အခန်း ၆၁၈
Vol. 42 Ch. 618
အပိုင်း ၆၁၈ : ဘယ်သူ့ရွက်လှေက ပိုမိုက်လဲ
ရုပ်ရှင်အဖွဲ့သားများမှာ အတ္တလန်တိတ်ဟိုတယ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ကြသည်။
ဂျော့ချ်ကမူ သူဘာလုပ်ရမည်ကို သေချာပေါက် သိနေချေသည်။ ရိုက်ကူးရေးအတွက် ဟိုတယ်တစ်ခုလုံးကိုပင် ရှင်းလင်းပေးထားသည်။
အဖွဲ့သားများ ဟိုတယ်ကို ရောက်ရောက်ချင်းမှာပင် ဟိုတယ်၏ ခမ်းနားထည်ဝါမှုကြောင့် အံ့သြမှင်တက်သွားကြသည်။
"ဘုရားရေ... ဒီဟိုတယ်ကြီးက မိုက်လိုက်တာ"
"ဟုတ်ပါ့... အရမ်းအဆင့်မြင့်ပြီး ကျက်သရေရှိလိုက်တာ"
"ဘုရား ဘုရား... မယုံနိုင်စရာပဲနော်။ ဒီမှာ ဒီတိုင်းရိုက်လိုက်ရင်တောင် အရမ်းမိုက်တဲ့ ရလဒ်တွေ ရနိုင်တယ်"
ချင်းမင်နှင့် အခြားကင်မရာသမားများကတော့ အရလွန်စိတ်လှုပ်ရှားနေကြသည်။
ဤသည်မှာ သူတို့လိုချင်နေသော ခံစားချက်မျိုးပင်။
သို့သော် ဤကဲ့သို့သောခံစားချက်မျိုး ရရန်မှာ အတ္တလန်တိတ်ဟိုတယ်ကသာ ပေးစွမ်းနိုင်ခြင်းပင်။ ယဲ့ချန်းသာ မရှိလျှင် သူတို့အနေနှင့် ယခုလိုအခွင့်အရေးမျိုး ရမည်မဟုတ်ပေ။
သူတို့ရုပ်ရှင်ထဲရှိ ဇာတ်ဆောင်မင်းသားမှာ ယခုလိုခမ်းနားလှသော ခံစားချက်မျိုးကို လိုချင်ခဲ့ခြင်းပင်။
ဤနေရာက ဇာတ်ဆောင်မင်းသား၏ စရိုက်လက္ခဏာများနှင့် အံဝင်ခွင်ကျ ဖြစ်နေပေသည်။
ရိုက်ကူးရေး စတင်ချေပြီ။
ယဲ့ချန်းကတော့ သက်သောင့်သက်သာရှိသည့် ဇာတ်ဝင်ခန်းများတွင်သာ ပါဝင်ရသည်။
ဥပမာအားဖြင့် မင်းသမီးနှင့် ကြည်နူးရသော အခန်းများနှင့် အတူတူစားသောက်ရသည့် အခန်းများပင်။
ပင်ပန်းခက်ခဲသည့် ဇာတ်ဝင်ခန်းများအားလုံးကိုမူ ချန်းရှောင်ဆီကိုသာ လွှဲထားလိုက်သည်။
ယခင်က ယဲ့ချန်း၏ လူစားထိုးအဖြစ် သရုပ်ဆောင်ရခြင်းကို ချန်းရှောင် မကျေမနပ်ဖြစ်ခဲ့သော်လည်း ယခုမူ စကားမဟရဲတော့ပေ။
အနားမှာတော့ စုဝမ်ယိမှာ ယဲ့ချန်းနှင့် မင်းသမီးတို့ ကြည်နူးနေကြသည်ကို ကြည့်ရင်း စိတ်မကြည်မလင် ဖြစ်နေချေသည်။
