← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈)

အန်နာဂူ

မော့ချွမ်း၏ လက်ကောက်ဝတ်အတွင်းဘက်တွင် တက်တူးတစ်ခု ရှိနေပြီး ၎င်းမှာ များသောအားဖြင့် အင်္ကျီလက်ဖြင့် ဖုံးကွယ်ထားသဖြင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။

သူ၏ အင်္ကျီလက်ကို ပင့်တင်လိုက်သောအခါမှသာ ဟွာကျွင်း မြင်တွေ့လိုက်ရ၏။ ကြယ်၊ လပုံစံများနှင့် ဆင်တူသည့် ပုံစံအချို့မှာ ဓားအိမ်ပေါ်ရှိ ပုံစံများနှင့် တစ်မျိုးတစ်ဖုံ ဆင်တူနေသည်။

အန်နာဂူသည် အနားသို့ တိုးသွားကာ ခေါင်းငုံ့ပြီး အသက်ပင် မရှူဘဲ အဖိုးတန်ရတနာတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ သူမ၏ မျက်မှောင်လေးများကို အနည်းငယ် ကြုတ်လျက် ကြည့်နေသည်။

သူမ ခဏမျှ ကြည့်ရှုပြီးနောက် ပေတံတစ်ခုကို ထုတ်ယူကာ မော့ချွမ်းကို မေးလိုက်၏။

“ရှင် စိတ်မရှိဘူးမလား”

ဤအချိန်တွင် သူမ၏ မျက်လုံးများထဲ၌ အစောပိုင်းက နောက်ပြောင်လိုသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး ရိုသေလေးစားမှုများဖြင့် အစားထိုးဝင်ရောက်လာသည်။

မော့ချွမ်းက ခေါင်းယမ်းလိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“မြန်မြန်လုပ်ပါ”

“ကောင်းပါပြီ၊ ကောင်းပါပြီ...”

ထို့နောက် သူ၏ တက်တူးကို စတင်တိုင်းတာတော့သည်။

သူမ တိုင်းတာနေရင်းဖြင့် တိုးတိုးလေး ရေရွတ်နေမိ၏။

“အချိုးအစားတွေက မှန်နေတာပဲ...”

ပေတံကို ပြန်သိမ်းလိုက်ပြီးနောက် သူမ၏ လက်ချောင်းလေးကို တက်တူးနားသို့ ဖြည်းဖြည်းချင်း တိုးသွားကာ မြင့်တက်နေသည့် အစိတ်အပိုင်းများကို လက်ဖျားလေးဖြင့် အသာအယာ ပွတ်သပ်ပြီးနောက် တစ်ချက် ထိုးကြည့်လိုက်သည်။

မော့ချွမ်းက သူ၏လက်ကို ကျောနောက်သို့ ပို့လိုက်ပြီး အင်္ကျီလက်ကို ပြန်ပြင်လိုက်၏။

“ဟေး ကျွန်မ ကြည့်လို့ မပြီးသေးဘူးလေ”

အန်နာဂူကလက်လှမ်းကာ သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။

မော့ချွမ်း “အလျော့ပေးတုန်း ရောင့်တက်မလာနဲ့”

အန်နာဂူ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“ရှင်ကတော့ သက်ရှိရှေးဟောင်းပစ္စည်းတစ်ခုလိုပဲ”

ဟွာကျွင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ မော့ချွမ်းတွင် မမျှော်လင့်ထားသော လျှို့ဝှက်ချက်များ ရှိနေပြီး ၎င်းတို့မှာ အလွယ်တကူပင် ပေါ်ပေါက်သွားခဲ့လေပြီ။

