အခန်း ၆၂၀
Vol. 42 Ch. 620
အခန်း ၆၂၀ : သဲကန္တာရမှ အိုအေစစ်အဖြစ် ပြောင်းလဲခြင်း
ယဲ့ချန်းလည်း ကျောင်းရောက်သည်နှင့် ဇီဝဗေဒအထူးပြု အတန်းခေါင်းဆောင် လုယွမ်ကို ခေါ်ယူလိုက်သည်။
ယဲ့ချန်းမှာ လုယွမ်ကို စောင့်ကြည့်လာခဲ့သည်မှာ ကြာလှလေပြီ။ သူသည် ပါရမီရှင်တစ်ယောက်ဖြစ်၏။ အထူးသဖြင့် ဇီဝဗေဒနယ်ပယ်တွင် အောင်မြင်မှုအချို့ကိုပင် ရရှိထားပြီးသူ ဖြစ်၏။
သို့သော် ယဲ့ချန်းကမူ သူသိထားသမျှ အတတ်ပညာအားလုံးကို လုယွမ်အား သင်ကြားပေးရန် ရည်ရွယ်ချက်မရှိပေ။ အကုန်မသင်ပေးချင်၍ မဟုတ်ပါဘဲ ကျောင်းသားများကိုယ်တိုင် သုတေသနပြုလုပ်မှသာ သူတို့၏ နောင်ရေးအတွက် ပိုအကျိုးရှိနိုင်မည်ဟု ယူဆသောကြောင့်ပင်။
ကျောင်းသားများကို သူ့အပေါ်တွင်သာ မှီခိုနေသူများ မဖြစ်စေချင်ပေ။ ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့်သာ အဖြေရှာဖော်ထုတ်စေလိုသည်။ သို့မှသာ သူတို့သည် နောင်တစ်ချိန်တွင် နိုင်ငံ၏ အားကိုးထိုက်သော ရတနာများ ဖြစ်လာနိုင်ပေမည်။ အကယ်၍ ယဲ့ချန်းကသာ ယခုချက်ချင်း အကုန်ပြောပြလိုက်ပါက ရေတိုတွင် အောင်မြင်မှုရနိုင်သော်လည်း ကလေးများ၏ ရေရှည်တိုးတက်မှုကိုမူ ထိခိုက်စေနိုင်ပေသည်။
သို့သော် ဤနည်းပညာအတွက် လုယွမ်တစ်ယောက်တည်းအပေါ် အားကိုး၍မရကြောင်းလည်း ယဲ့ချန်း သိထားသည်။ ထို့ကြောင့် ဇီဝဗေဒအတန်းထဲမှ ကျောင်းသားဆယ်ယောက်ကို သူ ရွေးချယ်လိုက်သည်။ ထိုဆယ်ယောက်စလုံးမှာ အတန်းထဲတွင် အတော်ဆုံးလူများဖြစ်ကြပြီး ဤအလုပ်အပေါ်တွင်လည်း အလွန်အမင်း စိတ်အားထက်သန်ကြသည်။
အစည်းအဝေးခန်းမအတွင်း၌ ကျောင်းသားဆယ်ယောက်က ယဲ့ချန်းကိုကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။ စတားတက္ကသိုလ်တွင် စီမံကိန်းအသစ်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း သူတို့ အကြောင်းကြားစာ ရထားသည်။
ဤကျောင်းသားများလည်း သူတို့အတွက် အခွင့်အရေးရောက်လာပြီဖြစ်ကြောင်း နားလည်ထားသည်။ စွမ်းအင်အထူးပြုနှင့် စက်မှုအထူးပြုမေဂျာတို့မှ စီမံကိန်းများမှာ နိုင်ငံတော်အဆင့် ဆုတံဆိပ်များ ရရှိခဲ့ပြီးဖြစ်လေရာ သူတို့၏ စီမံကိန်းလည်း ဘယ်လိုဖြစ်မလဲဟု သိချင်နေကြသည်။
ယဲ့ချန်းက သဲကန္တာရ၏ ဓာတ်ပုံပါဝင်သော တင်ပြချက်တစ်ခုကို ဖွင့်ပြလိုက်သည်။ ထိုသဲကန္တာရထဲတွင် ဝါကျင့်ကျင့်သဲမှုန်များ အပြည့်ပင်။
ယဲ့ချန်းက ဆို၏။
