အခန်း ၆၁၆
Vol. 42 Ch. 616
အပိုင်း ၆၁၆ : အာဏာရှိသူကို ကုပ်တွယ်ခြင်း
ဝူဝေ့ခမျာ အပြင်သို့ မောင်းထုတ်ခံလိုက်ရပြီးနောက် မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီရဲနေတော့သည်။
သူ တစ်ခါမှ ယခုလောက်ထိ အရှက်မကွဲဖူးပေ။
ဤသည်မှာ သူ့အတွက်တော့ အလွန်ကြီးမားလှသော အရှက်ခွဲမှုတစ်ခုပင်။
ဝူဝေ့ ဖုန်းထုတ်၍ ဥက္ကဋ္ဌချန်းဆီသို့ ဖုန်းခေါ်လိုက်၏။
"ဥက္ကဋ္ဌချန်း... ခင်ဗျားတို့ဟိုတယ်က အရမ်းလွန်လွန်းတယ်။ လုံခြုံရေးတွေနဲ့ ကျွန်တော့်ကို အပြင်မောင်းထုတ်ခိုင်းတယ်ဆိုတာကတော့ တောက်... ခင်ဗျားသာ ကျွန်တော့်အစ်ကိုဆိုရင် ကျွန်တော့်ဘက်က ရပ်တည်ပေးရမယ်နော်"
ဝူဝေ့၏ဖုန်းကို လက်ခံရရှိချိန်တွင် ချန်းဟွေ့ အံ့သြသွားသည်။
အခန်းကိစ္စလေးတစ်ခုတည်း မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး ဟိုတယ်ထဲက မောင်းထုတ်ခံလိုက်ရတာလဲ။
"ဘာတွေဖြစ်သွားတာလဲ"
ချန်းဟွေ့က မေးလိုက်သည်။
"ခင်ဗျားတို့ရဲ့ မန်နေဂျာချုပ်ဂျော့ချ်လေ... ကျွန်တော်က ပိုဆိုက်ဒန်အခန်းက ဧည့်သည်နဲ့ အခန်းချင်းလဲချင်ရုံလေးကို အဲ့ဒီမန်နေဂျာကောင်က လုံခြုံရေးတွေကိုခေါ်ပြီး ကျွန်တော့်ကို အပြင်ပစ်ထုတ်ခိုင်းရုံတင်မကဘူး။ ကျွန်တော့်ကိုပါ စော်ကားပြီး အမည်ပျက်စာရင်းတောင် သွင်းလိုက်သေးတယ်"
ဝူဝေ့၏စကားများကို ကြားသောအခါ ချန်းဟွေ့လည်း ဒေါသထွက်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ဝူဝေ့က သူ့သူငယ်ချင်းပင်။
ထို့ပြင် ဂျော့ချ်ကလည်း ဤကိစ္စကို သိပြီးသားပင်။
သို့တိုင် ဤသကောင့်သားက နည်းနည်းလေးမှ မျက်နှာသာမပေးဘဲ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့သည်။
အစကတော့ ဂျော့ချ်ကို အခန်းလဲပေးဖို့ပြောတုန်းက အငြင်းခံလိုက်ရ၍ ဝူဝေ့ သည်းခံခဲ့သည်။
သို့သော် ယခုလို ဟိုတယ်ထဲက မောင်းထုတ်ခံလိုက်ရခြင်းမှာမူ နည်းနည်းလွန်လွန်းလှသည်။
ချန်းဟွေ့လည်း ဒေါသတကြီး ပြောလိုက်၏။
"ညီလေးဝူ.. မင်း မစိုးရိမ်နဲ့။ ဒီကိစ္စအတွက် ဖြေရှင်းချက်တစ်ခုရအောင် ငါလုပ်ပေးမယ်"
ယခုတစ်ခါတော့ ဂျော့ချ် အမှားလုပ်မိသည်ကို သူ လက်ပူးလက်ကြပ်မိလိုက်လေပြီ။
ဖောက်သည်တစ်ယောက်ကို ဤမျှ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်သည်။ အထူးသဖြင့် ထိုဖောက်သည်က အတ္တလန်တိတ်မှာ သန်းနှင့်ချီ၍ သုံးစွဲထားသော ဗီအိုင်ပီဧည့်သည်တစ်ယောက် ဖြစ်နေပေသည်။
