← Chapters

လျှို့ဝှက်မှတ်တမ်းခန်း

Vol. 21 Ch. 294

လျှို့ဝှက်မှတ်တမ်းခန်း

Vol. 21 Ch. 294

အခန်း (၂၉၄) : လျှို့ဝှက်မှတ်တမ်းခန်း

ဝမ်ဝေ့က သဘာဝလွန်ကျင့်ကြံသူ သန်းချီဝန်းရံရင်း အစီအရင်တစ်ခုအလယ်တွင် ထိုင်နေသည်။ သူ့ရှေ့က မီးအိမ်က သူ့ခေါင်းထက်တွင် မြောလွင့်နေပြီး ၁၃ ရောင်ဖြင့် တောက်ပစွာ လောင်မြိုက်နေသည်။

တစ်ချိန်တည်းဆိုသလို သဘာဝလွန်အဆင့် ကျင့်ကြံသူအားလုံးကလည်း သူတို့ခေါင်းအထက်တွင် ရှေးဟောင်းမီးအိမ်များ မျှောလွင့်နေကြ၏။

အစီအရင်မှ သင်္ကေတများစွာ အသက်ဝင်လာပြီး ထိုသဘာဝလွန်အဆင့် ကျင့်ကြံသူများ၏ ၁၂ ရောင်မီးတောက်က သူတို့ဆီမှ ကွဲထွက်ကာ ဝမ်ဝေ့ဆီ ရောက်ရှိလာကြသည်။ သူ၏ ၁၃ ရောင်မီးတောက်က ထိုမီးတောက်များအား စုပ်ယူလိုက်သည်။ သူ့ကံကြမ္မာကောင်းမီးတောက်က အရောင် ပိုမလာသော်လည်း မီးတောက်၏ ပြင်းအားက သိသိသာသာ တိုးမြင့်လာသည်။ မီးတောက်က ကောင်းကင်ထက် မီတာရာချီ မြင့်တက်သွားလေ၏။ ကံကောင်းစွာဖြင့် ကာကွယ်ရေးအစီအရင် တစ်ခုလုံးဖြင့် နေရာကျယ်တစ်ခုလုံးကို ကာကွယ်ထားလေသည်။

ဤဖြစ်စဉ်ကို မြင်ကာ ဝမ်ဝေ့က မီးအိမ်နှင့် မီးလျှံကို သူ့ဝိညာဉ်အား သန့်စင်ဖို့အတွက် သူ့အသိစိတ်ပင်လယ်အတွင်း လမ်းညွှန်လိုက်သည်။ ထိုသို့အရာများ ဖြစ်နေစဉ် ဂိုဏ်း၏ အထက်ပိုင်းများကလည်း သူ့အား ဘာမှမဖြစ်စေရန် သေချာဖို့ အနီးကပ် စောင့်ကြည့်နေကြသည်။

“ အဲဒါဆိုရင် အံ့ဖွယ်ခန္ဓာအဆင့် ကျင့်ကြံသူတွေ သုံးတာပိုမကောင်းဘူးလား” အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။

“ အဲလိုတော့ မဟုတ်သေးဘူး။ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ရဲ့ ကံကြမ္မာကောင်း မီးတောက်က သူတို့ရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေနဲ့ ပေါင်းစပ်ပြီးသွားပြီဆိုတော့ သူသာ အဲဒါကို အသုံးပြုရင် သူ့ဝိညာဉ်က ပျက်စီးသွားလိမ့်မယ်” အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က ပြောလိုက်သည်။

ထိုစကားဝိုင်းအပြီးတွင် အားလုံးက တိတ်ဆိတ်သွားပြီး ဝမ်ဝေ့ ပြီးဆုံးသည်ကိုသာ စောင့်ဆိုင်းနေကြသည်။ ဤသည်က သုံးရက်ကြာမြင့်သွားလေ၏။

တစ်ချိန်လုံး မျက်လုံးပင့်ကာ ထိုင်နေသည့် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာကာ သွေးအန်လိုက်ရသည်။

“ ကျရှုံးသွားတာလား” ဝမ်ထျန်းက သူ့အနားတွင် ရုတ်တရက်ပေါ်လာကာ မေးလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အားလုံးကလည်း ထိုအရာကို ကြားပြီး စိတ်ပျက်သွားကြသည်။

“ သခင်လေးဝိညာဉ်ကို အစိတ်အပိုင်း သေးသေးလေးတွေ ခွဲပြီး သန့်စင်တာက ပိုမလွယ်ဘူးလား။ ဒီနည်းလမ်းက ပိုပြီးအဆင်ပြေမယ်တူတယ်”

