← Chapters

ဓာတ်ငါးပါး ညီမျှမှု

Vol. 21 Ch. 284

ဓာတ်ငါးပါး ညီမျှမှု

Vol. 21 Ch. 284

အခန်း (၂၈၄) : ဓာတ်ငါးပါး ညီမျှမှု

“ ရှင် အရွယ်မရောက်ခင် ပြဿနာတချို့ မဖြစ်အောင် သွားပြီးတော့ သေချာအောင် လုပ်နေတာ” ဝူဟုန်က ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က ခဏတာစဉ်းစားလိုက်ပြီးနောက် “ ပြဿနာလား။ တိထျန်းအပြင် ကိုယ့်မှာ ဘာပြဿနာမှ မရှိပါဘူး။ မင်း သူ့ကို ရိုက်ခဲ့တာလား”

“ သူ့ကို ပြောနေတာ မဟုတ်ဘူး”

“ အဲဒါဆို ဘယ်ဟာကို ပြောနေတာလဲ။ မင်း ကိုယ့်ကို ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုလား”

“ အဲလောက်လည်း မလေးနက်ပါဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည် “ ကျွန်မက တားမြစ်နယ်မြေထဲက စည်းတံဆိပ်ကို ပိုအားကောင်းအောင် လုပ်နေပြီးတော့ အဲဒီအရာတွေ ထွက်လာပြီး ပြဿနာ မရှာနိုင်အောင် လုပ်ခဲ့တာ။”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် “ သူတို့က ပြဿနာ ဖြစ်လာစေမှာလား”

“ ရှင် ထာဝရဧကရာဇ် ဖြစ်လာပြီးရင်တော့ သူတို့အများစုက ပြဿနာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ငရဲကမ္ဘာကတော့ ကွဲပြားတယ်။ သူက ရှင့်ရဲ့ စံပြဝိညာဉ်ကို သတိပြုမိထားပြီဆိုတော့ ရှင် ဂရုစိုက်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျွန်မက ပင်ကိုစွမ်းရည်ကို သုံးပြီးတော့ အကြွင်းမဲ့စည်းတံဆိပ်ကို အဲဒီမှာ ထားခဲ့တယ်ဆိုတော့ အချိန်တစ်ခုအထိတော့ ပြဿနာရှိဦးမှာ မဟုတ်ဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည် “ မင်း သူတို့ကို မဖြေရှင်းနိုင်ဘူးလား”

ဝူဟုန်က သူ့အား လှည့်ကြည့်လိုက်ပြီးနောက် “ ရှင် တကယ်လို့ ကျွန်မကို လုပ်စေချင်တယ်ဆိုရင် လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မက တန်ကြေး တစ်ခုပေးရမယ်ဆိုပေမဲ့ စိတ်ထဲ မထားပါဘူး။ ကျွန်မအနေနဲ့ ရှင့်ကိစ္စတွေကို ရှင်းပေးရမယ်ဆိုတာ သေချာပြီလား”

“ ထားလိုက်ပါ။ ကိုယ့်ဆီမှာ မာနတော့ ကျန်ပါသေးတယ်။ အချိန်ကျလာတဲ့အခါ ကိုယ့်ဘာသာကို ဖြေရှင်းလိုက်ပါ့မယ်”

“ ဒီလိုမှပေါ့” ဝူဟုန်က ပြောရင်း နမ်းလိုက်သည်။

“ ဒါနဲ့ မင်းက ဘယ်လိုတန်ကြေးမျိုးကို ပေးရမှာလဲ”

“ ရှင် ထာဝရဧကရာဇ်ဖြစ်ပြီးတော့ ဒီကမ္ဘာက ထွက်မလာခင်အထိ ကျွန်မကို ထပ်မြင်ရမှာ မဟုတ်ဘူး”

“ အဲလို ကြောက်စရာကောင်းတဲ့ အရာမျိုးတွေ မပြောပါနဲ့” ဝမ်ဝေ့က သူမအား ဘယ်တော့မှ မလွှတ်တော့မည့်အလား မြန်မြန်ဆန်ဆန် ထွေးပွေ့ထားလိုက်သည်။

သူမနှင့် အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက်တွင် ဝမ်ဝေ့က သီးသန့်လေ့ကျင့်ရေးထဲ ပြန်ဝင်သွားသည်။ သူ့လက်တစ်ချက်အဝှေ့တွင် သူ့ရှေ့တွင် ပစ္စည်းသုံးပုံ ကျရောက်လာသည်။ တစ်ခုက လင်းဖန်၏ လက်မောင်း၊ ခြေထောက်နှင့် ခေါင်း ဖြစ်ပြီး၊ နောက်တစ်ခုက သူနှလုံးသား ဖြစ်၏။ နောက်ဆုံးတစ်ခုမှာ ထူးခြားသည့် အနီရောင်မျိုးစေ့တစ်ခု ဖြစ်သည်။

