← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇)

တိုတမ် (ရိုးရာ အမှတ်တံဆိပ်)

“ဒီကျောက်ခဲက ရေဒီယိုသတ္တိကြွမှာ စိုးလို့ပါ၊ ရှင် လုကျောက်ဆီ ပို့ထားတဲ့ ဓာတ်ပုံကို ကျွန်မ ကြည့်ပြီးပြီ၊ အဲဒီကျောက်ခဲက အစိမ်းရောင်လင်းနေတာဆိုတော့ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပါဝင်နေဖို့ အရမ်းများတယ်လေ”

ဟွာကျွင်း မှင်တက်သွားပြီး ထစ်ထစ်အအဖြင့် ပြောတော့သည်။

“မ..မဟုတ်တာ၊ တကယ်ကြီး ရေဒီယိုသတ္တိကြွနေတာတော့ မဖြစ်နိုင်ပါဘူးနော်။ အဲဒါက ကျွန်မအခန်းထဲမှာ ရှိနေတာ။ တစ်ညလုံးလည်း အဲဒါနဲ့အတူ အိပ်ခဲ့တာလေ။ ကျ..ကျွန်မ ရေဒီယိုသတ္တိကြွမှုတွေနဲ့ ထိတွေ့မိသွားပြီလား”

မော့ချွမ်းကတော့ ရေဒီယိုသတ္တိကြွမှု သို့မဟုတ် ရောင်ခြည်ဖြာထွက်မှုဆိုသည်မှာ ဘာမှန်းမသိပေ။ ဟွာကျွင်း အလွန်အမင်း စိုးရိမ်နေသည်ကို မြင်သောအခါ သူသည် ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်၏။

“မကြောက်ပါနဲ့၊ ကျွန်တော် အခုချက်ချင်း ဒါကို ဖျက်ဆီးပစ်မယ်”

အန်နာဂူ ချက်ချင်းထရပ်ကာ မော့ချွမ်း၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းပြီး ပြောလိုက်သည်။ “မလောပါနဲ့၊ မလောပါနဲ့ဦး။ ဒါက ကျွန်မရဲ့ ခန့်မှန်းချက်ပဲ ရှိသေးတာ၊ မစစ်ဆေးရသေးဘူးလေ”

သူမ ပြောလိုက်သည့် လေသံမှာ တဖြည်းဖြည်း နူးညံ့သွား၏။ အန်နာဂူ၏ လက်ချောင်းလေးများက မော့ချွမ်း၏ လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း ပွတ်သပ်နေသည်ကို ဟွာကျွင်း မြင်လိုက်ရသည်။

မော့ချွမ်းကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏လက်ကို ဆွဲဖယ်လိုက်၏။ အခြားတစ်ဖက်မှ ဓားမြှောင်ကို ကိုင်ထားသော လက်ကောက်ဝတ်ကို လှည့်လိုက်ရာ နောက်တစ်စက္ကန့်တွင် ဓားမြှောင်မှာ အန်နာဂူ၏ လည်ပင်းသို့ ချိန်ရွယ်လျက်သား ဖြစ်သွားသည်။

ဟွာကျွင်းက အော်လိုက်မိ၏။

“မော့ချွမ်း၊ ရှင် ဘာလုပ်နေတာလဲ”

အန်နာဂူကလည်း သူ့ကို ပြောလိုက်သည်။

“ဟေး၊ ကျွန်မက ရှင့်ကို နောက်နေတာလေ၊ ရှင် ဘာဖြစ်နေတာလဲ”

မော့ချွမ်း တင်းမာစွာ ပြော၏။

“မင်း သေချင်နေတာပဲလို့ ငါထင်တယ်”

ဟွာကျွင်း

“မော့ချွမ်း၊ ဓားကို မြန်မြန်ချလိုက်ပါ သူ့ကို မထိခိုက်စေနဲ့။ ကိစ္စတွေကို သေသေချာချာ ပြောကြရအောင်”

မော့ချွမ်းက အန်နာဂူကို စိုက်ကြည့်ရင်း ဓားမြှောင်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းကာ သူ့ခြေထောက်တွင် ချည်ထားသော ဓားအိမ်ထဲသို့ ထည့်လိုက်၏။