“ အဲလိုတုံးအအအရာတွေ မပြောနဲ့” ဝမ်ချန်က ပြောလိုက်သည်။

“ ဝိညာဉ်က ယင်သဘာဝ ရှိတယ်။ ကမ္ဘာဦးစိတ်ဝိညာဉ်အတွင်း ဝင်ရောက်တာက ယန်ဓာတ်။ အဲဒါကို ခွင့်ပြုလိုက်တာက တကယ့်သဘာဝမှာ ပြဿနာမရှိပေမဲ့ အလွယ်တကူ ပုံသွင်းနိုင်တဲ့ သဘာဝ ဖြစ်သွားလိမ့်မယ်”

“ တကယ်လို့ ယင်ဝိညာဉ်ကို အစိတ်အပိုင်း သေးသေးလေးတွေအဖြစ် ခွဲလိုက်မယ်ဆိုရင် ဖြစ်နိုင်ချေက တကယ့်ဝိညာဉ်က မကုသနိုင်လောက်အောင် ဒဏ်ရာရသွားတာပဲ ဖြစ်နိုင်တယ်။ ဝေ့အာရဲ့ ဝိညာဉ်အရည်အသွေးက ဘယ်လောက်ပဲမြင့်မြင့်ပေါ့”

ဝမ်ဝေ့က သူ့အဘိုးပြောစကားများကို သဘောတူလိုက်သည်။ သူက နောက်တစ်ဆင့်တက်လှမ်းနိုင်မည့် အခက်အခဲကို သတိပြုမိပြီးနောက်တွင် အစီအစဉ်တစ်ခု ကြိုတင်ကြံစည်ထားလေ၏။

သူ့အကြံအစည်တစ်ခုက သူ့အတိတ်ဘဝတွင် ဖတ်ရှုထားသည့် ဝတ္ထုတစ်ခုပေါ် အခြေခံထားသည်။ ကျင့်ကြံရေးနည်းစနစ်က သူတို့၏ ဝိညာဉ်များကို သန်းချီမဟုတ်လျှင်ပင် ရာချီခွဲနိုင်သည့် နည်းစနစ်တည်ရှိရာ ဖြစ်သည်။

ဝိညာဉ်အစိတ်အပိုင်း တစ်ခုကသာ အကောင်းအတိုင်း ကျန်ရှိနေသရွေ့ မူလအရွယ်အစားသို့ ပြန်လည်ကောင်းမွန်နိုင်လိမ့်မည်။ ထို့အပြင် ထိုဝိညာဉ်အစိတ်အပိုင်းလေးက အရာများစွာကို လုပ်နိုင်သည့် အင်အားမျိုးလည်း ရှိသည်။

“ ဒီလိုဆိုရင် စောစောကပြောတဲ့ အံ့ဖွယ်ခန္ဓာကိုယ် နည်းလမ်းကို စမ်းကြည့်ရင်ရော ဘယ်လိုလဲ။ သူတို့ထဲက အညစ်အကြေးတွေကိုတော့ တခြားနည်းလမ်းနဲ့ ပြီးမှ ဖယ်ရှားရင်ရော” မဟာအကြီးအကဲ ယန်းမိန်က အကြံပြုလိုက်သည်။

အားလုံးက ဝမ်ဝေ့အား ဆုံးဖြတ်ချက်ချဖို့ရာ ကြည့်လိုက်ကြသည်။

“ ခင်ဗျားတို့ အတွေး မှန်တယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ကျင့်ကြံသူ တစ်သန်းကလည်း အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး”

“ အဲဒါဆိုတော့ ရှင် ပြောတာက ကံကြမ္မာကောင်းရဲ့ ပြင်းအားကိုသာ မြှင့်တင်နိုင်တယ်ဆိုရင် လုံလောက်ပြီလို့ ပြောတာမလား” ဝူဟုန်က ပြောလိုက်သည်။

“ ဟုတ်တယ် ကိုယ် ဒီအချိန်မှာ ကျရှုံးသွားပေမဲ့ ကိုယ့်ဝိညာဉ်အစိတ်အပိုင်း နည်းနည်းလေးက သန့်စင်သွားတယ်ဆိုတာကို သတိပြုမိလိုက်တယ်။ သူ အဲဒီအရာက ၀.၀၀၀၀၀၀၀၁ ရာခိုင်နှုန်းဆိုရင်တောင် ဖြစ်နိုင်ချေကို ပြသနေတာပဲ”

