အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅)
သီချင်းဆိုမလား ပုံပြင်ပြောမလား
သူမက အံ့ဩသွားဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။
“တကယ်ကို ကောင်းတဲ့ အကြံပဲ၊ ဒါဆိုရင် ဟင်းလျာတွေကို မြည်းစမ်းပေးဖို့ ဧည့်သည်အချို့ကို ကျွန်မ အကူအညီတောင်းပါ့မယ်”
ဆောင်းကျစ်မှာ အတော်အတန်များနေသည်ကို တွေ့ရသဖြင့် ဆယ်ပန်းကန်စာ ခန့်မှန်းခြေရသည်အထိ ခေါက်ဆွဲများကို ထပ်မံလှီးခိုင်းလိုက်ရန် အာချင်းကို ပြောလိုက်၏။
ဟွာကျွင်း လူတိုင်းကို ကြေညာလိုက်သည်။
“ဒါက အရသာမြည်းစမ်းတာ ဖြစ်တဲ့အတွက် ပိုက်ဆံပေးစရာ မလိုပါဘူး။ အခု ကျွန်မ အခမဲ့စားဖို့ လူ (၁၀) ယောက်ကို ရွေးပါ့မယ်။ ဒါပေမဲ့ ခေါက်ဆွဲက အလကားတော့ မဟုတ်ဘူးနော်။ အကယ်၍ ရှင်တို့က ကောင်းမွန်တဲ့ အကြံဉာဏ်အသစ်တွေ မပေးနိုင်ရင်တော့ သီချင်းတစ်ပုဒ် ဆိုပြရမယ်၊ ဒါမှမဟုတ် ပုံပြင်တစ်ပုဒ် ပြောပြရမယ်”
ဧည့်သည်များမှာ သဘောကျသွားကြ၏။ ‘သူဌေးမဟွာက နောက်ထပ် လှုပ်ရှားမှုအသစ်တစ်ခုကို စဉ်းစားလိုက်ပြန်ပြီလား”
ကြောက်တတ်သူများက နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားကြသော်လည်း ရဲရင့်သူများကမူ စိတ်အားထက်သရော စာရင်းပေးကြသည်။
အများစုက တွေးနေကြသည်။ “သူဌေးမဟွာက အလကား ဖျော်ဖြေပွဲကြည့်ချင်တာလား။ သူစိတ်ပျက်မသွားအောင် ဒီနေ့တော့ ငါ တကယ်ပဲ တစ်ခုခု လုပ်ပြလိုက်မယ်”
ဟွာကျွင်းသည် အသက်အရွယ်၊ ကျား၊မ နှင့် ဝတ်စားဆင်ယင်မှု မတူညီသည့် လူ (၁၀) ယောက်ကို ရွေးချယ်ကာ ထိုင်၍ ခေါက်ဆွဲစားရန် ဖိတ်ခေါ်လိုက်သည်။
လူတိုင်း မြိန်ရည်ယှက်ရည် စားသောက်ကြသော်လည်း စားပြီးသွားသောအခါ အခက်တွေ့သွားကြ၏။ ခေါက်ဆွဲအရှည် မညီခြင်းမှလွဲ၍ ဤဓားလှီးခေါက်ဆွဲတွင် တခြား အားနည်းချက်ဟူ၍ တကယ်ပင် မရှိပေ။
ထို့ပြင် ခေါက်ဆွဲအရှည် မညီခြင်းက အားနည်းချက်ဟု ဆိုနိုင်ပါသလား။ ခေါက်ဆွဲ မစားမီ တစ်မျှင်ချင်းစီကို တိုင်းထွာနေမည့်သူ မည်သူရှိသနည်း။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမျိုးသားတစ်ဦးက ပထမဆုံး ထရပ်လိုက်သည်။
“သူဌေးမဟွာ၊ ကျွန်တော်က ပညာမတတ်တော့ ဆောင်းကျစ် ခေါက်ဆွဲတစ်ပန်းကန်မှာ ဘာအားနည်းချက်မှ မရှာနိုင်ဘူး။ ဒါကြောင့် ခင်ဗျားအတွက် ကျေးလက်တေးတစ်ပုဒ် ဆိုပြပါ့မယ်”