အန်နာဂူက သူမ၏လည်ပင်းကို ပြန်ပွတ်ရင်း ဟွာကျွင်းကို ပြောလိုက်သည်။

“တွေ့လား၊ ကျွန်မ ပြောတာ မမှားဘူးမလား၊ ရှင့်လက်ထောက်က ကပ်စေးလည်းနည်းသလို စိတ်လည်း အရမ်းတိုတာပဲ”

ဟွာကျွင်း သူမကို အားနာသလို ပြုံးပြလိုက်ပြီး မော့ချွမ်းကို တစ်ချက်ကြည့်လိုက်၏။ သူကတော့ လက်ပိုက်ကာ မျက်နှာပျက်ပျက်ဖြင့် ဆိုဖာပေါ်တွင် ပြန်ထိုင်နေသည်။

မော့ချွမ်းကို ပေါ်တင် စနောက်ရဲသည့် အန်နာဂူ၏ သတ္တိကို ဟွာကျွင်း အလွန်အံ့ဩမိသော်လည်း သူတို့နှစ်ဦး တံခါးဝတွင် စတွေ့ကတည်းက ပဋိပက္ခ ဖြစ်ခဲ့ကြပုံရသည်။

နောက်မှ သူတို့နှစ်ယောက်လုံးကို သေသေချာချာ မေးကြည့်ရပေမည်။

အန်နာဂူ သစ်သားသေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး လက်ကိုင်ကိရိယာတစ်ခုဖြင့် ကျောက်ခဲနားသို့ ချဉ်းကပ်လိုက်၏။ ကိရိယာ၏ မျက်နှာပြင်ပေါ်ရှိ ဂဏန်းများမှာ တဖျတ်ဖျတ် လှုပ်ရှားနေပြီး ‘တီ... တီ’ ဟူသော အသံများ ထွက်ပေါ်နေသည်။

ခဏအကြာတွင် အန်နာဂူက ကိရိယာကို ချလိုက်ပြီး အကာအကွယ်မျက်မှန်ကို ချွတ်ကာ ပြောလိုက်၏။ “အဆင်ပြေပါတယ်ရှင်။ ရေဒီယိုသတ္တိကြွမှု နည်းနည်းရှိပေမဲ့ ဘေးကင်းတဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိပါတယ်။ ကိစ္စမရှိပါဘူး”

ဟွာကျွင်း သက်ပြင်းချလိုက်နိုင်သည်။

တော်သေးတယ်

အန်နာဂူ ကျောက်ခဲကို ကောက်ကိုင်ကာ လက်မှန်ဘီလူးဖြင့် သေသေချာချာ ကြည့်ရှုပြီးနောက် ဟွာကျွင်း အမည်မမှတ်မိသော အခြားကိရိယာ အချို့ကို အသုံးပြု၍ ဆက်တိုက် စစ်ဆေးနေပြန်သည်။

အတော်ကြာပြီးနောက် သူမက ကျောက်ခဲကို ပြန်ချလိုက်ပြီး ဟွာကျွင်းကို ပြောလိုက်၏။

“ဒါက ဒဏ္ဍာရီလာ ညဘက်တောက်ပတဲ့ ပုလဲဖြစ်ရမယ်”

သူမ ဟွာကျွင်းကို သေသေချာချာ ရှင်းပြ၏။

“ကျွန်မတို့ သိထားတဲ့ ညဥ့်ပုလဲ အတော်များများကတော့ ပျောက်ဆုံးကုန်ပြီ။ ဒါမှမဟုတ် ပျက်စီးကုန်ပြီ။ အချို့ကတော့ နိုင်ငံခြားက ပုဂ္ဂလိက ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေရဲ့ လက်ထဲမှာ ရှိနေပြီး ဆယ်စုနှစ်ပေါင်းများစွာ ထွက်မလာတော့ဘူး”

သူမ သက်ပြင်းချလိုက်သည်။

“ကျွန်မ တစ်သက်မှာ တကယ့် ညဥ့်ပုလဲစစ်စစ်ကို ကိုင်တွယ်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဟွာကျွင်း မေးလိုက်၏။

“ဒါရဲ့ စျေးကွက်တန်ဖိုးက ခန့်မှန်းခြေ ဘယ်လောက်ရှိမလဲဟင်”

