← Chapters

အမုန်းတရား

Vol. 21 Ch. 291

အမုန်းတရား

Vol. 21 Ch. 291

အခန်း (၂၉၁) : အမုန်းတရား

မဟာကျိုးတော်ဝင်တိုင်းပြည်၏ ဘုရင်ကျီဝမ်က တရားဝင် အစည်းအဝေးတစ်ခု ကျင်းပနေလေသည်။ သို့သော်လည်း သူက မေးထောက်လျက် ပလ္လင်ပေါ်တွင် ထိုင်နေရင်း အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည်။

“ ယခင်နှစ်ငါးရာအတွင်းမှာ မြို့တော်ကို တိုက်ခိုက်မှုပြီးကတည်းက စွင်းကျောင်းလုံရဲ့ လှုပ်ရှားမှုက အတော်လေး လျော့ကျသွားတယ်။ ကျုပ်တို့တွေ နယ်မြေများစွာကို ဆုံးရှုံးရပေမဲ့ တချို့ကိုတော့ ပြန်ယူနိုင်ခဲ့တယ်” တပ်မဟာချုပ် ခေါင်းဆောင်က ပြောလိုက်သည်။

“ သတင်းကောင်းပဲ။ တကယ်လို့ သူတို့သာ အရင်လိုမျိုး မြန်မြန်ဆန်ဆန် လှုပ်ရှားနေမယ်ဆိုရင် ငါတို့တွေ နယ်မြေတွေ ပိုပြီးတော့ ဆုံးရှုံးသွားရလိမ့်မယ်”

“ အဲလိုလည်း မဟုတ်သေးဘူး။ အရင်နည်းစနစ်က မြန်ဆန်ပြီး သက်ရောက်မှု ရှိတယ်ဆိုပေမဲ့ ပြည်သူပြည်သားတွေက မဟာဝူတိုင်းပြည်ပိုင်နက်ထဲ ရောက်သွားတယ်လို့ မခံစားရဘူး။ ဒါပေမဲ့ အခု နှစ်ငါးရာ ကြာပြီးတဲ့နောက်မှာ သူတို့တွေက မဟာကျိုးပြည်သူအစား မဟာဝူပြည်သူတွေအဖြစ် စတင်ခံယူဖို့ အချိန်လုံလောက်လာပြီ”

“ အမှန်ပဲ။ တကယ်လို့ ကျုပ်တို့တွေသာ ပိုင်နက်တွေကို ပြန်ရယူနိုင်ခဲ့ရင် ပြည်သူပြည်သားတွေက ကျုပ်တို့ကို လက်ခံမှာ မဟုတ်ဘူး”

“ ဒါတွေက မဟာဝူ သူတို့ကို ဘယ်လိုဆက်ဆံတယ်ဆိုတာအပေါ်လည်း မူတည်တယ်”

အခန်းက တိတ်ဆိတ်သွားပြီးနောက် နောက်တစ်ယောက်က ထုတ်မေးလိုက်လေသည် “ အဲဒါဆိုတော့ ကျုပ်တို့ရဲ့ နောက်အစီအစဉ်ကဘာလဲ။”

အားလုံးက ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကျီဝမ်အား ကြည့်လိုက်ကြသည်။

“ အရှင်မင်းကြီး” အမတ်ချုပ်ကျောက်ယန်က ပြောလိုက်သည်။

“ ဟင် မင်း ဘာပြောလိုက်သေးလဲ” ဘုရင်ကျီဝမ်က ပြန်မေးလိုက်သည်။

“ အရှင်မင်းကြီး အားလုံးအဆင်ပြေရဲ့လား။ အရှင်မင်းကြီး အခုတလော စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ”

ဘုရင်ကျီဝမ်က သက်ပြင်းချကာ “ အရှင်းဆုံးပြောရရင် ငါ တစ်ခုခုမှားယွင်းနေသလို ခံစားရတာ ကြာပြီ။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့ မသိသေးဘူး။ ငါ ပင်ပန်းလွန်းနေတာများလား”

ကျောက်ယန်က မျက်လုံးဖွင့်ကာ “ အရှင်မင်းကြီး … အရှင်မင်းကြီးက တိုင်းပြည်ရဲ့ ချီနဂါးကံကောင်းမှုနဲ့ ဆက်နွယ်ထားတာဆိုတော့ အရှင်မင်းကြီးရဲ့ အလိုလိုသိစိတ်က တခြားလူတွေထက်ပိုပြီးတော့ စူးရှတယ်။ တကယ်လို့ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရတယ်ဆိုရင် တစ်ခုခုဖြစ်လာနိုင်ချေ ရှိတယ်။ အဲဒါကြောင့် စုံစမ်းလိုက်တာ အကောင်းဆုံးပါပဲ။”

