← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း (၂၂၃)

သီချင်း ပြီးဆုံးသွားခြင်း

အကယ်၍ ပြောပြရမည့်အရာ ရှိလျှင် ၎င်းမှာ ပြည့်တန်ဆာရုံမှ ဂီတပညာရှင်များသည် စန္ဒရားတေးသွားတစ်ပုဒ်ကို နောက်ဆုံး၌ ရေးစပ်ပြီးစီးသွားခြင်းပင် ဖြစ်၏။

ညအချိန်တွင် ဟွာကျွင်းအား ပြည့်တန်ဆာရုံသို့ တိတ်တိတ်လေး ခေါ်ဆောင်လာရန် သူတို့ လူလွှတ်လိုက်ကြသည်။

ဟွာကျွင်းသည် သူမရှေ့ရှိ ရထားလုံးကို ကြည့်ရှုရင်း ၎င်းဘီးများမှာ သူမ၏လက်ကောက်ဝတ်ထက်ပင် မထူဘဲ သစ်သားဘောင်မှာလည်း အလွန်မြန်မြန်မောင်းနှင်ပါက ပြုတ်ထွက်သွားတော့မည့်ပုံစံ ဖြစ်နေရာ သူမသည် အခုကတည်းကပင် တင်ပါးများ နာလာသလို ခံစားနေရပြီ ဖြစ်၏။

“ရှင်တို့ ကျွန်မကို မြို့တံခါးမှာ စောင့်နေပေးပါ။ ဒီလမ်းကို ကျွန်မဘာသာ လမ်းလျှောက်လာခဲ့မယ်၊ ခဏနေရင် ရောက်လာပါ့မယ်” ဟွာကျွင်းက သူတို့၏ ရထားလုံးကို ငြင်းပယ်လိုက်သည်။

အာချင်းကို ဆိုင်ခေတ္တကြည့်ခိုင်းပြီးနောက် ဟွာကျွင်းသည် မော့ချွမ်းအား သူမကို လျှပ်စစ်စကူတာဖြင့် လိုက်ပို့ပေးရန် အကူအညီတောင်းလိုက်သည်။

မော့ချွမ်း စနောက်လိုက်၏။

“ခင်ဗျားကို ကျွန်တော် ပြောသားပဲ၊ ဇိမ်ခံရာကနေ ဆင်းရဲတာကို ပြောင်းရတာ ခက်တယ်ဆိုတာ ဒါမျိုးပေါ့”

သူတို့နှစ်ဦးသည် လျှပ်စစ်စကူတာလေးဖြင့် မြို့တံခါးအထိ သွားရောက်ပြီးနောက်မှ ရထားလုံးသို့ ပြောင်းစီး၍ ဝင်ရောက်ခဲ့ကြရာ ပိုမိုသက်သောင့်သက်သာ ရှိသွားသည်။

ပြည့်တန်ဆာရုံ၏ သီးသန့်အခန်းအတွင်းသို့ နောက်ဖေးတံခါးမှတစ်ဆင့် ထပ်မံဝင်ရောက်လာသောအခါ ဟွာကျွင်းနှင့် ချွေမားမားတို့ တွေ့ဆုံကြသည်။

ပြည့်တန်ဆာရုံကို အသစ်ပြန်လည် ပြင်ဆင်ထားသဖြင့် ပိုမိုကျော့ရှင်းသော ပုံရိပ်ကို ဆောင်နေ၏။ သီးသန့်အခန်းအတွင်းရှိ ကုတင်ကို ဖယ်ရှားထားပြီး စန္ဒရားတစ်လုံးသာ ကျန်ရှိတော့ကာ နံရံများတွင်လည်း ပန်းချီကားများစွာကို ထပ်မံချိတ်ဆွဲထားသည်။

ချွေမားမား၏ မျက်နှာတွင် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေ၏။ သူမက ဟွာကျွင်းကို ဦးညွှတ်နှုတ်ဆက်ရင်း ပြောလိုက်သည်။

