အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉)
အန်နာဂူနှင့် ညှိနှိုင်းခြင်း
အန်နာဂူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပြော၏။
“စိတ်မပူပါနဲ့၊ ကျွန်မက ရှင် မည်သူမည်ဝါဖြစ်ကြောင်းကို စိတ်မဝင်စားပါဘူး။ ကျွန်မကို ပစ္စည်းနှစ်ခုပဲ ငှားမယ်ဆိုရင် ဘာမှမပြောပါဘူးလို့ ကတိပေးပါတယ်”
“ဘာလဲ”
သူ၏ စိတ်ထဲတွင်တော့ အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။
“ဓားအိမ်ရယ်... ပြီးတော့ ရှင့်ရဲ့ တက်တူးထဲက အရာတစ်ခုကို ကျွန်မ ထုတ်ယူဖို့ လိုအပ်တယ်”
“ခင်ဗျားက လောဘကြီးလွန်းနေပြီ။ အခု ကျွန်တော် ခင်ဗျားနဲ့ ဒီမှာ ထိုင်ပြီး စကားပြောနေတာက ဒီဘဝကို လက်မလွှတ်ချင်သေးလို့ဆိုတာ ခင်ဗျား သိသင့်တယ်။ ဒါပေမဲ့ အဲဒါကို ခင်ဗျားက ကြိုးဆွဲစေမယ်လို့တော့ မဆိုလိုဘူး”
သူ ဆက်ပြော၏။
“ကျွန်တော် ဒီလက်ကို လုံးဝ စွန့်လွှတ်လိုက်လို့ ရတယ်၊ ဒါမှမဟုတ် ဓားအိမ်ကို ဖျက်ဆီးပစ်လိုက်မယ်၊ ဒါမှမဟုတ် ဒီအတိုင်း ပျောက်ကွယ်သွားလိုက်မယ်။ ခင်ဗျား ဘာလုပ်နိုင်မှာလဲ”
အန်နာဂူ စိတ်လှုပ်ရှားသွား၏။
“ရှင် အဲဒီလို မလုပ်နိုင်ပါဘူး၊ ဒီအရာနှစ်ခုက ဘာကို ကိုယ်စားပြုလဲဆိုတာ ရှင် သိရဲ့လား၊ ဓားအိမ်ကို ထားလိုက်ပါဦး၊ ရှင့်ရဲ့ လက်ကောက်ဝတ် တိုတမ်ထဲက အရာက အသက်ရှိနေတာလေ။ အကယ်၍ ရှင်သာ လက်ကို ဖြတ်ပစ်လိုက်ရင် သူက အာဟာရဓာတ်တွေ ဆုံးရှုံးပြီး လုံးဝ သေသွားလိမ့်မယ်။ ဒါက မျိုးသုဉ်းသွားတဲ့ မျိုးစိတ်တစ်ခုလေ၊ ရှင် အဲဒီလို မလုပ်သင့်ဘူး”
မော့ချွမ်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ၊ ကျွန်တော် ဂရုမစိုက်ဘူး”
အန်နာဂူ့ ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြစ်သည်အထိ အသက်ကို ပြင်းပြင်းရှူနေသော်လည်း မော့ချွမ်းကို ကိုင်တွယ်ရန် နည်းလမ်းမရှိ ဖြစ်နေသည်။
“ကြည့်လေ၊ ခင်ဗျားမှာ ခင်ဗျား တန်ဖိုးထားတဲ့အရာတွေ ရှိသလို ကျွန်တော့်မှာလည်း ရှိတာပဲ။ ခင်ဗျား ကျွန်တော့်ကို လာမနှောင့်ယှက်သရွေ့တော့ ဒီအရာလေး ကောင်းကောင်း အသက်ရှင်နေမှာပါလို့ ကျွန်တော် အာမခံနိုင်တယ်”
ထို့နောက် သူ၏ လက်ကောက်ဝတ်ကို စိန်ခေါ်သည့် အမူအရာဖြင့် ပြလိုက်၏။
