← Chapters

ဒုတိယအစီအစဉ်

Vol. 21 Ch. 281

ဒုတိယအစီအစဉ်

Vol. 21 Ch. 281

အခန်း (၂၈၁) : ဒုတိယအစီအစဉ်

ပြန်လည်မွမ်းမံသန့်စင်ရေး အခန်းအတွင်း ဝမ်ဝေ့က သူ့ရှေ့တွင် ဆယ်မီတာအရှည်ရှိသည့် ခဲဖြူရောင်ကြိုးမျှင်တစ်ချောင်း ထားကာ ထိုင်နေသည်။ သူက ဂရုတစိုက်ဖြင့် နောက်ဆုံးသင်္ကေတကို ရေးထွင်းလိုက်၏။

ထို့နောက် သူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ နှစ်ငါးဆယ် အချိန်ယူခဲ့ရပေမဲ့ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ”

သူ့ထိန်းချုပ်မှုအောက်တွင် ကြိုးမျှင်က အခန်းတစ်ခန်းလုံး ပြည့်နှက်သွားသည်အထိ ကျယ်ပြန့်လာသည်။ ထို့နောက် မူလအရွယ်အစားသို့ ပြန်လည်ပြောင်းသွား၏။ ထို့နောက်တွင် ကြိုးတစ်မျှင်မှ ကြိုး ဆယ်ချီ၊ ရာချီ၊ ထောင်ချီအထိ တိုးပွားလာပြီး သန်းချီအထိ ရောက်ရှိသွားလေသည်။

ထို့နောက်တွင် ဝမ်ဝေ့က ကြိုးမျှင်များကို ထိန်းချုပ်ကာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလိုက်သည်။ သူက ပထမဦးဆုံး ဓား၊ လှံ၊ မျှော်နန်းဆောင်နှင့် ဆေးပြင်းမီးဖိုတို့ကိုပင် ပြောင်းလဲခဲ့သည်။

“ ကြည့်ရတာ ကြိုးမျှင်ကို ရွေးချယ်လိုက်တဲ့ ရွေးချယ်ချက်က မှန်သွားပုံပဲ။ ဒါက တခြားအသုံးအဆောင်ပစ္စည်းတွေ မျိုးစုံအဖြစ် ပြောင်းလဲလို့ရတယ်။ ပြီးတော့ ပုံသဏ္ဌာန်တစ်ခုချင်းစီက စွမ်းရည်တစ်ခုချင်းစီ ပိုင်ဆိုင်နေသလို ခံစားရတယ်”

ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်း ဘာမှမမှားယွင်းကြောင်း သေချာအောင် ပြုလုပ်ပြီးနောက် သူ့ အသိစိတ်ပင်လယ်အတွင်း ထည့်သိမ်းလိုက်သည်။ ထိုပစ္စည်းက သူ့တာအိုနှင့် ဆက်နွယ်ထားသောကြောင့် ထိုနေရာတွင် ထား၍ ပြဿနာမရှိပေ။

ဝမ်ဝေ့က တစ်ခုခု သောက်လိုက်ပြီးနောက် သူ့အမွေခံသားတော် ဖြစ်လာပြီးသည့်နောက်တွင် ပေးအပ်ထားသည့် တောင်ဖြစ်သော ကံကြမ္မာလွှမ်းမိုးတောင်အား အနည်းငယ် လျှောက်ပတ်ကြည့်လိုက်သည်။ သူက သူ့အား နှုတ်ဆက်ရဲသည့် အစေခံအားလုံးကိုပင် ပြန်လည်ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက အားကောင်းသည့် သားရဲများ ပြုစုမွေးမြူထားသည့် နတ်ဆိုးခန်းမဆီ အရောက်သွားလိုက်သည်။

ထိုနေရာတွင် သူ့အား အံ့ဩသွားစေသည်က နဂါးမျိုးစိတ်ထဲမှ တစ်ခုဖြစ်သည့် ကျောင်းလုံကိုပင် တွေ့လိုက်ရသည်။