“တျန်းဟွမ်းလေလံရုံကို သိလား၊ အဲဒါက ဒီနယ်ပယ်မှာ အကောင်းဆုံးနဲ့ အခိုင်မာဆုံး ကျောက်မျက်ရတနာ လေလံရုံပဲ။ ကျွန်မက အဲဒီမှာ မှတ်ပုံတင်ထားတဲ့ စစ်ဆေးရေးမှူးတစ်ယောက်ပါ။ ကျွန်မ ရှင့်အတွက် ထောက်ခံချက် ထုတ်ပေးနိုင်တယ်၊ အဲဒါဆိုရင် ရှင် ဒါကို လေလံတင်ဖို့ တိုက်ရိုက် ပို့လိုက်ရုံပဲ”

ဟွာကျွင်းက ခေါင်းညိတ်ပြီး ပြော၏။

“ဒါဆိုရင် ရှင့်ကို ဒုက္ခပေးရတော့မှာပဲ”

အန်နာဂူက မေးလိုက်သည်။

“ကျွန်မရဲ့ စစ်ဆေးခက မနည်းဘူးဆိုတာ ရှင် သိတယ်မလား”

ဟွာကျွင်း သတိဝင်လာ၏။

“အာ၊ ဟုတ်သားပဲ၊ ဘယ်လောက် ကျသင့်လဲ။ ကျွန်မ ရှင့်ဆီ လွှဲပေးလိုက်ပါ့မယ်”

အန်နာဂူက ပြုံးလိုက်သည်။

“မလောပါနဲ့၊ မလောပါနဲ့။ ကျွန်မ ရှင့်ကို အလကား လုပ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့”

သူမက မော့ချွမ်းကို လှမ်းကြည့်လိုက်သည်။

ဟွာကျွင်း

“ဒါရိုက်တာဂူ၊ အတင်းအဓမ္မလုပ်ယူတဲ့ အရာက ဘယ်တော့မှ မချိုမြိန်ပါဘူးရှင်”

“မြည်းမကြည့်ရသေးဘဲနဲ့ ချိုမချို ဘယ်သိပါ့မလဲ၊ ဟဲဟဲ”

ဟွာကျွင်း

“ကျွန်မ ပြောစကားက သိပ်ပြီး အရာရောက်မှာ မဟုတ်ဘူးနော်”

အန်နာဂူ

“ကျွန်မရဲ့ စစ်ဆေးချက် ထောက်ခံစာမပါရင် လေလံရုံက ဘယ်ပစ္စည်းကိုမှ လက်ခံမှာ မဟုတ်ဘူးလေ”

ဟွာကျွင်း

“ဒါပေမဲ့ ကျွန်မရဲ့ လက်ထောက်ကို သူ့ရဲ့... ကို ရောင်းခိုင်းဖို့ ကျွန်မ အတင်းအကျပ် မလုပ်နိုင်ဘူး”

‘ဒေါက်’ ကနဲ အသံနှင့်အတူ မော့ချွမ်းက ဓားမြှောင်ကို စားပွဲပေါ်သို့ အရှိန်ဖြင့် တင်လိုက်သည်။

ဟွာကျွင်း သူ့ကို ပြောလိုက်၏။

“ရှင် ခဏခဏ ဓားထုတ်နေတာကို ရပ်လို့မရဘူးလား၊ ကျွန်မ ဒီမှာ ညှိနှိုင်းနေတာလေ”

သို့သော် အန်နာဂူက ရယ်မောလိုက်၏။ သူမက မော့ချွမ်းကို ပြောလိုက်သည်။

“ရှင်ကလည်း၊ အစကတည်းက ဒီလိုမျိုး လိမ္မာရင် ပိုမကောင်းဘူးလား”

ထို့နောက် သူမက ဟွာကျွင်းဘက်လှည့်ကာ ပြောလိုက်သည်။

“မစ္စဟွာ၊ ခဏလေး စောင့်ပါဦး၊ ကျွန်မ အခုချက်ချင်း ရှင့်အတွက် စစ်ဆေးချက် ထောက်ခံစာ ထုတ်ပေးပါ့မယ်”

ဟွာကျွင်း “..”

