလိုက်သည်။
“ဆံခြည်မျှင်ခေါက်ဆွဲ စားနည်းတစ်ခုရှိတယ်ဗျ၊ စကားမပြောဘဲ တစိုက်မတ်မတ်သာ စားပါ၊ ဒါဆိုရင် ကုန်သွားလိမ့်မယ်”
ဟင်းရည်ခေါက်ဆွဲ တစ်ပွဲမှာ ဟင်းရည်မရှိသော ခေါက်ဆွဲခြောက်ဖြစ်လုနီးပါး ဖြစ်သွား၏။ ထိုလူမှာ စကားမပြောရဲတော့ဘဲ အမြန်ပင် အားရပါးရ စားလိုက်တော့သည်။
အာချင်းသည်လည်း လူတိုင်းကို ရှင်းပြရန် အခွင့်အရေးယူလိုက်၏။
“ဆံခြည်မျှင် က သွားမကောင်းတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ကျွန်တော်တို့လို သာမန်လူတွေအတွက်တော့ ‘ဒုတိယအနု’ က ဝါးရတာ ပိုကောင်းပါတယ်”
ခေါက်ဆွဲစားပြီးသွားသော အဘိုးအိုက ရယ်မောကာ ပြော၏။
“ငါတို့က မသိတော့ ပြောင်းပြန်ဖြစ်ကုန်တာပေါ့။ သွားမရှိတဲ့ ငါက ဒုတိယအနုကို စားပြီး၊ ဟိုလူငယ်လေးက ဆံခြည်မျှင်ကို မှာစားတယ်တဲ့ ဟားဟား”
တခြားသူများလည်း လိုက်၍ ရယ်မောကြပြီး အော်ဒါများ စတင်မှာကြတော့သည်။
ခေါက်ဆွဲစားရင်း ဖျော်ဖြေမှုပါ ကြည့်ရသဖြင့် ခေါက်ဆွဲဆိုင်ရှေ့တွင် တန်းစီနေသူများ လျင်မြန်စွာ များပြားလာ၏။
ဒေါ်လေးပန်း ဟွာကျွင်းကို ပြောလိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပါပဲ သူဌေးမဟွာရယ်၊ ရှင် လုပ်သမျှ ဘယ်တော့မှ မရှုံးဘူး။ ဆိုင်တစ်ဆိုင် ဖွင့်လိုက်တိုင်း အောင်မြင်တာချည်းပဲ”
“မနာလိုဖြစ်နေတာလား ဒေါ်လေးပန်းရယ်”
ဒေါ်လေးပန်း လက်ကို ခါယမ်းကာ ပြောလိုက်၏။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်မတို့ အကင်ဆိုင်ကလည်း လူသိများနေတာပဲ၊ မနာလို မဖြစ်ပါဘူး၊ ဟဲဟဲ”
“မနက်ဖြန်ကစပြီး ရှင်တို့ ပိုပြီး အလုပ်ရှုပ်တော့မယ်၊ အကင်ဆိုင်မှာ ဟင်းလျာအသစ်တွေ ထပ်တိုးရမဲ့ အချိန်ရောက်ပြီ။ ကျွန်မ ကမာနဲ့ ငါးအချို့ ယူလာခဲ့ပေးမယ်”
ဒေါ်လေးပန်း၏ မျက်လုံးများမှာ ပျော်ရွှင်လွန်းသဖြင့် မှေးသွား၏။
“ကောင်းတာပေါ့၊ များလေ ကောင်းလေပဲ၊ အာရှင်း ကလည်း ဝိုင်းကူနေတာဆိုတော့ ကျွန်မတို့ နိုင်မှာပါ”
နောက်ရက်များတွင် ဟွာကျွင်းသည် မုန့်ဆိုင်၏ မီနူးများ၊ အားကစားခန်းမ၏ စားသောက်နည်းလမ်းများကို စီစဉ်ပေးခြင်း၊ မြင်းစီးလေ့ကျင့်ခြင်းနှင့် မူလတန်းကျောင်း၏ သင်ခန်းစာများကို ဂရုစိုက်ပေးခြင်းတို့ဖြင့် အချိန်ကုန်လွန်သွားခဲ့သည်။ ဘဝမှာ အေးချမ်းသော နေ့စဉ်လုပ်ငန်းဆောင်တာများဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ဤအတောအတွင်း လုမင်လီသည် တစ်ခါ ပြန်ရောက်လာသော်လည်း ခဏသာ နေခဲ့ရ၏။ သူသည် ဟွာကျွင်းနှင့် စကားအနည်းငယ် ပြောပြီးနောက် အလျင်အမြန် ပြန်ထွက်သွားပြန်သည်။
သူသည် နန်းတွင်းမှ လက်ဆောင်များစွာကိုလည်း ယူဆောင်လာခဲ့ရာ ဟွာကျွင်းက ၎င်းတို့ကို သေသေချာချာ သိမ်းဆည်းထုပ်ပိုးကာ အိမ်ရှိ ကုတင်အောက်တွင် ထားရှိလိုက်လေသည်။