အခန်း ၄၀၂
Vol. 41 Ch. 402
အခန်း။ ၄၀၂
“ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဆန်းရယ်၊ ရာစုနှစ်ချီ ဝိညာဉ်မှိုရယ်၊ အဆင့်ကျော်ဖြတ်ဆေးလုံးနဲ့ ဝိညာဉ်လက်နက် အတော်များများပါလား... နင် ကျင့်ကြံသူကြီးတစ်ယောက်ရဲ့ ဂူဗိမာန်ကို သွားတူးလာတာတော့ မဟုတ်ပါဘူးနော်”
ပိယောင်ယောင်၏ စကားကြောင့် လုံယီမှာ အနည်းငယ် စိတ်ရှုပ်သွားရသည်။
“ငါ့မှာ အဲဒီလောက် စွမ်းရည်ကြီးရှိပါ့မလား”
“ရတနာတွေက အများကြီးပဲ။ ငါတစ်ယောက်တည်း စားရင်တော့ ဗိုက်ပေါက်ထွက်သွားလိမ့်
မယ်”
ပိယောင်ယောင်က သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“နင် ဘယ်နည်းလမ်းပဲသုံးသုံး ဒီကိစ္စကို အောင်မြင်အောင် လုပ်ပေးနိုင်ရင် ဒီရတနာတွေကို နင်
စိတ်ကြိုက် စီမံခန့်ခွဲလို့ရတယ်”
လုံယီက သူမကို မက်လုံးပေးလိုက်သည်။
သူမရှေ့မှောက်ရှိ စူးရှတောက်ပနေသော ရတနာပုံကြီးကို ကြည့်ပြီး ပိယောင်ယောင်သည် တံတွေးကို မသိမသာ မျိုချလိုက်မိသည်။
ထို့နောက် သူမ၏ ရင်ဘတ်ကို ယုံကြည်မှုအပြည့်ဖြင့် ပုတ်ပြကာ “ငါ့အပေါ်ပဲ ပုံထားလိုက်” ဟု ပြောလိုက်သည်။
မကြာမီမှာပင် ပိယောင်ယောင်သည် လုံယီပေးလိုက်သော ရတနာများကို သယ်ဆောင်၍ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သူမ ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း လုံယီ၏ မျက်လုံးများထဲတွင် တွေးတောဆင်ခြင်ရိပ်များ ပေါ်လာခဲ့သည်။
အကယ်၍ ပိယောင်ယောင်၏ နောက်ကွယ်က လူကပင် ဤကုန်ကြမ်းများကို မရရှိနိုင်ဘူးဆိုပါက ကိစ္စက အနည်းငယ် ရှုပ်ထွေးသွားပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ ပိယောင်ယောင်သည် သူမ၏ ဂူဗိမာန်သို့ ပြန်ရောက်သည်နှင့် အတွင်းသို့ အပြေးအလွှား ဝင်သွားခဲ့သည်။
“အဖေ... အဖေ”
“နင်လည်း အရွယ်ရောက်နေပြီပဲ နည်းနည်းပါးပါး တည်တည်ငြိမ်ငြိမ် မနေတတ်ဘူးလား” အကြီးအကဲပိသည် သက်ပြင်းချရင်း ထွက်လာခဲ့သည်။
သူသည် ထွားကျိုင်းသန်မာပြီး အရှိန်အဝါကြီးမားလှကာ ကျားတစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးများ ရှိသော်လည်း သမီးဖြစ်သူကို မြင်သည့်အခါတွင်မူ မျက်လုံးအစုံက နူးညံ့သွားတတ်သည်။