ဘုရင်ကျီဝမ်က ခေါင်းညိတ်တော့မည့်ဆဲဆဲတွင် အဝေးမှ ချဉ်းကပ်လာသည့် ခြေသံကျယ်များကို ကြားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ မည်သူကများ အစည်းအဝေးကို နှောင့်ယှက်ရဲလဲဟု စဉ်းစားနေလေသည်။

ဘုရင်ကျီဝမ်က အစည်းအဝေးထဲ ဝင်ရောက်လာသည်ကို မြင်ကာ မျက်မှောင်ကြုတ်မိသွားသည်။

“ စုအာ ဘယ်လိုလုပ် တော်ဝင်ဂူဗိမာန်ရဲ့ အပြင်ဘက်ကို ရောက်နေတာလဲ။ ပြီးတော့ မင်းက အစည်းအဝေးကို မနှောင့်ယှက်ရမယ်မှန်း သိမှာပါ”

ကျီဝမ်အတွက် ကံဆိုးသည်က သူ့သားက သူ့ကို အမုန်းတရားအပြည့်၊ အေးစက်စက်မျက်ဝန်းဖြင့်သာ ကြည့်နေလေသည်။ ထို့နောက် ကျီစု၏ အကြည့်များက အခန်းထဲရှိ အရာရှိများထံ ရောက်ရှိသွားသည်။ ထို့နောက် လူအများစုက နေရာမှဖယ်ကာ သူ့နောက်သို့ လာရပ်ကြလေသည်။ အတိအကျဆိုရလျှင် လေးပုံသုံးပုံခန့် ကျော်လေသည်။ ပြောရလျှင် တပ်မဟာခေါင်းဆောင်နှင့် တော်ဝင်အစောင့်တပ် ခေါင်းဆောင်ဖြစ်သည့် ကျိုးဖန်လည်း အပါအဝင် ဖြစ်ပေသည်။

ကျီဝမ်က အဖြစ်အပျက်ကို သတိပြုကာ ပလ္လင်မှ ထလာရင်း “ မင်း ဘာလုပ်နေတာလဲ”

“ သိသာတယ် မဟုတ်ဘူးလား” ကျီစုက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“ မသိတတ်တဲ့ သား။ မင်း ဒါတွေ ဘာလို့ လုပ်နေတာလဲ။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာပေါ့”

“ မသိတတ်တဲ့ သားတဲ့လား။ ဟား…ဟား…ဟား…ဟား…” ကျီစုက ရူးသွပ်သည့်အရိပ်အယောင်ဖြင့် အားပါးတရ ရယ်မောလိုက်သည်။

“ ကျုပ်ညီကို ဒီလိုလုပ်ပြီးတာတောင် ခင်ဗျားက ဒီလိုပြောဖို့ ထိုက်တန်မယ်ထင်နေလား” ကျီစုက သူ့အဖေအား အော်ပြောလိုက်သည်။

ကျီဝမ်က နောက်တစ်လှမ်းဆုတ်လိုက်မိ၏။ ထို့နောက် သူက ပြုံးကာ “ အဲဒါကြောင့်လား။ ငါ စုန့်အာကို မကာကွယ်နိုင်တဲ့အတွက်ကြောင့်လား။ မင်းလိုမျိုး ငါလည်း သူ့ကို မလွမ်းဘူးများ ထင်နေလား။ သူ့အတွက် နေ့တိုင်း ပူဆွေးသောက မရောက်ရဘူးလို့များ ထင်နေလား။ ငါ့သားကို ငါ မကာကွယ်နိုင်ခဲ့တဲ့ ငါ့အားနည်းချက်ကို အပြစ်မတင်နိုင်ဘဲ နေမယ်များ ထင်နေလား”

“ ဒါက ခင်ဗျားရဲ့ အားနည်းချက် မဟုတ်ဘူး” ကျီစုက သူ့လက်ကို ငုံ့ကြည့်ကာ “ အရင်နှစ်ရာချီအတွင်းမှာ ကျွန်တော် ဒီအခြေအနေကို ထပ်ခါထပ်ခါ စဉ်းစားခဲ့တယ်။ လက်ရှိအခြေအနေအရ ကျွန်တော်တို့ နှစ်ယောက်လုံး တတ်နိုင်တာ ဘာမှမရှိဘူး”