အသင်္ချေအင်ပါယာကမ္ဘာအတွင်း ထိုသို့သော နတ်ဆိုးမျိုးနွယ်က အလွန်တရာ ရှားပါးပြီး အဖိုးတန်လှသည်။ ထိုစဉ် ဝမ်ဝေ့က သူ့တောင်တွင် တစ်ကောင်ရှိနေပြီး သူ့အနေနှင့် သိပင်မသိခဲ့ပေ။ သူက တောင်ပေါ်တွင် အချိန်အနည်းငယ်မျှသာ ကုန်ဆုံးသလို လူအများနှင့် ထိတွေ့ဆက်ဆံမှုလည်း နည်းပါးသည်ကို သတိထားမိ၍ အနည်းငယ် မျက်နှာပူမိသွားသည်။

နတ်ဆိုးသားရဲများအတွက်မူ ယန်းချန်က သူ့အား အမြဲလိုလို သယ်ဆောင်ပေးသည့်အတွက် ခရီးသွားလာခြင်းအတွက် သူတို့ကို အသုံးပြုခဲသည်။

နတ်ဆိုးသားရဲခန်းမကို စစ်ဆေးပြီးသည့်နောက်တွင် ဆေးဥယျာဉ်သို့ ရောက်ရှိသွားသည်။  ဤတစ်ကြိမ်တွင် သူက သူတော်စင်အဆင့် ဆေးပင်များသည် နေရာအနှံ့ရှိနေပြီး အထွတ်အထိပ် ဆေးပင်များလည်း ရှိနေကြောင်း  မြင်လိုက်ရသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးပင်များပင် မြင်လိုက်ရသေး၏။ ထိုအချိန်မှ ဝမ်ဝေ့က သူသည် မည်မျှ အခွင့်ထူးခံဖြစ်နေကြောင်း သတိပြုမိသွားလေသည်။

သူ မည်သည့်အရင်းအမြစ်ကို လိုချင်ချင် ပြောလိုက်ရုံမျှသာ ဖြစ်ပြီး တစ်ယောက်ယောက်က သူ့ထံ ယူဆောင်ပေးလာလိမ့်မည်။ သူက ဆေးဥယျာဉ်သည် မည်မျှပင် တန်ကြောင်း မသိအောင်အထိ ချမ်းသာလွန်းလှသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဤကဲ့သို့ ကောင်းချီးမျိုးကို လက်ခံသည်။

ဝမ်ဝေ့က ဆေးဥယျာဉ်အတွင်း လမ်းလျှောက်သွားစဉ် အားပြည့်လာပြီး ငြိမ်းအေးသွားသလို ခံစားလိုက်ရသည်။ သူက အိမ်တွင် ရှိနေသလိုမျိုး ခံစားလိုက်ရ၏။ ထိုခံစားချက်က သူ့သရက်ရွက်အတွင်း သန့်စင်ထားသည့် အဝါရောင်ချီမြေ၏ ရလဒ်ဖြစ်မှန်း သိလေသည်။ ထိုအရာက သူ့အား မြေဓာတ်နှင့် ဝိညာဉ်ဆေးပင်များ၏ ရင်းနှီးနိုင်စွမ်းကို ပို၍တိုးပွားလာစေသည်။ သူက သူ့ဆေးပညာသည်လည်း နောက်အဆင့်တစ်ခု တိုးမြှင့်သွားကြောင်း မှန်းဆမိလေသည်။ အနည်းဆုံးတော့ ခွဲခြားခြင်း၊ လုပ်ဆောင်ခြင်းနှင့် ဆေးပညာရောနှောခြင်းဖြစ်စဉ်များ ပါဝင်လိမ့်မည်။