သူက ဆေးပြင်းမီးဖိုကို ထုတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများအား အထဲ ထည့်လိုက်ပြီး သူ့လက်တွင် အဖြူရောင်မီးတောက် ထွက်ပေါ်လာကာ လင်းဖန်၏ ခန္ဓာကိုယ်ကို စတင်သန့်စင်လိုက်သည်။

ရက်ပိုင်းအနည်းငယ်ကြာမြင့်ပြီးနောက် ဝမ်ဝေ့က ဆေးမီးပြင်းမီးဖိုကို ဖွင့်လိုက်သည့်အချိန် အထဲတွင် မြောလွင့်နေသည့် အနက်ရောင် သတ္တုလုံးတစ်လုံး ထွက်လာသည်။ ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ထိုသတ္တုလုံးကို ဖယ်ကာ လင်းဖန်၏ နှလုံးသားထဲကို ထည့်လိုက်သည်။ သူ ယခင်က လုပ်ခဲ့သလိုမျိုး နှလုံးသားကိုလည်း သန့်စင်လိုက်၏။

သို့သော်လည်း နောက်ဆုံးရလဒ်က မြောလွင့်နေသည့် သတ္တုလုံး မဟုတ်ဘဲ ထူးခြားဆန်းပြားသည့် ချီတစ်ခု စီးဆင်းနေသည့် ကြည်လင်နေသော နှလုံးသားတစ်ခု ဖြစ်သည်။

ဝမ်ဝေ့က ထိုနှလုံးသား၊ အနက်ရောင် သတ္တုနှင့် အနီရောင်မျိုးစေ့တို့ကိုယူကာ သူ့ရှေ့တွင် ထားလိုက်သည်။

“ ဟွင်သွမ်းစည်းမျဉ်းအစ၊ ဟွင်သွမ်းချီပါနေတဲ့ နှလုံးသားနဲ့ ဧကရာဇ်အဆင့်မျိုးစေ့နဲ့ဆိုရင် ငါ ဟွင်သွမ်းတစ်ပိုင်း မီးတောက်ကို ဖန်တီးနိုင်ပြီ။ ဒါက ပင်ကိုမီးဓာတ်ပစ္စည်းနဲ့ လက်ရည်တူ မဟုတ်ရင်တောင် အဆင်ပြေပြီ”

ထို့နောက် ဝမ်ဝေ့က အစီအရင်ကို အသက်သွင်းလိုက်သည်။ ထိုအစီအရင်က ကောင်းကင်ရုပ်ခန္ဓာကို ဖန်တီးခဲ့ရာ၌ အသုံးပြုသည့် အစီအရင်နှင့် အတူတူ ဖြစ်သော်လည်း ဒီအခြေအနေနှင့် ကိုက်ညီအောင် အနည်းငယ် ပြုပြင်မှုတချို့ လုပ်ထားလေသည်။

သူက စွမ်းအားအဖြစ် တောင်တချို့လောက် မြင့်သည့် မူလအရင်းအမြစ်များကိုပင် ထုတ်ယူလိုက်သည်။ ဝမ်ဝေ့က ထိုဖြစ်စဉ်သည် နှေးကွေးနေကြောင်း သတိပြုမိလိုက်၍ နောက်ထပ်မူလအရင်းအမြစ်ကို ထပ်၍ ထုတ်လိုက်သည်။ သူ့တွင် ထိုအရာများက မိုင်းတွင်းဖြင့် ချီ၍ ရှိသည် မဟုတ်ပါလော။

သုံးလကြာမြင့်ပြီးသည့်နောက်တွင် ဖြစ်စဉ်က ပြီးမြောက်သွားလေသည်။

ဝမ်ဝေ့ ရှေ့မှောက်တွင် ကြည်လင်နေသည့် မီးတောက်တစ်ခု ရှိ၏။ ထိုအကြောင်းကို ပြောရလျှင် ထိုမီးတောက်က လူများ သာမန်ကြည့်သည့်အခါသာ ထိုသို့မြင်ရခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ အာရုံစိုက်လိုက်ပါက ထိုမီးတောက်သည် ဆက်တိုက် အရောင်ပြောင်းနေကြောင်း သိရပေလိမ့်မည်။ ခဏတွင် အနီရောင် ပြောင်းသွားသလို နောက်ထပ်ခဏတွင် အစိမ်းရောင်၊ အပြာရောင်သို့ ပြောင်းလဲသွားနိုင်သည်။ ဖြစ်စဉ်က အဆုံးမဲ့ တည်ရှိနေသလိုမျိုး ဖြစ်၏။

