အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း (၂၂၄)
စျေးတင်ခြင်း
ကိစ္စရပ်များမှာ ပိုမိုရိုးရှင်းသွား၏။ ဟွာကျွင်းသည် အွန်လိုင်းမှတစ်ဆင့် ဓားလှီးခေါက်ဆွဲသင်တန်းကျောင်းတစ်ခုနှင့် ဆက်သွယ်ကာ ယွမ် (၈၀၀၀) သုံး၍ ဂျုံနယ်နည်း သင်ခန်းစာကို ဝယ်ယူခဲ့သည်။
ထို့နောက် သူမက အာချင်းကို နှုတ်ဖြင့် ရှင်းပြပေးရာ အာချင်းကလည်း သူ့ဘာသာသူ တဖြည်းဖြည်း နားလည်လာခဲ့၏။
ထိုအချိန်တွင် သူမ၏ဖုန်း မြည်လာသည်။ ဟွာကျွင်း ဖုန်းကို ဖြေကြားလိုက်ရာ အလွန်အမင်း စိတ်လှုပ်ရှားနေသော အိမ်ခြံမြေအကျိုးဆောင် ဖြစ်နေသည်။
“ညီမလေး သတင်းကောင်း ဒီတစ်တန်းလုံးမှာရှိတဲ့ ဆိုင်ခန်းအားလုံးနီးပါးကို ကျွန်တော် ညှိနှိုင်းပေးလို့ ပြီးသွားပြီ”
ဟွာကျွင်းသည် အံ့ဩမသွားပေ။ သူမက အကျိုးဆောင်၏ အရည်အချင်းကို ယုံကြည်ပြီးသား ဖြစ်သော်လည်း ဘာကြောင့် “အားလုံးနီးပါး” ဖြစ်နေရသနည်းဟု တွေးမိသည်။
“ဆိုင်ခန်း စုစုပေါင်း ၁၇ ခန်းရှိတဲ့ထဲမှာ ညီမဆီမှာ ရှိနှင့်ပြီးသား ၂ ခန်းနဲ့ အရင်ညှိထားတဲ့ ၅ ခန်းအပြင် ကျန်တဲ့ ၁၀ ခန်းလုံးကို ကျွန်တော် တစ်ခန်းချင်းစီ ဆက်သွယ်ပြီးပြီ”
“၆ ခန်းကတော့ ချက်ချင်း လွှဲပေးနိုင်တယ်၊ ၃ ခန်းကတော့ ငှားရမ်းသက်တမ်း မကုန်သေးပေမဲ့ စာချုပ်အရင်ချုပ်ဖို့ သဘောတူထားကြတယ်။ ဒါပေမဲ့... နည်းနည်း ပြဿနာရှိတာက တစ်ခန်းပဲ ကျန်တော့တယ်ဗျ။”
“အဲဒါက အစွန်ဆုံးက ကုန်စုံဆိုင်လေးပဲ။ အဲဒီအိမ်ရှင်က ရောင်းဖို့ သိပ်မလိုလားဘူး ဖြစ်နေတယ်”
လမ်းတစ်ခုလုံး ပြည့်စုံသွားလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ဆိုင်တစ်ခန်း ကျန်နေပါက မပြည့်စုံသလို ခံစားရပေလိမ့်မည်။
“ထပ်ပြီး ညှိနှိုင်းကြည့်ပေးပါဦးရှင်။ လိုအပ်ရင် ကျွန်မ ပိုက်ဆံ ထပ်တိုးပေးလို့ ရပါတယ်”
“ညီမက ပွင့်လင်းမယ်ဆိုတာ ကျွန်တော် သိသားပဲ၊ ညီမက ပိုက်ဆံတိုးပေးမယ်ဆိုမှတော့ ကျွန်တော် ဒါကို ရအောင် ယူပေးရမှာပေါ့”
သို့သော် ကိစ္စရပ်များမှာ ထင်သလောက် ချောမွေ့မည်မဟုတ်ကြောင်း ဟွာကျွင်း ကြိုတင်ခံစားမိနေ၏။
ထင်သည့်အတိုင်းပင် နာရီဝက်ပင် မပြည့်မီ အကျိုးဆောင်က ပြန်လည်ဖုန်းဆက်လာသည်။
“ညီမရေ၊ အဲဒီအိမ်ရှင်က တကယ်ကို မရိုးသားဘူးဗျ။ ကျွန်တော် စျေးမေးတော့လည်း မပြောဘူး၊ သူက တိတ်တိတ်လေးပဲ နေပြီး မရောင်းဘူးလို့ပဲ ငြင်းနေတယ်”