သူ၏ အသံမှာ နက်ရှိုင်းပြီး ပဲ့တင်ထပ်နေကာ တေးသွားစတင်သည်နှင့် တောင်တန်းများဆီသို့ ရောက်သွားသကဲ့သို့ ခံစားရစေသည်။
သီချင်းဆုံးသွားသောအခါ လက်ခုပ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
သူက နှိမ့်ချစွာ ပြောလိုက်သည်။
“ဒီလို သာမန်တေးသွားက သူဌေးမဟွာရဲ့ နားကို မနှောင့်ယှက်မိဖို့ မျှော်လင့်ပါတယ်”
“သာမန်အရာတွေကပဲ အနုပညာမြောက်တာပါ၊ ကျွန်မ နားထောင်လို့ အရမ်းကောင်းတယ်လို့ ထင်တယ်”
သူမ ပြောပြီးသည်နှင့် လက်ခုပ်သံများမှာ ပိုမိုကျယ်လောင်လာ၏။ သာမန်အရာများသာ အနုပညာမြောက်သည် ဆိုသည်မှာ ဤကျေးလက်တေးသည် ပေါ့ပေါ့ပါးပါးနှင့် ရိုးရှင်းသော်လည်း တည်ငြိမ်အေးချမ်းမှုနှင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
တစ်ယောက်က စတင်လိုက်သဖြင့် ကျန်သူများမှာလည်း ဖျော်ဖြေရန် ဖိအားနည်းသွားသည်။ တောင်ပိုင်း၏ ဆွဲဆောင်မှုရှိသော တေးသွားများနှင့် မြောက်ပိုင်း၏ ရဲရင့်သော ကျေးလက်တေးများအပါအဝင် သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုကြသည်။
ဤရလဒ်များမှာ ဟွာကျွင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားသဖြင့် သူမသည် ဤနေရာကို ပို၍ပင် နှစ်သက်လာခဲ့သည်။
နောက်ဆုံးတွင် အမျိုးသားတစ်ဦး ထရပ်ကာ ပြော၏။
“တောင်းပန်ပါတယ်၊ ကျွန်တော်က ဂီတသံစဉ်အတက်အကျကို ခွဲခြားနိုင်စွမ်း မရှိလို့ ခင်ဗျားတို့ တွေရှေ့မှာ ဖျော်ဖြေရမှာက တကယ်ကို မသင့်တော်ပါဘူး”
“ကိစ္စမရှိဘူး၊ ပုံပြင်ပြောလို့ ရတာပဲ၊ ခုနကလည်း အမျိုးသမီးတစ်ယောက် ပုံပြင်ပြောသွားသေးတယ်” ဧည့်သည်တစ်ဦးက ဆို၏။
သူ ခေါင်းယမ်းလိုက်ကာ ပြောသည်။
“ပုံပြင်တော့ ကျွန်တော့်မှာ မရှိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ခေါက်က ကျွန်တော် ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုတော့ ရှိတယ်၊ ဖျော်ဖြေတဲ့အနေနဲ့ လူတိုင်းကို ပြောပြပါ့မယ်”
သူသည် သူ၏ အတွေ့အကြုံတစ်ခုကို စတင်ပြောပြတော့သည်။
“ကျွန်တော်က ခရီးသွားကုန်သည်တစ်ယောက်ပါ၊ နယ်စပ်အဝင်အထွက်တွေမှာ အမြဲသွားလာနေရတဲ့သူပေါ့။ ကျွန်တော် ရောင်းတဲ့ပစ္စည်းက အသေအချာ မရှိပါဘူး၊ ဘယ်အရာက စျေးကွက်ကောင်းလဲကြည့်တယ်။ အဲဒါကိုပဲ ရွေးရောင်းတာပါ”