“ အဲလိုဆိုရင် ငါတို့တွေ ကံကြမ္မာကောင်း မီးတောက်ကို အားပြင်းအောင် လုပ်နိုင်မဲ့ နည်းလမ်းရှာရင်ရော ဘယ်လိုလဲ” ယုယန်က ပြောလိုက်သည်။

“ ငါတို့တွေ ဘယ်လိုလုပ်ရမလဲ။ နောက်ထပ် သဘာဝလွန်အဆင့် ကျင့်ကြံသူ သန်းချီကို တိုးလိုက်ရမလား”

“ အဲဒီဟာက အချိန်ကြာပြီး အရင်းအမြစ် များမယ်မယ်ဆိုပေမဲ့ ဖြစ်နိုင်ချေ ရှိတယ်” ဝမ်ထျန်းက ပြောလိုက်သည်။ အခန်းအတွင်းရှိ မည်သူကမှ ဝမ်ဝေ့အတွက် လူသန်းချီ စတေးရမည်ကို ဂရုမစိုက်ကြပေ။

“ ကံကြမ္မာဝဋ်ကြွေး မပါဘဲ အဆင့်တက်လှမ်းသွားရင်တော့ အကောင်းဆုံးပဲ” ဝူဟုန်က ပြောလိုက်သည်။

“ ဒီလိုအချိန်မှာ ငါတို့ အဲလိုကိစ္စတွေကို စဉ်းစားနိုင်မယ်မထင်ဘူး” အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ လူများစွာက ထိုအကြီးအကဲပြောစကားကို သဘောတူကြ၏။ သို့သော်လည်း ဝမ်ဝေ့က ဝူဟုန်အား ကြည့်ကာ မေးလိုက်သည်။

“ မင်း ဘာကို တွေးမိလို့လဲ”

“ ရှင့်ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုက တိထျန်းဆိုတာကို သိတယ်မလား။ သူက အသက်ရှင်လာတာ ကြာပြီဖြစ်တဲ့အပြင် ပြန်လည်ဝင်စားခြင်း တာအိုကိုပါ ထိန်းချုပ်နိုင်တယ်ဆိုတော့ ကံကြမ္မာအကြောင်း သိဖို့ အခွင့်အလမ်းများတယ်။

တကယ်လို့ ရှင်သာ သူ့ကို ကံကြမ္မာကြွေးနဲ့ ဖျောင်းဖျနိုင်ခဲ့မယ်ဆိုရင် ….”

ဝမ်ဝေ့က သူမစကားက အမှန်ဖြစ်ကြောင်း သတိပြုလိုက်မိသည် “ အဲဒါဆိုတော့ မင်းဆီမှာ ကိုယ့်လက်ရှိပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်းနည်းရှိလား”

“ ရှိလည်းရှိတယ်။ မရှိလည်း မရှိဘူး။ ကျွန်မက ရှင့်ဝိညာဉ် အရည်အသွေးကို စည်းပိတ်ထားနိုင်တယ်။ အဲဒါဆိုတော့ ရှင် ကမ္ဘာဦးစိတ်ဝိညာဉ်ကို အလွယ်တကူ ရောက်ရှိသွားနိုင်လိမ့်မယ်။ ဒါပေမဲ့ ရှင် တာအိုကို သက်သေမပြနိုင်မချင်း အဲဒီကရမဲ့ အကျိုးကျေးဇူးအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။”

“ အကျိုးကျေးဇူးတဲ့လား။ ဘယ်လိုအကျိုးကျေးဇူးလဲ။ အတားအဆီး ဖြစ်နေတာထက် ဘာမှမပိုပါဘူး”

“ ရှင့်ရဲ့ ကြောက်မက်ဖွယ် နားလည်နိုင်စွမ်းက အဲဒီက ဖြစ်လာတာပဲ” ဝူဟုန်က ပြောလိုက်သည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ သူ့အရေးသာချက်ကို လက်မလွှတ်ချင်ပေ။ “ နောက်ထပ် ဘာများရှိသေးလဲ”

“ ကျွန်မမှာ ရှင့်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိပေမဲ့ လမ်းညွှန်ပေးနိုင်တယ်။ အဲဒါက ဗုဒ္ဓဘာသာပဲ”