ဟွာကျွင်းသည် ထိုကုန်စုံဆိုင်လေးကို မှတ်မိ၏။ ၎င်းမှာ စတုရန်းမီတာ လေးဆယ်ခန့် ရှိသည်။ ထိုနေရာရှိ အိမ်ခြံမြေစျေးနှုန်းများအရ ယွမ် (၈၀၀၀၀၀) ဖြင့် ဝယ်ယူနိုင်သည်။
သို့သော် ၎င်းသည် လမ်းမကြီးနှင့် လမ်းသွယ်ဆုံရာတွင် တည်ရှိသဖြင့် ရှေ့တွင် ကုန်တိုက်အသစ် ဖွင့်လှစ်ခြင်းမှာ ၎င်းကို များစွာထိခိုက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အိမ်ရှင်က မရောင်းလိုခြင်းမှာ နားလည်ပေးနိုင်စရာ ရှိ၏။
အကျိုးဆောင်က တံတွေးတစ်ချက်ထွေးရင်း ပြောတော့သည်။
“သူက မရောင်းချင်တာ မဟုတ်ဘူး၊ စျေးကြီးကြီး လိုချင်နေတာဗျ၊ မဟုတ်ရင် ဘာလို့ ကျွန်တော့်ဆီ သူ့ဖုန်းနံပါတ်ကို လာပေးပြီး ဟိုဟိုဒီဒီ စျေးတွေ လျှောက်စုံစမ်းနေမှာလဲ”
“ဆိုင်က လမ်းဆုံမှာ ဖြစ်နေလို့ အရောင်းအဝယ်ကောင်းနေတော့ သူက မရောင်းချင်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
အကျိုးဆောင်တွင် အမြဲတမ်း အတွင်းသတင်းများ ရှိနေတတ်သည်။ “မဖြစ်နိုင်တာဗျာ၊ ကုန်တိုက်ကြီး ဆောက်ပြီးသွားရင် ဒီလမ်းပေါ်မှာ ကားရပ်ခွင့် ပေးတော့မှာ မဟုတ်ဘူး၊ မော်တော်ယာဉ်မောင်းနှင်တဲ့ လမ်းအဖြစ်ပဲ ပြောင်းလိုက်တော့မယ်လို့ သတင်းတွေ ထွက်နေတာ။ အဲဒီကျရင် ဘယ်သူက အဲဒီကို ပစ္စည်းလာဝယ်တော့မှာလဲ”
“အခြေအနေက အဲဒီလိုဆိုရင်တော့ ကျွန်မ သူ့ကို အလုပ်မရှုပ်စေတော့ပါဘူး။ ယွမ် ၁.၂ သန်း ပေးလိုက်မယ်။ သူ ရောင်းမရောင်း ကြည့်ရသေးတာပေါ့”
ချက်ချင်းပင် ယွမ် (၄၀၀၀၀၀)တိုးပေးလိုက်သဖြင့် အကျိုးဆောင်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး “ကောင်းပါပြီ” ဟု အကြိမ်ကြိမ် ပြောကာ ဖုန်းချ၍ သွားရောက်ဆက်သွယ်တော့သည်။
မကြာမီတွင် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဟွာကျွင်းကို ပြန်ပြောပြ၏။
“အဲဒီအိမ်ရှင်က တကယ်ကို အဓိပ္ပာယ်မရှိတာဗျာ၊ သူက ယွမ် ၅ သန်း တောင်းနေတယ်”
ဟွာကျွင်းသည် စိတ်တိုလွန်းသဖြင့် ရယ်ပင်ရယ်မိသွားသည်။ တစ်ပြိုင်နက်တည်း လေးဆခန့် တိုးတောင်းလိုက်ခြင်းလော။ သူ ဓားပြပဲ တိုက်ပါတော့လား။
“သူ တခြား ဘာပြောသေးလဲ”
ဤအကြောင်းကို ပြောသောအခါ အကျိုးဆောင်မှာ ပို၍ပင် စိတ်တိုလာ၏။
“သူက တခြားနေရာတွေမှာ ဖျက်သိမ်းခံရတဲ့အခါ အိမ်ရော ပိုက်ဆံရော ရတယ်လို့ ပြောတယ်။ အခု သူက ပိုက်ဆံပဲ တောင်းတာဆိုတော့ သူက တော်တော်လေး စာနာပေးထားတာတဲ့ဗျာ”
“ကျွန်မတို့က ဘာမှ ဖျက်သိမ်းနေတာ မဟုတ်ဘူးလေ။ သူ မရောင်းဘူးဆိုရင်လည်း ထားလိုက်ပါတော့”