သူက တောင်တစ်ခုလုံး လှည့်ပတ်သွားလာပြီးနောက် မြင်ကွင်းကောင်းကောင်း နေရာတစ်ခုတွင် အဖန်ရည်သောက်ဖို့ ရွေးချယ်လိုက်သည်။ ကံဆိုးစွာဖြင့် သူ ထိုင်ပြီး သိပ်မကြာခင် လီကျွင်းက လီမိသားစုတောင်ဆီ သွေးသံရဲရဲအဝတ်များဖြင့် ပြေးလာသည်ကို မြင်လိုက်ရ၍ လှမ်းခေါ်လိုက်သည်။

“ အစ်ကိုကြီး ကျင့်ကြံရေးကနေ ထွက်လာပြီလား”

“ အခုလေးတင် ထွက်လာတာ။ မင်းအဝတ်က သွေးတွေက ဘာတွေလဲ”

“ အော် ဒါတွေလား။ ဒါတွေက ကျွန်တော့်ဟာ မဟုတ်ဘူး”

“ ငါ သိတယ်။ ဒါတွေက မင်းအပေါ် ဘာလို့ ရောက်နေတာလဲလို့ မေးတာ”

“ အစ်ကိုကြီး မသိလောက်သေးဘူး။ ကိစ္စတွေက အခုနောက်ပိုင်း တော်တော်လေး သောင်းကြမ်းနေတယ်။ အစ်ကိုကြီး ကျင့်ကြံရေး ဝင်ပြီးသွားတော့ ကျွန်တော်၊ ထျဲ့ကန်၊ လီလင်းနဲ့ ဝမ်ကျူတို့လည်း တာအိုသတ္တုလုံးကနေ ဉာဏ်အလင်းပွင့်ပြီး ကိုယ်ပိုင်ကျင့်စဉ်ဖန်တီးနိုင်အောင်လို့ သီးသန့်တံခါးပိတ် ကျင့်ကြံခဲ့ကြသေးတယ်။ ဂိုဏ်းက ကျွန်တော်တို့ကို အချိန်တိုးမြှင့်ပေးနိုင်တဲ့ လျှို့ဝှက်နယ်မြေတောင် ခေါ်သွားပေးသေးတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ထွက်လာပြီးတဲ့နောက်မှာ တပည့်တွေကတော့ ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ အများစုက ရိုက်နှက်ခံထားရပြီးတော့ သူတို့ရဲ့ စိတ်ဓာတ်တွေလည်း ကျနေတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ ထိပ်တန်း ကောင်းကင်ရွေးချယ်ခံ သုံးဆယ်ရဲ့ လက်ချက်လား”

“ ဟုတ်တယ်။ ကျွန်တော်တို့က အဲဒီစာရင်းထဲမှာ မရှိတာကို သိပြီးတော့ စိန်လာခေါ်နေတာ။ ဒီလူတွေက ကောင်းကောင်းတိုက်ခိုက်နိုင်တဲ့ အပြိုင်အမွေခံသားတော်တွေဆိုပေမဲ့ အခု သူတို့ပြိုင်ဘက်တွေက မသေနိုင်တော့ သူတို့လည်း နည်းနည်းပဲ တိုက်ခိုက်နိုင်ကြတယ်”

“ အဲဒါကြောင့် မင်းက အဲဒီလူတွေကို တိုက်ခိုက်နေတာလား”

“ ဟုတ်တယ်။ ကျွန်တော် ကျင့်ကြံရေးက ထွက်လာပြီးတော့ အဲဒီလူတွေကို တိုက်ခိုက်နေတာ။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ဘယ်လောက်သတ်သတ် သူတို့က ချက်ချင်း ပြန်ကောင်းလာပြီးတော့ ပြန်ရောက်လာကြတယ်။ နောက်ဆုံးတော့ ကျွန်တော်လည်း ထျဲ့ကန်နဲ့ လီလင်းဆီကနေ အကူအညီ တောင်းရတော့တာပဲ”