သူသည် ထရပ်လိုက်ပြီး အန်နာဂူကို ပြောလိုက်သည်။ “ကျွန်တော်တို့ သဘောတူညီချက် ရသွားပြီလို့ ထင်ပါတယ်။ သွားတော့မယ်”
ထိုသို့ပြောပြီးနောက် သူသည် ကျော့ကျော့မော့မော့ပင် ထွက်လာခဲ့သည်။
မော့ချွမ်းသည် သီချင်းတအေးအေးနှင့် ပြန်လာခဲ့၏။
“မစ္စတာမော့”
အန်နာဂူက သူ့နောက်မှ လိုက်လာပြီး မော့ချွမ်းကို ရပ်ရန် လှမ်းခေါ်၏။
မော့ချွမ်းက သူမနှင့် စကားအများကြီး မပြောချင်သဖြင့် နောက်သို့လှည့်မကြည့်ဘဲ စတင်ပြေးတော့သည်။
ဤသည်ကို မြင်သောအခါ အန်နာဂူလည်း လိုက်ပြေး၏။
မော့ချွမ်းသည် သူမက နောက်မှ အနီးကပ် လိုက်လာပြီး လက်လျှော့မည့် အရိပ်အယောင် မရှိသည်ကို တွေ့ရသည်။ သူသည် ဟွာကျွင်း၏ နေရာသို့ ပြန်သွားရန် မဝံ့သဖြင့် လမ်းမကြီးအတိုင်းသာ ဆက်ပြေးနေရတော့၏။
သူတို့နှစ်ဦးသည် တောင်ခြေအထိ တစ်ယောက်ကိုတစ်ယောက် ပြေးတမ်းလိုက်တမ်း ကစားခဲ့ကြသည်။
မော့ချွမ်းမှာ ထပ်မပြေးနိုင်တော့ဘဲ အသက်ရှူပင် မဝတော့ပေ။ သူ နောက်သို့ လှည့်ကြည့်လိုက်ရာ အန်နာဂူမှာ သူ့နောက်တွင် မလှမ်းမကမ်းမှာပင် ရှိနေသေးသည်ကို တွေ့လိုက်ရ၏။
သူ ရပ်လိုက်ပြီး လက်ကို ဝေ့ယမ်းကာ အမောတကော ပြောလိုက်သည်။
“မရတော့ဘူး၊ ထပ်မပြေးနိုင်တော့ဘူး။ ခင်ဗျား၊ ခင်ဗျားက မိန်းမတစ်ယောက် ဖြစ်ပြီးတော့ ဘာလို့ ဒီလောက်တောင် မြန်မြန် ပြေးနိုင်ရတာလဲ”
အန်နာဂူက သူ့ဘေးတွင် ရပ်လိုက်ပြီး အသက်ရှူနှုန်းကို ပြန်ထိန်းကာ ဖြေလိုက်၏။
“ကျွန်မတို့ အမျိုးသမီးတွေကို အထင်မသေးပါနဲ့။ ကျွန်မက မာရသွန်ပွဲ သုံးပွဲတောင် ပြေးဖူးတာ၊ ဒါက (၈) ကီလိုမီတာတောင် မပြည့်သေးဘူး။ ဘာမှ မဟုတ်ပါဘူး”
မော့ချွမ်းက မြေပြင်ပေါ်သို့ လဲကျသွားပြီး လေကို အငမ်းမရ ရှူနေသည်။
အန်နာဂူ သူ့ကို ဆွဲထူလိုက်၏။
“ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ပြီးရင် ချက်ချင်း မထိုင်ရဘူး။ ကျွန်မနဲ့အတူ လမ်းလျှောက်ပါဦး”
အန်နာဂူသည် မော့ချွမ်းကို ခွေးတစ်ကောင်ကဲ့သို့ ဆွဲခေါ်ကာ တောင်ခြေတစ်လျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ခဲ့သည်။