အန်နာဂူသည် မော့ချွမ်း၏ ဓားမြှောင်ကို စိတ်အားထက်သန်စွာ ယူကြည့်ပြီး ဓားအိမ်ကို အကြိမ်ကြိမ် စစ်ဆေးနေသည်။

ဤဓားအိမ်ကို ဟွာကျွင်း သိ၏။ မော့ချွမ်းက ၎င်းကို အမြဲတမ်း ဆောင်ထားလေ့ရှိပြီး ဓားမြှောင်ကို လဲလျှင်ပင် ဓားအိမ်ကတော့ ထိုတစ်ခုတည်းပင် ဖြစ်သည်။

ဤဓားအိမ်ကို တိရစ္ဆာန်အရေခွံတစ်ခုဖြင့် ပြုလုပ်ထားပြီး တစ်ခုလုံး မည်းနက်နေကာ အပေါ်တွင် ကျောက်ခဲ သေးသေးလေးအချို့ စီခြယ်ထားသည်။

သူမ မော့ချွမ်းကို တစ်ချက်ကြည့်လိုက်ရာ သူသည် အနည်းငယ် ပျာယာခတ်ကာ စိုးရိမ်နေပုံရပြီး သူ၏လက်မက လက်ညှိုးကို အမြဲတမ်း ဖိနေ၏။

ဟွာကျွင်း အန်နာဂူကို မေးလိုက်သည်။ “ဒီကျောက်ခဲလေးတွေက အရမ်းသေးတယ်။ တန်ဖိုး သိပ်ရှိမှာ မဟုတ်ဘူး မဟုတ်လား”

အန်နာဂူက ခေါင်းယမ်းလိုက်၏။ “ဒါတွေက တကယ်ပဲ တန်ဖိုးမရှိပါဘူး။ ဒါပေမဲ့ အပေါ်က ပုံစံကတော့ ထူးခြားတယ်၊ကျွန်မ ဒါကို ဓာတ်ပုံရိုက်သွားပြီး သေသေချာချာ ပြန်လေ့လာရမယ်”

“ပုံစံ ဟုတ်လား”မော့ချွမ်း ပိုပြီး စိတ်မသက်မသာ ဖြစ်လာသည်ကို ဟွာကျွင်း သိသိသာသာ ခံစားလိုက်ရ၏။ သူမက အန်နာဂူကို ပြောလိုက်သည်။

“ဒီဓားအိမ်ကို ကျွန်မ အကြိမ်ပေါင်းများစွာ မြင်ဖူးပေမဲ့ ဘာပုံစံမှ မတွေ့မိပါဘူး။ ကျွန်မကို ပေးကြည့်ပါဦး”

အန်နာဂူက မော့ချွမ်း၏ ဓားအိမ်ကို ဟွာကျွင်းထံ ကမ်းပေးရင်း ပြောလိုက်သည်။ “ဒါတွေက ဖုံးကွယ်ထားတဲ့ ပုံစံတွေလေ၊ ဂရုမစိုက်ရင် သတိထားမိဖို့ တော်တော်ခက်တယ်။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ အလုပ်လေ၊ ဒီကျောက်မျက်လေးတွေ စီထားတာကို ကြည့်လိုက်တာနဲ့ ဒီဓားအိမ်က မရိုးရှင်းဘူးဆိုတာ ကျွန်မ သိတာပေါ့”

ဟွာကျွင်းက ဓားမြှောင်ကို ယူလိုက်ပြီးမှ မော့ချွမ်းထံ ပြန်ပေးလိုက်သည်။ ထို့နောက် အန်နာဂူကို ပြောလိုက်၏။ “အားနာပါတယ် ဒါရိုက်တာဂူ၊ ကျွန်မ ရှင့်ဆီက ထောက်ခံစာ မလိုတော့ပါဘူး”

အန်နာဂူက ဟွာကျွင်းကို နားမလည်နိုင်သလို ကြည့်ကာ မေးလိုက်သည်။

“ဘာလို့လဲ၊ စိတ်မပူပါနဲ့၊ ကျွန်မက ဒီဓားမြှောင်ကို တစ်ချက်ကြည့်ချင်ရုံတင်ပါ၊ အတင်းအဓမ္မ ဝယ်ယူဖို့ ရည်ရွယ်ချက် မရှိပါဘူး”

