← Chapters

ကောင်းကင်အဆင့်

Vol. 21 Ch. 292

ကောင်းကင်အဆင့်

Vol. 21 Ch. 292

အခန်း (၂၉၂) : ကောင်းကင်အဆင့်

လွန်ခဲ့သည့် နှစ်ငါးရာအတွင်း ဝမ်ဝေ့က ကျန်ရှိနေသော ဒွါရ ၆ပေါက်ကို ဖွင့်လှစ်ခဲ့ပြီး စိတ်ဝိညာဉ်ကို သန့်စင်ကာ အံ့ဖွယ်ခန္ဓာအဆင့်၏ မြေကမ္ဘာအဆင့်ကို ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့သည်။

လျှာဒွါရကို ဖွင့်ပြီးသည့်နောက်တွင် သူ့အရသာခံနှုန်းက သိသိသာသာ တိုးမြင့်လာပြီး အကယ်၍ သူအလိုရှိပါက သူ စားသမျှ အစားအစာအားလုံး၏ ပါဝင်ပစ္စည်းများကိုပင် ခွဲခြားနိုင်ပြီး ဟင်းခတ်မှုန့်အမွေးအကြိုင်နှင့် အပူချိန်အထိ ခွဲခြားနိုင်လေသည်။

သူက ထိုစွမ်းရည်ကို ဆေးလုံးများကိုပင် စမ်းသပ်ကြည့်ခဲ့၏။ သူက ပါဝင်ပစ္စည်း လေးရာကျော်ရှိသည့် ဆေးလုံးတစ်လုံးကို မျိုချကာ ထိုအရာအားလုံးကို ဆေးလုံး၏ အရသာပေါ် မူတည်၍ အားလုံးကို ခွဲခြားပြနိုင်ခဲ့သည်။

သူ နောက်ထပ် ဖွင့်မည့် ဒွါရမှာ နှာခေါင်း ဖြစ်၏။ ထိုအရာက သူ့အား ကီလိုမီတာအဝေးမှ အနံ့ကို ရရှိလာစေပြီး အပြစ်ကြွေးရှိသည့် သူများ၏ အနံ့ကိုပင် ခံစားနိုင်သည်။ ဤသည်က သူ့အတွက် အတွေ့အကြုံဆိုးတစ်ခု ဖြစ်ခဲ့လေသည်။

နောက်ဆုံးတွင် သူက မျက်လုံးဒွါရကို ဖွင့်လှစ်ခဲ့သည်။ သူ မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ ထိုဒွါရကို ဖွင့်ပြီးသည့်နောက်တွင် များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။ အမြင်အာရုံ တိုးတက်လာပြီး သူ့ဝိညာဉ်မှ ချီးမြင့်ထားသော အမြင်စွမ်းရည် တိုးတက်လာရုံမျှအပ တခြားဘာမှပြောင်းလဲသွားခြင်း မရှိပေ။

ဒွါရအားလုံးကို ဖွင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က လွတ်လပ်စွာ ပိုမိုပြီးပြည့်စုံသွားပြီး ပိုမိုမြင့်မားသော အနေအထားသို့ ဆင့်ကဲပြောင်းလဲသွားပုံပေါ်သည်။ နမူနာအားဖြင့် ဝိညာဉ်စွမ်းအား မရှိဘဲ သူက ဆယ်စုနှစ်အချို့ အသက်ရှင်နိုင်လေပြီ။

သူက ပုံမှန်လူများလို အစာစားဖို့ အိပ်စက်ဖို့ပင် မလိုတော့ပေ။ ထို့အပြင် သူ့ခန္ဓာကိုယ်က သာမန်လူများလိုမျိုး ပျက်စီးသွားမည် မဟုတ်ပေ။ အကယ်၍ သေဆုံးသွားလျှင်ပင် သူ့ခန္ဓာကိုယ်က နှစ်ရာချီကြာသည်အထိ အကောင်းအတိုင်း တည်ရှိနေမည်သာ ဖြစ်၏။