"ငါတို့နိုင်ငံမှာ လူတော်တော်များများက ဒီလိုပတ်ဝန်းကျင်မျိုးမှာ နေထိုင်နေကြရတယ်။ သူတို့အတွက်တော့ အစိမ်းရောင်ဆိုတာ မရှိဘူး။ ဝါကျင့်ကျင့်သဲပြင်တွေပဲ ရှိတယ်။ တလောတုန်က ကိုယ့်ဇာတိမြေကို ပြောင်းလဲဖို့ အရာအားလုံးကို ရင်းနှီးပေးဆပ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ငါတွေ့ခဲ့တယ်။ ကံမကောင်းချင်တော့ သူတို့ရဲ့နည်းပညာက နောက်တစ်ကြိမ် ထပ်ရှုံးနိမ့်ခဲ့တယ်လေ။ ဒါကြောင့် ဒီတစ်ခေါက် ငါတို့ရဲ့စီမံကိန်းက သဲကန္တာရကို စိမ်းလန်းစိုပြေတဲ့ အိုအေစစ်အဖြစ် ပြောင်းလဲပေးနိုင်မယ့် အပင်တစ်မျိုးကို သုတေသနလုပ်ဖို့ပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ အားလုံး တက်ကြွသွားကြသည်။ ဤအလုပ်မှာ အလွန်အဓိပ္ပာယ်ရှိလှသည်။
ယဲ့ချန်းက ကျောင်းသားများကို ဆက်ပြောလိုက်သည်။
"အားလုံးပဲ... ဒီတာဝန်က အရေးကြီးသလို လေးလည်းလေးလံတယ်။ မင်းတို့အတွက်လည်း စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေမှာပဲ။ မင်းတို့မှာရော ယုံကြည်မှုရှိကြရဲ့လား"
ကျောင်းသားဆယ်ယောက်စလုံး၏ မျက်ဝန်းထဲတွင် ခိုင်မာသော သန္နိဋ္ဌာန်များဖြင့် ပြည့်နှက်နေပြီး မည်သူတစ်ဦးတစ်ယောက်ကမှ လက်လျှော့လိုစိတ် မရှိကြပေ။ ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ချန်းလည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ ကျောင်းအုပ်ကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး"
"ကျောင်းအုပ်ကြီး.... ကျွန်တော်တို့ ဒီအပင်ကို ကြိုးစားပမ်းစား သုတေသနလုပ်ပြီး သဲကန္တာရကို စိမ်းလန်းစိုပြေအောင် လုပ်ပါ့မယ်။ ဟိုက ကလေးတွေလည်း အစိမ်းရောင်ကို မြင်တွေ့ခွင့်ရစေရပါမယ်"
"ကျွန်တော်တို့ကို ယုံပါ ကျောင်းအုပ်ကြီး... ကျွန်တော်တို့ မဖြစ်ဖြစ်အောင် လုပ်ပြပါ့မယ်"
ထိုကျောင်းသားများ၏ မျက်လုံးထဲတွင် ပြတ်သားသော စိတ်ဓာတ်များ ကိန်းအောင်းနေသည်။ ဤသည်မှာ သူတို့၏ အိပ်မက်ဖြစ်သလို သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲပေးနိုင်ခြင်းကလည်း သူတို့အတွက် အလွန်အနှစ်သာရရှိသော ကိစ္စတစ်ရပ်ပင်။
နားထောင်ပြီးနောက် ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"အားလုံးက ဆုံးဖြတ်ပြီးပြီဆိုတော့ ဒီစီမံကိန်းကို အခုကစပြီး တရားဝင်စတင်ကြောင်း ကြေညာလိုက်ပြီ"
ထိုအချိန်တွင် လင်းရှစ်ယင်သည် စာရွက်စာတမ်း အထပ်လိုက်ကို ကိုင်ဆောင်ပြီး အထဲသို့ ဝင်လာသည်။ ထိုစာရွက်စာတမ်းပုံကြီးကို မြင်သောအခါ ကျောင်းသားများမှာ အံ့အားသင့်သွားကြသည်။
ယဲ့ချန်းက ဆို၏။
"ဒီစာရွက်စာတမ်းတွေကို ဒီအတောအတွင်း ကျေညက်အောင် လေ့လာထားဖို့ လိုလိမ့်မယ်။ မင်းတို့တွေ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ လုပ်ငန်းစဉ်ကတော့ ပင်ပန်းခက်ခဲလိမ့်မယ်။ ဒါပေမဲ့ မင်းတို့သာ ဇွဲမလျှော့ဘဲ ကြိုးစားမယ်ဆိုရင် ဒါဟာ မင်းတို့ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါအာမခံတယ်"