“သမီး အမြတ်အစွန်းများတဲ့ အရောင်းအဝယ်တစ်ခု ရလာတယ်။ အဖေ လုပ်မလား”
ပိယောင်ယောင်က ကပ်ချွဲသော အမူအရာဖြင့် ပြုံးလျက် ပြောလိုက်သည်။
“ဟင်း... သမီးအပျိုကြီး ဖြစ်လာတော့ အိမ်မှာ ထိန်းရခက်လာပြီပဲ။ အခုဆို အဖေနဲ့တောင် လာပြီး စီးပွားရေး စကားပြောနေပြီ။ ကဲ... ဘာကိစ္စလဲ ပြောစမ်းပါဦး”
“သမီးကို ကုန်ကြမ်းအချို့ ရှာပေးပါ ဆုလာဘ်ရှိတယ်”
ပိယောင်ယောင်က ပြောကာ သေသပ်စွာ ရေးထားသော စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။
အကြီးအကဲပိသည် စာရွက်ကိုယူ၍ ဖတ်ကြည့်ရာ မျက်မှောင်ကြုတ်သွားပြီး “ဒီကုန်ကြမ်းတွေအကြောင်း နင် အရင်ကလည်း အဖေ့ကို ပြောဖူးတယ် မဟုတ်လား။ မြေဝိညာဉ်သဲဆိုတာကို ဗဟိုတိုက်ကြီးရဲ့ လေလံပွဲကြီးတစ်ခုမှာပဲ ငါတစ်ခါပဲ မြင်ဖူးတာ။ ယန်ပုမှိုကိုလည်း ရှေးဟောင်းကျမ်းစာတွေ အများကြီးထဲမှာ ရှာဖွေပြီးမှ တွေ့ခဲ့ရတာ... အခုကျတော့ လေမိစ္ဆာကြီးရဲ့ အတွင်းအမြုတေကိုပါ လိုချင်နေပြန်ပြီလား။ နင့်အဖေကို သေခိုင်းနေတာနဲ့ ဘာထူးလဲ”
စာရွက်အဆုံးကို ရောက်သည့်အခါ အကြီးအကဲပိသည် ဒေါသတကြီးဖြင့် မုတ်ဆိတ်မွေးများ ထောင်ထွက်မတတ် ဖြစ်သွားပြီး “ဟိုကောင်စုတ်လေးက နင်ခိုင်းလို့ နင် ဒီလို လျှောက်လုပ်နေတာ မဟုတ်လား။ ငါက ကျင့်ကြံမှုအဆင့် တက်ဖို့အတွက် အလုပ်ရှုပ်နေတာ ဒီလို အသေးအဖွဲကိစ္စတွေအတွက် ဘယ်မှာ အချိန်ရှိမှာလဲ။ သူက ကြည့်ရဆိုးတဲ့ ကောင်ဆိုရင် ငါ အဲဒီကို သွားပြီး ခြေထောက်နှစ်ဖက်လုံးကို ရိုက်ချိုးပစ်လိုက်တာ ကြာပြီ”
“အဖေကလည်း... အလကား ခိုင်းတာမှ မဟုတ်တာ ဆုလာဘ်ပါတယ်လို့ ပြောသားပဲ”
“ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ရဲ့ ဆုလာဘ်က ငါ့မျက်စိထဲ ဝင်ပါ့မလား” အကြီးအကဲပိက ပြောလိုက်သည်။
သို့သော် နောက်တစ်ခဏ၌ပင် သူ၏ မျက်ဝန်များ ကျဉ်းမြောင်းသွားတော့သည်။
ပိယောင်ယောင်သည် လုံယီ၏ ဝိညာဉ်အိတ်အတွင်းမှ ရတနာအားလုံးကို ထုတ်ပြလိုက်ခြင်းပင်။
သူတို့သည် ခြံဝင်းအတွင်းသို့ ကျရောက်လာရာ ရွှေရောင်၊ ငွေရောင်များဖြင့် တဖျတ်ဖျတ် လက်နေပြီး အလွန်ပင် ခမ်းနားထည်ဝါသည်။
ဝူး...