သူက ခဏတာ ရပ်တန့်လိုက်ပြီးနောက် “ ကျွန်တော့် တည်ရှိမှုတိုင်းမှာ သူ့နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်အပေါ် နာမည်ရေးသွင်းဖို့ မဖျောင်းဖျနိုင်ခဲ့တဲ့အတွက် အပြစ်တင်မိတယ်။ မဟုတ်ရင် ဒါတွေ အကုန်လုံးကို ရှောင်လွှဲနိုင်လိမ့်မယ်”

သူက ကျီဝမ်အား တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွင် သတ်ဖြတ်ငွေ့အပြည့် ဖြစ်လာ၏။

“ ခင်ဗျားကို အရမ်းမုန်းနေရတဲ့ အကြောင်းက ခင်ဗျားက သူ သေဆုံးပြီးသွားတာတောင် ဘာမှမလုပ်ခဲ့ဘူး။ ခင်ဗျားက သူ့ကို သတ်တဲ့လူတွေဆီမှာ အသားတစ်တုံးရဖို့ ခွေးတစ်ကောင်လိုမျိုး အမြီးနှံ့နေခဲ့တာ။ ပြီးတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး ဘဝကြီးကို ဆက်နေနေတယ်”

“ ငါ့ကို ဘာလုပ်စေချင်တာလဲ။ မဟာကျိုးတော်ဝင်တိုင်းပြည်ကို ကျဆုံးသွားစေချင်တာလား။ လူသန်းချီရဲ့ဘဝကို စတေးပြီးတော့လား”

“ ခင်ဗျားရဲ့ အာဏာတပ်မက်မှုကို ဖုံးကွယ်ဖို့ ဒီလိုမျိုး တုံးအအ အကြောင်းပြချက်တွေကို မသုံးစမ်းပါနဲ့” ကျီစုက ရေရွတ်လိုက်သည်။

“ ခင်ဗျားသာ ဒီပလ္လင်ကို တခြားတစ်ယောက်စီပေးပြီးတော့ ဝမ်ဝေ့ကို ကိုယ့်ဘာသာကို သတ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် အဖေတစ်ယောက်နဲ့ တာဝန်ကို ဖြည့်ဆည်းနိုင်ဦးမယ်။ ဒီနည်းနဲ့ တစ်ခုခုမှားသွားခဲ့မယ်ဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းက ခင်ဗျားရဲ့ အပြုအမူတွေကို ကျွန်တော်တို့ဆီ လာပြီးအပြစ်တင်မှာ မဟုတ်ဘူး။

ပြီးတော့ လူသတ်သမား ငှားပြီးတော့လည်း လုပ်ကြံလို့ရသေးတယ်။ ပြီးသွားရင် ဒါကို တိုင်းပြည်ကာကွယ်ဖို့ ဆိုပြီးတော့ အပြစ်ဖို့လည်း ရတာပဲ။ ဒါပေမဲ့ ခင်ဗျား ဘာမှမလုပ်ခဲ့ဘူး။ ခင်ဗျားရဲ့ ဖခင်တစ်ယောက်နဲ့ အုပ်ချုပ်သူတစ်ယောက်ကြားက ရွေးချယ်မှုမှာ ခင်ဗျားက တုံ့ဆိုင်းခြင်းမရှိဘဲ ဘုရင်အဖြစ်နေဖို့ ရွေးချယ်ခဲ့တယ်။ အဲဒါကြောင့် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာရတာပဲ။ ခင်ဗျားက အာဏာကို ဒီလောက်ကြိုက်နေမှတော့ ခင်ဗျားရဲ့ လက်ထဲကနေ ကျုပ် ရအောင် ယူပြမယ်”

ကျီဝမ်က ခဏတာ တိတ်ဆိတ်သွားကာ “ ဒီလိုဆိုရင် ဘာမှဆက်ပြောနေစရာ မလိုဘူး”