ထိုစွမ်းရည်အားလုံးက သူ့အား အံ့ဖွယ်ခန္ဓာကိုယ် အဆင့်ကြောင့် ချီးမြှင့်ခံထားရခြင်းဖြစ်ပြီး သူ့အားကောင်းလွန်းသည့် ခန္ဓာကိုယ်ကြောင့် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ထိပ်သီးမြေကမ္ဘာအဆင့်သို့ ဝင်ရောက်သွားပြီးနောက်တွင် ဝမ်ဝေ့က သူ မည်မျှအားကောင်းကြောင်း သတိထားမိသွားသည်။ ထိုဒွါရများကို ဖွင့်ပြီးသည့်နောက်တွင် သူ့အင်အားက အနည်းငယ်သာ တိုးတက်လာလေသည်။ သူက ထိုအချက်နှင့် ပတ်သက်ပြီး မပျော်ပေ။

ပုံမှန်အားဖြင့် တစ်ယောက်ယောက်က ဒွါရကို ဖွင့်ပြီးသည့်နောက်တွင် သူတို့က အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်၏ ကောင်းကင်အဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။ ထိုအဆင့်တွင် ကျင့်ကြံသူအားလုံးက မိုးမြေကြားမှ စွမ်းအားကို စတင်ထိန်းချုပ်နိုင်လာလိမ့်မည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများ တိုက်ခိုက်သည့်အခါ သူတို့၏ အင်အားအပေါ်သာ မှီခိုရသည်။ သို့သော်လည်း အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်အဆင့်တွင်မူ သူတို့က မိုးမြေကြားမှ စွမ်းအားကို ချေးငှားကာ သူတို့၏ ရန်သူများကို ဖျက်ဆီးပစ်နိုင်ကြသည်။ ထို့အပြင် မိုးမြေနှင့်ယှဉ်လိုက်လျှင် ကျင့်ကြံသူအများစုက မြေပေါ်တွင် တွားသွားကာ အသက်ရှင်ဖို့ ကြိုးစားနေသည့် ပုရွက်ဆိတ်လိုသာ ဖြစ်၏။

အံ့ဖွယ်ပလ္လင်အဆင့်တွင် ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်အား မိုးမြေနှင့် ရောနှောဖို့ လိုအပ်သည်။ အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်၏ မြေကမ္ဘာအဆင့်တွင် သူတို့က ဒွါရများကို ဖွင့်လှစ်၍ အိပ်စက်ခြင်း၊ အစာစားခြင်းနှင့် မစင်စွန့်ခြင်းများ အစရှိသည့် တားဆီးချက် အားလုံးကို ချိုးဖောက်ကာ သူတို့၏ စိတ်ဝိညာဉ်ကို သန့်စင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။

ထိုစိတ်ဝိညာဉ်က အနေအထား အင်အားတစ်ခုသို့ ရောက်ရှိသွားသည့်အခါ မိုးမြေ၏ စွမ်းအားကို တောင့်ခံနိုင်လာလိမ့်မည်။ ဤအဆင့်ကို အဆင့်ငယ်ကိုးခုအဖြစ် ခွဲခြားထားပြီး ဘုံကိုးပါးဟု ခေါ်ဆိုလေသည်။

စိတ်ဝိညာဉ်က ဝိညာဉ်ရှိသည့် ခန္ဓာကိုယ်နှင့် ဆက်နွယ်ထားသည့်အတွက် သူတို့က ဆက်နွယ်နေလေသည်။ တစ်ခုက အားကောင်းလေလေ ကျန်သည့်တစ်ခုကလည်း မျှချေညီဖို့ လိုက်ပြီး အားကောင်းရလေသည်။ ဝမ်ဝေ့၏ စံပြဝိညာဉ်အရည်အသွေးဖြင့် သူ့စိတ်ဝိညာဉ်က အင်မတန် အားကောင်းလွန်းလှသည်။

ထို့ကြောင့် ကောင်းကင်အဆင့်သို့ ရောက်ရှိသည်နှင့် ဘုံကိုးပါးအဆင့်သို့ ရောက်ရှိမည်မှန်း သိလေသည်။ သို့သော် သူက မြေကမ္ဘာအဆင့်တွင် ရရှိသည်နှင့်ပတ်သက်ပြီး မကျေနပ်သေးပေ။ ထို့ကြောင့် သူက နောက်ထပ် နည်းလမ်းအသစ်ကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ ဖွင့်လှစ်ထားသော ဒွါရများက သူ့အား သူ့အတိတ်ဘဝရှိ ဟိန္ဒူဘာသာမှ ချက္ကရစနစ်အား အမှတ်ရစေသည်။ ထို့ကြောင့် သူက ထိုဒွါရများ တည်ရှိလျှင် ချက္ကရအတွက်လည်း တည်ရှိရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုဒွါရများကို ဖွင့်လှစ်ခြင်းအားဖြင့် သူ့ခန္ဓာကိုယ်၏ အလားအလာကို ပို၍ တိုးမြင့်စေနိုင်လိမ့်မည်။