“ ဗုဒ္ဓဘာသာလား။ အဲဒါက ဘာဆိုင်လို့လဲ” ယုယန်က မေးလိုက်သည်။

“ ယုံကြည်မှုခေတ်ကာလတုန်းက ဘုန်းကြီးတစ်ပါးက ယုံကြည်မှုစွမ်းအားကို အသုံးပြုပြီးတော့ သူ့ဝိညာဉ်ကို သန့်စင်ပြီး ကမ္ဘာဦးစိတ်ဝိညာဉ်ကို တက်လှမ်းနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တယ်”

“ ယုံကြည်မှုစွမ်းအားကို သုံးပြီး ဝိညာဉ်သန့်စင်တာလား။ အဲဒါအကြံကောင်းပဲ” ဝမ်ချန်က ပြောလိုက်သည် “ ဒါပေမဲ့ အဲဒီနည်းလမ်းက ပျောက်သွားတာ ကြာလှပြီဆိုတော့ တာအိုဂိုဏ်းတွေမှာ ရှိပါဦးမလားပဲ။ တကယ်လို့ မင်းဆီမှာ အဲ့နည်းလမ်း မရှိဘူးဆိုရင်ပေါ့”

“ ကံဆိုးတာက ကျွန်မဆီမှာ မရှိဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ရှင်တို့ ပြန်လည်ဖန်တီးလို့ရတယ်”

“ ဒီလိုမျိုး ကိုယ့်ကို ယုံကြည်ပေးတာကို အားနာပါတယ်။ ဒါပေမဲ့ ကိုယ်က စာကြည့်တိုက်ထဲက ဖတ်ဖူးတဲ့ စာအုပ်တွေထဲကပဲ ဗုဒ္ဓဘာသာအကြောင်းကို နည်းနည်းသိတာ။ သတင်းအချက်အလက် မရှိဘူးဆိုရင် ကိုယ်လည်း ဘာလုပ်ရမှန်း မသိဘူး”

“ အဲဒါဆိုရင် ငါတို့တွေ မင်းကို သတင်းအချက်အလက် စုဆောင်းပေးမယ်” ဝမ်ချန်က ပြောလိုက်သည်။

“ အဟုတ်ဘဲ။ အခု မင်း ဂိုဏ်းရဲ့ လျှို့ဝှက်မှတ်တမ်းခန်းကို သွားရမဲ့အချိန်ပဲ” ဝမ်ထျန်းက ပြောလိုက်သည်။

“ လျှို့ဝှက်မှတ်တမ်းခန်းတဲ့လား” ဝမ်ဝေ့က ပြောလိုက်သည်။ ဤသည်က ပထမဆုံး ကြားဖူးခြင်းဖြစ်၏။

“ အဲဒါက မင်း ဝင်ခွင့်ရဖို့ အချိန် မဟုတ်သေးလို့ပဲ”

ဝမ်ထျန်းက အဖွဲ့အား ဂိုဏ်း၏ လျှို့ဝှက်တည်နေရာတစ်ခုသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

ဝမ်ဝေ့က ထိုအထဲ ဝင်ရောက်ပြီးသည်နှင့် စာအုပ်များ၊ ကျမ်းများ၊ အဆောင်များ၊ ကျောက်တုံးများဖြင့် ပြည့်နှက်နေသည့် စာကြည့်တိုက်တစ်ခုကို မြင်လိုက်ရသည်။ တချို့ကျောက်တုံးများက ထူးခြားဆန်းပြားသည့် အလင်းများ ဖြာထွက်နေလေသည်။

အတန်းတစ်တန်းတွင် သူက ဧကရာဇ်ကျမ်းဟု ရေးသားထားသည့် စာလုံးကို တွေ့လိုက်ရသည် “ ဂိုဏ်းများ တခြားဧကရာဇ်ကျမ်းတွေ ရှိသေးတာလား။”

“ ရှိတာပေါ့” သူ့အဖေက ပြန်ဖြေလိုက်သည်။

“ အဲဒါတွေက ဘယ်ကရောက်လာတာလဲ။ ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”

“ သူတို့တွေက ပျက်စီးသွားတဲ့ မျိုးနွယ်တွေ၊ တချို့ကကျတော့ တခြားမှာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိတဲ့ ကံကောင်းတဲ့သူတွေ၊ ပြီးတော့ တချို့က တခြားကမ္ဘာကလေ။ မင်း မကြားဖူးတာ အကြောင်းအရင်းနှစ်ချက် ရှိတယ်။