ခဏအကြာတွင် မော့ချွမ်း၏ အသက်ရှူသံမှာ တည်ငြိမ်သွား၏။ သူသည် သူမ လက်မှ ရုန်းထွက်ကာ အဝတ်အစားများကို ပြန်ပြင်ပြီး မေးတော့သည်။
“ခင်ဗျား တကယ်ပဲ ဘာလိုချင်နေတာလဲ”
“ကျွန်မ ရှင့်နဲ့ စကားပြောချင်ရုံတင်ပါ”
“ဆယ်မိနစ်ပဲ ရမယ်”
အန်နာဂူ ရပ်နေပြီး ပြောတော့သည်။
“ကျွန်မ အဖေက ဘူမိဗေဒပညာရှင် တစ်ယောက်ပါ။ ကျွန်မ အသက် (၆) နှစ်အထိ တောင်ပေါ်မှာ သူနဲ့အတူ နေခဲ့ရတယ်။ သူ့ကြောင့်ပဲ ကျွန်မ ကျောက်ခဲမျိုးစုံကို မြတ်နိုးမိသွားတာ၊ ရှင် သိလား။ အဲဒါတွေက လှပလို့ ဒါမှမဟုတ် တန်ဖိုးရှိလို့ မဟုတ်ဘူး”
“ကမ္ဘာမြေရဲ့ နှစ်ပေါင်း ဘီလီယံချီတဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေကို သေးငယ်တဲ့ အနုစိတ်အမြင်နဲ့ သက်သေထွက်ဆိုနေကြလို့ ကျွန်မ မြတ်နိုးတာ”
သူမသည် ဝင်တော့မည့် နေမင်းကြီးဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောသည်။
“ကြည့်လေ၊ နေကတော့ အမြဲ ထွက်ပြီး အမြဲ ပြန်ဝင်တာပဲ၊ အဲဒါက လူသားတွေနဲ့ ဘာမှမဆိုင်ဘူး။ လူသားတွေက ဘယ်လောက်တောင် သေးငယ်လိုက်သလဲ။ ကျွန်မတို့က ကမ္ဘာမြေပေါ်မှာ ခဏတာ နေထိုင်သူတွေပဲ။ အဲဒီလို နေထိုင်သူပေါင်း သောင်းခြောက်ထောင် ရှိတဲ့အထဲမှာ လူသားတွေရဲ့ မောက်မာမှုကြောင့် လက္ခဏာတောင် မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားတဲ့ မျိုးစိတ်တွေ အများကြီး ရှိခဲ့တယ်”
“မျိုးစိတ်တိုင်းက ထူးခြားပါတယ်။ သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်ဖို့ လူသားတွေမှာ ဘာအခွင့်အရေး ရှိလို့လဲ၊ ဘယ်လို မျိုးသုဉ်းမှုမျိုးမဆို သဘာဝတရားအတွက် ဆုံးရှုံးမှုဖြစ်သလို ကျွန်မတို့အတွက်လည်း ထာဝရ နောင်တရစရာပါပဲ”
“အဲဒါက ဘာကို ဆိုလိုလဲဆိုတော့ တစ်ခုခုရဲ့ နာမည်ကို ကျွန်မတို့ ပြောတဲ့အခါ ကျွန်မတို့ရဲ့ မျိုးဆက်တွေက စာအုပ်ထဲမှာပဲ မြင်တွေ့ရတော့မယ် ဆိုတာပဲ။ ‘Highland Umbrella’ မျိုးစု အမှတ် (၃၆) ‘Blue-Veined Mycelium’ လို့ ခေါ်တဲ့ အပင်လိုမျိုးပေါ့။ ကျွန်မ အဲဒါကို နိုင်ငံခြားက ရှေးဟောင်း စုဆောင်းသူတစ်ယောက်ရဲ့ သားရေစာမူထဲမှာပဲ မြင်ဖူးခဲ့တာ”