“ ငါ အောင်မြင်သွားပုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ ဒီမီးတောက်က မီးတောက်ဧကရာဇ် ကျော်ကြားခဲ့တဲ့ဟာနဲ့ အတူတူပဲ။ ဒါပေမဲ့ ငါက သူ့ထက် ကံကောင်းတယ်။ သူ့ဟွင်သွမ်းမီးတောက်ကို ပျိုးထောင်နိုင်ဖို့ သူက မူလမီးတောက်များစွာကို ပေါင်းစပ်ခဲ့ရတယ်။ ငါကတော့ ဧကရာဇ်အဆင့် ပစ္စည်းနှစ်မျိုးနဲ့ ဟွင်သွမ်းစည်းမျဉ်းအပိုင်းအစကိုပဲ လိုအပ်ခဲ့တယ်။”

ဝမ်ဝေ့က သူ့မီးတောက်သည် မီးတောက်ဧကရာဇ်လောက် အားမကြီးသေးကြောင်းသိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် ဆက်လက်ကြီးထွားဖို့ အခွင့်အရေးများ ရှိနေသေးသည် မဟုတ်ပါလော။

ဝမ်ဝေ့က ဟွင်သွမ်းမီးတောက်ကို ယူလိုက်ပြီးနောက် သူ့နှလုံးသားအတွင်း စုပ်ယူလိုက်သည်။ ထိုဖြစ်စဉ်က လွယ်ကူသလို လျင်မြန်လှလေသည်။ ထို့နောက် ချက်ချင်းဆိုသလို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ အဖြူရောင်နှင့် နက်ပြာရောင်ဖြစ်သည့် အရောင်ငါးရောင်က သူ့ရှေ့တွင် ပေါ်ထွက်လာပြီး သူတို့က စက်ဝိုင်းပုံစံဝိုင်းကာ ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ ထို့နောက် သူက သူ့အင်္ဂါရပ်အားလုံး အားကောင်းလာပြီး တစ်ခုနှင့်တစ်ခု ထောက်ပံ့နေပြီး သဟဇာတဖြစ်နေသည်ကို ခံစားမိလိုက်သည်။

“ ခံစားချက်ကောင်းပဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် ညည်းညူလိုက်သည် “ ငါ လုံးဝကို ပြီးပြည့်စုံသွားပြီ”

သူက သူ့နှလုံးသား အင်္ဂါရပ်နှင့် ဆက်စပ်နေသည့် ဒွါရကို စစ်ဆေးကြည့်လိုက်သည့်အခါ ထိုဂိတ်တံခါးသည်လည်း တခြားအရာများနှင့် တူညီစွာ တောက်ပနေသည်ကို မြင်လိုက်ရသည်။ ထိုအချက်က ဝမ်ဝေ့အား ပျော်ရွှင်သွားစေ၏။ ဆိုလိုသည်မှာ သူ့ဟွင်သွမ်းမီးတောက်က တခြားပင်ကိုပစ္စည်းများနှင့် အရည်အသွေးတူ ဖြစ်နေကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။

“ ဒီအကြံအစည် အလုပ်ဖြစ်လို့ တော်သေးတာပေါ့ မဟုတ်ရင် ကံကြမ္မာသားတော် ဖြစ်လာမဲ့ စွမ်းရည်ကို အသက်သွင်းရလိမ့်မယ်။ ငါ ကောင်းကင်တာအိုနဲ့ ပြဿနာကို မဖြေရှင်းရသေးခင် ဒီဟာကို လွယ်လွယ်ကူကူ သုံးလို့ မဖြစ်ဘူး”

ဝမ်ဝေ့က လက်သီးဆုပ်ကာ သူ့ဘေးနားရှိ အာကာပြင်ကို ချိုးဖောက်လိုက်သည်။ သူက သူ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတိုးလာကြောင်း ခံစားမိလိုက်သည့်အချိန် ရုတ်ချည်း ခံစားချက်တစ်ခု ရလာမိသည်။

ထို့ကြောင့် သူက ထွက်သွားကာ သူ့အဖေကို သွား၍ စိန်ခေါ်လိုက်၏။

နာရီအနည်းငယ်ကြာပြီးသည့်နောက်တွင် ဝမ်ဝေ့က တောင်ဆီ ပြန်ရောက်လာသည်။ ထိုနေရာတွင် ဝူဟုန်က လှောင်ပြုံးလေးဖြင့် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