ထို့ကြောင့် သူက ကမ္ဘာမြေရှိ သူ့ဘဝအကြောင်း ပြန်လည်သုံးသပ်ဖို့ မမေ့လျော့သေးသည့် သူ့မှတ်ဉာဏ်များကို အသုံးပြုခဲ့သည်။ သူ့အလုပ်ကြောင့် ဝမ်ဝေ့က နိုင်ငံတကာဖောက်သည်များနှင့် ပတ်သက်ရလေသည်။ တချို့က တာအိုဘာသာ၊ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာများကိုပင် အားထုတ်ကြသူများ ဖြစ်ကြသည်။

ထိုဖောက်သည်များနှင့် ရင်းနှီးနိုင်ဖို့အတွက် သူက ထိုဘာသာရေးနှင့် ထိုနယ်ပယ်များတွင် ရှိသည့် ကျမ်းများစွာကို ဖတ်ထားဖူးသည်။ ယခင်က စကားပြောဆိုနိုင်ရုံ အပေါ်ယံမျှသာ ဖြစ်၏။

ယခုတွင် သူက ထိုကျမ်းများကို ပြန်လည်သုံးသပ်ဖို့ အချိန်ယူပြီး သူ လိုချင်သည့် ဗဟုသုတကို ရှာဖွေရမည်။ ဆယ်စုနှစ်ကြာ တရားထိုင်ပြီးသည့်နောက်တွင် သူက ချက္ကရခုနစ်ပါးဟု ညွှန်းဆိုသည့် ခန္ဓာကိုယ်၏ လျှို့ဝှက်ဂိတ်တံခါးများကို ရှာဖွေတွေ့ရှိသွားသည်။

ထို့နောက် ဝမ်ဝေ့က ထိုအရာများကို ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြု၍ မူလချက္ကရမှစတင်၍ တစ်ခုပြီးတစ်ခု ဖွင့်လှစ်ခဲ့သည်။ သူ့ကျောရိုးမတွင်ရှိသည့် မူလချက္ကရကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အနှံ့ အနီရောင်မီးတောက်တစ်ခု ပေါ်ထွက်လာပြီး မြေဓာတ်စွမ်းအားတစ်ခုလည်း လိုက်ပါလာသည်။ ထို့နောက် ထိုချက္ကရ ဂိတ်တံခါးက မြေဓာတ်သဘောတရားရှိသည့် သူ့သရက်ရွက်နှင့် ဆက်နွယ်သွားလေသည်။

သူ့ခန္ဓာကိုယ်အင်အားကလည်း အနည်းဆုံး ၅ ရာခိုင်နှုန်းလောက် တိုးမြင့်လာလေ၏။ ထို့အပြင် သူ့စိတ်က ပို၍ တည်ငြိမ်လာသည်။ ဝမ်ဝေ့က မည်သည့်စိန်ခေါ်မှုမဆို ရင်ဆိုင်ဖို့ ပို၍ ယုံကြည်ချက် ရှိလာသည်။ သူ၏ နဂိုအားကောင်းပြီးသား စိတ်ဆန္ဒသည်လည်း ပို၍အားကောင်းလာသည်။

ဆွာဒိသနချက္ကရကို ဖွင့်ပြီးသည့်နောက်တွင် ချက္ကရဂိတ်တံခါးက ရေဓာတ်သဘာဝရှိသည့် သူ့ကျောက်ကပ်နှင့် ဆက်နွယ်သွားလေသည်။ သူ့ခန္ဓာကိုယ်က ထပ်မံ အားကောင်းလာပြီး သူ့အံ့ဖွယ်ပင်လယ်သည်လည်း ဆယ်ဆမက ပိုကျယ်ပြန့်လာသည်။

