ကျရှုံးမှု
Vol. 21 Ch. 293
အခန်း (၂၉၃) : ကျရှုံးမှု
တိုက်ပွဲမျှော်စင်အတွင်း ဝမ်ဝေ့က တိုက်ပွဲရူးဧကရာဇ်၏ ကိုယ်ပွားနှင့် တိုက်ခိုက်နေသည်။ သို့သော်လည်းသူက ထိုတိုက်ပွဲတွင် ရုန်းကန်နေရ၏။ အကြောင်းအရင်းမှာ ထိုကိုယ်ပွားတွင် အထွတ်အထိပ်နယ်ပယ်အဆင့် ရှိနေ၍ ဖြစ်သည်။
ဝမ်ဝေ့က လက်သီးဆုပ်လိုက်သည့်အချိန် လက်သီးမှ ရွှေရောင်အလင်းဖြာထွက်လာလေ၏။ ထို့နောက်မှ သူက ထိုးချလိုက်သည်။
ဘန်း…
သဘာဝမိခင်ကြီးက စိတ်ရှည်မှု ပျောက်ဆုံးကာ လူသားမျိုးနွယ်အား ပျက်သုဉ်းအောင် ဆုံးဖြတ်လိုက်သည့်အလား အရာအားလုံးက တုန်ခါသွားလေသည်။ သူ့လက်သီးချက်မှ တုန်ခါလှိုင်းကပင် အလယ်အလတ်ကမ္ဘာထောင်ချီအား ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ကံဆိုးစွာဖြင့် သူ့တိုက်ကွက်က အနည်းငယ်သာ သက်ရောက်မှု ရှိခဲ့သည်။ တိုက်ပွဲရူးဧကရာဇ်နောက်ရှိ ဓမ္မခန္ဓာကိုယ်က လက်ကို အသာဝှေ့လိုက်သည့်အခါ တိုက်ကွက်ကို တားဆီးပြီးသား ဖြစ်သွားပြီး ဝမ်ဝေ့အား ထိုးချလိုက်၏။
ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ပင်ကိုဒိုင်းက အလိုလိုရွှေရောင်အဖြစ် ပြောင်းသွားကာ တိုက်ကွက်အား တားဆီးလိုက်သည်။ ထိုလက်သီးတစ်ချက်က ဝမ်ဝေ့ ရပ်နေသည့် မြေပြင်အားလုံးကို ပျက်သုဉ်းသွားစေသည်။ ထို့ကြောင့် သူက လေဟာနယ်ထဲတွင် ထိုကိုယ်ပွားနှင့် တိုက်ခိုက်နေရ၏။
သူက ထိုတိုက်ကွက်ကို တားဆီးနိုင်လိုက်သော်လည်း အကောင်းအတိုင်းတော့ မဟုတ်ပေ။ တုန်ခါလှိုင်းများက သူ့အတွင်းအင်္ဂါများကို လှုပ်ခါသွားစေပြီး တိုက်ပွဲရူးဧကရာဇ်ကျင့်ကြံသည့် တိုက်ခိုက်ရေးစည်းမျဉ်းက သက်ရောက်မှု ဖြစ်လာစေသည်ကို ခံစားမိလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့တိုက်ခိုက်စွမ်းရည်နှင့် အလိုလိုသိစိတ်က စတင်ကျဆင်းလာပြီး တစ်ဖက်လူက သူ့ပြိုင်ဖက်ဖြစ်ဖို့ မှန်ကန်လေသည်။ စက္ကန့်ပိုင်းအတွင်း တစ်ဖက်လူက ပို၍ပင်အားကောင်းလာပြီး သူ့တိုက်ကွက်များက ပို၍ပင် ထက်ရှလာသည်။ သူ့တိုက်ပွဲအလိုလိုသိစိတ်က အလျင်အမြန် တိုးပွားလာပြီး ဝမ်ဝေ့တိုက်ကွက်၏ အားနည်းချက်အားလုံးကို ထောက်ပြနေလေ၏။
ထိုတိုက်ပွဲဆုံးရှုံးမှုကို မရှောင်နိုင်မှန်း သိသည့်အတွက် အလေးအနက်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဝမ်ဝေ့၏ နောက်တွင် အမြင်အာရုံတစ်ခု ထွက်ပေါ်လာသည်။