စိတ်ရှည်တတ်သည့် ဟွာကျွင်းပင်လျှင် ဤကိစ္စကို ထပ်မံသည်းမခံနိုင်တော့ပေ။ ဆိုင်တစ်ခန်း မရှိဘဲ သူမ ဘာမှမလုပ်နိုင်တော့ဘူးဟု သူက တကယ်ထင်နေခြင်းလော။
အကျိုးဆောင်အား ထိုကုန်စုံဆိုင်အိမ်ရှင်ကို ငြင်းခိုင်းလိုက်ပြီးနောက် နောက်တစ်နေ့တွင် ဟွာကျွင်းသည် ကျန်ရှိသော စာချုပ်များကို လက်မှတ်ရေးထိုးလိုက်သည်။ ထို့နောက် သူမသည် ထိုကုန်စုံဆိုင်နှင့် အခြားဆိုင်များကို ပိုင်းခြားထားရန် သံတံခါးတစ်ခုကို တပ်ဆင်လိုက်၏။
ထိုနေ့မှစ၍ ဤလမ်းသည် အများပြည်သူသို့ အရောင်းအဝယ်ပြုလုပ်ရန် ဖွင့်လှစ်ထားခြင်း မရှိတော့ပေ။
ဟွာကျွင်းသည် မူလက မုန့်ဆိုင်လေး၏ ဘေးကင်းရေးအတွက် ဤဆိုင်ခန်းများကို စွန့်ပစ်ထားရန် စီစဉ်ခဲ့သော်လည်း ယခုအခါ သူမ၏ စိတ်ကူးကို ပြောင်းလဲလိုက်သည်။
သူမတွင် ပိုက်ဆံပိုလာသောအခါ ဤလမ်းတစ်ခုလုံးကို အသစ်ပြန်လည် ပြင်ဆင်ပြီး ရှေးခေတ်နှင့် ခေတ်သစ်ကြား ပစ္စည်းများ လွှဲပြောင်းရာ နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်မည်ဖြစ်၏။
လောလောဆယ်တွင် ဟွာကျွင်း၏ လက်ထဲ၌ ငွေသားများစွာ မရှိတော့သဖြင့် ပစ္စည်းအချို့ကို ရောင်းချရန် အချိန်ကျရောက်ပြီ ဖြစ်သည်။
သူမ အိမ်သို့ပြန်ကာ လုမင်လီ ပေးထားသည့် ပစ္စည်းပုံကြီးကို ထုတ်လိုက်ပြီး တစ်ခုချင်းစီကို စစ်ဆေးကာ မှတ်စုစာအုပ်ထဲတွင် မှတ်သားထားလိုက်သည်။
ပန်းအိုးများ၊ ကဗျာစာသားနှင့် ပန်းချီကားများ၊ အဝတ်အစားများ၊ သန္တာပင်များ၊ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေလက်ကောက်များ၊ နို့နှစ်ရောင် ပုတီးစေ့လေးများ။
‘နေဦး၊ နို့နှစ်ရောင် ပုတီးစေ့လား၊ ဒါက ဘာအမျိုးအစားလဲ’
ဟွာကျွင်းသည် ထိုကဲ့သို့သော ပုတီးစေ့များကို တစ်ခါမျှ မမြင်ဖူးသော်လည်း လုမင်လီ ပို့ပေးလိုက်ခြင်း ဖြစ်သည့်အပြင် သေတ္တာသီးသန့်ဖြင့် ထည့်ထားသောကြောင့် သာမန်ပစ္စည်းတော့ မဟုတ်သည်မှာ သေချာ၏။
ကိုင်ကြည့်သောအခါ အလွန်အမင်း ချောမွေ့ခြင်းမရှိသလို ကျောက်စိမ်း သို့မဟုတ် ကျောက်မျက်ရတနာများကဲ့သို့ လှပသော အသွင်အပြင်လည်း မရှိပေ။ ကျောက်စရစ်ခဲများကြားထဲ ပစ်ထည့်ထားလျှင် မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ပုတီးစေ့လေးများကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သောအခါ အတွင်းထဲတွင် တောက်ပသော အစိမ်းရောင်ကို မြင်တွေ့ရသည်။