“ဒီဓားမြှောင်က ကျွန်မသူငယ်ချင်းရဲ့ တန်ဖိုးထားရတဲ့ စုဆောင်းမှုတစ်ခုမို့လို့ အသေးစိတ် ထပ်ပြီး စစ်ဆေးဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်”

အန်နာဂူမှာ အနည်းငယ် စိတ်လှုပ်ရှားလာ၏။

“ဒီအပေါ်က ပုံစံက ရှေးဟောင်း ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်တဲ့ လူမျိုးစုတစ်ခုဖြစ်တဲ့ တာရက်ခ် မျိုးနွယ်စုရဲ့ သီးသန့် တိုတမ် အမှတ်အသားပဲ။ သူတို့က တစ်ချိန်က ကျွန်မတို့နိုင်ငံ အနောက်မြောက်ဘက် အတော်များများကို သိမ်းပိုက်ခဲ့ဖူးပေမဲ့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတာ။ လောလောဆယ်မှာတော့ သတင်းအချက်အလက် နည်းနည်းပဲ ရှာတွေ့ထားသေးတယ်။ ဒီဓားအိမ်က အဲဒီခေတ်က သမိုင်းကို လေ့လာဖို့အတွက် အရမ်း အသုံးဝင်တယ်။ အကယ်၍”

သူမ စကားရပ်သွား၏။ ဟွာကျွင်း၏ အေးစက်စက် အမူအရာကိုသာ သူမ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူမက မော့ချွမ်း၏ လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။ ခဏအကြာတွင် သူမ ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ မစ္စဟွာ၊ ပြီးတော့ မစ္စတာမော့၊ ကျွန်မ ရှင်တို့ကို အတင်းအကျပ် မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်အတွက် ထောက်ခံစာတော့ ထုတ်ပေးပါ့မယ်၊ ဒါက လုကျောက်ရဲ့ အကူအညီတောင်းဆိုမှုပဲလေ”

သူမသည် ညဥ့်ပုလဲကို ဓာတ်ပုံအချို့ ရိုက်ယူကာ သူမ၏ ကွန်ပျူတာထဲသို့ ထည့်လိုက်ပြီး အချို့အချက်အလက်များကို ရိုက်နှိပ်ကာ ဟွာကျွင်းထံသို့ ပို့လိုက်သည်။

ထို့နောက် သူမသည် သူမ၏ လက်ဆွဲသေတ္တာကို ကျွမ်းကျင်စွာ ပြန်သိမ်းလိုက်ပြီး ဟွာကျွင်းကို ပြောလိုက်၏။

“ကဲ၊ အားလုံး ပြီးပါပြီ။ နောင်လည်း ကျွန်မတို့ ပြန်ပြီး လက်တွဲနိုင်ကြဖို့ မျှော်လင့်ပါတယ်”

သူမသည် လက်ဆွဲသေတ္တာကို ဆွဲကာ တံခါးဝသို့ သွားပြီးမှ ရပ်လိုက်ကာ မော့ချွမ်းဘက်သို့ လှည့်ပြောလိုက်၏။ “မစ္စတာမော့၊ ကျွန်မ ရှင့်ကို တောင်းဆိုချက်တစ်ခုလောက် ထပ်လုပ်ပါရစေ၊ ရှင့်လက်ကောက်ဝတ်က တက်တူးကို ကျွန်မကို ပြပါဦး၊ တစ်ချက်လေးပဲ မဟုတ်ရင် ကျွန်မ ဒီည အိပ်ပျော်မှာ မဟုတ်ဘူး”

မော့ချွမ်းက ဟွာကျွင်းကို စိုးရိမ်တကြီး လှည့်ကြည့်ရာ သူမက ဘာတုံ့ပြန်မှုမှ မပြပေ။ သူ သက်ပြင်းချလိုက်ပြီး သူ၏ အင်္ကျီလက်စကို ပင့်တင်ကာ အန်နာဂူကို ပြလိုက်၏။

“ကြည့်၊ ကြည့်ပြီးရင် မြန်မြန်ထွက်သွားတော့”

All Chapters