ကိုယ့်ချစ်သူ အခြားမိန်းကလေးတစ်ယောက်နှင့် အတူရှိနေသည်ကို မြင်လျှင် မည်သူမဆို သဝန်တိုမိမည်သာ။
အရေးအကြီးဆုံးအချက်မှာ ဟူဖေးက ယဲ့ချန်းအပေါ် စိတ်ဝင်စားနေဟန်ပင်။
ရိုက်ကူးရေးလုပ်နေစဉ်အတွင်း သူ(မ)က ယဲ့ချန်း၏ ဘေးနားမှာသာ အမြဲရှိနေပြီး သူ့ကိုလည်း အထူးတလည် ဂရုစိုက်ပေးနေခဲ့သည်။
စုဝမ်ယိက ဆို၏။
"ဒီမင်းသမီးက ရှင့်ကို စိတ်ဝင်စားနေပုံရတယ်နော်"
ယဲ့ချန်းလည်း တအံ့တသြဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပေသည်။
"တကယ်လား။ မဖြစ်နိုင်ပါဘူးကွာ။ ကိုယ်တို့က သရုပ်ဆောင်နေရုံသက်သက်ပါ"
စုဝမ်ယိကမူ နှာခေါင်းရှုံ့လိုက်လေသည်။
"မိန်းမတွေရဲ့ အလိုလိုသိစိတ်က ဘယ်တော့မှ မမှားဘူး။ သူ ရှင့်ကို တစ်ချိန်လုံးကြည့်နေတာကိုသာ ကြည့်လိုက်စမ်းပါ"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်၏။
"စိတ်မပူပါနဲ့ကွာ။ ကိုယ်တို့က သရုပ်ဆောင်ရင်းနဲ့မှ ဆုံကြတာပါ။ ကိုယ့်မှာ မင်းရှိပြီးသားပဲ။ သူ့ကို ဘယ်စိတ်ဝင်စားနိုင်မှာလဲ"
နောက်ထပ် ဇာတ်ဝင်ခန်းနှစ်ခန်းသုံးခန်း ရိုက်ပြီးနောက် ယဲ့ချန်းက စုဝမ်ယိကိုခေါ်၍ ထွက်သွားချေသည်။
ဇနီးသည်က စိတ်ကောက်နေပြီဖြစ်ရာ ရိုက်ကူးရေး ဆက်လုပ်၍ မရတော့ချေ။
ဒါရိုက်တာက ယဲ့ချန်းကို နောက်ထပ်ဇာတ်ဝင်ခန်းနည်းနည်း ထပ်ရိုက်စေချင်သော်ငြား ယဲ့ချန်းက ဘယ်သူလေလဲ။ သူသည် ထိပ်သီးသူဌေးကြီးပင်။
ဟူဖေးကတော့ ယဲ့ချန်းနှင့် စုဝမ်ယိတို့ လက်ချင်းချိတ်၍ ထွက်သွားသည့်မြင်ကွင်းကို မလိုလားလေဟန်ဖြင့် ကြည့်နေခဲ့သည်။
ယခုတစ်ခေါက် အခွင့်အရေး လက်လွတ်သွားသော်ငြား ဟူဖေးကတော့ ဆုံးဖြတ်ချက်ချထားပြီးချေပြီ။ ယဲ့ချန်းကို သူ(မ) သေချာပေါက် လက်လွှတ်မခံနိုင်ပေ။
ဟုတ်သားပဲ.... ယဲ့ချန်းက မိုတုမြို့မှာ တက္ကစီ မောင်းတယ်လေ
ဟူဖေး အကြံတစ်ခု ရလိုက်လေပြီ။
...