“သူဌေးမဟွာ၊ ကျွန်မ ရှင့်ရဲ့ မျှော်လင့်ချက်ကို အပျက်မခံပါဘူး၊ သီချင်းလေး ပြီးသွားပါပြီ”

ဂီတပညာရှင်များသည် ဟွာကျွင်းကို မျှော်လင့်တကြီး ကြည့်နေကြ၏။ ဂီတပညာရှင်ကြီးက ရှေ့သို့တိုးလာကာ ဟွာကျွင်းကို နှုတ်ဆက်ပြီး လေးစားစွာဖြင့် ပြောလိုက်သည်။

“ဆရာ ကျွန်တော်တို့ နေ့ပေါင်းများစွာ လေ့လာစူးစမ်းပြီးနောက်မှာ နောက်ဆုံးတော့ တေးသွားတစ်ပုဒ်ကို အပြီးသတ်နိုင်ခဲ့ပါတယ်။ နားထောင်ပေးပြီး တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်လေးတွေ ပေးသနားဖို့ ဝန်မလေးပါနဲ့လို့ မျှော်လင့်ပါတယ်”

“ကျွန်မက ဆရာကြီး မဟုတ်ပါဘူး။ ရှင် အဲဒီလိုခေါ်တော့ ကျွန်မ ရှက်လှချည်ရဲ့”

“စကားပုံရှိသလိုပဲ၊ ပညာဆိုတာ အရင်တတ်တာ နောက်တတ်တာပဲ ကွာတာပါ။ စန္ဒရားနဲ့ ပတ်သက်ရင်တော့ ခင်ဗျားက ဆရာတစ်ဦးပါပဲ”

ဟွာကျွင်းက ပြုံး၍ ပြန်ပြော၏။

“ကျွန်မက ရှင့်တို့လောက် ပညာမနက်နဲပေမယ့် သေသေချာချာတော့ နားထောင်ပေးပါ့မယ်”

သူမသည် အနီးရှိ ထိုင်ခုံအိအိလေးပေါ်တွင် ထိုင်လိုက်သောအခါ အခန်းတွင်း၌ တိတ်ဆိတ်သွားသည်။

ဂီတပညာရှင်ကြီး၏ လက်ချောင်းများသည် စန္ဒရားခလုတ်များပေါ်တွင် ညင်သာစွာ နားခိုသွား၏။ ခဏအကြာတွင် တေးသံများ ထွက်ပေါ်လာပြီး သာယာနာပျော်ဖွယ် တေးသွားလေးတစ်ခု ဖြစ်လာသည်။

ဟွာကျွင်း အနည်းငယ် အံ့အားသင့်သွား၏။ ဤတေးသွားသည် ရှေးဟောင်းအနုပညာနှင့် အနောက်တိုင်းဂီတ၏ ရစ်သမ်ကို ပေါင်းစပ်ထားသဖြင့် ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်။

တေးသွားလေးသည် ဖြည်းညင်းရာမှ မြန်လာသောအခါ ဟွာကျွင်းသည် ရှေးခေတ်အမျိုးသမီးတစ်ဦး၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို မြင်ယောင်လာသည်အထိ စိတ်ထဲ နစ်ဝင်သွားခဲ့သည်။

ဖျော်ဖြေမှု ပြီးဆုံးသွားသောအခါ ဟွာကျွင်းသည် ခဏမျှ ငြိမ်သက်နေပြီးမှ လက်ခုပ်တီးလိုက်၏။

“တကယ်ကို ကောင်းလွန်းပါတယ်။ ကျွန်မ နားလည်တာ မမှားဘူးဆိုရင် ဒီတေးသွားက အမျိုးသမီးတစ်ယောက်ရဲ့ စွဲလမ်းမှု အကြောင်းလားဟင်”

ဂီတပညာရှင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့အနက် တစ်ဦးက မေးမြန်းလိုက်သည်။