သူလည်း ဂျော့ချ်၏ဖုန်းနံပါတ်ကို ခေါ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။
"ဂျော့ချ်... ဘာတွေဖြစ်နေတာလဲ။ ရှယ်ယာရှင်ဖြစ်တဲ့ ငါ့ကိုတောင် မင်းက ဂရုမစိုက်တော့ဘူးလား။ သူ့အခန်းကို မင်း မလဲပေးတာကိုတော့ ငါ ပြဿနာမရှာချင်ပေမဲ့ အခု ငါ့မိတ်ဆွေကို မောင်းထုတ်လိုက်တာကတော့ မင်း အရမ်းလွန်သွားပြီနော်"
ဂျော့ချ်က အေးစက်စက် ရယ်မောလိုက်၏။
"ဒါ ခင်ဗျားမိတ်ဆွေရဲ့ အမှားလေ။ သူက ပိုဆိုက်ဒန်အခန်းက ဧည့်သည်ကို အနှောင့်အယှက်ပေးနေလို့ဗျ။ ကျွန်တော်က ခင်ဗျားမျက်နှာကို ထောက်ထားပေးပြီးသားပါ"
ချန်းဟွေ့က လှောင်ရယ်လိုက်၏။
"ဂျော့ချ်.. မင်း တယ်မောက်မာနေပါလား။ အဲ့ဒီအခန်းက ဧည့်သည်က မင်းရဲ့ဆွေမျိုးမို့လို့လား။ ဒါမှမဟုတ် အဲ့ဒီလောက်တောင် အရေးကြီးတဲ့လူမို့လို့လား။ ငါ့မိတ်ဆွေက အတ္တလန်တိတ်မှာ သန်းနဲ့ချီပြီးသုံးထားတဲ့ ဗီအိုင်ပီဖောက်သည်ကွ"
ဂျော့ချ်ကလည်း နောက်တစ်ကြိမ် ထပ်လှောင်လိုက်ပြန်သည်။
"သူက ကျွန်တော်တို့ဟိုတယ်ရဲ့ အဓိကရှယ်ယာရှင်လေ"
"အဓိကရှယ်ယာရှင်လား"
ချန်းဟွေ့ခမျာ ခဏမျှ အံ့အားသင့်သွားလေသည်။
"ဟုတ်တယ်။ ကျွန်တော်တို့ဟိုတယ်မှာ ရှယ်ယာအများဆုံးပိုင်တဲ့ အဓိကရှယ်ယာရှင်ပဲ"
ဂျော့ချ်၏ စကားများကို ကြားပြီးနောက် ချန်းဟွေ့တစ်ယောက် လုံးဝဆွံ့အသွားသည်။
ဟိုတယ်ရှယ်ယာ အများဆုံးပိုင်ဆိုင်သူဆိုသည်မှာ သူဌေးပင်တည်း။
သေစမ်း... ဝူဝေ့က အတ္တလန်တိတ်ဟိုတယ်ရဲ့ ပိုင်ရှင်ကို ပြဿနာရှာလိုက်မိတာပဲ။
အတ္တလန်တိတ်မှာ သူပိုင်သည့် ရှယ်ယာက သုံးရာခိုင်နှုန်းမျှသာ။ လျှို့ဝှက်ဆန်းကြယ်သော ထိုပိုင်ရှင်နှင့် ယှဉ်လိုက်လျှင် ဘာမှမပြောပလောက်ချေ။
ဝူဝေ့က ဟိုတယ်၏ အကြီးဆုံးပိုင်ရှင်ကို ပြဿနာသွားရှာလောက်သည်အထိ အသိဉာဏ်မဲ့လိမ့်မည်ဟု ချန်းဟွေ့ လုံးဝထင်မထားပေ။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်း မဟုတ်လော။
ယခုအချိန်မှာတော့ ချန်းဟွေ့၏ခြေထောက်များ အားပျော့သွားလေပြီ။
လျှို့ဝှက်ဆန်းကြယ်သော ထိုရှယ်ယာရှင်၏ သြဇာအာဏာကို သူ သိထားသည်။ ထိုလူသည် သူ့ကို ဒါရိုက်တာဘုတ်အဖွဲ့ထဲက ထုတ်ပစ်ရန် စကားတစ်ခွန်းတည်းဖြင့် လုပ်နိုင်သူပင်။
"ဂျော့ချ်.. ငါ့မိတ်ဆွေက သူဌေးကို ပြဿနာသွားရှာတာ ငါ တကယ်မသိခဲ့ဘူးကွာ"