မော့ချွမ်းက တိတ်ဆိတ်နေသဖြင့် ဟွာကျွင်းကသာ ဝင်ပြောလိုက်ရ၏။

“သူက ဘာရှေးဟောင်းပစ္စည်း ဖြစ်ရမှာလဲ၊ အကယ်၍ သူသာ ရှေးဟောင်းပစ္စည်းဖြစ်နေရင် ကျွန်မကပဲ သူ့ကို အရင်ဆုံး ရောင်းစားမှာပေါ့။ သူက တိုင်းရင်းသားလူနည်းစုထဲက လန်းဆန်းတက်ကြွတဲ့ လူငယ်လေးတစ်ယောက်ပါပဲ၊ ဟဲဟဲ”

အန်နာဂူက ဟွာကျွင်းကို ပြုံးပြလိုက်၏။

“မစ္စဟွာကလည်း သာမန်လူတော့ မဟုတ်ဘူးပဲ”

ထိုသို့ပြောပြီးနောက် သူမသည် မော့ချွမ်းထံသို့ နောက်ထပ်တစ်လှမ်း တိုးသွားကာ မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

“မစ္စတာမော့၊ ရှင် သိချင်တာတစ်ခုခု ရှိရင် ကျွန်မဆီ လာခဲ့လို့ ရတယ်နော်။ ကျွန်မ သိသမျှ အကုန်လုံးကို ပြောပြမယ်လို့ ကတိပေးပါတယ်”

အန်နာဂူကို ပြန်လွှတ်ပြီးနောက် ဟွာကျွင်းသည် အိမ်ရှေ့တံခါးကို ပိတ်ကာ ဧည့်ခန်းလိုက်ကာများကို ဆွဲလိုက်သည်။ လက်ဖက်ရည်တစ်အိုး တည်ပြီးနောက် ဆိုဖာပေါ်တွင် ခြေတင်ထိုင်ကာ မော့ချွမ်းကို ဘာစကားမှမပြောဘဲ စိုက်ကြည့်နေတော့သည်။

မော့ချွမ်းမှာ သူမ၏ အကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်လာပြီး ဟိုကြည့်ဒီကြည့် လုပ်နေကာ ဟွာကျွင်းကို မျက်လုံးချင်း မဆုံရဲပေ။

ဟွာကျွင်းကလည်း ဘာမှမပြောဘဲ သူ ဝန်ခံလာသည်အထိ စောင့်နေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မော့ချွမ်းမှာ ထပ်မံသည်းမခံနိုင်တော့ဘဲ လက်မြှောက်ကာ အရှုံးပေးလိုက်၏။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်တော် ပြောပါ့မယ်၊ ဒါဆို ရပြီမလား”

“ကျွန်တော်က မူလက တာလာဟယ် မျိုးနွယ်စုကပါ၊ အခုခေတ်စကားနဲ့ ပြောရရင်တော့ လူနည်းစု တိုင်းရင်းသား တစ်ယောက်ပေါ့၊ ထူးခြားတာ ဘာမှမရှိပါဘူး။ သူက ဘယ်လိုလုပ်ပြီး ဒါကိုတောင် သိသွားတာလဲ မသိဘူး”

ဟွာကျွင်းက မော့ချွမ်း၏ စကားကို ကြားပြီးနောက် မျက်ခုံးတစ်ချက် ပင့်လိုက်၏။

“ဒီလောက်ပဲလား၊ ဒါဆို သူက ဘာလို့ ရှင့်ရဲ့ တက်တူးကို ဒီလောက် စိတ်ဝင်စားနေရတာလဲ၊ ပြီးတော့ ရှင်က သက်ရှိရှေးဟောင်းပစ္စည်း တစ်ခုလိုပဲလို့ သူ ပြောတာက ဘာကို ဆိုလိုတာလဲ”

မော့ချွမ်းက ခေါင်းကို ကုတ်လိုက်ပြီး ပြောသည်။

“ဒီတက်တူးကို လုပ်တဲ့ နည်းလမ်းက အရမ်းထူးခြားလို့ ဖြစ်မှာပါ။ အရေပြားအောက်ထဲမှာ အပင်တစ်မျိုးကို ထည့်ထားတာလေ၊ ဒီအပင်က တော်တော်လေး ရှားပါးတယ်”

“ဘယ်လောက်တောင် ရှားလို့လဲ၊ ဒါကတော့ မဖြစ်နိုင်...”