အမြင်အာရုံများက ကျင့်ကြံသူ၏ ခွန်အားကို အဆများစွာ တိုးပွားစေနိုင်သည်။ ပုံမှန်အားဖြင့် နှစ်ဆမှ ၉ဆအထိ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့၏ အမြင်အာရုံက သူ့အား ၁၈ဆ တိုးပွားစေသည်။
ဝမ်ဝေ့က သူ့အမြင်အာရုံ ထုတ်ဖော်ပြီးသည့်နောက်တွင် အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်၏ ကောင်းကင်အဆင့်မှ မိုးမြေ၏ စွမ်းအားကို စတင်အသုံးပြုလာသည်။ ထိုအဆင့်၏ ဘုံကိုးပါးအဆင့်သည် အမြင်အာရုံနှင့် လုပ်ဆောင်ချက်အတူတူဖြစ်ပြီး တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
ပထမဘုံက တိုက်ပွဲစွမ်းအား ၉ဆနှင့် ညီမျှပြီး ဒုတိယဘုံက ၁၈ဆနှင့် ညီမျှကာ တတိယဘုံက ၂၇ဆ ဖြစ်သည်။ ထို့ကြောင့် ဘုံကိုးပါးသည် ကျင့်ကြံသူအား ၈၁ ဆ တိုးပွားလာစေသည်။ ကမ္ဘာဦးစိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်နိုင်သည့် ကျင့်ကြံသူအားလုံး၏ အနည်းဆုံး လိုအပ်ချက်မှာ စတုတ္ထဘုံအထိ ဖြစ်သည်။
လင်းဖန်လိုမျိုး ကောင်းကင်ရွေးချယ်ခံများအတွက် သူတို့၏ အမြင်အာရုံက သူတို့အင်အားတိုးပွားလာဖို့ ၉ဆ ပေးစွမ်းနိုင်ပြီး သူတို့၏ ဘုံကိုးပါးအဆင့်ရောက်သည့်အခါ အမြင်အာရုံက သူတို့အား အဆ ၉၀ ထိ တိုးပွားလာစေသည်။
ဝမ်ဝေ့အတွက်မူ သူ့အမြင်အာရုံက သူ့အား ၉၉ ဆ တိုးပွားလာစေသည်။ သို့သော် သူ့မြေကမ္ဘာအဆင့်၏ ထူးခြားမှုနှင့် သူ့စိတ်ဝိညာဉ်၏ စွမ်းအားကြီးမှုကြောင့် သူက ဘုံကိုးပါးအထက်ကို ကျော်လွန်လေသည်။ သူ့တွက်ချက်မှုအရ လက်ရှိတွင် အဆ၂၇၀ တိုးမြင့်နေပြီ ဖြစ်၏။
မိုးမြေစွမ်းအားကို အသုံးချ၍ အင်အားတိုးပွားပြီးသည့်အခါ သူ့ခန္ဓာကိုယ်က တိုက်ပွဲရူးဧကရာဇ်နှင့် လက်ရည်တူ ဖြစ်လာသည်။ ဝမ်ဝေ့က တိုက်ပွဲဧကရာဇ်ကိုယ်ပွားနှင့် တိုက်ခိုက်နိုင်လိုက်၏။ အဆုံးသတ်တွင် သူက ရှုံးနိမ့်သွားဆဲသာ ဖြစ်သည်။ ကိုယ်ပွားတွင် ဧကရာဇ်များ၏ စွမ်းရည်များရှိပြီး ဝမ်ဝေ့ကမူ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သာ ရှိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက သုံးရက်တိုင်တိုင် မရပ်မနား တိုက်ခိုက်နိုင်ခဲ့သည်။
ထို့နောက် ဝမ်ဝေ့က သူ့အဖေကို သွားပြီး စိန်ခေါ်ပြန်သည်။ ဤတစ်ကြိမ်တွင် သူက ဓား ၃၆ ချက်အထိ တောင့်ခံနိုင်ခဲ့သည်။