“ မင်း အခြေအနေကို ဘယ်လိုဖြေရှင်းနေလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ ကျွန်တော်တို့ မျှမျှတတ မလုပ်တော့ဘူး။ ကျွန်တော်တို့ကို စိန်လာခေါ်တဲ့သူတိုင်းကို တပ်နဲ့ ဝန်းရံပြီးတော့ ချနေပြီ။ လီလင်းကလည်း သူတို့စိန်ခေါ်သူတွေရဲ့ နာကျင်မှုကို တိုးစေတဲ့ ဆေးလုံး ဖန်တီးထားတယ်။ ကျွန်တော်တို့က သူတို့ကို ဆက်တိုက် ဆက်တိုက် သတ်နေတယ်။

ဝမ်ကျူတောင်မှပဲ ကံကြမ္မာအရိပ်အဖွဲ့ဝင် အချို့ကို ရန်သူတွေဆီ နေ့နေ့ညညသတ်ဖို့ အမိန့်ပေးထားသေးတယ်။ ဒါပေမဲ့ သူတို့တွေက လက်လျှော့မသွားကြဘူး။ အဲဒီလူတွေက လေ့ကျင့်ဖို့ တမင်သေဆုံးတာကို လိုလားနေကြသလိုပဲ”

“ လင်းဖန်နဲ့ ကျန့်ဝူရွှမ်းတို့လို ထိပ်တန်းဆယ်ယောက်ကရော ငါတို့ကို စိန်လာခေါ်သေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“ကျေးဇူးတင်စရာကောင်းတာက သူတို့ ရောက်မလာဘူး။ မဟုတ်ရင် ကျွန်တော်တို့ ကူကယ်ရာမဲ့နေလောက်ပြီ”

“ အဲဒီလူတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ရော ဘာသတင်းကြားသေးလဲ”

“ သခင်လေးကို ကျွန်မ တင်ပြပါမယ်” ဝမ်ကျူက သူတို့နှစ်ယောက်ရှေ့တွင် ရောက်ရှိလာသည်။

“ အရင်နှစ် ငါးဆယ်အတွင်း ကိစ္စကြီးနှစ်ခု ဖြစ်ပွားခဲ့တယ်။ ပထမတစ်ခုက လင်းဖန်က စုယာကို စိန်ခေါ်ခဲ့ပြီးတော့ အနိုင်ယူသွားတယ်”

“ အဲဒါက ဘယ်လိုလုပ် သတင်းထူးလဲ”

“ သူက အဲဒီမှာတင် မရပ်တန့်ဘဲနဲ့ ထိပ်တန်း ၃၀ ထဲက တခြားအဖွဲ့ဝင်တွေအကုန်လုံးကိုလည်း စိန်ခေါ်ပြီးတော့ အနိုင်ရသွားတယ်။ ပြီးတော့ ကျန့်ဝူရွှမ်း၊ မိုရှင်းယွင်နဲ့ ဖန်းလီကျွမ်းကိုတောင်မှပဲ စိန်ခေါ်ပြီးတော့ အနိုင်ရခဲ့တယ်”

ဝမ်ဝေ့က အဖန်ရည်တစ်ငုံသောက်လိုက်ပြီးနောက် “ အဲဒါဆိုရင်တော့ သတင်းထူးအဖြစ် သတ်မှတ်လို့ရပါတယ်။ သူက ငါ့ကိုရော စိန်ခေါ်သေးလား”

“ မခေါ်သေးပါဘူး”

“ ကြည့်ရတာ ဒီလူက စိတ်ရှည်ရှည်နဲ့ ဉာဏ်ကောင်းလာတာပဲ။ ငါ သတိထားဖို့ ပြောထားတဲ့လူတွေကရော ဘယ်လိုအခြေအနေရှိတုန်း”