ဟွာကျွင်း အော်လိုက်မိ၏။

“ဒါက အခုခေတ်မှာ မျိုးသုဉ်းသွားပြီဖြစ်တဲ့ အပင်မျိုးတော့ မဟုတ်ပါဘူးနော်”

သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။

“အဲဒီအပင်ရဲ့ နာမည်က ဘာလဲ၊ ကျွန်မ ရှာကြည့်လိုက်မယ်”

မော့ချွမ်း

“ကျွန်တော်ကတော့ ကျွန်တော်တို့ ဘာသာစကားနဲ့ပဲ ပြောတတ်တယ်”

ထို့နောက် သူ @#$_ ဟု ဆက်တိုက် ပြောလိုက်၏။

ဟွာကျွင်း “...”

သူမ ဖုန်းကို ပြန်ချလိုက်ပြီး လက်လျှော့လိုက်တော့သည်။

ဟွာကျွင်းသည် မော့ချွမ်း၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်နေသလို မော့ချွမ်းကလည်း ဟွာကျွင်းအတွက် ဒုက္ခဖြစ်လာမည်ကို စိုးရိမ်နေ၏။ ခဏတာ မည်သူမျှ စကားမပြောဘဲ အခန်းထဲတွင် တိတ်ဆိတ်သွားသည်။

“ကျွန်တော် ခဏသွားလိုက်ဦးမယ်”

“နေဦး၊ ရှင် သူ့ကို သွားပြီး နှုတ်ပိတ် ဖို့တော့ မဟုတ်ပါဘူးနော်”

“ကျွန်တော်က ဒီလောက်အထိ အကြမ်းဖက်တတ်တဲ့သူလား၊ စိတ်မပူပါနဲ့”

မြို့ထဲတွင် မကြာသေးခင်က ထွက်ပေါ်နေသည့် ကောလာဟလတစ်ခုဖြစ်သော ‘ခေါင်းပြတ်အရုပ်မလေးတွေ စကားပြောနိုင်သည်’ ဟူသောအချက်ကို ဟွာကျွင်း လျစ်လျူမရှုနိုင်ပေ။ သူမသည် မော့ချွမ်းကို စိတ်လိုက်မာန်ပါ မလုပ်ရန် အထပ်ထပ် မှာကြားလိုက်၏။

မော့ချွမ်းသည် ဆိုင်မှထွက်ကာ လမ်းသွယ်လေးအတိုင်း လမ်းမကြီးပေါ်ရှိ ကားပါကင်ဆီသို့ ပြေးသွားသည်။ အန်နာဂူသည် တက္ကစီစီးသည်ဖြစ်စေ၊ ကားမောင်းသည်ဖြစ်စေ ထိုနေရာကို ဖြတ်သွားရမည်။

သူ လမ်းမကြီးပေါ်သို့ ရောက်သည်နှင့် သူ့နောက်မှ အသံတစ်ခု ကြားလိုက်ရသည်။ “သခင်လေးမော့၊ ကျွန်မကို ဒီလောက်တောင် စောင့်ခိုင်းရသလား”

မော့ချွမ်း လှည့်ကြည့်လိုက်ရာ အန်နာဂူသည် ကုန်စုံဆိုင်ဝင်ပေါက်နားရှိ အရိပ်ထဲတွင် ရပ်ကာ ရေခဲမုန့်စားရင်း စိတ်ကောက်နေသည့် အမူအရာ လုပ်နေသည်ကို တွေ့လိုက်ရသည်။

“စကားပြောမလား” မော့ချွမ်းက မေးလိုက်၏။

အန်နာဂူက ရေခဲမုန့် နောက်ဆုံးတစ်ကိုက်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး တုတ်ကို အမှိုက်ပုံးထဲ ပစ်လိုက်ကာ ပြောသည်။

“ကျွန်မနောက် လိုက်ခဲ့”

