← Chapters

ပိတ်ထားသော တံခါး

Vol. 001 Ch. 29

ပိတ်ထားသော တံခါး

Vol. 001 Ch. 29

ထိုလူငယ်ပြောသည့် စကားကို ပြီးအောင် မစောင့်ဘဲ ဘေးဘက်ရှိ တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။

“ကျောက်ရှောင်အာ ... စောနက သရော်တဲ့ အထဲမှာ မင်းအကျယ်ဆုံးပဲ ... အစ်ကိုဝမ် သူ့စကားကို နားမထောင်နဲ့…”

ကျောက်ရှောင်အာ၏ အမူအရာက ပြောင်းလဲသွားပြီး ဒေါသတကြီး ပြန်ပြောလိုက်၏…

“ကျောက်ရှောင်စန်း ... ငါက မင်းအစ်ကိုနော် ... မင်းက နောက်ကျောကနေ ဓားနဲ့ ထိုးတဲ့ကောင်ပဲ ... မင်းရဲ့အခန်းကို မင်းပြန်လိုက်တော့ ... ငါ လာမှ မင်းကို ဘယ်လို ရိုက်မလဲဆိုတာ စောင့်ကြည့်နေ…”

“အစ်ကိုဝမ် ... ငါက သစ္စာရှိပါတယ် ... အစ်ကိုဝမ်က ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ ... ကျေးဇူးပြုပြီး ငါ့ကို လွယ်တဲ့အလုပ်လေး ပေးပါနော်…”

“အစ်ကိုဝမ် သူတို့ ညီအစ်ကို နှစ်ယောက်ပြောတာကို နားမထောင်နဲ့ ... သူတို့က သရုပ်ဆောင်နေတာ အားလုံးသိတယ် ... သူတို့လိမ်ခဲ့တဲ့ ပြင်ပတပည့် ဘယ်နှယောက် ရှိပြီလဲ ဆိုတာတောင် မှန်းလို့မရဘူး ... အစ်ကိုဝမ် ... ငါက အစ်ကိုဝမ်ရဲ့ မကောင်းကြောင်း တစ်ခုမှ မပြောခဲ့ပါဘူး…”

အလွန်လှပသော အမျိုးသမီးပြင်ပတပည့် တစ်ယောက်ကလည်း နူးညံ့စွာ ပြောလိုက်၏…

“အစ်ကိုဝမ် ... ဒီညီမကလေ ခန္ဓာကိုယ်ကလည်း အားနည်းတယ် ... အလုပ်ကြမ်းတွေလည်း မလုပ်နိုင်ဘူး ... အစ်ကိုဝမ်ဆီ ညတိုင်း စကားလာပြောမယ်ဆို ဘယ်လို သဘောရလဲ ... အဆင်ပြေတယ်မလား…”

ဟုန်ယွီဂိုဏ်း၌ အမျိုးသမီး ပြင်ပတပည့် အများကြီး မရှိပေ။ ၁၀ရာခိုင်နှုန်းခန့်သာ အမျိုးသမီးများ ဖြစ်ကြသည်။ ဇွဲ၊ လုံ့လ စမ်းသပ်မှုတွင်လည်း အမျိုးသားများသာ အောင်မြင်ဖို့ အခွင့်အရေး ပိုများ၏။

အနည်းငယ်သော အမျိုးသမီးပြင်ပ တပည့်များကို လူတိုင်း ရနိုင်ကြသည်။ သူတို့၏ ရုပ်ရည်များအပေါ် မူတည်၍ တချို့ဆိုလျှင် ပြင်ပတပည့်များ၏ အခွင့်အရေး ပေးခြင်းကိုတောင်မှ ရရှိကြ၏။

တခြားအမျိုးသမီး တပည့်တစ်ယောက်ကလည်း ဝမ်လင်းကို မျက်စောင်း လှလှလေးထိုးပြီး ညုတုတုလေး ပြောလိုက်သည်…

“ဂိုဏ်းတူ အစ်ကိုဝမ် ... အစ်ကိုလျိုတုန်းက ညီမကိုလေ တစ်ခါမှ အလုပ်ကြမ်းတွေ မလုပ်ခိုင်းဖူးဘူး ... ညီမက ညတိုင်း သူ့ဆီကို သွားရုံလေးပဲ သွားရတာ ... တခြား ညီမလေးတွေကိုလည်း ညီမသိတယ် ... သူတို့ကို အစ်ကို့ဆီ ဒီည ခေါ်လာပေးရမလား…”