တစ်ဖက်တွင်မူ ယဲ့ချန်းနှင့် စုဝမ်ယိတို့မှာ ပင်လယ်ပြင်တွင် အပန်းဖြေရန် ရွက်လှေတစ်စင်း ငှားလိုက်ကြသည်။
တကယ်တော့ ယဲ့ချန်း၏ Supreme Historyရွက်လှေကြီးက စန်းယာမြို့တွင် ရှိပါသော်ငြား ယဲ့ချန်းက အမြဲ သိုသိုသိပ်သိပ်နေတတ်သူဖြစ်၏။ ထို့ပြင် ဤသည်မှာ သာမန်အပန်းဖြေခရီးတစ်ခုမျှသာဖြစ်ပြီး အကြာကြီးနေမည် မဟုတ်သောကြောင့် ယွမ်ဆယ်သန်းကျော်တန် ရွက်လှေတစ်စင်းကိုသာ ငှားလိုက်သည်။
ထိုSupreme Historyကို ယဲ့ချန်းသည် ရုပ်ရှင်အဖွဲ့သားများ ရိုက်ကူးရေးလုပ်ရန် ငှားပေးထားခဲ့သည်။
ရွက်လှေကို ပင်လယ်ပြင်မှာ ကျောက်ချ၍ ရပ်ထားပြီး ယဲ့ချန်းနှင့် စုဝမ်ယိတို့က ဘေးနားမှာထိုင်ကာ ပင်လယ်လေညင်းကို ရှူရှိုက်ရင်း အပြည့်အဝ အနားယူနေကြသည်။
ထိုစဉ် ဇိမ်ခံရွက်လှေတစ်စင်းက သူတို့ဆီသို့ ရုတ်တရက် မောင်းနှင်လာသည်။
ထိုရွက်လှေပေါ်တွင် သီချင်းဆို၍ ကခုန်နေကြသည်။
မော်ဒယ်များနှင့် သူဌေးသားတစ်စု ပျော်ပါးနေကြလေသည်။
ထိုအချိန်မှာပင် သူဌေးသားများထဲမှ တစ်ယောက်က ယဲ့ချန်းနှင့်အတူ နေပူဆာလှုံနေသည့် စုဝမ်ယိကို လှမ်းမြင်လိုက်သည်။
"ဝိုး... အဲ့ဒီကောင်မလေးက မိုက်လှချည်လား"
"ဟုတ်ပါ့ကွာ။ သူနဲ့ယှဉ်လိုက်ရင် ငါတို့ရွက်လှေပေါ်က ကောင်မလေးတွေတောင် ရုပ်ဆိုးသွားတယ်"
"ငါတို့ အဲ့ဒီအလှလေးကို ငါတို့ရွက်လှေပေါ် လာပြီး အတူပျော်ဖို့ ဖိတ်လိုက်ရမလား"
သူဌေးသားတစ်ယောက်က ယဲ့ချန်းကို လှမ်းအော်လိုက်သည်။
"ဟေ့ ကိုယ့်လူ... မင်းကောင်မလေးကို ငါတို့ရွက်လှေပေါ် ခေါ်လာပြီး လာပျော်ကြပါလား"
စကားပြောလိုက်သူမှာ ဒေသခံသူဌေးသားတစ်ယောက်ဖြစ်သော ချန်းဖေးပင်။
ကျန်လူငယ်များကလည်း ဒေသတွင်း၌ နာမည်ကြီးနေသော လူရှုပ်လူပွေများ ဖြစ်သည်။
ယဲ့ချန်းက သူတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"ငါတို့ စိတ်မဝင်စားဘူး။ မင်းတို့ဘာသာပဲ ပျော်ကြပါ"
ဤစကားကို ကြားသော် ချန်းဖေးက မျက်မှောင်ကြုတ်လိုက်လေသည်။
"ဪ...စေတနာနဲ့ခေါ်တာကို မသိတတ်ပါလား"
"ငါ ဘယ်သူလဲဆိုတာ မင်းသိလား။ ငါ့မျက်နှာကို မထောက်ဘူးပေါ့လေ"
ဒေသတွင်း၌ ဘဝင်မြင့်ပြီး ဩဇာညောင်းလေ့ရှိသော ချန်းဖေးသည် ယဲ့ချန်းက သူ့ကို မျက်နှာသာမပေးသောအခါ ဒေါသထွက်သွားလေတော့သည်။
"မင်းရဲ့ ယွမ်ဆယ်သန်းကျော်တန် ရွက်လှေလေးနဲ့များ မင်းကိုယ်မင်း အထင်ကြီးနေတာလား"
"ဟားဟား... သူက သူဌေးပေါက်စတစ်ယောက်လို့ ငါလောင်းရဲတယ်"
"အလှလေး... ကိုယ်က ကော့စမိုအိမ်ခြံမြေလုပ်ငန်းရှင်ရဲ့သားလေ။ ကိုယ့်မိသားစုက ဘီလျံနဲ့ချီပြီး ချမ်းသာတယ်။ ကိုယ့်ကောင်မလေး လုပ်ပါလား။ ကိုယ် မင်းကို နေ့တိုင်း ဒေါ်လာဘီလျံတန်ရွက်လှေပေါ် ခေါ်သွားပေးမယ်"
"ဟားဟား... သခင်လေးချန်းက မင်းကို သဘောကျသွားပြီ။ အလှလေး မင်းတော့ ကံကောင်းပြီပဲ။ မင်းရည်းစားကို မြန်မြန်ဖြတ်ပြီး ငါတို့သခင်လေးချန်းနဲ့ တွဲလိုက်တော့"
...