ဂျော့ချ်က ခပ်ဖွဖွပြုံးလိုက်လေသည်။
"ခင်ဗျားရဲ့ မိတ်ဆွေကို သူဌေးဆီမှာ အမြန်သွားတောင်းပန်ခိုင်းလိုက်ပါ။ အခွင့်အရေးရနိုင်လောက်သေးတယ်"
ချန်းဟွေ့က ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်.. ဟုတ်တယ်.. ငါနားလည်ပြီ။ မင်းလုပ်တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ကို အပြင်မောင်းထုတ်လိုက်ရုံတင် မလုပ်သင့်ဘူး။ အဲ့ဒီငတုံးကောင်ရဲ့ ခြေထောက်တွေကိုပါ ရိုက်ချိုးပစ်ခဲ့သင့်တာ"
ဘုရားရေ...
အတ္တလန်တိတ်ပိုင်ရှင်ကိုပင် ပြဿနာရှာရဲသည့် ထိုငတုံးတစ်ယောက်နှင့် သူ ဘယ်လိုပတ်သက်မိသွားသလဲဟု တွေးမိကာ ရူးချင်သွားသည်။
ထိုအချိန်မှာပင် ဝူဝေ့ဆီက ဖုန်းဝင်လာသည်။
"ဥက္ကဋ္ဌချန်း... ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ။ ဂျော့ချ်ဆိုတဲ့ကောင်ကို ကျွန်တော့်ဆီ လာတောင်းပန်ဖို့ ပြောလိုက်"
ဝူဝေ့၏ စကားများကို ကြားလိုက်ရသောအခါ ချန်းဟွေ့တစ်ယောက် ဒေါသထွက်လွန်း၍ အခိုးများပါ ထွက်တော့မတတ်ပင်။
သေစမ်း... မင်းကြောင့် ငါပါ သူဌေးကို ပြဿနာရှာမိတော့မလို့။ အဲ့ဒါတောင် မင်းဘက်က ရပ်တည်ပေးနေရသေးတယ်။
"ဝူဝေ့.. မင်း ဦးနှောက်သေနေတာလား။ ပိုက်ဆံနည်းနည်းပါးပါး ရှိတာနဲ့ပဲ မင်းကိုယ်မင်း ဘယ်သူမှ မယှဉ်နိုင်တော့ဘူးလို့ ထင်နေတာလား။ ဒီကျွန်းမှာ မင်းကို မဆံ့တော့ဘူးလို့ ထင်နေတာလား။ ဒီမှာ မင်းသဘောကျ ထင်ရာစိုင်းလို့ရတယ်လို့များ မှတ်နေလား"
အစကတော့ ချန်းဟွေ့သည် သူ့ဘက်က ရပ်တည်ပေးလိမ့်မည်ဟု ဝူဝေ့ ထင်ထားခဲ့သည်။
သို့သော် မထင်မှတ်ထားပါဘဲ ချန်းဟွေ့က သူ့ကို ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းနေပေသည်။
ချန်းဟွေ့က အော်ဟစ်နေချေသည်။
"အဲ့ဒီအခန်းထဲက ဧည့်သည်က ဘယ်သူလဲဆိုတာ မင်းသိလား။ အတ္တလန်တိတ်ရဲ့ သူဌေးကွ"
ချန်းဟွေ့၏ စကားကို ကြားသောအခါ ဝူဝေ့၏ ခြေအစုံမှာ အားပျော့ပြီး လဲကျလုမတတ် ဖြစ်သွားလေသည်။
ချန်းဟွေ့ကမူ အားမရသေးဘဲ ဆက်ပြောလိုက်၏။
"မင်းရဲ့ ဦးနှောက်မရှိတဲ့ အပြုအမူတွေကြောင့် ငါပါ သူဌေးကို ပြဿနာရှာမိတော့မလို့ကွ။ မင်းက သူတို့နဲ့ ဘယ်ယှဉ်နိုင်မှာလဲ။ မင်းက ပုရွက်ဆိတ်တစ်ကောင်လိုပဲဆိုတာ နားမလည်ဘူးလား။ အခုကစပြီး ငါတို့ရဲ့ဆက်ဆံရေး အဆုံးသတ်ပြီ။ ငါ့ကို နောက်ထပ် ဖုန်းမဆက်နဲ့တော့။ ငါ မင်းကို မသိဘူး"
ဝူဝေ့ : ...