ပစ္စည်းအချို့သည် အကြီးအကဲပိ၏ လက်ထဲသို့ အလိုအလျောက် ပျံသန်းဝင်ရောက်သွားပြီး သူက သေချာစွာ စစ်ဆေးကြည့်ရှုတော့သည်။
“ဒီဆံထိုးက ယင်ဓာတ်သဘာဝရှိတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ပဲ။ အရှိန်အဝါတွေ အနည်းငယ် ရောနှောနေပေမဲ့ သူ့ရဲ့ အရည်အသွေးကိုတော့ မထိခိုက်စေပါဘူး။ နည်းနည်းလောက် ပြန်လည်သွန်းလုပ်လိုက်ရင် စွမ်းအားက နှစ်ဆမက တိုးလာနိုင်တယ်။ ဂိုဏ်းထဲက စီနီယာအမျိုးသမီး အကြီးအကဲတွေ သဘောကျမယ့် အရာပဲ”
“ဒီပန်းရောင်အိတ်ကတော့ အရည်အသွေး သာမန်ပဲ။ ဒါပေမဲ့ ဝိညာဉ်လက်နက်အဆင့် ဖြစ်နေတုန်းပဲ။ သာမန်တစ်ကိုယ်တော် ကျင့်ကြံသူတွေဆိုရင် တစ်သက်လုံး ရှာရင်တောင် ရဖို့ခက်တဲ့အရာမျိုးပေါ့...”
“ဒီသားရဲဥက ချီစွမ်းအင်အင် အလွန်အားကောင်းတယ်။ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုရင် ဒါက မိစ္ဆာဗိုလ်ချုပ်တစ်ယောက်ရဲ့ မျိုးဆက် ဖြစ်နိုင်ခြေများတယ်။ အတော်လေး ရှားပါးတဲ့ ပစ္စည်းပဲ...”
“ဟင်...”
အကြီးအကဲပိသည် မှိုင်းညို့နေသော မီးခိုးရောင် ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်သည်။ သူ၏ ထက်သန်လှသော ဝိညာဉ်အမြုတေချီစွမ်းအင်ဖြင့် ၎င်းကို သန့်စင်လိုက်သည့်အခါ ၎င်းသည် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးပြောင်လက်ပြီး သိပ်သည်းလှသော ဝိညာဉ်ချီများ ထွက်ပေါ်နေသည့် ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။
“အထက်တန်းအဆင့် ဝိညာဉ်ကျောက်တုံးပါလား”
အကြီးအကဲပိက အံ့သြတကြီး ရေရွတ်လိုက်သည်။
ပိယောင်ယောင်သည်လည်း အလားတူပင် အံ့သြသွားရသည်။
အထက်တန်းအဆင့် ဝိညာဉ်ကျောက်တုံးဟူသည်မှာ ရွှေအမြုတေအဆင့် ပညာရှင်ကြီးများပင် အသုံးပြုနိုင်သော ရတနာဖြစ်သဖြင့် ၎င်း၏ တန်ဖိုးမှာ အတိုင်းအဆမရှိလှပေ။
“ဒီပစ္စည်းတွေက ငါ့အတွက်တော့ သိပ်အသုံးမဝင်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းထဲမှာ ငါတို့လို အကြီးအကဲတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ရတနာခန်းမရှိတယ်လေ။ အဲဒီကို သွားပြီး လဲလှယ်ပေးဖို့ကတော့ သိပ်ပြီး မခက်ခဲပါဘူး”
“အဖေကလည်း... အဲဒါကို စောစောက ဘာလို့ မပြောရတာလဲ”
“နင့်အဖေက အလုပ်ရှုပ်နေတာလေ။ နင်တို့လို ကလေးတွေ နောက်ကလိုက်ဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ”
သူမ၏ ဖခင်ဖြစ်သူမှာ အကျိုးအမြတ်မမြင်ရလျှင် မလှုပ်ရှားချင်သော လူစားမျိုးဖြစ်
နေသည်ကို တွေ့ရသဖြင့် ပိယောင်ယောင်မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ပါးဖောင်းဖောင်းလေးလုပ်ကာ စောင့်အောင့်နေမိတော့သည်။