လူတိုင်းက ဝမ်လင်းကို ယခင်က ဘာမှ မပြောခဲ့ကြသည့် အတိုင်း ကြံမိကြံရာတွေ ပြောဖို့ ကြိုးစားနေကြသည်။ ထိုအသံများကို အချိန် တော်တော်ကြာအောင် နားထောင်ပြီးနောက် စိတ်မရှည်တော့ပဲ အော်လိုက်သည်…

“မင်းတို့အားလုံးရဲ့ ပါးစပ်တွေကို ပိတ်ထားလိုက်တော့ ... ဘယ်လောက်တောင် ဗြောင်းဆန် နေကြတာလဲ…”

ပြောပြီးသည်နှင့် လူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်…

“မင်းက တစ်ရက်ကို ရေစည်၂၀ ဖြည့်ရမယ် ... မကြိုက်ရင် အကြီးအကဲတွေကို သွားပြော…”

ထိုလူ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက စကားပြောဖို့ ပြင်လိုက်သော်လည်း ဝမ်လင်း၏ မျက်လုံးကို မြင်ပြီး ချက်ချင်း ပြုံးလိုက်ကာ ခေါင်းကိုသာ ညိတ်လိုက်၏။

“မင်းက တစ်ရက်ကို အဝတ် ၅၀၀ကီလိုဂရမ် လျှော်ရမယ် ... ဒါကို မကျေနပ်ရင် အကြီးအကဲတွေကို သွားရှာလိုက်…”

လက်ညှိုးထိုး ခံလိုက်သည့်လူက တံတွေး မျိုချလိုက်ပြီး ရေရွတ်လိုက်၏…

“ဒါက ... ဂိုဏ်းတစ်ခုလုံးက အဝတ်အစားတွေကို ပေါင်းလိုက်မှပဲ ရလိမ့်မယ်…”

“မင်းက ဂိုဏ်းတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ရမယ် ... မင်းလည်း မကျေနပ်ရင် အကြီးအကဲတွေကို သွားရှာလိုက်…”

“မင်းက အိမ်သာတွေကို သန့်ရှင်းရေး လုပ်ရမယ် ... အိမ်သာထဲမှာ ယင်ကောင် တစ်ကောင်တွေ့ရင် အဲဒီအိမ်သာထဲမှာ မင်းနေရမယ်…”

“မင်းက တစ်ရက်ကို ဆေးဖက်ဝင်ပင် ပေါင်၅၀၀ ရှာရမယ် ... အဲဒီထဲမှာ ပေါင်းပင်တွေထည့်ပြီး ငါ့ကို လိမ်ဖို့ကြိုးစားရင် မင်းကို ဂိုဏ်းကနေ နှင်ထုတ်ပစ်မယ် ... အားလုံးကြားတဲ့ အတိုင်းပဲ မကျေနပ်ရင် အကြီးအကဲတွေကိုသာ သွားရှာကြ…”

တချို့သောသူတွေ၏ အလုပ်တာဝန်က ခက်ခဲ ကြမ်းတမ်းသော်လည်း လုပ်နိုင်စွမ်းရှိသည့် တာဝန်များ ဖြစ်သည်။ ဝမ်လင်းနောက်ဆုံး လက်ညှိုးညွှန် လိုက်သည့်သူမှာတော့ ခြေထောက်များ ပျော့ခွေပြီး မြေပေါ်သို့ လဲကျသွား၏။

ပြင်ပတပည့် အားလုံး၏ မျက်နှာ အမူအရာများက အလွန်သနားချင်စဖွယ် ကောင်းလှသည်။ ဟုန်ယွီဂိုဏ်းတွင် ရှိသော တောင်များအားလုံး ပေါင်းလျှင်တောင်မှ ဆေးဖက်ဝင်အပင် ပေါင်၅၀၀ မပြည့်နိုင်ချေ။