သူ့ခမျာ စကားအနည်းငယ်ပြော၍ ပြန်ရှင်းပြချင်သော်ငြား ဖုန်းက ကျသွားခဲ့လေပြီ။
ဝူဝေ့ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
အတ္တလန်တိတ်၏ ပိုင်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်ရုံသာမက အင်အားကြီးသော အဆက်အသွယ်များလည်း ရှိသည်ဟု ဆိုကြသည်။
သေစမ်း... သူက ဒီပုဂ္ဂိုလ်ကိုမှ ပြဿနာသွားရှာမိတာကိုး။
ဒါက သေချင်လို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား။
ဒေါ်လာထရီလီယံချီတန်သော ဟိုတယ်၏ ပိုင်ရှင်ကို သူက ပိုက်ဆံနှင့်ပစ်ပေါက်ပြီး အနိုင်ကျင့်ချင်ခဲ့သတဲ့။
ဝူဝေ့ခမျာ ပိုတွေးလေလေ ပိုကြောက်လာလေလေပင်။ နောင်တလည်း တပွေ့တပိုက်ပင်။
...
ယဲ့ချန်းကတော့ စုဝမ်ယိနှင့်အတူ ရေကစားဥယျာဉ်မှာ တစ်နေ့တာ ကုန်ဆုံးခဲ့သည်။
ပင်လယ်နတ်ဘုရား၏ ခုန်ပျံကျော်လွှား၊ ရေစီးကြောင်းတစ်လျှောက် မျောပါစီးဆင်းခြင်းများက စင်စစ်ပျော်စရာကောင်းလှသဖြင့် သူတို့ မှောင်ရိပ်သမ်းချိန်အထိ ကစားခဲ့ကြသည်။
စုဝမ်ယိလည်း အလွန်ပျော်ရွှင်နေပေသည်။
ညနေခင်းရောက်သော် ယဲ့ချန်းနှင့် စုဝမ်ယိတို့ ညစာစားနေစဉ် သူ့ဖုန်းက အသံမြည်လာလေသည်။
"ဟယ်လို... မစ္စတာယဲ့လား။ ကျွန်တော်က ’ခက်ထန်တဲ့ ကျွန်တော်ရဲ့ဥက္ကဋ္ဌ’ဇာတ်လမ်းရဲ့ ဒါရိုက်တာ ချင်းမင်ပါ"
"ဪ... ဒါရိုက်တာချင်း ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါဗျ။ ကျွန်တော်တို့ဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားက ရွက်လှေပေါ်မှာ ကြယ်ငါးပွင့်ဟိုတယ်အဆင့် ဝန်ဆောင်မှုတွေကို ခံစားတဲ့ ဇာတ်ဝင်ခန်းတစ်ခု ပါပါတယ်။ အဲ့ဒါကို ကျွန်တော်တို့အဖွဲ့က စန်းယာမှာ သွားရိုက်ဖို့ စီစဉ်ထားလို့ပါ။ ဒီအခန်းတွေက ပိတ်ကားစိမ်းနဲ့ရိုက်ဖို့ ခက်ခဲလို့ ခင်ဗျားဆီက အချိန်တစ်ရက်လောက် ရနိုင်မလားလို့ပါ"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။
"အင်း... ကျွန်တော်လည်း စန်းယာမှာ ရောက်နေတာ။ ခင်ဗျားတို့ ဘယ်တော့လာမလို့လဲ"
ယဲ့ချန်းက စန်းယာတွင် ရောက်နေကြောင်း ကြားသောအခါ ချင်းမင်ကလည်း ဝမ်းသာသွားသည်။