ထိုလူစုက လေတချွန်ချွန်လုပ်ပြီး ယဲ့ချန်းကို အဆက်မပြတ် လှောင်ပြောင်နေကြသည်။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြသော ဤသူဌေးသားများကို ကြည့်ပြီး စုဝမ်ယိ ရွံရှာမိသည်။
"ကလေးဆန်လိုက်တာ"
စုဝမ်ယိက အေးစက်စက် ပြန်ပြောလိုက်သည်။
သို့သော် ချန်းဖေးကမူ လုံးဝဒေါသမထွက်ဘဲ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်၏။
"ဟားဟား... နတ်ဘုရားမလေး မင်းရည်းစားက ပိုက်ဆံနည်းနည်းပါးပါး ရှိရင်ရှိမှာပေါ့။ ဒါပေမဲ့ သခင်လေးချန်းရဲ့ မျက်လုံးထဲမှာတော့ သူက ပါ့မွှားလေးပဲ။ ကိုယ်နဲ့ယှဉ်ရင် သူက အသုံးမကျတဲ့ ကောင်တစ်ကောင်ပါကွာ"
ချန်းဖေးက ရွက်လှေဦးပိုင်းတွင် မာနထောင်လွှားလေဟန် အမူအရာဖြင့် မတ်တတ်ရပ်နေလေသည်။
ထိုအချိန်ဝယ် သူသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသည်ဟု ခံစားရ၏။
သူသည် စုဝမ်ယိက ယဲ့ချန်းကိုဖြတ်ပြီး သူ့ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်လာရန်ပင် မျှော်လင့်နေသေးသည်။
ကြွားလုံးထုတ်နေသော ဤလူ့ကိုကြည့်ပြီး စုဝမ်ယိ ရယ်ချင်စိတ်ကို မထိန်းနိုင်ချေ။
"ရှင်က ရှင့်ကိုယ်ရှင် ကျွန်မရည်းစားထက် ပိုသာတယ်လို့ ထင်နေတာလား"
စုဝမ်ယိက မနေနိုင်သဖြင့် မေးလိုက်လေတော့သည်။
ချန်းဖေးကတော့ ဘဝင်ခိုက်နေချေသည်။
"ဒါပေါ့... ကိုယ် ဘယ်လောက်တောင် မိုက်လဲဆိုတာ မင်း မသိလို့နေမှာပါ။ ကော့စမော့အိမ်ခြံမြေလုပ်ငန်းဆိုတာ ဒီကျွန်းပေါ်က ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီဆယ်ခုစာရင်းဝင်ပဲ။ အဲ့ဒါ ကိုယ့်မိသားစုပိုင်တာလေ"
စုဝမ်ယိက နှာခေါင်းရှုံ့လိုက်၏။
"အဆင့်တစ်ဆယ်လောက်ရထားတဲ့ အိမ်ခြံမြေကုမ္ပဏီက ဘယ်ကနေများ ယုံကြည်မှုတွေ ရနေတာပါလိမ့်"
စုဝမ်ယိက ယဲ့ချန်းအကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်ထားပြီးသားပင်။
ယဲ့ချန်း၏ စီးပွားရေးလုပ်ငန်းတစ်ခုတည်းဖြင့်ပင် တစ်ဖက်လူကို အသာလေး ချေမှုန်းပစ်လိုက်နိုင်သည်။
တစ်ဖက်လူက ကြွားလုံးထုတ်ရခြင်းကို အရသာတွေ့နေကြောင်း မြင်သောအခါ ယဲ့ချန်းလည်း ကူကယ်ရာမဲ့သွားလေသည်။
ယနေ့ သူ မည်သူနှင့်မှ ပြဿနာမဖြစ်ချင်သော်လည်း အရှက်ကွဲချင်၍ ကိုယ့်ဒုက္ခကိုယ်ရှာနေသူကြောင့် သူလည်း မတတ်နိုင်ပါချေ။
"ဇိမ်ခံရွက်လှေတစ်စင်း ရှိနေတာနဲ့ပဲ မင်းကိုယ်မင်း ကြီးကျယ်သွားပြီလို့ ထင်နေတာလား"