“ဒါကို ခင်ဗျား ကြားနိုင်တာလား”

ဟွာကျွင်း ခေါင်းညိတ်၍ပြော၏။

“ပထမပိုင်းက ပုံပြင်တစ်ပုဒ်ကို ပြောပြနေသလိုပဲ၊ အလယ်ပိုင်းမှာတော့ သူ့ မကျေနပ်ချက်တွေ ပြည့်နေပြီး အဆုံးသတ်မှာတော့ လက်လွှတ်လိုက်နိုင်မှုကို ကြားနိုင်တယ်။ အတိတ်က အဖြစ်အပျက်တွေဟာ အစပျိုးရုံသာရှိပြီး အနာဂတ်ကတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်ဆိုတာမျိုးပေါ့”

ဟွာကျွင်း၏ သုံးသပ်ချက်ကို ကြားသောအခါ ဂီတပညာရှင်များ၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်သွား၏။ ဂီတပညာရှင်ကြီးက သက်ပြင်းချရင်း ပြောတော့သည်။

“ဂီတအဆီအနှစ်ကို နားလည်တဲ့သူကို ရှာရခက်တယ်လို့ ဆိုကြတယ်၊ အခုတော့ ကျွန်တော်တို့ တွေ့ပါပြီ။ ကျွန်တော်တို့ ဒီတေးသွားကို အမျိုးသမီးတစ်ဦးရဲ့ ဘဝပုံပြင်ပေါ် အခြေခံပြီး ဖန်တီးခဲ့တာ တကယ်ပါပဲ”

“ကျွန်မက အဲဒီလောက်အထိ ဘယ်နားလည်ပါ့မလဲရှင်။ ရှင့်တို့ရဲ့ အခြေခံပညာက နက်နဲပြီး ခံစားချက်တွေကို အပြည့်အဝ ထည့်သွင်းထားလို့ ကျွန်မ ကြားနိုင်တာပါ။ ဒါပေမဲ့ ဒါကို ကုချင်း နဲ့ ပလွေသံပါ ပေါင်းစပ်လိုက်ရင် ပိုပြီးတော့တောင် အလွှာစုံသွားမယ်လို့ ကျွန်မ ထင်မိတယ်”

ဂီတပညာရှင်များသည် သဘောတူညီစွာ ခေါင်းညိတ်ကြပြီး ပြောကြသည်။

“ကျွန်တော်တို့လည်း အဲဒီလိုပဲ စဉ်းစားထားတာပါ၊ အသံတွေ မလိုက်ဖက်မှာကို စိုးရိမ်နေလို့ အခုထိ လေ့လာနေတာပါ။ ခင်ဗျားကလည်း အဲဒီလို ပြောပြီဆိုတော့ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ စမ်းသပ်ကြည့်လို့ ရပြီ”

“ခင်ဗျား ခွင့်ပြုမယ်ဆိုရင် ဒီတေးသွားကို အများပြည်သူ နားထောင်နိုင်အောင် ထုတ်ပြချင်ပါတယ်”

ဟွာကျွင်း ခဏစဉ်းစားပြီး ဖြေ၏။

“ရတာပေါ့ရှင်၊ ဒီလို ကောင်းမွန်တဲ့ တေးသွားမျိုးကို လူအများကြီး ကြားသင့်တာပေါ့”

ဂီတပညာရှင်ကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်ဝိုင်းသွားကာ ပြောတော့သည်။

“ကျေးဇူးတင်ပါတယ် သူဌေးမဟွာ၊ ဒါကို ဖြစ်မြောက်အောင် လုပ်ပေးလို့”

ဟွာကျွင်းသည် ဤစန္ဒရားတေးသွား ထွက်လာသောအခါ ကမ္ဘာပေါ်တွင် မည်မျှအထိ ဂယက်ထသွားမလဲဆိုသည်ကို ကြိုမြင်နေသဖြင့် အနည်းငယ် စိတ်မရှည်ဖြစ်နေမိ၏။