“ တိထျန်းက အနောက်ပိုင်းကုန်းမြေဆီ ပြန်သွားတယ်။ ကံဆိုးတာက ကျွန်မတို့ တိမိသားစုနယ်မြေထဲ ကျူးကျော်မှုက ကျရှုံးသွားတယ်။ အဲဒါက ဂိုဏ်းချုပ်ရဲ့ အရိပ်လည်း အတူတူပဲ။

အဲဒါကြောင့် ကျွန်မတို့ သူ့ဆီမှာ ဒီကမ္ဘာထဲကနဲ့ မတူတဲ့ သူလျှိုအဖွဲ့အစည်း တစ်ခုရှိမယ်လို့ ကောက်ချက်ချထားကြတယ်။ အဲဒါကြောင့် ကြည့်ရတာ သူက အင်အားစုအထက်ပိုင်း တော်တော်များများအထိ သူ့လူတွေ ရောက်နေပုံပဲ။ ကျွန်မတို့ဂိုဏ်းလည်း အပါအဝင်ပဲ။ လက်ရှိကတော့ အဲဒါက မှန်းဆချက်တစ်ခုပဲ ရှိပါသေးတယ်”

ဝမ်ဝေ့က ခဏတာစဉ်းစားလိုက်ပြီးနောက် “ ငါ  အဲဒါကို နောက်ကျရင် စုံစမ်းဖို့ နည်းလမ်း ရှိတယ်။ တခြားလူတွေကရော”

“ ကျန်းပိယုကရော ဓာတ်ငါးပါးထဲမှာပဲ ရှိနေသေးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ ထိုက်ယီနက်နဲမုခ်က ဖုန်းဟွမ်က မျိုးဆက်နှစ်ရာအတွင်းမှာ အကြွင်းမဲ့စတင်ခြင်း နည်းစနစ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ပထမဆုံးလူဆိုပြီးတော့ ကြေညာခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီကြေညာချက်ပြီးကတည်းက ထွက်မလာသေးဘူး။

လျူမိန်ရှုကလည်း အနောက်ပိုင်းကုန်းမြေမှာ တစ်ခုခုရှာနေသလိုပဲ။ သူမက သားရဲမွေးမြူရေးတောင်ကြားဆီကနေတောင် လျှို့ဝှက်ထားပုံပဲ”

ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည် “ ဒုတိယသတင်းထူးက စွင်းကျောင်းလုံက မဟာကျိုးတိုင်းပြည်ကို စိန်ခေါ်လိုက်တဲ့အကြောင်းလား”

“ သခင်လေး ဘယ်လိုလုပ် သိတာလဲ”

ဝမ်ဝေ့က ပြုံးကာ ပြန်မဖြေပေ။ သူက စွင်းကျောင်းလုံ၏ ကံကြမ္မာကို ဖတ်လိုက်စဉ်အခါက ထိုလူသည် ကျီစုန့် သေဆုံးသွားသည်နှင့် စစ်ပွဲစတင်ဖို့ ကြံစည်နေကြောင်း သတိထားမိလိုက်သည်။

ဝမ်ကျူက အခြေအနေအား ရှင်းပြပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုစစ်ပွဲမှ မည်သို့အကျိုးအမြတ်ရရှိနိုင်ကြောင်း စဉ်းစားနေလေသည်။ အကယ်၍ သူသာ မှန်မှန်ကန်ကန် ကစားနိုင်လျှင် သူ့အတွက် အကျိုးအမြတ် ရရှိနိုင်သည်။ သို့သော်လည်း ယခုက ဝင်ရှုပ်ဖို့ အချိန်ကောင်း မဟုတ်ပေ။

“ ဇူဇကာဝါးမျိုရေး ကျမ်း ရှိနေတဲ့ လျှို့ဝှက်နယ်မြေကရော ဘယ်လိုလဲ။ ငါ ပေးထားတဲ့ သတင်းနဲ့ သူတို့တွေ တွေ့ပြီလား။” ဝမ်ဝေ့က မေးလိုက်သည်။