“အရင်နှစ်တွေက အတွေ့အကြုံအရ အခုက မြင်းအရောင်းအဝယ်လုပ်တဲ့ ရာသီပါ။ ဒါကြောင့် ပုံမှန်အတိုင်းပဲ လက်ဖက်ခြောက်အချို့ကို နယ်စပ်ကို သယ်သွားပြီး ရောင်းပြီးတဲ့နောက် မြင်းတွေ စဝယ်ခဲ့တယ်”
“ထူးဆန်းတာက မြင်းမွေးမြူရေးခြံ အတော်များများကို သွားကြည့်ခဲ့ပေမဲ့ အဲဒီက မြင်းတွေအားလုံးက ပိန်လှီပြီး အားနည်းနေတာပဲ။ ကျွန်တော် သုံးရက်ကြာအောင် ရွေးခဲ့တယ်၊ မြင်းခြံ လေးငါးခုလောက် သွားခဲ့ပေမဲ့ အဆင်ပြေတဲ့ မြင်းတစ်ကောင်မှ မတွေ့ခဲ့ဘူး”
“ခင်ဗျားတို့ နားလည်အောင် ပြောရရင် အခုက နွေရာသီလေ။ ဒါက မဟာတံတိုင်းအပြင်ဘက်က မြက်တွေ အကောင်းဆုံးပေါက်တဲ့ အချိန်ပဲ၊ အဲဒီမြင်းတွေက ဘာလို့ ဒီလောက် ပိန်နေရတာလဲ”
ဟွာကျွင်းလည်း ထိုအရာကို ထူးဆန်းသည်ဟု ယူဆမိသည်။ အားမောက် မြို့ထဲသွားတုန်းက မြင်းကောင်းရှိမရှိ ကြည့်ခိုင်းခဲ့ဖူးရာ အားမောက် ပြန်လာသောအခါ ထိုမြင်းများမှာ နွားများထက်ပင် ကြံ့ခိုင်မှု မရှိပုံရသည်ဟု ပြောခဲ့ဖူး၏။
သူမက ကုန်သည်ကို စကားဖြတ်၍ မေးလိုက်သည်။
“မြင်းခြံကို ဘာကြောင့်လဲလို့ မမေးကြည့်ဘူးလား”
“မေးတာပေါ့၊ သူတို့က ပြောတာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ရာသီဥတု မကောင်းလို့ မြင်းတွေ အစာမစားနိုင်ဘဲ ဆာလောင်ပြီး ပိန်သွားတာတဲ့၊ ခဏနားပြီးရင် ပြန်ကောင်းလာမှာပါတဲ့”
“ကျွန်တော် တကယ်ကို စိတ်ဒုက္ခရောက်သွားတယ်၊ အကယ်၍ မဝယ်ဘူးဆိုရင် လက်ဗလာနဲ့ ပြန်ရမှာ၊ ဝယ်မယ်ဆိုရင်လည်း အဲဒီမြင်းတွေက သေးပြီး ပိန်လွန်းနေတော့ စျေးကောင်းရပါ့မလားလို့ စိုးရိမ်မိတယ်”
“ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ခရီးစဉ်ဆိုတော့ လက်ဗလာနဲ့ ပြန်ရတာက နိမိတ်မကောင်းဘူးလေ။ ဒါကြောင့် တစ်ညလုံး စဉ်းစားပြီးတော့ အထိမ်းအမှတ်အနေနဲ့ မြင်းထီးတစ်ကောင်နဲ့ မြင်းမတစ်ကောင် ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်”
“ပိုပြီး ထူးဆန်းတာက နောက်နေ့မနက် အစောကြီး သွားတဲ့အခါ မြင်းတွေအားလုံး ရောင်းကုန်သွားပြီတဲ့ဗျ”
“အားလုံးလား တစ်ကောင်မှ မကျန်ဘူးလား”
“အားလုံးပဲ၊ ကျွန်တော် မယုံနိုင်လို့ မြို့ထဲက မြင်းခြံတွေအားလုံးကို ပတ်ကြည့်ခဲ့ပေမဲ့ မြင်းတစ်ကောင်မှ မကျန်တော့ဘူး”
“ဘယ်သူ ဝယ်သွားတာလဲ”
သူ လက်နှစ်ဖက်ကို ဖြန့်ကာပြောလိုက်၏။