ဝမ်ဝေ့က သူ့စွမ်းအားထိန်းချုပ်ပြီးသည့်အခါ ပြန်လည်ကျင့်ကြံဖို့ ဝင်သွားခဲ့သည်။ ဝမ်ဝေ့က တင်ပျဉ်ခွေထိုင်နေရင်း သူ့အံ့ဖွယ်ပင်လယ်ထဲကို ကြည့်လိုက်သည်။ သူက ရှေးဟောင်းမီးအိမ်နှင့် ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုကာ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူက မိုးမြေစွမ်းအားကို အသုံးပြုကာ မီးအိမ်အား ကံကြမ္မာကောင်းမီးတောက် တောက်လောင်စေဖို့ လှုံ့ဆော်လိုက်သည်။ ၁၃ရောင်မီးတောက်က ချက်ချင်းဆိုသလို အားပြင်းပြင်းဖြင့် တောက်လောင်လာပြီး ဝမ်ဝေ့အား ထိုမီးတောက်အား သူ့ခရမ်းရောင်ဝိညာဉ်ဆီ လမ်းညွှန်ပေးလိုက်သည်။
ပုံမှန်အားဖြင့် ကံကြမ္မာကောင်း မီးတောက်သည် ဝိညာဉ်အား တောက်လောင်စေပြီး အညစ်အကြေးများကို ဖယ်ရှားပစ်မည်ဖြစ်ကာ ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားစေလိမ့်မည်။ ထိုအခါ သူက နောက်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။ ဝမ်ဝေ့အတွက် ကံဆိုးသည်က မည်သည့်အရာမှ ဖြစ်ပျက်မလာခဲ့ပေ။ သူက သူ့ဝိညာဉ်ကို မည်မျှပင် လောင်ကျွမ်းအောင် ကြိုးစားစေကာမူ နည်းနည်းလေးမှ သက်ရောက်မှု မရှိပေ။
၁၃ ကြိမ်မြောက် ကြိုးစားမှုအပြီးတွင် သူက သွေးအန်လိုက်ရသည်။
“ ဒါက ၁၃ကြိမ်မြောက် ကျရှုံးမှုပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည် “ ဒီလိုဆိုရင် ငါ့အားကောင်းတဲ့ဝိညာဉ်က ကမ္ဘာဦးစိတ်ဝိညာဉ်ထဲဝင်ဖို့ သာမန်နည်းလမ်းတွေနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။”
သူက ကုသရေးဆေးလုံးကို သောက်ကာ သီးသန့်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဝူဟုန်က စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ သူမက ဖြူဖျော့နေသည့် သူ့အသားအရည်ကို ချက်ချင်းသတိပြုမိသွားသည်။ ပို၍အရေးကြီးသည်က သူမက သူ ယခင်နှင့် ကွဲပြားနေလေသည်ကို သတိထားမိသွားလေသည်။ သူမက သူ့အနေနှင့် သူမကို အမှန်တကယ် လက်ခံလာသည်ဖြစ်၍ နှစ်ယောက်သား ပိုမိုနီးကပ်လာကြောင်း ခံစားမိလိုက်သည်။
“ ကျရှုံးသွားတာလား” သူမက မေးလိုက်သည်။
“ ဟုတ်တယ်”
“ ရှင် ဘယ်လိုခံစားရလဲ”
“ နည်းနည်းလေးတော့ စိတ်တိုမိတယ်။ ဒါပါပဲ” ဝမ်ဝေ့က ပြုံးရင်း သူမကို ဖက်ထားလိုက်သည်။
“ ရှင် အခု ဘာလုပ်မှာလဲ”
“ ကိုယ့်အတွက် ကံကောင်းတာက မင်းက လွန်ခဲ့တဲ့နှစ်ရာချီကတည်းက သတိပေးထားလို့ပဲ။ အဲဒါကြောင့် ကိုယ်ပြင်ဆင်မှုတချို့ လုပ်ထားနိုင်ခဲ့တယ်။ ဒီဟာက သက်ရောက်မှု ရှိမလားတော့ မသိသေးဘူးပေါ့”