သူမ ရှေ့သို့ နှစ်လှမ်းခန့် လှမ်းပြီးမှ မော့ချွမ်း လိုက်မလာသည်ကို တွေ့သဖြင့် လှည့်ကြည့်ကာ ပြုံး၍ မေးလိုက်၏။ “ဘာဖြစ်လို့လဲ၊ နှုတ်ပိတ်ဖို့ဆိုရင်တောင် လူသူကင်းဝေးတဲ့ နေရာတစ်ခုတော့ လိုအပ်တယ် မဟုတ်လား”

“ခင်ဗျားကို ရန်မူဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီမှာတင် စကားပြောလို့ ရပါတယ်”

မော့ချွမ်းသည် ဤအမျိုးသမီးမှာ အဓိပ္ပာယ်မရှိ၊ ရဲတင်းလွန်းပြီး စည်းမရှိသူဟု ယူဆမိ၏။ သူတို့နှစ်ယောက်တည်း ရှိနေလျှင် ဘာဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။ သူမသာ တစ်ခုခု ထပ်လုပ်လာလျှင် သူ သူမကို သတ်သင့်သလား၊ မသတ်သင့်ဘူးလား။

“ဒီမှာက လူတွေ သွားလာနေတာဆိုတော့ သိပ်အဆင်မပြေဘူး။ ရှင် ကျွန်မကို ကြောက်နေတာလား”

ထိုသို့ပြောပြီးနောက် သူမသည် ရန်စသည့်အမူအရာဖြင့် ရှေ့သို့ နှစ်လှမ်း တိုးလာ၏။

မော့ချွမ်းက သူ၏ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ဓားရိုးဖြင့် အန်နာဂူ၏ ပုခုံးကို ထောက်ကာ အနားတိုးမလာအောင် တားဆီးလိုက်သည်။ “ခင်ဗျား လမ်းပြပါ။”

အန်နာဂူက ဝမ်းသာအားရ ပြုံးလိုက်ပြီး မော့ချွမ်းကို လူမရှုပ်သည့် ကော်ဖီဆိုင်တစ်ခုသို့ ခေါ်သွားကာ သူတို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

အန်နာဂူက နောက်ပြောင်နေခြင်းကို ရပ်လိုက်ပြီး တိုက်ရိုက်ပင် ပြောတော့သည်။

“မစ္စတာမော့၊ စကားတွေကို လှည့်ပတ်မနေဘဲ ပွင့်ပွင့်လင်းလင်း ပြောကြရအောင်”

“ရှင်က တာလာဟယ် ဆိုတဲ့ မျိုးနွယ်စုမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အရမ်းသိချင်နေမှာပဲ မဟုတ်လား၊ ရှင် ကျွန်မကို ကိစ္စတစ်ခု ကတိပေးမယ်ဆိုရင် ကျွန်မ သိသမျှ အကုန်လုံးကို ပြောပြပါ့မယ်”

မော့ချွမ်း ကော်ဖီကို အေးအေးလူလူ တစ်ငုံသောက်လိုက်ပြီး ဖြေ၏။

“ခင်ဗျား မှားနေပြီ၊ ကျွန်တော် လုံးဝ မသိချင်ဘူး”

ထို့နောက် ခြေတင်ထိုင်၍ သူ၏လက်များကို ပေါင်ပေါ်တွင် စုထားလိုက်၏။

“မစ္စဂူမှာ တခြားညှိနှိုင်းစရာ မရှိတော့ဘူးလား၊ ကြည့်ရတာ ကျွန်တော်တို့ စီးပွားရေး လုပ်လို့ မရတော့ဘူး ထင်တယ်”

အန်နာဂူ ပြုံးလိုက်၏။

“မစ္စတာမော့၊ မလောပါနဲ့ဦး။ ခုနက ကျွန်မ ပျင်းလို့ ရှင့်အကြောင်းကို တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်တာ။ ဘာတွေ့လဲ ခန့်မှန်းကြည့်ပါဦး၊ ကျွန်မ ထူးဆန်းတာတစ်ခု တွေ့လိုက်တယ်လေ”