ယဲ့ချန်း၏စကားကြောင့် ကျောင်းသားများ အလွန်စိတ်လှုပ်ရှားသွားကြသည်။ လုယွမ်က မတ်တတ်ထရပ်၍ ဦးဆောင်ပြီး ကတိပြုလိုက်သည်။
"ကျောင်းအုပ်ယဲ့ စိတ်ချပါ။ ကျွန်တော်တို့ ကျောင်းအုပ်ကြီးကို စိတ်မပျက်စေရပါဘူး"
ယဲ့ချန်းလည်း စာရွက်စာတမ်းများကို လူတိုင်းအား ဝေငှပေးလိုက်သည်။ ဤအချက်အလက်များမှာ ယဲ့ချန်းကိုယ်တိုင် ပြုစုထားခြင်းဖြစ်ပြီး နတ်ဘုရားအဆင့် ဇီဝနည်းပညာမှ ထုတ်နှုတ်ထားခြင်းဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မှ မရနိုင်သော အရာများပင်။
ဤနည်းပညာများကိုသာ ကျွမ်းကျင်သွားပါက ဤကျောင်းသားများလည်း ကမ္ဘာ့ထိပ်တန်း ဇီဝဗေဒပညာရှင်များ ဖြစ်လာနိုင်သည်။ စာရွက်စာတမ်းပါ အကြောင်းအရာများကို ဖတ်ရှုရင်း ကျောင်းသားများမှာ လုံးဝမိန်းမောသွားကြသည်။
ဇီဝနည်းပညာကို အမြဲဝါသနာပါခဲ့သော လုယွမ်မှာ ဤဘာသာရပ်နှင့် ပတ်သက်သည့် စာအုပ်ပေါင်းများစွာကို ဖတ်ဖူးသည်။ သို့သော် သူ့အမြင်တွင် ဤစာရွက်စာတမ်းများမှာ အဖိုးတန်ရတနာသိုက်ကြီးနှယ် ဖြစ်နေချေသည်။
မကြာခင်မှာပင် ထိုကျောင်းသားများမှာ ယဲ့ချန်းပေးထားသော ဇီဝဗေဒအသိပညာကမ္ဘာထဲဝယ် နစ်မြောသွားကြတော့သည်။
စာရွက်စာတမ်းများကို အပတ်တကုတ် လေ့လာနေသော ကျောင်းသားများကိုကြည့်ရင်း ယဲ့ချန်းလည်း ကျေနပ်အားရစွာ ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ယခင်က မည်သူမှ မအောင်မြင်ခဲ့ဖူးသော စွန့်ဦးလုပ်ငန်းတစ်ခုကို လုပ်ဆောင်နေကြခြင်းပင်။
နှစ်ပေါင်းများစွာအတွင်း နိုင်ငံတော်တော်များများသည် သဲကန္တာရထဲတွင် အိုအေစစ်များ ဖန်တီးရန် ကြိုးပမ်းခဲ့ကြသော်လည်း အများစုမှာ ကျရှုံးခဲ့ရသည်။ အမှန်စင်စစ် သဲကန္တာရထဲတွင် အိုအေစစ်တစ်ခု ဖန်တီးခြင်းမှာ အလွန်ခက်ခဲလှသော အလုပ်ဖြစ်သည်။
ရေအရင်းအမြစ်လည်းမရှိသလို နေရာအနှံ့၌ သဲများသာ ရှိနေသောကြောင့် ဤကဲ့သို့သော အခြေအနေတွင် အမြစ်မာသော အပင်အနည်းငယ်သာ ရှင်သန်နိုင်သည်။ သာမန်သစ်သီးပင်များနှင့် သီးနှံများမှာ ထိုနေရာမျိုးတွင် လုံးဝ ရှင်သန်နိုင်ခြင်းမရှိပေ။
ထိုအချိန်တွင် ဟွားနိုင်ငံ၏ မြို့တော်၌ အကြီးအကဲဝေ့ခမျာ ယဲ့ချန်း၏ကျောင်းတွင် စီမံကိန်းအသစ်တစ်ခုကို သုတေသနပြုလုပ်နေကြောင်း ကြားလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
"ယဲ့ချန်းရဲ့ကျောင်းက သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲနိုင်မယ့် စီမံကိန်းကို သုတေသနလုပ်နေတာလား"
ဤစီမံကိန်းအကြောင်း ကြားလိုက်ရသောအခါ အကြီးအကဲဝေ့မှာ စိတ်လှုပ်ရှားသွားသည်။