“ ရှင် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို ထာဝရ မတက်လှမ်းနိုင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ”
“ အဆိုးဆုံးအခြေအနေအရ ကိုယ် ဒီ မူလလမ်းစဉ်ကို ပစ်ပယ်ပြီးတော့ တခြားကမ္ဘာအသိုင်းအဝိုင်းဆီ သွားပြီး ကိုယ်နဲ့အသင့်တော်ဆုံးကျမ်းကို ရှာမယ်။ မဟုတ်ဘူးဆိုရင် ကိုယ့်ဘာသာကို ဖန်တီးမယ်။ ဒါမှမဟုတ်ဘူးဆိုရင် ကိုယ် ခန္ဓာကိုယ်သန့်စင်ခြင်းကို အာရုံစိုက်လိုက်မယ်။ ကိုယ့်ဆီမှာ ရွေးချယ်စရာတွေ များပါတယ်”
“ ရှင့်ဆီမှာ ရွေးချယ်စရာတွေရှိတာ ကောင်းတာပေါ့။ ကျွန်မက ရှင့်ကို … ရှင် ဘာလို့ နည်းနည်းကွဲပြားနေလဲဆိုတာကို မေးလို့ရတယ်မလား”
ထို့နောက် ဝမ်ဝေ့က သူမအား ချက္ကရစနစ်အကြောင်း ရှင်းပြလိုက်ပြီး သူ့စိတ်နှင့် စိတ်ဝိညာဉ်အပေါ် မည်သို့ သက်ရောက်မှုရှိကြောင်း ရှင်းပြလိုက်သည်။ သူက သူမအပေါ် ထားရှိသည့် အနည်းငယ် မယုံကြည်မှုအကြောင်းကိုပါ ပြောပြလိုက်သည်။ ဝူဟုန်က ထိုအကြောင်းကို ကြားရ၍ မအံ့ဩသွားပေ။ သူမက သူ့အကြောင်းကို ကောင်းကောင်းသိနေသည် မဟုတ်ပါလော။
“ ဒီနည်းစနစ်က ဗုဒ္ဓဘာသာရဲ့ မူလအရင်းအမြစ်ပါပုံပဲ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ပြီးတော့ အလားအလာလည်း အများကြီးရှိတယ်။” ထိုသို့ပြောပြီးနောက် သူမက သူ့အား စာရွက်တစ်ရွက်ပေးလာသည်။
“ ဒါက ဘာများလဲ”
“ ဝမ်ကျူက ဒီနှစ်ငါးရာအတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သတင်းလာပို့သွားတာ”
ဝမ်ဝေ့က စာရွက်ကို ဖတ်ကြည့်လိုက်ပြီးနောက်တွင် ကိစ္စတချို့ကို သတိပြုမိသွားသည်။
ပထမတစ်ခုက စွင်းကျောင်းလုံသည် မဟာကျိုးတော်ဝင်တိုင်းပြည်၏ ပိုင်နက်အများစုကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယက ကံကြမ္မာအရိပ်တပ်ဖွဲ့သည် မဟာကျိုးတိုင်းပြည်အတွင်း ထူးထူးဆန်းဆန်း အရာတစ်ခုဖြစ်ပွားနေကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း သူတို့က မဟာကျိုးတိုင်းပြည်သည် လုံခြုံရေး တင်းကြပ်ထားသောကြောင့် သတင်းအချက်အလက် များများစားစား မရယူနိုင်ခဲ့ပေ။
တတိယအချက်မှာ ကျန့်ဝူရွှမ်းက ကမ္ဘာတစ်ဝှမ်းသွားကာ ဓားသမားအမျိုးမျိုးအား စိန်ခေါ်နေခြင်း ဖြစ်သည်။ လေးခုမြောက်ကား လျူမိန်ရှုကို မြောက်ပိုင်းလိပ်နက်ကုန်းမြေတွင် တွေ့လိုက်ရခြင်း ဖြစ်၏။