ခေါက်ဆွဲဆိုင်လေးသည် အရောင်းအဝယ် ကောင်းမွန်နေသော်လည်း ဟွာကျွင်း အံ့သြသွားသည်မှာ ၎င်း၏အောင်မြင်မှု အကြောင်းရင်းမှာ အာချင်း၏ ခေါက်ဆွဲ ဆွဲပုံကို လူတိုင်းက ကြည့်ရှုလိုကြခြင်းကြောင့် ဖြစ်နေခြင်းပင်။

နေ့စဉ် လူများသည် ဆိုင်ရှေ့တွင် စုရုံးနေကြပြီး မျက်လှည့်ပြပွဲ ကြည့်နေသကဲ့သို့ သဘောထားကြ၏။

အာချင်းကလည်း စိတ်မရှိပေ။ လူများ ဘာမှ မမှာယူလျှင်ပင် သူ့အတွက် ဝိုင်းဝန်းစည်ကားအားပေးခြင်းသည် ကောင်းမွန်သည်ဟု သူ ယူဆ၏။ ထို့ကြောင့် သူသည် ကိုယ်တိုင် သင်ယူပြီး ခေါက်ဆွဲသား ဆွဲသည့် ကကွက်အမျိုးမျိုးကို တီထွင်လိုက်သည်။

ရှေ့မှ ဆွဲခြင်း၊ နောက်မှ ဆွဲခြင်း၊ ကောင်းကင်သို့ မြှောက်ဆွဲခြင်း၊ အောက်သို့ နှိမ့်ဆွဲခြင်း စသည်တို့ဖြစ်သည်။

ဖျော်ဖြေမှု တစ်ခုချင်းစီတိုင်းကို အားတက်သရော လက်ခုပ်တီးသံများဖြင့် တုံ့ပြန်ကြ၏။ သူ ခေါက်ဆွဲဆွဲပြီးသွားသောအခါ စားမည့်သူရှိပါသလားဟု မေးမြန်းလိုက်လျှင် အမြဲတမ်း အားပေးမည့်သူများ ရှိနေတတ်သည်။

ရာမန်ခေါက်ဆွဲဆိုင်လေးသည် မျက်လှည့်ပြပွဲ တစ်ခုနှင့် သိသိသာသာ တူညီလာသည်။

ဟွာကျွင်း မြင်သောအခါ အံ့အားသင့်သွား၏။

‘ဒါ ဟို… ဟိုင် တခုခု လောင်ဆိုလား သူ့ပုံစံ ထူးဆန်း ခေါက်ဆွဲဆွဲနည်း မဟုတ်လား’

ဟွာကျွင်း အာချင်းကို စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

“လူတွေက ဒီလို ပုံစံဆန်းတွေကို ကြိုက်တယ်ဆိုတော့ မနက်ဖြန်ကျရင် မင်းကို ဓားလှီးခေါက်ဆွဲ သင်ပေးဖို့ ဆရာကြီးနောက်တစ်ယောက် ထပ်ရှာပေးမယ်”

အာချင်းသည် ထိုနေရာ၌ပင် ဒူးထောက်တော့မလို ဖြစ်သွား၏။ ဤခေတ်တွင် ပညာတစ်ခုတတ်မြောက်ရန်မှာ အလွန်ခက်ခဲလှသော်လည်း သူဌေးမဟွာက သူ့အား တစ်ပြိုင်နက်တည်း ပညာနှစ်ခု သင်ပေးနေသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အာချင်း၏ မျက်လုံးထဲ၌ ဟွာကျွင်း၏ ပုံရိပ်သည် တောက်ပလို့ နေ၏။

ဟွာကျွင်းက မကျေမနပ်ဖြင့် ပြော၏။

“ခဏခဏ ဒူးမထောက်နဲ့ဦး၊ ကျွန်မဆီမှာ အဲဒီလိုမျိုး မလုပ်ရဘူး”