သူ့ခန္ဓာကိုယ်အထက် ရွှေရောင်ချပ်ဝတ်တစ်ခု ပေါ်ထွက်လာသည်။ သူက တိုင်းပြည်၏ ကံကြမ္မာကို သူ့အင်အားတိုးလာဖို့ အသုံးပြုလိုက်၏။ သို့သော်လည်း သူ့ကို ထိတ်လန့်သွားစေသည်က သူ့ ထိန်းချုပ်နိုင်စွမ်းက ဖြည်းဖြည်းချင်း လျော့ကျလာသည်ကို သတိပြုမိလိုက်သည် “ မင်း ဘာလုပ်လိုက်တာလဲ”

“ ခင်ဗျား ဒါကို ပြောတာလား” ကျီစုက အဖိုးတန် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် တော်ဝင်စည်းတံဆိပ်ကို ကိုင်ဆောင်ထားသည်။

“ အရင်နှစ်ရာချီအတွင်း ကျုပ်ဘာမှ မပြင်ဆင်ထားဘူးများထင်နေလား” ကျီစုက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခဏ မင်းအမေ…” ကျီဝမ်က ပြောလိုက်သည်။

သို့သော်လည်း သိပ်မကြာခင် သူက သွေးအန်လိုက်ပြီး လဲကျသွားလေသည်။ သူ့အတွက် ကံကောင်းသည်က သူ့နောက်တွင် ပလ္လင်ရှိနေ၍ မှီထားနိုင်သည်။

“ အရှင်မင်းကြီး” အမတ်ချုပ်ကျောက်ယန်က ဘုရင်ဆီ ပြေးလာသည်။ တခြားသောအရာရှိများက ပြေးလာခဲ့သော်လည်း ကျောက်ယန်က သူတို့ကို ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် ကျီဝမ်အနားကပ်ခြင်းမှ တားဆီးထားလေသည်။

မိဖုရားကတောင် ဒီအခြေအနေနဲ့ ပတ်သက်နေတယ်ဆိုရင် ဘယ်သူ့ကိုမှ ယုံကြည်လို့ မဖြစ်ဘူး…

ကျောက်ယန်က တွေးတောလိုက်သည်။ အမတ်ချုပ်က သူ့မူလအဆီအနှစ်ကို ကျီဝမ်၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းကာ အဆိပ်ကို ဖယ်ရှားဖို့ ကြိုးစားနေစဉ် အခန်းထဲသို့ နောက်လူတစ်ယောက် ဝင်လာသည်။

ထိုသူက ဟန်ဖူဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် မိန်းမလှတစ်ဦး ဖြစ်ပေသည်။ သူမ၏ ခေါင်းအထက်တွင် ရွှေရောင်သရဖူပါရှိ၏။

“ မင်း ငါ့ကို ဆေးခတ်ခဲ့တာလား” ကျီဝမ်က သွေးအန်ရင်း သူ့ဇနီးကို ကြည့်ရင်း မေးလိုက်သည်။ သူတို့က နှစ်သန်းချီကြာ အတူတူရှိလာပြီဖြစ်သော်လည်း ယခုတွင် သူမလက်ထဲတွင် သေဆုံးရတော့မည်။

သို့သော်လည်း ဘုရင်မက ဘာမှမပြောဘဲ သူ့အား ချစ်မြတ်နိုးမှု၊ ဝမ်းနည်းမှု၊ သနားမှုနှင့် အငြိုးများစွာဖြင့်သာ ကြည့်နေလေသည်။

“ခင်ဗျား သေဖို့ကို ဘာမှစိုးရိမ်စရာ မလိုဘူး။ ကျုပ် ပေးလိုက်တဲ့အဆိပ်က သေလျက်နဲ့ရှင် အဆိပ်ပဲ”  ကျီစုက ပြောလိုက်သည်။

ကျောက်ယန်က ထိုနာမည်ကို ကြားပြီးနောက် အမူအရာချက်ချင်းပြောင်းလဲသွားလေသည် “ မင်းက အရှင်မင်းကြီးကို ရုပ်သေးရုပ်အဖြစ် ပြောင်းပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ချင်နေတာလား”

“ အမတ်ချုပ်ကတော့ တကယ်ကို ထက်မြက်ဆဲပါပဲ။ ကံဆိုးတာက ခင်ဗျားက ကျုပ်အဖေပေါ် သစ္စာရှိမှုက ခိုင်မာလွန်းတယ်။ အဲဒါကြောင့် ဒီလိုမျိုး ပါရမီရှိတဲ့သူတစ်ယောက် သေဆုံးရမှာ နှမြောစရာပဲ”