တစ်ခုက ဒီဟာတွေကို သမာသမတ်လမ်းစဉ်လို့ မယူဆကြဘူး။ အဲဒါကြောင့် ငါတို့တွေ သေချာဝှက်ထားတာ။ နောက်တစ်ခုက ငါတို့တင် မကဘူး ဧကရာဇ်မျိုးနွယ်အများစုကလည်း အတူတူပဲ”

“ ခင်ဗျားတို့တွေက အရမ်းကို ရှေးရိုးဆန်လိုက်တာ” ဝမ်ဝေ့က ပြောလိုက်သည်။

ဝမ်ထျန်းက သူ့အားကြည့်ကာ ပြောလိုက်သည် “ ဒုတိယနဲ့ အရေးကြီးဆုံးအချက်က ဒီကျမ်းတွေက ပြောရရင် မပြီးပြည့်စုံလို့ပဲ”

“ အဲဒါက ဘာကို ပြောချင်တာလဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ ဧကရာဇ်ကျမ်းတွေက ထူးခြားပြီးတော့ အမွေအနှစ်အဖြစ် မှတ်ယူလို့ရတာက သူတို့ရဲ့ ဖန်တီးသူတွေရဲ့ တာအိုစည်းချက်အရ ဖန်တီးထားလို့ပဲ။ တာအိုစည်းချက်တွေက ဒီကျမ်းတွေကို ပိုမိုနားလည်လွယ်ကူလာစေတယ်။ အဲဒါကြောင့်မလို့ အဲဒီမူလကျမ်းကို ပုံတူပွားတဲ့အခါမှာတောင်မှ သူတို့က တာအိုစည်းချက်တွေ ပါဝင်နေဆဲပဲ။ ဒါပေမဲ့ ဒီကျမ်းတွေက တာအိုစည်းချက် မပါတဲ့ ကျမ်းတွေမလို့ သင်ယူဖို့ ခက်ခဲတယ်။ တကယ့် ပါရမီရှိသူတွေကပဲ ဒီကနေ ဉာဏ်အလင်းပွင့်နိုင်မှာ”

“ အဲဒါဆိုတော့ မဟာဧကရာဇ်တွေက သူတို့ကျမ်း ပျံ့နှံ့သွားအောင် ကာကွယ်ထားတာမျိုးလား”

“ အဟုတ်ပဲ”

“ ဒီလိုဆိုရင် အဲဒီဧကရာဇ်ကျမ်းကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့တဲ့ ဘိုးဘေးတွေကရော။ သူတို့ကရော သူတို့နဲ့ ကံကြမ္မာစပ်လို့လား။ ဒါမှမဟုတ် သူတို့က စစ်ဆေးမှုတွေ ဖြတ်ကျော်ရသေးတာလား။ သူတို့က တာအိုစည်းချက်တွေ မူလကျမ်းတွေကို မရရှိကြဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

“ မင်း အဲလိုတွေးနိုင်ပေမဲ့ မဟုတ်ဘူး။ ကျမ်းအများစုက အမွေအနှစ်တွေနဲ့ ချန်ထားခဲ့ပြီးတော့ လေလွင့်ကျင့်ကြံသူ ဖန်တီးခဲ့တာများတယ်။ လေလွင့်ကျင့်ကြံသူ ဧကရာဇ် ဒါမှမဟုတ်ဘူးဆိုလည်း သေမျိုးနယ်မြေပေါ် အာရုံရှိကြတဲ့ အင်အားစုတစ်ခုခုပေါ့။

အဲဒါကြောင့် သူတို့က သူတို့အမွေအနှစ်ကို ချန်ထားခဲ့ရင် ပထမဆုံး ရရှိတဲ့သူက ကျမ်းထဲက တာအိုစည်းချက်အားလုံးကို စုပ်ယူပြီးတော့ ဉာဏ်အလင်းပွင့်နိုင်ကြတယ်။

နောက်ပိုင်းကြာလာတဲ့အခါမှာ တချို့ကိစ္စတွေမှာတော့ အဲဒီကျမ်းက ချက်ချင်းဖျက်ဆီးခံလိုက်ရပြီးတော့ သူတို့ဝိညာဉ်မှာလည်း အဲဒီဧကရာဇ်ကျမ်းကို ပြန်မဖြန့်ဖို့ စည်းတံဆိပ် ခတ်နှိပ်ခံလိုက်ရသလိုမျိုးပဲ။ ဒါပေမဲ့ တချို့ ချွင်းချက်ကိစ္စတွေတော့ ရှိသေးတာပေါ့”

All Chapters