အာချင်း ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်၏။

ဟွာကျွင်းက တစ်ခုခုကို သတိရပြီး ထပ်မံမှာကြားလိုက်သည်။

“ခေါက်ဆွဲရောင်းတာတင် မကဘဲ ပတ်ဝန်းကျင်က အကြောင်းအရာတွေကိုလည်း သတိထားကြည့်ထားအုံး၊ ပြီးမှ ကျွန်မကို ပြန်ပြောပြပေါ့”

အာချင်း၏ ဆိုင်နေရာသည် လူအဝင်အထွက် များပြားသဖြင့် အတင်းအဖျင်းများစွာ ရှိမည်မှာ အသေအချာပင်။

အာချင်းလေးနက်စွာ ပြန်ပြော၏။

“စိတ်မပူပါနဲ့၊ ကျွန်တော် နားလည်ပါပြီ။ အခုကစပြီး ကျွန်တော်က ဒီနေရာမှာ အစ်မရဲ့ မျက်စိအဖြစ် ဆောင်ရွက်ပေးပါ့မယ်”

ဟွာကျွင်း ခဏမျှ မှင်တက်သွား၏။ အာချင်းသည် သူမ ဆိုလိုသည်ကို နားလည်မှု လွဲသွားပုံရသော်လည်း သူမ၌ ဤနေရာတွင် မျက်စိရှိနေပါက ကျန်းကျန်းတို့ ကျူးကျူးတို့ကဲ့သို့ ကိစ္စမျိုးများ ထပ်မံမဖြစ်ပွားတော့မည် မဟုတ်ပါလား။

ထို့ကြောင့် သူမ ထပ်မံရှင်းမပြတော့ဘဲ ခေါင်းညိတ်ပြလိုက်၏။

“မင်းကို မျှော်လင့်ထားတယ်နော်”

ထိုအချိန်မှစ၍ ဟွာကျွင်းသည် တီဗီဇာတ်လမ်းများထဲရှိ လူများ ဘာကြောင့် သတင်းပေး ထားတတ်ကြသနည်းဆိုသည်ကို အပြည့်အဝ နားလည်သွားသည်။ ၎င်းသည် တကယ်ကို ကျေနပ်ဖွယ် ကောင်းလှ၏။

အာချင်းသည် သူ့အလုပ်ကို သေသေချာချာ လုပ်ဆောင်၏။ နေ့စဉ် သူသည် ခေါက်ဆွဲဆွဲခြင်း သို့မဟုတ် အတင်းအဖျင်း စုဆောင်းခြင်း တစ်ခုခုကို ပြုလုပ်နေတတ်သည်။ ဆိုင်ပိတ်ပြီးနောက် ရရှိလာသော သတင်းများကို သူ မှတ်သားထားပြီး ဟွာကျွင်း ဆိုင်ဖွင့်သည်နှင့် ချက်ချင်း လာရောက်သတင်းပို့သည်။

မည်သည့် ဇနီးမောင်နှံ ရန်ဖြစ်သနည်းဆိုသည့် ကိစ္စကြီးများမှအစ မည်သူ ဘာပျောက်ဆုံးသနည်း ဆိုသည့် ကိစ္စသေးသေးလေးများအထိ ဟွာကျွင်းအား အသေးစိတ် ပြန်ပြောပြသည်။

နောက်ပိုင်း မြို့ပြင်မှ ဧည့်သည်များ ဆိုင်သို့ ပိုမိုလာရောက်သည့်အခါ ဟွာကျွင်း ရရှိသည့် သတင်းများသည်လည်း ပြောင်းလဲလာ၏။ မည်သည့်အိမ်မှ မယားငယ် ကိုယ်ဝန်ပျက်ကျသနည်း၊ မည်သည့်ဆိုင်မှ စာရင်းကိုင်က ငွေအလွဲသုံးစား လုပ်သနည်း စသည်တို့ ဖြစ်သည်။