ထို့အပြင် ထိုချက္ကရများသည် လိင်ပိုင်းဆိုင်ရာစွမ်းအားကို ထိန်းချုပ်ထားသည့်အတွက် နား၊ လိင်အင်္ဂါနှင့် စအိုဒွါရတို့နှင့်ပါ ဆက်နွယ်နေသည်။ ဝမ်ဝေ့က ထိုချက္ကရ ဖွင့်လှစ်ပြီးသည့်နောက်တွင် သူ့ခံစားချက်နှင့် တဏှာရမ္မက်အပေါ် ထိန်းချုပ်နိုင်စွမ်းက ပို၍ အားကောင်းလာလေသည်။

နောက်ထပ် ဖွင့်လှစ်မည့် ချက္ကရမှာ အစာအိမ်နေရာတွင်ရှိသည့် မဏိပူရချက္ကရ ဖြစ်၏။ ထိုချက္ကရက မီးဓာတ်နှင့် ဆက်နွယ်နေ၍ သူ့နှလုံးသားနှင့် ဆက်နွယ်နေလေသည်။

ထိုချက္ကရက ဝမ်ဝေ့အား အနာဂတ်အကြောင်း သံသယရှိမှုအများစုကို ဖယ်ရှားပေးလေသည်။ သူက သူ့ကျင့်ကြံရေးလမ်းစဉ်တွင် ရင်ဆိုင်ရမည့် မည်သည့်ခက်ခဲမှုမဆို ပြင်ဆင်ထားလေ၏။ ပြောရလျှင် တိထျန်းအပေါ် စိုးရိမ်နေသည့် ကြောက်စိတ် အနည်းငယ်ပင် ပြေပျောက်သွားလေသည်။

နောက်ထပ်မှာ အနာဟာတချက္ကရက နှလုံးအထက်တွင် တည်ရှိသည်။ ထိုချက္ကရက သူ့အား ချစ်ခြင်းမေတ္တာကို လက်ခံခြင်းနှင့် ပေးကမ်းခြင်းအား ပို၍ လွယ်ကူစေသည်။ ထိုအရာကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ဝူဟုန်အပေါ် ထားရှိသည့် အနည်းငယ် မယုံကြည်မှုပင် ပျောက်ကွယ်သွားလေသည်။ သူက သူမ၏ ဆန်းကြယ်မှုများနှင့် သူမကိုယ်တိုင်ကို အပြည့်အဝ လက်ခံလာနိုင်သည်အထိ ဖြစ်၏။

ငါးခုမြောက် ချက္ကရက လည်ပင်း (ဂိသုဒ္ဓချက္ကရ) ဖြစ်သည်။ ထိုချက္ကရက သူ့လျှာဒွါရနှင့် ဆက်နွယ်နေသောကြောင့် ဝမ်ဝေ့က စွမ်းရည်အသစ်တစ်ခု ရရှိလိုက်သည်။ ထိုချက္ကရကို ဖွင့်ခြင်းအားဖြင့် သူ့ရည်မှန်းချက်အကြောင်း ပို၍ပွင့်လင်းမြင်သာ ဖြစ်လာစေသည်။

တာအိုလျှောက်လှမ်းမည့် လမ်းစဉ်က အားပေးခံလိုက်သလိုဖြစ်ကာ သူ့တာအိုနှလုံးသားလည်း ပို၍အားကောင်းလာသည်။ ခြောက်ခုမြောက် ချက္ကရက တတိယမျက်လုံး ချက္ကရဟုခေါ်သည့် (အဂျနချက္ကရ) ဖြစ်သည်။ ထိုအရာကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူ့နဖူးအထက် တတိယမျက်လုံး ပေါ်ထွက်လာသည်။ ထိုအရာဖြင့် သူက သူ့အစစ်အမှန် အမြင်အာရုံဖြင့် မမြင်နိုင်သည့်အရာများကိုပင် မြင်တွေ့လာရသည်။ ထို့အပြင် ထိုမျက်လုံးတွင် အားကောင်းသည့် စွမ်းရည်တစ်ခု ပါရှိလာလေ၏။