“ကျွန်တော်လည်း မသိဘူး။ အတော်ကြာအောင် စုံစမ်းပေမဲ့ ဘာကြောင့်လဲဆိုတာ မသိခဲ့ရဘူး။ ကျွန်တော့်ရဲ့ ကံဆိုးမှုကိုပဲ လက်ခံလိုက်ပြီး မြင်းနို့ဝိုင်(ကုလားအုတ် ၊ မြည်း ၊ မြင်းမ တို့၏ နို့ကို ကဇော်ဖောက်ထားသော အရက်) အချို့ ဝယ်ပြီး ပြန်လာခဲ့ရတယ်”
ဤဖြစ်ရပ်မှာ အမှန်ပင် ထူးဆန်းလှပြီး ယုတ္တိမတန်သည့် အချက်များစွာ ရှိနေသဖြင့် လူတိုင်းက စတင်ဆွေးနွေးကြတော့၏။
“မြင်းခြံက မြင်းတွေ ပိန်နေတာက တကယ် ထူးဆန်းတယ်။ နွေဦးရာသီ ကုန်သွားပြီပဲ၊ မြင်းတွေက ဘာလို့ မဝဖြိုးတာလဲ၊ ကျွန်တော့်အမြင်တော့ ညီအစ်ကို၊ ခင်ဗျား စိတ်မကောင်းမဖြစ်ပါနဲ့၊ မဝယ်လိုက်ရတာက ပိုကောင်းတဲ့အရာ ဖြစ်နိုင်ပါတယ်”
“တကယ်လို့ ပိန်နေတဲ့ မြင်းတွေဆိုရင် ဘာလို့ တစ်ယောက်ယောက်က ဝယ်သွားတာလဲ၊ ပြီးတော့ မြင်းအားလုံးကို ဝယ်သွားတာနော်။ တစ်ယောက်တည်းက လုပ်တာလား၊ ဒါမှမဟုတ် လူအတော်များများ စုပြီး ဝယ်ကြတာလား”
ကုန်သည်က ပြောသည်။
“တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး၊ တစ်ယောက်တည်းက ဒီလောက်များတဲ့ မြင်းတွေကို ဘယ်လို ထိန်းနိုင်မှာလဲ၊ အကယ်၍ လူအတော်များများ ဝယ်တာဆိုရင် ကျွန်တော် မသိတဲ့ အတွင်းသတင်းတစ်ခုခု ရှိနေလို့လား၊ မြင်းအရောင်းအဝယ်က ခက်ခဲလာပြီလို့ပဲ ကျွန်တော် ထင်မိတယ်”
လူတိုင်းက ထိုအကြောင်းကို အပြန်အလှန် အကြာကြီး ဆွေးနွေးကြသော်လည်း အဖြေမထွက်ခဲ့ပေ။ ဟွာကျွင်းက ခဏမျှ နားထောင်ပြီးနောက် ထွက်လာခဲ့သည်။
သူမ ပြန်ရောက်သောအခါ မော့ချွမ်းထံသို့ တိုက်ရိုက်သွားကာ ယာယီတာဝန်တစ်ခု ပေးလိုက်၏။
“ရှင် မြို့စောင့်တပ်စခန်းမှာ သိတဲ့သူရှိတယ်လို့ ကျွန်မ မှတ်မိတယ်။ မကြာသေးခင်က မြို့ထဲမှာ မြင်းအရောင်းအဝယ်နဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခု ရှိမရှိ သွားစုံစမ်းပေးပါဦး”
မော့ချွမ်း ဟွာကျွင်း မြင်းဝယ်ချင်သည်ဟု ထင်မှတ်ကာ သူ၏အလုပ်များကို အမြန်လက်စသတ်လိုက်၏။ ထို့နောက် ပန်ကိတ် နှစ်ခုကို ယူကာ လျှပ်စစ်စကူတာလေးဖြင့် မြို့ထဲသို့ မောင်းဝင်ခဲ့သည်။
မြို့စောင့်တပ်မှ ညီအစ်ကိုများက ပန်ကိတ်ကို ယူလိုက်ပြီး ပြုံးကာ စနောက်ကြတော့သည်။
“ဘာလဲ၊ မင်းက သတင်းလာမေးတိုင်း ဒီပန်ကိတ်ပဲ အမြဲယူလာတာလား၊ ဘာမှလည်း မပြောင်းလဲဘူး၊ မင်း မုန့်ဆိုင်မှာ အလုပ်လုပ်နေတာ နှမြောစရာပဲ”