ဟွာကျွင်း အွန်လိုင်းတွင် ရှာဖွေသော်လည်း မည်သည့်သဲလွန်စမျှ မတွေ့သဖြင့် စားပွဲပေါ်တွင် ခဏတင်ထားခဲ့ပြီး မုန့်ဆိုင်သို့ ထွက်လာခဲ့သည်။
ဆိုင်တွင် ကိစ္စရပ်များကို စီစဉ်ပြီးနောက် သူမသည် အာချင်း၏ ဆိုင်သို့ သွားရောက်ကာ အသားနုပ်ဟင်းအနှစ် ပြုလုပ်နည်းကို သင်ပေးလိုက်သည်။
အာချင်းသည် ခေါက်ဆွဲဆွဲနေပြီး ကလေးများစွာမှာလည်း သူ့ဆိုင်ရှေ့တွင် စိတ်အားထက်သရော ကြည့်ရှုနေကြသည်။
ဟွာကျွင်း ရောက်လာသည်ကို မြင်သောအခါ သူသည် လုပ်လက်စကို ချက်ချင်းရပ်လိုက်ပြီး လက်တစ်ကမ်းစာ ဂျုံသားတုံးကို ထုတ်လိုက်ကာ ဟွာကျွင်းကို ပြောလိုက်သည်။
“သူဌေးမဟွာ၊ ခင်ဗျား ရောက်လာပြီပဲ၊ မြန်မြန်လာကြည့်ပါဦး၊ ကျွန်တော် လှီးထားတဲ့ ခေါက်ဆွဲတွေကို ကြည့်ပါဦး”
သူသည် ဂျုံသားတုံးကို သစ်သားပြားပေါ် တင်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် ထောက်ကာ ညာဘက်လက်တွင် အထူးပြုလုပ်ထားသော ထောင့်ကွေးဓားကို ကိုင်လိုက်သည်။ အိုးဘက်သို့ မျက်နှာမူကာ ဂျုံသားတုံးကို ညာမှဘယ်သို့ စတင်လှီးချလိုက်သည်။
ခေါက်ဆွဲတစ်မျှင်ချင်းစီမှာ အိုးထဲသို့ တိတိကျကျ ပျံဝင်သွားရာ တော်တော်လေး ကျွမ်းကျင်သည့်ပုံ ပေါက်နေ၏။
ဘေးမှ ကြည့်နေသော ကလေးများကလည်း အားတက်သရော လက်ခုပ်တီးကာ အားပေးကြသည်။
သို့သော်လည်း ခေါက်ဆွဲများမှာ အထူအပါး မညီသေးသဖြင့် သူသည် လေ့ကျင့်မှု ပိုလိုအပ်နေသေးသည်။
“ကောင်းပါပြီ၊ နောက်ထပ် နည်းနည်းလောက် ထပ်လေ့ကျင့်ရင် ပြည့်စုံသွားမှာပါ။ အခု ဆောင်းကျစ်(အသားနုပ်ဟင်းအနှစ်) ပြုလုပ်နည်း သင်ပေးမယ်”
သူမသည် ဝက်သားတစ်တုံးကို ထုတ်လိုက်ပြီး အဆီနှင့် အသားကို ခွဲခြားကာ နှစ်မျိုးလုံးကို အတုံးလေးများ တုံးလိုက်သည်။
ဒယ်အိုးထဲတွင် ဆီပူအောင် လုပ်ပြီးနောက် အရင်ဆုံး ဝက်ဆီတုံးလေးများကို ခဏကြော်လိုက်ကာ အသားကို ထည့်လိုက်သည်။ အသားအရောင် ပြောင်းသွားသောအခါ ဟင်းချက်ဝိုင်နှင့် ဆော့စ်များကို ထည့်ကာ အမြဲမပြတ် မွှေပေးရ၏။
ဆော့စ်နှင့် အသားနံ့များ ရောယှက်သွားသောအခါ ပဲငံပြာရည်အကြည်နှင့် ဟင်းခတ်မှုန့် အမျိုးမျိုးကို ထည့်လိုက်ပြီး နောက်ဆုံးတွင် ငရုတ်သီးမှုန့် ဇွန်းကြီးတစ်ဇွန်းကို ထည့်လိုက်သည်။
သမအောင် အမြဲမပြတ် မွှေပေးနေပြီး ဆီရောင်မှာ တောက်ပသော အနီရောင်သို့ ပြောင်းသွားသောအခါ ရေထည့်နိုင်သည်။
ရေကြည်ကို သုံးကြိမ်ခွဲထည့်ရ၏။ ရေပွက်ပွက်ဆူလာသောအခါ မီးကို လျှော့လိုက်ပြီး အသားနူးသည်အထိ ချက်လိုက်သည်။