သူမက မော့ချွမ်းကို တစ်ချက်ကြည့်ပြီး ရှင်းပြ၏။ “အဲဒါ ရှင့်ရဲ့ လက်ပေါ်မှာ ရှိနေတဲ့ အရာပဲ။ ကျွန်မကတော့ ကြယ်ရောင်တောက်ပမျိုးမှုန်လို့ ခေါ်တယ်။ စာမူထဲမှာ ဖော်ပြထားတာကတော့ သူက လက်ခံရှင်ရဲ့ သွေးထဲမှာ ကပ်ပါးအဖြစ်နေထိုင်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲတတ်သလို ခန္ဓာကိုယ် အပူချိန် တက်လာရင် တောက်ပလာတတ်တယ်တဲ့”
မော့ချွမ်းက သူ၏ လက်ကောက်ဝတ်ကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
“ဒါမှာ နာမည်ရှိတာလား၊ ပြီးတော့ နိုင်ငံခြား နာမည်လား”
“ဒါက လက်တင်ဘာသာ နာမည်ပါ။ ကျွန်မ သိသလောက်တော့ သူ့အတွက် သီးသန့် သုတေသနအဖွဲ့လည်း ရှိတယ်”
မော့ချွမ်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ”
သူ အလွန်ငယ်စဉ်ကတည်းက သူ့လက်ကောက်ဝတ်မှာ ဤတက်တူး ရှိနေခဲ့ခြင်းပေ။ ဤသည်မှာ သူ့မျိုးနွယ်စု တိုတမ်(ရိုးရာ)အမှတ်အသားပင်။ အထဲက အရာမှာ အသက်ရှင်နေပြီး သူနှင့် အတူယှဉ်တွဲ ရှင်သန်နေသည် ကို သူ ဘယ်တုန်းကမှ မသိခဲ့ပေ။
“ဒါကြောင့် ဒါကို ကျွန်မ ပိုက်ဆံအတွက် မရောင်းချင်ပါဘူး။ ပညာရှင်တွေဆီ လွှဲပေးပြီး သူ ပြန်လည် ရှင်သန်လာနိုင်ဖို့ပဲ ကျွန်မ မျှော်လင့်တာပါ”
“ဘယ်လို ရှင်သန်အောင် လုပ်မှာလဲ၊ ခင်ဗျားတို့ လူတွေရဲ့ သွေးထဲကို ထည့်မှာလား”
“မလိုပါဘူး။ ကျွန်မတို့ရဲ့ အခုခေတ် နည်းပညာက အထူး ဖျော်ရည်တစ်ခုနဲ့ သူ့ ရှင်သန်ရာ ပတ်ဝန်းကျင်ကို လုံးဝ ပုံဖော်ပေးနိုင်ပါတယ်။ သီးခြား ရှင်သန်နိုင်တဲ့အထိ ကျွန်မတို့ မွေးမြူနိုင်ပါတယ်”
သူမ မော့ချွမ်းကို ဆက်လက်၍ ဖျောင်းဖျ၏။
“ရှင် သူ့ရဲ့ တကယ့် ပုံစံအစစ်အမှန်ကို မမြင်ချင်ဘူးလား၊ သူက တကယ်ကို လှတာ၊ တကယ်ကို လှတာပါ”
မော့ချွမ်း တွေဝေသွားသည်။ အန်နာဂူ၏ ခံစားချက်များက သူ့ကို ကူးစက်သွားစေ၏။ တက်တူးထဲက အရာကို သူမလက်ထဲ ထည့်ပေးလိုက်လျှင် ကောင်းမွန်သည့်အရာများ ဖြစ်လာနိုင်မည်ဟု သူ ခံစားရသည်။
သို့သော်လည်း သူ ဟွာကျွင်းကို မေးရဦးမည်။
“ကျွန်တော် ဒါကို စဉ်းစားဖို့ လိုသေးတယ်”
အန်နာဂူမှာ အလွန် ဝမ်းသာသွားတော့သည်။ ဤကိစ္စ အောင်မြင်ဖို့ များနေပြီဟု သူမ သိလိုက်သည်။
“စိတ်မပူပါနဲ့၊ ရှင့်ရဲ့ ကိစ္စတွေကို ကျွန်မ လုံးဝ လျှို့ဝှက်ထားပေးပါ့မယ်။ ရှင့်နဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်တောင် ချုပ်ဆိုနိုင်ပါတယ်”