***

သူ့ကို လှောင်ပြောင်ခဲ့သော လူအားလုံးအား ဝမ်လင်းက သူ့မှတ်ဉာဏ်ပေါ် အခြေခံ၍ တစ်ယောက်ချင်းစီ အလုပ်တာဝန်များ ခွဲဝေပေးခဲ့သည်။ နောက်ဆုံးတွင် သူ့အား လှောင်ပြောင်ခဲ့သော တပည့်အားလုံးကို အလုပ်တာဝန်များ ခွဲဝေပြီးသွား၏။ သူက ထိုနား၌ပင် ပျင်းရိပျင်းတွဲ ထိုင်နေလိုက်ပြီး အနည်းငယ် စဉ်းစားနေသည်။ သူက အားလုံးကို မဖြစ်နိုင်သည့် အလုပ်များကို ခိုင်းခဲ့သည်။ ဒါမှသာ ပြင်ပတပည့်များက အကြီးအကဲ များထံသွားကာ တိုင်ကြားကြမည် ဖြစ်၏။ သို့သော် အစောပိုင်းတုန်းက အကြီးအကဲများက ဘာမှမလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်ပုံ ရသည်။ ထို့ကြောင့် သူက ဒီထက်ပိုပြီး ပရမ်းပတာဖြစ်အောင် လုပ်ရပေမည်။ ဒါမှသာ သူ့အား အလုပ်ရုံတာဝန်မှူး ခန့်လိုက်သည်က အကြီးအကဲများ၏ ဘဝတွင် အကြီးဆုံး အမှားကြီးတစ်ခု ဖြစ်လာသည်ကို သူတို့ သိသွားမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီးနောက် သူမသိသော လူတစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်…

“မင်းကတော့ ကံကောင်းသွားတယ် ... မင်းအလုပ်က အားလုံးကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ပဲ ... ပြီးတော့ ငါ့ကို ပေးလာတဲ့ လက်ဆောင်အားလုံးကို စာရင်းလုပ်ထားပါ ... သူတို့နာမည်နဲ့ ပစ္စည်းကို သေချာမှတ်ထားပါ ... မင်းက လောဘကြီးပြီး တစ်ခုခုလုပ်ဖို့ ကြိုးစား လာရင်တော့ မင်းကို ဂိုဏ်းကနေ ကန်ထုတ်ပစ် ရလိမ့်မယ်…”

ထိုလူက အံ့ဩလွန်း၍ မြေပေါ်သို့ လဲကျသွားပြီး ပေးထားသည့် အလုပ်ကို အမှားလုံးဝ မပါဘဲ မှန်မှန်ကန်ကန် လုပ်ပါ့မည်ဟု ဝမ်လင်းကို အထပ်ထပ်အခါခါ ပြောနေတော့သည်။

ပြင်ပတပည့် အားလုံးက အလွန် အံ့အားသင့်နေကြ၏။ ယခင် တပည့်လျိုက တံစိုးလက်ဆောင် ယူခြင်းကို သိုဝှက်စွာ လုပ်ဆောင်ခဲ့သော်လည်း ဝမ်လင်းကတော့ ပေါ်ပေါ်တင်တင် လုပ်နေလေသည်။

ခဏလောက် ကြာပြီးနောက် ပြင်ပတပည့် တစ်ယောက်က အိမ်ပြန်သည့် အခါရသည့် အဆောင်လက်ဖွဲ့ ၃ခုကို ထုတ်ပြီး ရှေ့ကို ထွက်လာသည်။ သူက အဆောင်၃ခုကို ဝမ်လင်းအား လက်ဆောင်အဖြစ် ပေးအပ်ပြီး ပြောလိုက်သည်…

“အစ်ကိုဝမ် ... ဒါက အစ်ကိုဝမ်ကို ကျွန်တော်ရဲ့ လေးစားမှုအတွက် ပေးတာပါ…”

ဝမ်လင်းက အဆောင်စာရွက် ၃ခုကို သိမ်းလိုက်ပြီး မေးသည်…

“စောနက မင်းကို ဘာအလုပ် ပေးလိုက်တာလဲ…”

“တစ်ရက်ကို ရေစည်၂၀ ဖြည့်ခိုင်းတာပါ…”ထိုတပည့်က ကြောက်ရွံ့စွာ ဖြေပေးလိုက်၏။

ဝမ်လင်းက ဖြည်းညင်းစွာ ပြောလိုက်သည်…

“ဒါဆို တစ်ရက် ၅စည်ပဲ ဖြည့်တော့…”