နောက်ဆုံး သဟဆရာရချက္ကရကို ဖွင့်လှစ်လိုက်သည်။ ထိုအရာက သူ့အတွက် အကျိုးအမြတ်အရှိဆုံး ဖြစ်၏။ ထိုအရာအားလုံးကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ချက္ကရအားလုံးက တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်ပြောင်းလဲသွားလေသည်။ သူ့အသိစိတ်ပင်လယ်လည်း ဝိညာဉ်နှင့်အတူ ပို၍ ကျယ်ပြန့်လာပြီး အထွတ်အထိပ်နယ်ပယ်အဆင့်နီးပါးသို့ ရောက်ရှိသွားလေသည်။

ထို့နောက်တွင် သူက ကောင်းကင်အဆင့်၏ ဘုံကိုးပါးအဆင့်သို့ ချက်ချင်းဝင်ရောက်လိုက်သည်။

သူ့အစစ်အမှန် စိတ်ဆန္ဒသို့မဟုတ် တုယီနယ်ပယ်ကလည်း ပို၍ အားကောင်းလာခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုစွမ်းအားကို အခြေခံအုတ်မြစ်နှင့် ကျင့်ကြံသည့် ကျင့်ကြံသူများကို ဖျက်ဆီးရုံမှအပ မည်သို့သုံးစွဲရမည်မှန်း မသိသေးပေ။

သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများစွာ ထွက်လာလေသည်။ အများစုက သူ့သွေးမှ ထွက်လာလေ၏။ အကြောင်းမှာ သူက ထိုခန္ဓာပိုင်းကို မလေ့ကျင့်ရသေး၍ ဖြစ်သည်။ ထို့နောက်တွင် အသက်ဓာတ်က သူ့သွေးအတွင်း ပေါင်းစပ်သွားကာ ဖြည်းဖြည်းချင်း ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

ထိုချက္ကရအားလုံးကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အင်အားကို သိသိသာသာတိုးမြင့်လာစေမည့် အသွင်ပြောင်းမှုကို ဖြတ်ကျော်လိုက်ရသည်။ ထို့နောက် သူက ထိုနည်းလမ်းအားလုံးကို သာလွန်ကံကြမ္မာကျမ်းဆီ ချက်ချင်း ပေါင်းထည့်လိုက်ပြီး အဆင့်မြှင့်တင်လိုက်သည်။

သူက တိုက်ပွဲမျှော်စင်သို့ သွားကာ တိုက်ပွဲရူးဧကရာဇ်နှင့်ပင် သူ့အင်အားကို သွား၍ စမ်းသပ်ကြည့်ခဲ့သည်။

ဝမ်ဝေ့က လေ့ကျင့်နေစဉ် ကျီစုက ကျီဝမ် ဦးညွှတ်နေသည့် ဂူသင်္ချိုင်းတစ်ခုရှေ့တွင် ရပ်နေသည်။ ထိုဂူသင်္ချိုင်းက ကျီစုန့်၏ ဂူသင်္ချိုင်း ဖြစ်၏။

“ ရှောင်စုန့် ကံဆိုးတာက ငါ့အင်အားနဲ့ ပါရမီက မင်းကို လက်စားချေမပေးနိုင်သေးဘူး။ ဒါပေမဲ့ မင်းစိတ်အေးအေးနေပါ။ ဒီကမ္ဘာမှာ အင်အားတစ်ခုတည်းကပဲ တစ်ယောက်ယောက်ကို သတ်နိုင်တာ မဟုတ်ဘူး”

သူက တာအိုအခွင့်အလမ်းဂိုဏ်းရှိရာဆီ အမုန်းတရားအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျီစုက ဆုံးဖြတ်ချက်ချလိုက်ပြီးသည့်နောက်တွင် သူ့အဖေအား တိုင်းပြည်အား ထိန်းချုပ်ဖို့ ရုပ်သေးရုပ်အဖြစ် ထားရှိကာ သူက အနောက်ပိုင်းကျားဖြူကုန်းမြေသို့ ဦးတည်သွားလေသည်။

သူက သူ့လက်စားချေမည့် အမုန်းတရားက သူ့အား မည်သည်သို့ ခေါ်ဆောင်သွားမည်မှန်း မသိသော်လည်း သူ့အသက်ပေးဆပ်ရမည်ဆိုလျှင်ပင် အရာအားလုံးကို အပ်နှင်းဖို့ လိုလားလေသည်။

All Chapters