မကြာမီမှာပင် သူမသည် လုံယီထံသို့ သတင်းကောင်း ယူဆောင်လာခဲ့သည်။
သူမ၏ ဖခင်သည် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် အဆက်အသွယ်များနှင့် ဂိုဏ်းအတွင်းရှိ ဩဇာအာဏာကို အသုံးပြု၍ လုံယီအလိုရှိသော ပစ္စည်းစာရင်းထဲမှ အရိုးဆွေးမြက်ကို ရရှိအောင် ကူညီပေးခဲ့သည်။
ကျောက်ဖြစ်ခြင်းအတတ်ပါရမီအတွက် လိုအပ်သော ရေခဲဝိညာဉ်နှင့် လေငြိမ်သက်ခြင်းပါရမီအတွက် လိုအပ်သော ကောင်းကင်ပြာငှက်မွေးတို့အတွက်လည်း သဲလွန်စများ ရရှိထားသဖြင့် ရရှိရန် မျှော်လင့်ချက် အလွန်ကြီးမားနေသည်။
“ငါ့အဖေပြောတာတော့ နင်ပေးလိုက်တဲ့ ရတနာတွေက ဒီပစ္စည်းသုံးခုကို လဲလှယ်လိုက်ရင်ပဲ အကုန်လုံးနီးပါး ကုန်သွားလိမ့်မယ်တဲ့”
ပိယောင်ယောင်က လုံယီကို အားနာစရာကောင်းလှသည့် အမူအရာဖြင့် ပြောသည်။
သေချာသည်မှာ သူမကိုယ်တိုင်လည်း သူမဖခင်၏ အမြတ်ခုတ်မှုမှာ လွန်လွန်းသည်ဟု တွေးမိသောကြောင့်ပင်။
ပွဲစားလုပ်ပြီး အမြတ်မစားတဲ့လူ ဘယ်မှာ ရှိပါ့မလဲ။
လုံယီကမူ ထိုအရာကို စိတ်ထဲမထားပေ။ အဘယ်ကြောင့်ဆိုသော် သူပေးလိုက်သော ရတနာများမှာ သူ့အတွက် အသုံးမဝင်သောကြောင့်ပင်။
၎င်းတို့ကို သူ၏ ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲနိုင်သရွေ့ တန်ဖိုးရှိသည်။
သို့သော် ပိယောင်ယောင် ကမ်းပေးလာသည့် အရိုးဆွေးမြက်ကို ကြည့်လိုက်သည့်အခါ လုံယီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။
အရိုးဆွေးမြက်ဟူသည်မှာ တစ်ကိုယ်လုံး ကတ္တရာစေးကဲ့သို့ မည်းနက်နေပြီး ဆူးများဖြင့် ပြည့်နှက်နေကာ ၎င်းဆူးများမှ ဖြူလွှလွှ အကျိအချွဲများ ရံဖန်ရံခါ စီးကျနေတတ်ပြီး ပျို့အန်
ချင်စရာကောင်းသော အနံ့ဆိုးများ ထွက်ပေါ်နေသည့် အပင်တစ်ပင်။
လုံယီ စိတ်ရှုပ်သွားရခြင်းမှာ ၎င်း၏ အနံ့ဆိုးကြောင့် မဟုတ်ဘဲ ဤပစ္စည်းသည် အဆိပ်အတတ်ပါရမီကို အဆင့်မြှင့်တင်ရန်အတွက် ဖြစ်နေသောကြောင့်ပင်။
ဒီပါရမီက ဘာအတွက် အသုံးဝင်မှာလဲ။
မည်သို့ပင်ဖြစ်စေ ရလာသည့်အရာကို အလဟဿမဖြစ်စေရဟူသော အခြေခံမူအရ ပိယောင်ယောင် ထွက်ခွာသွားပြီးနောက် လုံယီသည် ပါရမီကို အဆင့်မြှင့်တင်လိုက်တော့သည်။
[အဆိပ်အတတ် (အခြေခံ ၀/၂၀ + အရိုးဆွေးမြက် ၁ ပင်) အဆိပ်အတတ် (ကျွမ်းကျင် ၀/၁၀၀ + နတ်မိစ္ဆာမူးယစ်မက်မွန်သီး ၁ လုံး)]
ထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစများ ပေါ်ထွက်လာပြီး လုံယီသည် မြွေငယ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ထိုမှတ်ဉာဏ်များကို စုပ်ယူပြီးနောက် သူ၏ အဆိပ်အတတ်ပါရမီမှာ အပြည့်အဝ ဖွံ့ဖြိုးသွားခဲ့ပြီး ပါရမီပြကွက်ပေါ်ရှိ ဖော်ပြချက်မှာလည်း အချို့ ပြောင်းလဲသွားခဲ့သည်။