“ဒီပန်ကိတ်က သာမန်ပန်ကိတ် မဟုတ်ဘူးနော်၊ ခင်ဗျားတို့ မြည်းကြည့်သင့်တယ်”
သူသည် ယနေ့တွင် သေသေချာချာ ပြင်ဆင်လာခဲ့ခြင်းဖြစ်ပြီး အားမောက် ကင်ထားသည့် သိုးသားကင် အသားတုတ် အချို့ကိုပါ ပန်ကိတ်ထဲတွင် ထည့်လာခဲ့သည်။
ပထမဆုံး တစ်ကိုက် ကိုက်လိုက်သည်နှင့် အသားကို ကိုက်မိသွား၏။ မော့ချွမ်း၏ ညီအစ်ကိုမှာ မျက်လုံးလေးများ မှေးသွားကာ ကျေနပ်စွာဖြင့် အသံထွက်လာသည်။
သူ တစ်ဝက်ခန့် စားသည်ကို မြင်သောအခါ မော့ချွမ်းက ထပ်မစောင့်နိုင်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်၏။ “မကြာသေးခင်က မြို့ထဲမှာ မြင်းရောင်းတဲ့သူတွေကြားမှာ ထူးခြားတာတစ်ခုခု ရှိလား”
“မင်းကတော့ အမြဲပဲ၊ ငါ ပန်ကိတ်တစ်ခု ကုန်အောင် စောင့်ပါဦးလား” မော့ချွမ်း ညီအစ်ကို ညည်းတွားလိုက်၏။
သို့သော်လည်း သူက ခေါင်းစောင်း၍ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
“ထူးထူးခြားခြားတော့ မရှိပါဘူး၊ အဲဒီမြင်းတွေက အဲဒီလိုပါပဲ၊ ကြည့်ရတာလည်း သာမန်ပဲမို့ စျေးကောင်း မရကြဘူး”
မော့ချွမ်း ထပ်မေး၏။ “ထူးဆန်းတာ ဘာမှမရှိဘူးလား”
“မရှိပါဘူး... မင်း မြင်းဝယ်ချင်လို့လား၊ အကယ်၍ မင်း မြင်းဝယ်ချင်ရင် လမ်းညွှန်ပေးနိုင်ပါတယ်...”
ပြောပြီးနောက် သူက လက်ညှိုးကို ကွေးပြလိုက်သည်။
မော့ချွမ်း အနားသို့ တိုးသွားပြီး သေသေချာချာ နားထောင်လိုက်၏။
“ကျွန်တော် ကြားတာတော့ ဆွေကျိုးမြို့နယ်က စစ်မြင်းခြံမှာ ရက်ပိုင်းအတွင်း မြင်းကောင်းတစ်သုတ် ရောက်လာလိမ့်မယ်၊ အခု လမ်းမှာတဲ့။ ကျွန်တော် အဲဒီက မြင်းဇောင်းမှူးတစ်ယောက်နဲ့ ရင်းနှီးတယ်၊ မင်းအတွက် စကားပါးပေးလို့ ရတယ်။ မင်း ဘယ်လိုမြင်းမျိုး လိုချင်လဲဆိုတာ သူ့ကို ပြောထားလိုက်ရင် သူက ခင်ဗျားအတွက် တိတ်တဆိတ် ဖယ်ထားပေးလိမ့်မယ်၊ ဒီလောက်ရှိရင် ရပြီ...”
သူက လက်မနှင့် လက်ညှိုးကို ပွတ်ပြရင်း မော့ချွမ်းကို နောက်ပြောင်သည့် အပြုံးဖြင့် ကြည့်လိုက်သည်။
မော့ချွမ်း စဉ်းစားကြည့်၏။ စစ်မြင်းခြံမှ မြင်းများမှာ သေသေချာချာ ရွေးချယ်ထားခြင်း ဖြစ်သဖြင့် လုံးဝ ပြဿနာမရှိနိုင်ပေ။ အကယ်၍ သူက ဟွာကျွင်းအတွက် တစ်ကောင် ရအောင်ယူပေးနိုင်လျှင် သူမ သေချာပေါက် ပျော်သွားပေလိမ့်မည်။
“ဘယ်လောက်လဲ”
“ကိစ္စတွေ ချောမွေ့သွားဖို့ဆိုရင်တော့ ငွေ (၈) တေး လောက် ရှိရင် ရလောက်မယ်။”