ဓားလှီးခေါက်ဆွဲအတွက် နောက်ထပ် အရေးကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်ခုမှာ ကြက်သွန်မြိတ်နှင့် ဂျင်းရည် ဖြစ်သည်။
ဂျင်းနှင့် ကြက်သွန်ဖြူကို ပန်းကန်လုံးလေးတစ်ခုထဲတွင် ၁:၂ အချိုးဖြင့် ထည့်ကာ ငရုတ်ဆုံဖြင့် ထောင်းလိုက်ပြီးနောက် ရေကျက်အေး ထည့်လိုက်လျှင် ဂျင်းကြက်သွန်ဖြူရည် ရရှိသွားပြီ ဖြစ်၏
အခြားတစ်ဖက်တွင် အသားမှာ နူးသွားပြီ ဖြစ်သည်။ ဟွာကျွင်းက အာချင်းကို မီးမြှင့်ခိုင်းလိုက်ပြီး အိုးထဲရှိ ရေများ တဖြည်းဖြည်း လျော့နည်းလာကာ ပျစ်သွားသည်ကို ကြည့်ပြီးနောက် ပြီးစီးသွားတော့သည်။
ဆား၊ အချိုမှုန့်နှင့် ခုနက ထောင်းထားသော ဂျင်းကြက်သွန်ဖြူရည်ကို ခေါက်ဆွဲပန်းကန်ထဲ ထည့်လိုက်ပြီးနောက် အသားနုပ်ဟင်းအနှစ် ဇွန်းကြီးတစ်ဇွန်းကို ခပ်ထည့်ကာ အသားရည် အနည်းငယ် ထည့်လိုက်ပြီး ကြက်သွန်မြိတ်၊ နံနံပင်နှင့် မုန်ညင်းချဉ်လေးများ ဖြူးလိုက်သည်။ ထိုအခါ အသားဆောင်းကျစ် ဓားလှီးခေါက်ဆွဲ တစ်ပန်းကန် အသင့်ဖြစ်သွားပြီ ဖြစ်သည်။
၎င်းကို စားပွဲပေါ် တင်လိုက်ရင်း ဟွာကျွင်း ပြောလိုက်၏။
“ကဲ၊ မြည်းကြည့်လိုက်ပါဦး”
အာချင်း မပြောနိုင်မီမှာပင် တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။
“သူဌေးမဟွာ၊ ဒီခေါက်ဆွဲပန်းကန်က ရောင်းဖို့လား”
သူတစ်ယောက်တည်း ဤသို့ တွေးမိခြင်း မဟုတ်ပေ။ ခေါက်ဆွဲလှီးပုံ မည်သို့ပင်ရှိစေကာမူ ဤဆောင်းကျစ်မှာ တကယ်ကို မွှေးကြိုင်လှ၏။
ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးနှင့် ပဲငံပြာရည် နံ့များက ဝက်သား၏ အညှီနံ့ကို လုံးဝ ဖုံးလွှမ်းသွားစေသည်။ ဟွာကျွင်းက ဆီကိုလည်း ရက်ရက်ရောရော သုံးထားသဖြင့် ဆောင်းကျစ်မှာ ဆီဝင်းနေပြီး အသားနံ့မှာလည်း လျှံထွက်နေ၏။
“ကျွန်မတို့က မြည်းကြည့်ရုံပဲ ရှိသေးတာပါ၊ ဓားလှီးခေါက်ဆွဲကို ရောင်းဖို့ မစရသေးဘူးရှင်”
“ဒါဆိုရင် ကျွန်တော်တို့က မြည်းပေးဖို့ အဆင်သင့်ပါပဲ” တစ်စုံတစ်ယောက်က ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။
ဟွာကျွင်း ခိုး၍ ရယ်မိသွား၏။
“ရှင်တို့က ဘာကို မြည်းမှာလဲ၊ ဂျုံမှုန့်ဖြူပဲ ဖြစ်ဖြစ်၊ ဝက်သားပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီ ဟင်းခတ်အမွှေးအကြိုင်တွေပဲ ဖြစ်ဖြစ်၊ ဘယ်ဟာကများ ရှားပါးပစ္စည်း မဟုတ်လို့လဲ”