အဆိပ်အတတ်သည် ခန္ဓာကိုယ်အတွင်း အဆိပ်အတတ်အပေါ် ခုခံနိုင်စွမ်းကို တဖြည်းဖြည်း တိုးမြင့်စေသည်။ တံတွေးတွင် ပြင်းထန်သော တိုက်စားနိုင်စွမ်းနှင့် အဆိပ်အတတ်များ ပါဝင်လာသဖြင့် ရန်သူကို ဒဏ်ရာရရှိစေရန် အသုံးချနိုင်သည်။
ထွီ
လုံယီသည် သူ့လက်ထဲရှိ အသုံးမဝင်သော မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်လက်နက်ဟောင်းတစ်ခုပေါ်သို့ တံတွေးဖြင့် ခပ်သာသာ ထွေးချလိုက်သည်။
နောက်တစ်ခဏတွင် ထိုအလယ်အလတ်အဆင့် ဝိညာဉ်လက်နက်၏ မျက်နှာပြင်မှ ရှဲ... ရှဲ...ဟူသော အသံများနှင့်အတူ အခိုးအလျှံများ ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် ထက်ဝက်ကျော်ခန့် အရည်ပျော်သွားတော့သည်။
ဒါက ဘယ်လိုဆန်းပြားတဲ့ အတတ်လဲ။
လုံယီမှာ ဆွံ့အသွားရသည်။ ဤပါရမီမှာ အားမနည်းဟု ဆိုနိုင်သော်လည်း ၎င်းကို သူ၏ ပုံမှန်တိုက်ကွက်တစ်ခုအဖြစ် အသုံးပြုရန်မူ ရည်ရွယ်ချက် လုံးဝမရှိချေ။
အကယ်၍ ငါဒါကို အသုံးပြုမိရင် ငါ့ရဲ့ ဂုဏ်သိက္ခာ မပျက်စီးစေဖို့အတွက် မြင်တဲ့လူအကုန်လုံးကို အစဖျောက် သတ်ပစ်ရမယ်။
သူ စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ပိယောင်ယောင်သည် လုံယီထံသို့ ကောင်းကင်ပြာငှက်မွေးကို ယူဆောင်လာပေးခဲ့သည်။
ဤသည်မှာ မိစ္ဆာသားရဲကြီးဖြစ်သော ကောင်းကင်ပြာငှက်၏ အရေးအကြီးဆုံးသော အမွေးအတောင်ဖြစ်ပြီး ၎င်းအတွင်း၌ ထိုသားရဲ၏ ဝိညာဉ်သွေးအနှစ်များစွာ သိပ်သည်းစွာ ပါဝင်နေသည်။
ထိုအပြာရောင် ငှက်မွေးမှာ လူတစ်ကိုယ်စာ လက်မောင်းခန့် တုတ်ခိုင်ပြီး အမွေးအမျှင်များမှာ နက်မှောင်သော သံမဏိအနှစ်ကဲ့သို့ မာကျောလှသဖြင့် ဘေးနားမှ ဖြတ်သန်းသွားသော လေပြင်းများပင်လျှင် ၎င်းကို တမင်ရှောင်ကွင်းသွားကြရာ အလွန်ဆန်းကြယ်သော အရှိန်အဝါ ရှိသည်။
လုံယီသည် သူ၏ လေငြိမ်သက်ခြင်းပါရမီကို ဆက်လက်အဆင့်မြှင့်တင်လိုက်သည်။
[လေငြိမ်သက်ခြင်း (အခြေခံ ၀/၃၀ + ကောင်းကင်ပြာငှက်မွေး ၁ ချောင်း) လေငြိမ်သက်ခြင်း (ကျွမ်းကျင် ၀/၁၅၀ + စန္ဒလေကျောက်တုံး ၁ တုံး)]
အဆင့်မြှင့်တင်ပြီးနောက် လေငြိမ်သက်ခြင်း၏ ဖော်ပြချက်မှာ အောက်ပါအတိုင်း ပြောင်းလဲသွားသည်။
[လေငြိမ်သက်ခြင်းစွမ်းရည်သည် ပြင်းထန်သော လေထုဝန်းကျင်အတွင်း၌ ခန္ဓာကိုယ်၏ လိုက်လျောညီထွေရှိမှုမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း တိုးတက်လာမည်။