မော့ချွမ်း ထွက်သွားတော့မည့်အချိန်တွင် အန်နာဂူက သူ့ကို လှမ်းခေါ်လိုက်ပြန်၏။ “ရှင် တကယ်ပဲ အဲဒီမျိုးနွယ်စုမှာ ဘာဖြစ်ခဲ့လဲဆိုတာ မသိချင်ဘူးလား”
မော့ချွမ်းက သူ၏ ပုံမှန် အမူအရာ အတိုင်း လက်ဝေ့ယမ်းကာ ထွက်လာခဲ့သည်။
သူ အိမ်ပြန်ရောက်သောအခါ ဟွာကျွင်းသည် ဧည့်ခန်းရှိ စားပွဲပေါ်တွင် မှီလျက် စာတစ်စောင် ရေးနေသည်ကို တွေ့လိုက်ရသည်။
သူသည် သူမဘေးတွင် ထိုင်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ဟွာကျွင်းကို မေးလိုက်၏။ “ဘာလုပ်နေတာလဲ”
“လုမင်လီဆီ စာရေးနေတာ၊ မြင်းခြံကိစ္စကို အသေးစိတ် ရေးပြနေတာလေ၊ ပြီးတော့ ညဥ့်ပုလဲကို ရောင်းဖို့ စီစဉ်ထားတဲ့အကြောင်းလည်း ပြောပြမလို့”
မော့ချွမ်း မရှိခိုက်တွင် သူမသည် ညဥ့်ပုလဲအတွက် လေလံရုံနှင့် ဆက်သွယ်ခဲ့ရာ လေလံရုံဘက်မှ လုံခြုံရေးဝန်ထမ်းများက မနက်ဖြန်တွင် လာယူမည်ဟု အကြောင်းပြန်ထားသည်။
သူမ မော့ချွမ်းကို တစ်ချက်ကြည့်လိုက်၏။
“ရှင်ရော၊ ရှင် အကြာကြီး ပျောက်နေတာဆိုတော့ အလောင်းဖျောက်တဲ့ အလုပ် ပြီးသွားပြီပေါ့ ဟုတ်လား”
မော့ချွမ်းက နှာခေါင်းကို ပွတ်ရင်း ရယ်မောလိုက်၏။ “ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေတာလဲ၊ ကျွန်တော်က တစ်ခုခုဆိုတာနဲ့ အကြမ်းဖက်တတ်တဲ့ လူရမ်းကား မဟုတ်ပါဘူး”
ဟွာကျွင်း ဘောပင်ကို ချလိုက်ပြီး မော့ချွမ်းဘက်သို့ လှည့်ကာ စနောက်လိုက်သည်။ “ မဟုတ်လို့လား”
မော့ချွမ်းက ကိုယ်ကို မတ်လိုက်ပြီး ဖြေ၏။
“မဟုတ်ရပါဘူး၊ ကျွန်တော်က အရပ်သား ပြည်သူတွေကို ငဲ့ညှာတတ်တဲ့သူပါ၊ ဟုတ်ပြီလား”
ဟွာကျွင်း ခေါင်းညိတ်လိုက်၏။
“အဲဒီလိုပဲ ထားပါတော့။ ဒီနေ့ ဘာတွေ စုံစမ်းရခဲ့လဲ”
မော့ချွမ်းက ခဏ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “အဲဒီ အန်နာဂူ ဆိုတဲ့ မိန်းမ၊ ကျွန်တော် သူ့ကို အထင်သေးခဲ့တာပဲ။ သူက ကျွန်တော့်ရဲ့ မှတ်ပုံတင်က အတုဆိုတာကို သိသွားတယ်၊ ပြီးတော့ ကျွန်တော့် တက်တူးထဲက အရာက မျိုးသုဉ်းသွားပြီဖြစ်လို့ ဒီခေတ်မှာ မရှိသင့်ဘူးဆိုတာကိုလည်း သူ သိနေတယ်”