“ ရှင် ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတာလဲ” သူမ တာအိုလက်တွဲဖော်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

“ ကိုယ် ဓားဆယ်ချက်တောင် မခုခံနိုင်ခဲ့ဘူး” ဝမ်ဝေ့က အံကြိတ်ကာ ဖြေလိုက်သည် “ အဲ့လူအိုကြီးက ကိုယ့်အပေါ် သက်ညှာမပေးဘူး။ ကိုယ့်အင်္ဂါရပ်တွေကို လေ့ကျင့်ပြီးတဲ့နောက် နိုးထလာတဲ့ စွမ်းရည်အသစ်ကြောင့်သာ မဟုတ်ရင် ဓားချက်ငါးချက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“ ရှင်နဲ့ ထိုက်တန်တာ ရတာပဲလေ။ အဘိုးက ယောက္ခထီး သူ့တိုက်ကွက်တွေအောက်မှာ တစ်နေ့လုံးလုံး အသက်ရှင်ခဲ့တယ်ဆိုတဲ့ အကြောင်းကို မပြောပြဖူးဘူးလား”

“ အဲလောက်ကြီးထိလို့တော့ ထင်မထားဘူး။ ကိုယ်က ကိုယ့်ထက်မြင့်တဲ့ အဆင့်တွေကို တိုက်ခိုက်ရတာ ကျင့်သားရနေပြီလေ”

ဝူဟုန်က ခေါင်းခါကာ “ သူတော်စင်အဆင့်နဲ့ အထွတ်အထိပ်နယ်ပယ်အဆင့်ရဲ့ ကွာခြားချက်က သိပ်ကို ကြီးမားလွန်းတယ်။ အဲဒါကြောင့် အစစ်အမှန် အုပ်ချုပ်သူတွေက တာအိုနဲ့ အနီးစပ်ဆုံးလို့ ပြောကြတာပေါ့။

ပြီးတော့ အဘိုးက ဧကရာဇ်တစ်ပိုင်းအဆင့်လေ။ သာမန်မဟုတ်ဘူး။ အဲဒါကြောင့် ရှင်က ရှင့်အဖေရဲ့ တိုက်ခိုက်စွမ်းကို စိတ်ကူးကြည့်လို့ရပါတယ်”

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် သူ့စွမ်းအားကြောင့်သာမက သူ့အဖေကို လျှော့တွက်မိ၍ ခံလိုက်ရကြောင်း သိလေသည်။ အကြောင်းအရင်းက ဝမ်ထျန်းသည် သူ့အား အပြင်းအထန်ရိုက်နှက်ခဲ့ပြီး သူ့နေရာကို သတိပေးခဲ့လေသည်။

သူ့လက်ရှိအင်အားဖြင့် ပိုင်ဟန်အား ရှင်းထုတ်နိုင်သော်လည်း သူ့အဖေထံ အလွယ်တကူ ရှုံးနိမ့်ခဲ့ရသည်။ ဝမ်ဝေ့က သူ့အဖေပေါ် ထားရှိသည့် လေးစားမှုမှာ နောက်ထပ်တစ်ဆင့် တိုးမြှင့်သွားကြောင်း ခံစားမိလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင် ကိုယ် ဒီလူအိုကြီးကို လွှမ်းမိုးပြီးတော့ မိသားစုထဲ သူ့အဆင့်အတန်းကို အနိမ့်ဆုံးဖြစ်အောင် လုပ်ပစ်မယ်” ဝမ်ဝေ့က ပြောလိုက်သည် “ ဒါပေမဲ့ အဲဒီနေ့မတိုင်ခင် လက်စားချေလိုက်ဦးမယ်”

သူ့လက်စွပ်အတွင်းမှ အဆောင်တစ်ရွက်ကို ထုတ်ကာ တစ်စုံတစ်ယောက်အား ဆက်သွယ်လိုက်သည်။

“ အမေ… အဖေက ကျွန်တော့်ကို ရိုက်လိုက်တယ်”

“ ဘာဖြစ်လို့လဲ” ယုယန်က မေးလိုက်သည်။

“ ကျွန်တော်က ကျွန်တော့်ဘာသာကျွန်တော် အလုပ်ရှုပ်နေတုန်းကို သူက စိန်ခေါ်ဖို့ လာခေါ်တယ်လေ။ ပြီးတော့ အားကုန်သုံးပြီး ရိုက်လိုက်တာပဲ။ သူက ကျွန်တော်ကို သတ်ချင်နေတာပဲ ဖြစ်ရမယ်။ အမေ ကျွန်တော်အတွက် လက်စားချေပေးရမယ်နော်”