နောက်ဆုံးအချက်အနေနှင့် လေလွင့်ကျင့်ကြံသူ မဟာမိတ်အဖွဲ့အစည်းက အလွှာနိမ့်မှ တစ်ယောက်ယောက်အား ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံအဖြစ် အမှတ်အသားပြား ပေးအပ်သွားခြင်း ဖြစ်သည်။ ထိုလူ၏ နာမည်မှာ ဟွမ်ယွမ် ဖြစ်၏။
တခြားလူများအတွက်မူ သူတို့အားလုံးက ကျင့်ကြံရေးကိုသာ အာရုံစိုက်ထားပြီး လွန်ခဲ့သည့်နှစ်ရာချီအတွင်း ထွက်လာခြင်း မရှိကြပေ။
ဝမ်ဝေ့က သတင်းအားလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် ဘာမှဂရုမစိုက်ပေ။ လက်ရှိ ထိုလူအများစုက အံ့ဖွယ်ခန္ဓာနယ်ပယ်၏ မြေကမ္ဘာအဆင့်တွင်သာ ဝင်ရောက်ခဲ့ပြီး သူကတော့ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်၏။
သို့သော်လည်း သူ့စံပြဝိညာဉ် အရည်အသွေးက သူ့အား ထိုသို့မလုပ်နိုင်ရန် တားဆီးနေလေသည်။ ထို့ကြောင့် သူက ထိုပြဿနာကို ဖြေရှင်းရန် အာရုံစိုက်ထားရသည်။
“ နောက်ဆုံးအချက်က…” ဝူဟုန်က ပြောလိုက်သည် “ အဖွားက ရှင့်အတွက် လုံရွှယ်လက်ဖက်ခြောက် ပို့လာတယ်”
“ တကယ်လား … ဒီလိုဆိုရင် သူတို့နဲ့ စကားပြောရင်း အတူတူသွားသောက်ရအောင်”
နောက်တစ်ရက်တွင် ဝမ်ဝေ့နှင့် ဝူဟုန်က ဂိုဏ်းရှိ အထက်ပိုင်းများနှင့် အစည်းအဝေးကျင်းပနေကြသည်။
“ အဲဒါဆိုတော့ မင်း ကျရှုံးသွားတာလား” သူ့အဘိုးက မေးလိုက်သည်။
“ ဟုတ်တယ်”
“ ငါတို့တွေ ဒါကို မျှော်လင့်ထားပြီးသားဆိုပေမဲ့ ပြဿနာတော့ ရှိနေတုန်းပဲ” ဝမ်ထျန်းက ပြောလိုက်သည်။
“ ဒါပေမဲ့ ကံကောင်းတာက ငါတို့ မင်း ပြောသမျှဟာတွေအားလုံးကို ပြင်ဆင်ပြီးသွားပြီ”
ထို့နောက် သူက အားလုံးကို လျှို့ဝှက်နယ်မြေအတွင်း ဦးဆောင်ခေါ်သွားသည်။ ထိုအထဲတွင် လူသန်းချီက တင်ပျဉ်ခွေ ထိုင်စောင့်နေလေ၏။ ထူးခြားသည့်အချက်မှာ ထိုသူအားလုံးသည် သဘာဝလွန်အဆင့်မျှသာ ရှိပြီး ဝမ်ဝေ့နှင့် အငွေ့အသက်အတူတူ ရှိနေလေသည်။
“ ဒါက မင်းရဲ့ သာလွန်ကံကြမ္မာကျမ်းကို ကျင့်ကြံထားတဲ့ သဘာဝလွန်အဆင့် ကျင့်ကြံသူတစ်သန်းပဲ။ ငါတို့ဂိုဏ်းက ပေးထားတဲ့ အရင်းအမြစ်တွေနဲ့ သူတို့တွေ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ကြတယ်” ဝမ်ထျန်းက ပြောလိုက်သည်။
ထိုလူများကို ကြည့်ကာ ဝမ်ဝေ့က ပြောလိုက်သည် “ ဒီအစီအစဉ် အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်တော်နောက်တစ်ခုကို ထပ်လုပ်နေရလိမ့်မယ်။ ကောင်းပြီ ကျွန်တော်တို့တွေ နောက်တစ်လကြာရင် စကြတာပေါ့”