"အင်းလေ။ ငါကတော့ ကြီးကျယ်သွားပြီလို့ ခံစားရတာပဲ။ မင်း သတ္တိရှိရင် တစ်စင်းလောက် ခေါ်ပြလေ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ"
သူ ဖုန်းကောက်ကိုင်လိုက်သည်။ တကယ်တော့ သူ၏ Supreme Historyက အနီးအနားမှာပင် ရှိနေကြောင်း ယဲ့ချန်း သိသည်။
"ကျွန်မရဲ့ ဗိုလ်ကျလွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌ"ရုပ်ရှင်အတွက် ရွက်လှေဇာတ်ဝင်ခန်းတချို့ ရိုက်ကူးရမည်ဖြစ်ရာ ယဲ့ချန်းက ထိုရိုက်ကွင်းကို ဤနေရာသို့ ရွှေ့ခိုင်းထားသည်။ ရိုက်ကွင်းနေရာမှာ ဤနေရာနှင့် ငါးမိနစ်ခန့် ဝေးသည်။
ယဲ့ချန်းလည်း ရွက်လှေကပ္ပတိန်ဆီသို့ ဖုန်းခေါ်လိုက်သည်။
ကပ္ပတိန်က ဖုန်းကိုင်ပြီးနောက် ခပ်မြန်မြန်အကြောင်းပြန်လိုက်သည်။
"မစ္စတာယဲ့... ကျွန်တော် ငါးမိနစ်အတွင်း အရောက်လာခဲ့ပါ့မယ်"
ထိုအချိန်ဝယ် ရွက်လှေပေါ်ရှိ ရုပ်ရှင်အဖွဲ့သားများမှာ အံ့သြမှင်တက်ကုန်ကြသည်။
"အမလေး... ဒီရွက်လှေကြီးက အရမ်းမိုက်လွန်းတယ်ကွာ"
"ယဲ့ချန်းက ဘယ်လိုလူစားမျိုးလဲ။ Supreme Historyဆိုတာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရွက်လှေကြီးလေ"
"ဒါပေါ့။ ရွက်လှေကိုယ်ထည်ကြီးတစ်ခုလုံးကို ရွှေစင်နဲ့ချည်းပဲ ဆောက်လုပ်ထားတာ"
ထိုစဉ် ကပ္ပတိန်က ဆိုလိုက်လေသည်။
"မစ္စတာယဲ့က ပြဿနာနည်းနည်းတက်နေလို့တဲ့။ ငါတို့ကို အဲ့ဒီဘက် လာခိုင်းနေတယ်"
ယဲ့ချန်း ပြဿနာတက်နေသည်ဟု ကြားလိုက်ရသောအခါ ရိုက်ကူးရေးကို စောင့်ကြည့်နေသော ဂျော့ချ်၏ အမူအရာမှာ ပြောင်းလဲသွားသည်။
သူ့နယ်မြေထဲမှာ သူဌေးသာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူ တာဝန်ခံရပေလိမ့်မည်။
ထို့ကြောင့် ဂျော့ချ်က အထူးလုံခြုံရေးအဖွဲ့ကို သင်္ဘောပေါ်တက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ချန်းဖေးနှင့် သူ့သူငယ်ချင်းများက ကြွားလုံးထုတ်နေကြသည်။
"ဟားဟား... မင်းက သက်သက်ဖြီးဖြန်းနေတာလား။ ငါ့ရွက်လှေက ဒီကျွန်းပေါ်မှာ အကောင်းဆုံးပဲ။ ယွမ်သန်းတစ်ရာ ပေးရတယ်။ မင်းက အဲ့ဒါနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ချန်းဖေး ကြွားလုံးထုတ်နေခိုက် မလှမ်းမကမ်းမှ ပိုကြီးမားသော ဇိမ်ခံရွက်လှေကြီးတစ်စင်းက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
Supreme Historyကြီး၏ ရှေ့မှောက်တွင်မူ ချန်းဖေး၏ ရွက်လှေက ညီငယ်လေးတစ်ယောက်နှယ် သေးသိမ်သွားလေတော့သည်။
••••••••••••••••••••••