လေဓာတ်နှင့် သက်ဆိုင်သော တိုက်ခိုက်မှုဒဏ်များ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက ၎င်းတို့၏ ၉၇ ရာခိုင်နှုန်းကို စုပ်ယူဖျက်ဆီးပစ်နိုင်သော်လည်း အတိုင်းအဆအကန့်အသတ်ရှိသည်]
အခြေခံအဆင့်တွင် လေငြိမ်သက်ခြင်းပါရမီသည် လေဓာတ်တိုက်ခိုက်မှု၏ ၉၀ ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ ခန္ဓာကိုယ်ကို ထိမှန်စေသည်။
ယခုအခါ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသည့်အခါတွင်မူ ဒဏ်ရာစုပ်ယူနိုင်စွမ်းမှာ သုံးဆမက တိုးတက်လာပြီး ခန္ဓာကိုယ်ပေါ်သို့ ၃ ရာခိုင်နှုန်းသာ သက်ရောက်တော့မည် ဖြစ်သည်။ သူ၏ ဇွဲနပဲပါရမီနှင့်ပါ ပေါင်းစပ်လိုက်မည်ဆိုပါက လုံယီအနေဖြင့် လေဓာတ်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ အဘိုးက မြေးကို ဆုံးမသကဲ့သို့ အလွယ်တကူ ကိုင်တွယ်နိုင်တော့မည် ဖြစ်သည်။
အရိုးဆွေးမြက်နှင့် ကောင်းကင်ပြာငှက်မွေးတို့ကို ပေးအပ်ပြီးနောက် အကြီးအကဲပိဘက်မှ မည်သည့်သတင်းမျှ ထပ်မံထွက်ပေါ်မလာတော့ပေ။ လုံယီသည်လည်း အလောမကြီးဘဲ ဂိုဏ်းအတွင်း၌သာ တိတ်တဆိတ် ဆက်လက်ကျင့်ကြံနေခဲ့သည်။
သူသည် နေ့စဉ် ရွှမ်ယင်ကျင့်စဉ်ကို လေ့ကျင့်လိုက် သို့မဟုတ် ဝူကျိုစိုက်ခင်းများဆီသို့ သွားရောက်ကာ ပိုးမွှားများကို သတ်ဖြတ်လိုက်ဖြင့် သူ၏ ကျင့်ကြံမှုအဆင့်ကို မှန်မှန် တိုးတက်အောင် လုပ်ဆောင်နေခဲ့သည်။
အကြီးအကဲဝမ်မှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် တံခါးပိတ်ကျင့်ကြံနေရပြီး ဝန်တောက်တောင်ခြေရှိ သူချထားသော လူယုံများကိုပါ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း သတင်းကြားရသဖြင့် လောလောဆယ်တွင် လုံယီအား ဒုက္ခပေးရန် အခြေအနေမရှိချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်လခန့် အချိန်ကုန်လွန်သွားခဲ့သည်။
တစ်နေ့တွင် ပိယောင်ယောင်သည် စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ကတုံးကြီးလုံ... ငါတို့ ရေခဲဝိညာဉ်ကို ရှာတွေ့ပြီဟေ့”
“တကယ်လား”
လုံယီမှာ အတိုင်းမသိ ဝမ်းမြောက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ ပထမဆုံး ရရှိခဲ့သော ကျောက်ဖြစ်ခြင်းအတတ်ပါရမီကို ပြီးပြည့်စုံခြင်းအဆင့်သို့ အဆင့်မြှင့်တင်
နိုင်တော့မည်ကို ဆိုလိုသောကြောင့်ပင်။
၎င်းသည် လုံယီ၏ ပထမဆုံးသော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိမည့် ပါရမီ ဖြစ်လာပေလိမ့်မည်။
မည်ကဲ့သို့သော ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို လုံယီ တက်ကြွစွာဖြင့် မျှော်လင့်စောင့်စားနေမိတော့သည်။