သေလျက်နှင့်ရှင် အဆိပ်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်အား သတ်ဖြတ်နိုင်သော်လည်း သူတို့၏ ဝိညာဉ်ကို အကောင်းအတိုင်း ခန္ဓာကိုယ်အတွင်း ပိတ်ဆို့ထားနိုင်သောကြောင့် သေလျက်နှင့်ရှင် ဘဝသို့ ပြောင်းလဲနိုင်လေသည်။ ထိုသေလျက်နှင့်ရှင် ခန္ဓာကိုယ်ကို တခြားလူက ထိန်းချုပ်လိမ့်မည်။ ထိုအဆိပ်၏ အကောင်းဆုံးအချက်က တွေ့ရှိဖို့ အလွန်ခက်ခဲခြင်း ဖြစ်သည်။

အထွတ်အထိပ်နယ်ပယ်အဆင့် အစစ်အမှန်အုပ်ချုပ်သူတွေ ရောက်မလာခင် အချိန်ဆွဲထားဖို့ လိုတယ်။ အဲဒါမှ ငါတို့အတွက် အခွင့်အရေး ရလာလိမ့်မယ်။ ကျောက်ယန်က တွေးလိုက်ရင်း သူ့ပိုင်နက်ကို လွှင့်ထုတ်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။

ကျီစုက ထိုအရာကို မြင်ပြီး ပြုံးလိုက်သည် “ ခင်ဗျားက အစစ်အမှန် အုပ်ချုပ်သူတွေ လာကယ်မယ်လို့ ထင်ပြီး အချိန်ဆွဲနေမယ်ဆိုရင်တော့ အမှားကြီး မှားနေပြီ”

ထိုစဉ် မဟာကျိုးတော်ဝင်တိုင်းပြည်၏ လျှို့ဝှက်အခန်းအတွင်း ကျီစုန့်၏ ယခင်တာအိုကာကွယ်သူ ကျီဟန်က ထိုအစစ်အမှန် အုပ်ချုပ်သူများ ကျီစု၏ အစီအစဉ်ကို ဝင်ပြီး မနှောင့်ယှက်နိုင်ရန် အစီအရင်တစ်ခုဖြင့် တားဆီးထားလေသည်။ တခြားလူများအတွက်မူ သူတို့က မဟာဝူနှင့် ရင်ဆိုင်ရာ၌ တိုက်ပွဲအသီးသီးသို့ ရောက်နေတာမျိုး သို့မဟုတ် ကျီစုနှင့် ပူးပေါင်းထားတာမျိုးသာ ဖြစ်နေကြသည်။

ထိုအဖြစ်အပျက်အပြီး၌ နာရီအနည်းငယ် ကြာပြီးသည့်နောက်တွင် မဟာကျိုးတော်ဝင်တိုင်းပြည်ထံ သတင်းတစ်ခု ပျံ့လွင့်လာသည်။ ထိုအကြောင်းအရာမှာ လုပ်ကြံသူများ နန်းတော်ထဲ ဝင်ရောက်၍ အမတ်ချုပ်အပါအဝင် အမတ်အများစုကို သတ်ဖြတ်သွားသည့် အကြောင်း ဖြစ်သည်။ ထိုအမတ်များက တိုင်းပြည်ကို ခစားခဲ့သည့် ဂုဏ်ကျက်သရေကို ထောက်ထားသည့်အားဖြင့်  သူတို့အား ဝမ်းနည်းသည့် အထိမ်းအမှတ်အနေဖြင့် ရက်အနည်းငယ် ကျင်းပပေးမည် ဖြစ်သည်။

…………

စွင်းကျောင်းလုံက လျှို့ဝှက်ခန်းရှိ ဆက်သွယ်ရေးအစီအရင်ရှေ့တွင် ထိုင်နေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ကျီစု ရှိနေလေသည်။

“ ငါတို့ရဲ့ သဘောတူညီချက်အရ အရှေ့ပိုင်းနယ်မြေအားလုံးက မင်းအပိုင်ပဲ။ အဲ့ထက်တော့ မပိုဘူး” ကျီစုက ပြောလိုက်သည်။

“ မင်းက ကတိတည်တဲ့သူဖြစ်လို့ တော်သေးတာပေါ့” စွင်းကျောင်းလုံက အပြုံးဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး။ ငါ အနောက်ပိုင်းကိုလည်း စိတ်ဝင်စားတယ်”

“ ငါတို့တွေ သဘောတူပြီးသားပဲလေ”