ထိုတပည့်က အံ့ဩသွားပြီး ခေါင်းကို အကြိမ်ကြိမ် ငုံ့ကာ ကျေးဇူးတင် နေတော့သည်။

ထိုတပည့်၏ ဦးဆောင်မှုဖြင့် အားလုံးက ထရပ်လိုက်ကြပြီး ဝမ်လင်းဆီသို့ ခြေလှမ်းလှမ်းတော့မည့် အချိန်တွင် ဝမ်လင်းက မတ်တတ်ထပြီး ပြောလိုက်၏…

“လက်ဆောင် ပေးတာကို စနစ်တကျပဲ လုပ်ကြပါ ... မင်းတို့ရဲ့ အခုအလုပ်နဲ့ မင်းတို့လိုချင်တဲ့ အလုပ်ကို စာရွက်မှာရေးပြီး ငါ အလုပ် ပေးထားတဲ့သူကို ပေးလိုက်ပါ ... မင်းတို့ အဲဒါကို ၁၀ရက်မှာ တစ်ကြိမ် လုပ်နိုင်တယ်…”

ဝမ်လင်းက စကားပြောပြီးနောက် သူ့အခန်းထဲသို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်သည်။

ဝမ်လင်း အထဲကို ဝင်သွားမှသာ ခြံဝင်းထဲမှ တပည့်များအားလုံး သက်ပြင်းချ လိုက်ကြ၏။ တချို့ဆိုလျှင် သူတို့ မျက်ဝန်းထဲက ဒေါသများဖြင့် ပြည့်နေသည်။ သူတို့၏ဝမ်းဗိုက် အတွင်း၌လည်း ဝမ်လင်းကို ဆဲရေးသည့် စကားများ ပြည့်နေပြီး အပြင်သို့ တစ်ယောက်မှ ထုတ်ဖော် မပြောရဲချေ။

သူတို့အားလုံး ထွက်သွားပြီးနောက် ဝမ်လင်းက အခန်းထဲမှ ပြန်ထွက်လာပြီး အလုပ်ရုံ တစ်ခုလုံးကို စစ်ဆေး ကြည့်လိုက်သည်။ သူက အဝေးမှ စတိုခန်း တံခါးတစ်ခုကို တွေ့လိုက်ရ၏။

စတိုခန်းက နေရာ သိပ်မကျယ်ပေ။ သိပ်မကြာခင်မှာပင် စတိုခန်းကို ရှင်းလင်းပြီးသွား၏။ အခန်းကို မကြိုက်လှသော်လည်း ဤအခန်းကသာ ချောင်အကျဆုံး အခန်းဖြစ်သည်။ သူက နေရာထိုင်ခင်း အတွက် နေရာတချို့ကို ထပ်ရှင်းပြီး အိပ်မက် နယ်မြေထဲသို့ ဝင်လိုက်သည်။

အချိန်များကလည်း ကုန်ဆုံးလာသည်။ သည်လိုနှင့် ဝမ်လင်းက အလုပ်ရုံ၌ တာဝန်ထမ်းဆောင် နေသည်မှာ ၂လကျော် လာခဲ့လေပြီ။ ပြင်ပတပည့်များကို တာဝန်ခွဲဝေသည့် ရက်အနည်းငယ် မှလွဲ၍ ကျန်သည့် အချိန်အားလုံးကို ကျင့်ကြံခြင်း၌သာ အာရုံစိုက် ထားလိုက်၏။ ပြင်ပတပည့်များ၏ အလုပ်များ အတွက်မူ သူက ဂရုမစိုက်ချေ။ သူတို့အလုပ်ကို သူတို့က မလုပ်လျှင် ဝမ်လင်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ရန်သာ လိုအပ်သည်။ ထိုအခါ သူတို့က လက်ဆောင်များ ပေးကမ်း လာကြမည် ဖြစ်သည်။

သည်နှစ်လ အတွင်းတွင် သူကျင့်စဉ် ကျင့်နေသည့် အချိန်များ၌ ပြင်ပတပည့်များက အမြဲတစေ လာနှောင့်ယှက် နေကြသည့်အတွက် သူအလွန်ဒေါသ ထွက်ရသည်။ တခြားပင်မ တပည့်များနှင့် အကြီးအကဲများ၏ အတွေးများကို သူမသိချေ။ သည်ကာလထဲတွင် ဗြောင်းဆန်အောင် အများကြီး လုပ်ခဲ့သော်လည်း သူတို့က ယခုထိ သူ့နေရာကို လူစား မထိုးကြသေးပေ။

***

All Chapters