“ ဟုတ်။ ကျွန်မတို့ တွေ့ပါပြီ။ ဒါပေမဲ့ မိုမိသားစုကလည်း တပြိုင်တည်း တွေ့သွားတယ်။ အဲဒါကြောင့် ကျွန်မတို့ သူတို့နဲ့ ဘယ်လို အသုံးပြုရမယ်ဆိုတာကို ညှိနှိုင်းနေတုန်းပဲ။ သူတို့က အတော်လေး အာရုံစိုက်ထားပြီးတော့ ဒီလျှို့ဝှက်နယ်မြေအတွက် တိုက်ခိုက်ဖို့တောင် ပြင်နေကြတယ်”

“ ဂိုဏ်းကို အကျိုးအမြတ်အတွက် လက်လျှော့ဖို့ ပြောလိုက်။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ မိုရှင်းယွင်က ဒီဟာကို ရရှိပြီးတဲ့နောက်မှာ ကျမ်းတစ်ခုကို ပုံတူပွားပေးရမယ်ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းလိုက်”

ဝမ်ကျူက မျက်မှောင်ကြုတ်ကာ “ သခင်လေး ဘာလို့လဲ။ လျှို့ဝှက်နယ်မြေက ကျွန်မတို့အတွက် အကျိုးအမြတ်အများကြီး ဖြစ်နိုင်တယ်လေ”

“ မိုမိသားစုက ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာ။ တကယ်လို့ ငါသာ မမှားရင် အဲဒီလျှို့ဝှက်နယ်မြေက မိစ္ဆာမျိုးနွယ်တွေ ဒါမှမဟုတ် ကံကြမ္မာဆိုးတွေ ပြည့်နှက်နေတဲ့ ကျင့်ကြံသူတွေအတွက် ဖန်တီးထားတာမျိုးပဲ။ ငါတို့ဂိုဏ်းက ငါ အပါအဝင် ဘယ်သူကမှ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါတို့ ဝင်ရောက်နိုင်တယ်ဆိုရင်တောင်မှပဲ ထောင်ချောက် ဖြစ်နေနိုင်တယ်”

ဝမ်ဝေ့က မိုရှင်းယွင်ကို ထိုသတင်းပေးလိုက်သူသည် သူ့ဘာသူရရှိနိုင်လျှင် သူ့ဘာသူသာ ယူလိမ့်မည်ဖြစ်ကြောင်း အမှတ်ရမိလိုက်သည်။

“ ဂိုဏ်းကနေ မိုမိသားစုကို အဲဒီလျှို့ဝှက်နယ်မြေအတွင်း စုံစမ်းခိုင်းလိုက်ပြီးတော့ သူတို့အမူအရာကို မှတ်သားထားလိုက်။ တကယ်လို့ သူတို့က ပြင်းပြင်းထန်ထန် တုံ့ပြန်ရင် ငါ့ရဲ့ကောက်ချက်ချမှုက မှန်နေလို့ပဲ”

“ ဟုတ် ကျွန်မပြောလိုက်ပါ့မယ်။ နောက်ထပ် ဘာပြောစရာများ ရှိသေးလဲ” ဝမ်ကျူက မေးလိုက်သည်။

“ ကောင်းပြီ။ ပင်ကိုမီးဓာတ်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းရသေးလဲ”

“ ကျွန်မတို့ ဘာသတင်းမှ မရသေးဘူး။ အကြီးအကဲတွေကတော့ သခင်လေးကို စောင့်ပြီးတော့ အချိန်ဖြုန်းနေမဲ့အစား ဧကရာဇ်အဆင့် ပစ္စည်းသုံးဖို့ အကြံပြုနေကြတယ်”

“ အဲလိုလား။ ဒီလိုဆိုရင် ဒုတိယအကြံအစည်ကို စတင်ရမဲ့အချိန်ပဲ။ လင်းဖန်ဆီကို စိန်ခေါ်စာပို့လိုက်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

All Chapters