"အရမ်းကောင်းတာပေါ့။ ရိုက်ကူးရေးအဖွဲ့အတွက် လေယာဉ်လက်မှတ်တွေ ချက်ချင်းဘိုကင်လုပ်ဖို့ ကျွန်တော် စီစဉ်လိုက်ပါ့မယ်။ လက်မှတ်တွေက နည်းနည်းရှားပေမဲ့ ဘိုကင်လုပ်လို့ရတာနဲ့ ချက်ချင်း ကျွန်တော်တို့ လိုက်လာခဲ့ပါ့မယ်"
ယဲ့ချန်းက ဆို၏။
"လေယာဉ်ကိစ္စကို ကျွန်တော် စီစဉ်လိုက်ပါ့မယ်။ ကျွန်တော်က အရှေ့ပိုင်းလေကြောင်းလိုင်းရဲ့ အဓိကရှယ်ယာရှင်ဆိုတော့ ခင်ဗျားတို့အတွက် လေယာဉ်တစ်စင်း စင်းလုံးငှားပေးလိုက်မယ်"
ချင်းမင် : "..."
သေလိုက်ပါတော့... ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ သူဌေးလဲ။ အရှေ့ပိုင်းလေကြောင်းလိုင်းရဲ့ အဓိကရှယ်ယာရှင်တဲ့။
အဲဒီငတုံးဟူယိက သူ့ကို တက္ကစီဒရိုင်ဘာလို့ ငါ့ကို ပြောခဲ့တာလေ။
သို့တိုင် ချင်းမင်ကတော့ အလွန်စိတ်လှုပ်ရှားနေသည်။
ယဲ့ချန်းလို ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့ရခြင်းမှာ ရှားပါးလှသော အခွင့်အရေးတစ်ခုပင်။ ဤတစ်ခေါက်တော့ သူ အာဏာရှိသူတစ်ယောက်ကို ဖက်တွယ်ခွင့်ရသွားလေပြီ။
ချင်းမင်က ပြောလိုက်လေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာယဲ့"
"ဒါနဲ့ စကားမစပ်... ခင်ဗျားတို့ အရှေ့ပိုင်းလေကြောင်းလိုင်းရဲ့ လေယာဉ်နဲ့ လာတဲ့အချိန်မှာ ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးလို့ အဆင်ပြေနိုင်မလား။ အရှေ့ပိုင်းလေကြောင်းလိုင်းအတွက် ကြော်ငြာတစ်ခုလိုမျိုး ဖြစ်သွားတာပေါ့"
ချင်းမင်လည်း အလွန်တက်ကြွနေတော့သည်။
"ပြဿနာမရှိပါဘူး... ပြဿနာမရှိပါဘူး"
ယဲ့ချန်းက အရှေ့ပိုင်းလေကြောင်းလိုင်း၏ အဓိကရှယ်ယာရှင်ဖြစ်သည့်အတွက် သူတို့ကို အလကားတော့ ပေးမစီးနိုင်ပေ။ အကယ်၍ ဤဇာတ်လမ်းတွဲသာ နာမည်ကြီးသွားပါက ဤကြော်ငြာကလည်း အကျိုးအမြတ်များ သေချာပေါက်ရလာပေမည်။
"ကောင်းပြီလေ... အရှေ့ပိုင်းလေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ်ကို ခင်ဗျားဆီ ဆက်သွယ်ခိုင်းလိုက်မယ်။ စန်းယာကို ရောက်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ"
"ဟုတ်ကဲ့ပါ သူဌေး"
ချင်းမင်က စိတ်လှုပ်ရှားစွာဖြင့် ဖုန်းချလိုက်သည်။
ယခုတော့ သူ အာဏာရှိသူတစ်ယောက်ကို ဖက်တွယ်ခွင့် ရခဲ့လေပြီ။
•••••••••••••••••••••••