နောက်ဆုံးတွင် ဟွာကျွင်းနှင့် သူမ၏ အဖွဲ့သားများသည် နေ့စဉ် ဆိုင်ဖွင့်သည်နှင့် ကွာစေ့များကို အသင့်ပြင်ဆင်ကာ အာချင်းကို စောင့်ဆိုင်းနေသည့်အထိ ဖြစ်လာသည်။

အာချင်း၏ ဆိုင်ကို ပိုမိုဆွဲဆောင်မှု ရှိစေရန် ဟွာကျွင်းသည် ဆရာကြီးကျန်းထံသို့ တကယ်ပင် ထပ်မံသွားရောက်ခဲ့၏။

ဆရာကြီးကျန်းက ဟွာကျွင်းကို မြင်သောအခါ အလုပ်ပြီးနောက်ပိုင်း ဝန်ဆောင်မှုတစ်ခုခု လိုအပ်၍လား ဟု ထင်မှတ်ကာ ဟွာကျွင်းအတွက် ဗီဒီယို နောက်တစ်ကြိမ် ထပ်မံရိုက်ပေးရန် စဉ်းစားနေသည်။

“မလိုတော့ပါဘူးရှင်၊ ခေါက်ဆွဲဆွဲနည်းကိုတော့ ကျွန်မတို့ သင်ပြီးပါပြီ”

“ဒီလောက်တောင် မြန်တာလား”

ဟွာကျွင်း ခေါင်းညိတ်ပြ၏။

“ကျွန်မ ဒီနေ့လာတာက သူ့ကို ဓားလှီးခေါက်ဆွဲ သင်ပေးဖို့ ပြောချင်လို့ပါ။ ရှင့်ဖုန်းကို ထုတ်လိုက်ပါ၊ ကျွန်မ အရင်ဆုံး ယွမ်တစ်သောင်း စကန်ဖတ်ပြီး လွှဲပေးလိုက်မယ်”

ဆရာကြီးကျန်း လန့်သွားပြီး ပြောတော့သည်။

“ဟင့်အင်း၊ မဟုတ်တာ၊ ဓားလှီးခေါက်ဆွဲက ကျွန်တော်တို့ ခေါက်ဆွဲနဲ့ နယ်မြေ မတူဘူး၊ ပြီးတော့ ကျွန်တော်လည်း အဲဒါ မလုပ်တတ်ဘူး”

သူသည် ပိုက်ဆံကို ရရှိလိုသော်လည်း လူများကို လမ်းမှားပြမိမည်နှင့် သူရရှိသည့် ပိုက်ဆံနှင့် မတန်မည်ကို စိုးရိမ်နေခြင်း ဖြစ်၏။

“ညီမလေး၊ ခင်ဗျားမှာ ပိုက်ဆံ ဒီလောက်ရှိနေတာပဲ၊ ကျွမ်းကျင်တဲ့သူဆီမှာပဲ သွားသင်ခိုင်းလိုက်ပါလား။ ကျွန်တော်ကတော့ ဒါကို ကောင်းကောင်း မသင်ပေးနိုင်ဘူး”

ဟွာကျွင်းက ခေါင်းညိတ်၍ ပြောသည်။

“ကောင်းပါပြီရှင်၊ ဒါဆိုရင် ဓားလှီးခေါက်ဆွဲဆိုင် ဘယ်မှာရှိမလဲဆိုတာ ကျွန်မ သွားရှာကြည့်လိုက်မယ်”

“တကယ်တော့ ဓားလှီးခေါက်ဆွဲအတွက် အရေးကြီးဆုံးက ဂျုံသားကို သေသေချာချာ နယ်ဖို့ပါပဲ။ ခင်ဗျား လူငှားဖို့ ပိုက်ဆံအများကြီး သုံးစရာ မလိုပါဘူး၊ ချက်နည်းပြုတ်နည်း ဝယ်လိုက်ရုံပါပဲ”

All Chapters