“ သူ လုပ်ရဲတယ်လား” ယုယန်က အဆောင်တစ်ဖက်မှ အော်ပြောလာသည် “ မစိုးရိမ်နဲ့။ အမေ ဖြေရှင်းလိုက်မယ်။ သားအတွက်  အိမ်မှာ ကုသရေးချိုးရေ ပြင်ပေးထားတယ်။ မြန်မြန်လာခဲ့လေ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့”

ဝမ်ဝေ့ ဆက်သွယ်ရေးကို ဖြတ်တောက်ပြီးလိုက်သည့်နောက်တွင် လှောင်ပြုံး ပြုံးလိုက်သည်။ ဝူဟုန်အတွက်မူ သူ့ယောက္ခထီးအတွက် တိတ်တဆိတ်သာ ဆုတောင်းပေးနေတော့သည်။

…………………

တိုက်ပွဲအပြီး လအနည်းငယ် ကြာပြီးသည့်နောက်တွင် လင်းဖန်က မျှော်နန်းဆောင်ထိပ်တွင် တစ်ယောက်တည်း ထိုင်ကာ သေရည်ကို သောက်နေလေသည်။ သူက သူ့ဝမ်းနည်းမှုများအား သေရည်နှင့် ဆေးကြောနေဟန်ပေါ်၏။

သိပ်မကြာခင် သူက ခြေသံနီးကပ်လာသည်ကို ခံစားမိလိုက်သည်။ သူက လှည့်မကြည့်ဘဲ ဘယ်သူမှန်း တန်းသိလိုက်၏။

“ ရှစ်အာလား … ဘာကိစ္စလဲ”

“ ရှင် အဆင်ပြေရဲ့လားလို့ လာကြည့်တာပါ” ရှီရှစ်က ပြန်ဖြေလိုက်သည်။

“ ကိုယ်က မင်း ထင်ထားသလောက် မနုပါဘူး။ အရှင်းဆုံးပြောရရင် တိုက်ပွဲ ရှုံးမယ်ဆိုတာ ထင်ထားပေမဲ့ ဒီလောက်ကြီး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမယ်လို့ မထင်ထားမိဘူး”

ရှစ်အာက ခေါင်းညိတ်လိုက်ပြီးနောက် သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သို့သော်လည်း သူမက ဘာမှမပြောဘဲ ဗျပ်စောင်းကို ထုတ်ကာ တီးခတ်နေလေသည်။

“ ကိုယ်တို့ကြားမှာ အဲလောက်ကြီး ကွာဟချက်ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး။ သူနဲ့ တိထျန်းက တကယ်ကို နောက်တစ်ဆင့် ရောက်နေပြီပဲ”

ကျောင်းတော်သာ သိထားသည့် လျှို့ဝှက်ချက်တစ်ခုမှာ လင်းဖန်က တိထျန်းအား စိန်ခေါ်ခဲ့ပြီး တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုကျရှုံးမှုက သူ့အား စိတ်ပျက်သွားစေသည်။ ကံကောင်းစွာဖြင့် သူက ထိုအရာမှ ပြန်နိုးထလာခဲ့ပြီး သူ့စိတ်နှင့် တာအိုနှလုံးသားကို ပြုပြင်ခဲ့သည်။

“ လောင်ကုန်း … ဒီတိုက်ပွဲကို စိတ်မရှိဘူးဆိုရင် ဘာလို့ စိတ်မကြည်ရတာလဲ”

“ ကိုယ် စိတ်မကြည်တာ မဟုတ်ဘူး။ ကိုယ်တို့နှစ်ယောက်ကြားက ကွာဟချက်ကို ဘယ်လိုလျော့သွားအောင် လုပ်ရမလဲ စဉ်းစားနေတာ။ အရှင်းဆုံးပြောရရင် ကျောင်းတော်ရဲ့ နည်းလမ်းက ကိုယ့်အတွက် သိပ်အများကြီး အကျိုးမဖြစ်ဘူး။ ကိုယ် နောက်ထပ် ပြင်ပအကူအညီ လိုအပ်တယ်”

ထို့နောက် သူတို့နှစ်ဦးက တိတ်ဆိတ်သွားပြီးနောက် ဗျပ်စောင်းသံသာ ထွက်ပေါ်နေလေသည်။ ထို့နောက် ရှီရှစ်က ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်၏

“ အဲဒါဆိုရင်တော့ နည်းလမ်း ရှိနိုင်တယ်”

All Chapters