အန်နာဂူက စကားကို ရပ်လိုက်ပြီး မော့ချွမ်း၏ မျက်နှာကို ကြည့်ကာ တစ်ခုခုကို အကဲခတ်ရန် ကြိုးစားနေသည်။

မော့ချွမ်း အနည်းငယ် ပျာယာခတ်သွား၏။ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ မူလကတည်းက အတုဖြစ်နေပြီး ဟွာကျွင်း ရှာပေးထားသည့် ထိုလူမှာ စိတ်ချရမရ သူ မသိပေ။

သူသည် အပြင်ပန်းတွင် တည်ငြိမ်ဟန်ဆောင်ထားသည်။ “ဘယ်လိုမျိုးလဲ”

အန်နာဂူ ဆက်ပြော၏။ “အချက်အလက်တွေ အားလုံးကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ လက်ဗွေရာတွေက မကိုက်ညီဘူး ဖြစ်နေတယ်”

ထိုသို့ပြောပြီးနောက် သူမ၏ ဖုန်းကို မော့ချွမ်းဘက်သို့ တွန်းပေးလိုက်သည်။ မျက်နှာပြင်ပေါ်တွင် လက်ဗွေရာ နှိုင်းယှဉ်ချက်၏ စခရင်ရှော့ပုံတစ်ခု ရှိနေ၏။

“အားနာပါတယ်၊ ခုနက ရှင့်အိမ်မှာတုန်းက ရှင့်ရဲ့ လက်ဗွေကို ကျွန်မ တိတ်တဆိတ် ယူလိုက်မိလို့ပါ”

မော့ချွမ်း -“...”

မှတ်ပုံတင်လုပ်လျှင် လက်ဗွေပေးရသည်ကို ဘာကြောင့် မည်သူမျှ သူ့ကို မပြောခဲ့ကြသနည်း။

“အင်း... ခင်ဗျား ကျွန်တော့်ကို မိသွားပြီပဲ။ ကျွန်တော့်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းက အတုပါ။ ကျွန်တော်က ပျော်ရုံသက်သက် အတုလုပ်ထားတာပါ၊ ဘာမကောင်းတာမှ မလုပ်ထားပါဘူး”

“ဒါကတော့ ပြဿနာရှိနိုင်တယ်နော်။ အကယ်၍ ကျွန်မသာ တိုင်လိုက်ရင် ရှင် အဖမ်းခံရလိမ့်မယ်ာ အဲဒီကျရင်တော့ ရှင့်သဘောအတိုင်း ဖြစ်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ရှင့်ရဲ့ တက်တူးထဲက အရာကို ထုတ်ယူဖို့က ကျွန်မအတွက် လွယ်လွယ်လေး မဟုတ်ဘူးလား”

သူမသည် ရှေ့သို့ တိုးလာကာ ဖိအားပေးလိုက်၏။ “အမှန်အတိုင်း ပြောရရင် ရှင့်ရဲ့ တက်တူးက ကျွန်မ ထင်သလိုသာ မှန်နေမယ်ဆိုရင် အဲဒီထဲက အပင်က မျိုးသုဉ်းသွားတာ ကြာလှပြီ။ အဲဒါက ဘာကို ဆိုလိုလဲဆိုတာ ရှင် သိလား၊ ကျွန်မ အသေးစိတ် ရှင်းပြဖို့ လိုဦးမလား”

သူ အနေရခက်စွာ ရယ်လိုက်သည်။ “ဟဲဟဲ၊ မစ္စဂူ၊ ကြည့်ရတာ ခင်ဗျားမှာ အပေးအယူလုပ်စရာ ရှိလာပြီပဲ မဟုတ်လား။ အခုတော့ ကျွန်တော်တို့ သေသေချာချာ စကားပြောလို့ ရပါပြီ”

All Chapters