“ ဘာကိုမှ တသတ်မှတ်တည်း သတ်မှတ်ထားလို့မရဘူး။ ပြီးတော့ မင်းရဲ့တိုင်းပြည်က အားနည်းနေတာဆိုတော့ မင်းအခြေအနေနဲ့ ဘာတတ်နိုင်မှာလဲ။” စွင်းကျောင်းလုံက သရော်ပြီး ပြောလိုက်သည်။

ကျီစုက သူ့အား စိုက်ကြည့်ပြီးနောက် ပြောလိုက်သည် “ ဒီလိုဆိုရင် ငါတို့တွေ တာအိုဘိုးဘေးနဲ့ ထာဝရအရှင်တွေပါ နိုးထပြီးတော့ ဒီစစ်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ခိုင်းရင်ဘယ်လိုလဲ”

စွင်းကျောင်းလုံက ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားလေသည်။

“ အော် ဟုတ်သားပဲ။ မင်းတို့တိုင်းပြည်က ဧကရာဇ်တစ်ပိုင်းအဆင့်တွေနဲ့ပဲ ပြည့်နေတာဆိုတော့ မင်းတို့ဆီမှာ ရှိတဲ့ အိပ်စက်နေတဲ့ တာအိုဘိုးဘေးတွေကလည်း တော်တော်လေးကို နည်းမှာပဲ။ ပြီးတော့ အနည်းငယ်ရှိရင်တောင် ကံကောင်း” ကျီစုက သရော်ဟန်ဖြင့် ပြောလိုက်သည်။

စွင်းကျောင်းလုံက အမူအရာ ပျက်ယွင်းစွာဖြင့် ပြန်လည်ချေပလိုက်သည် “ မင်း ဘယ်လိုလုပ် သိနေတာလဲ”

“ ဒါက လျှို့ဝှက်ချက်ကြီးလို့များ ထင်နေတာလား။ မင်းတို့လိုမျိုး မဟာဝူကလူတွေ ဘယ်လို ခိုးကြောင်ခိုးဝှက်လုပ်တယ်ဆိုတာအပေါ် မူတည်ပြီးတော့ လူတော်တော်များများက ခန့်မှန်းမိပြီးသားပဲလေ”

စွင်းကျောင်းလုံက အသက်ပြင်းပြင်းရှူကာ မင်း ဒီလိုလုပ်မယ်ဆိုရင် မင်းရဲ့ ပုန်ကန်မှုအတွက်လည်း ပြန်လည်ပေးဆပ်ရလိမ့်မယ်”

“ အဲဒါဆိုတော့ ဘာဖြစ်လဲ။ မင်းလိုမျိုး လောဘကြီးတဲ့သူကို သူ့နေရာမှာ ထားမှာနဲ့ ယှဉ်လိုက်ရင် ထိုက်တန်ပါတယ်” ကျီစုက ဘာမှဆက်မပြောဘဲ ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်သည်။

စွင်းကျောင်းလုံအတွက်မူ သူက အသက်ပြင်းပြင်းရှူကာ တည်ငြိမ်အောင် ထိန်းနေရ၏။ သူက ယခင် အပေးအယူအတိုင်း ပိုင်နက်များကို စတင်သိမ်းပိုက်လိုက်သည်။

………………………

တာအိုအခွင့်အလမ်းဂိုဏ်း သာလွန်ကံကြမ္မာ တောင်ထိပ်၊ ကျင့်ကြံရေး အခန်းတစ်ခုအတွင်း

ဝမ်ဝေ့၏ ကံကြမ္မာကောင်း မီးတောက်က ဖြည်းဖြည်းချင်း သူ့ခရမ်းရောင်ဝိညာဉ်ကို လောင်ကျွမ်းနေလေသည်။ ဤသည်က ကမ္ဘာဦးစိတ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းမည့် အရိပ်အယောင် ဖြစ်၏။ သို့သော်လည်း နာရီအနည်းငယ်ကြာပြီးသည့်နောက်တွင် သူက သွေးအန်ကာ ဖြစ်စဉ်ကို ရပ်တန့်လိုက်ရသည်။

“ ဒါက ၁၃ ကြိမ်မြောက် ကျရှုံးမှုပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည် “ ငါ့ဝိညာဉ်က ဘယ်လောက်အားကောင်းလဲဆိုတော့ သာမန်နည်းလမ်းတွေနဲ့ ငါ့ကို ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် တက်လှမ်းခွင့် ပြုမှာ မဟုတ်ဘူး”

All Chapters