အကယ်၍ ဤစီမံကိန်းသာ အောင်မြင်သွားပါက နိုင်ငံ၏ စားနပ်ရိက္ခာနှင့် သစ်သီးဝလံထုတ်လုပ်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မည်။ ထို့ပြင် ယဲ့ချန်းနှင့် စတားတက္ကသိုလ်က အံ့ဖွယ်ဖြစ်ရပ်များစွာကို ဖန်တီးခဲ့ဖူးသည်။
စတားတက္ကသိုလ်အနေနှင့် အမှန်တကယ် အောင်မြင်နိုင်လိမ့်မည်ဟု အကြီးအကဲဝေ့ ခံစားနေရသည်။ သဲကန္တာရထဲတွင် သစ်သီးပင်များနှင့် ကောက်ပဲသီးနှံများ ရှိလာမည့်အရေးကို တွေးတောရင်း အကြီးအကဲဝေ့ခမျာ အလွန်ဝမ်းသာနေတော့သည်။
ယဲ့ချန်း ကျောင်းအုပ်ရုံးခန်းသို့ ပြန်ရောက်သောအခါ သူ့ကိုစောင့်နေသော တန်းရှောင်ချောင်ကို တွေ့လိုက်ရသည်။
"ကျောင်းအုပ်ယဲ့...ကျွန်တော်လည်း ပါဝင်ခွင့်ရနိုင်မလား။ ကျွန်တော် ဒီနှစ်တွေထဲမှာ သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲဖို့ အမြဲကြိုးစားခဲ့တာဆိုတော့ အတွေ့အကြုံ နည်းနည်းရှိပါတယ်"
တန်းရှောင်ချောင်၏ မျက်နှာထက်ရှိ စိတ်ထက်သန်မှုများကို မြင်လိုက်ရသောအခါ ယဲ့ချန်းကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"ကောင်းပြီလေ"
အမှန်တကယ်တော့ ယဲ့ချန်းအနေနှင့် တန်းရှောင်ချောင်၏ အတွေ့အကြုံကို မလိုအပ်သော်လည်း သူ့စိတ်ဓာတ်ကို တန်ဖိုးထားခြင်းသာ။
တန်းရှောင်ချောင်သည် သူ့ဇာတိမြေကို အိုအေစစ်ဖြစ်လာစေရန် မည်သူ့ထက်မဆို ပိုမိုဆန္ဒပြင်းပြနေသူပင်။
ထို့ကြောင့် တန်းရှောင်ချောင် ပါဝင်လာခြင်းမှာ စီမံကိန်းအဖွဲ့တစ်ခုလုံးအတွက် ခွန်အားတစ်ခု ဖြစ်စေသည်။
ထိုအချိန်တွင် အကြီးအကဲဝေ့ထံမှ ဖုန်းဝင်လာသည်။
"ယဲ့ချန်း... မင်းတို့ကျောင်းမှာ စီမံကိန်းအသစ်တစ်ခု ရှိတယ်လို့ ငါကြားထားတယ်"
ယဲ့ချန်းလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"အကြီးအကဲဝေ့... ခင်ဗျားလို အဆင့်မြင့်အရာရှိတစ်ယောက်က ကျွန်တော်တို့ကျောင်းကို အမြဲစောင့်ကြည့်နေတာ တကယ်ချီးကျူးဖို့ကောင်းသားပဲ"
အကြီးအကဲဝေ့ကလည်း ရယ်မောလိုက်၏။
"ငါ စောင့်ကြည့်ရမှာပေါ့ကွ။ မင်းတို့ကျောင်းက နိုင်ငံတော်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့် စီမံကိန်းကြီးတွေကိုပဲ အမြဲလုပ်တာကိုး။ အခုရော ငါတို့ဆီက ဘာအကူအညီလိုသေးလဲ"
"လောလောဆယ်တော့ မလိုသေးပါဘူး။ ဒါပေမဲ့ စမ်းသပ်တဲ့အဆင့်ကို ရောက်တဲ့အခါကျရင် လုံခြုံရေးအတွက် အကူအညီ လိုကောင်းလိုနိုင်ပါတယ်"
"ဒါတော့ ပြဿနာမရှိပါဘူး"
အကြီးအကဲဝေ့က ရယ်လိုက်၏။
ထို့နောက် စတားတက္ကသိုလ်ရှိ ကျောင်းသားများမှာ ယဲ့ချန်းပေးထားသော စာရွက်စာတမ်းများကို ဆက်လက် လေ့လာခဲ့ကြသည်။
ထိုစာရွက်စာတမ်းများထဲရှိ အကြောင်းအရာများကြောင့် ကျောင်းသားများ လုံးဝအံ့အားသင့်ကုန်ကြသည်။
ယဲ့ချန်းသည် သူတို့အတွက် ဇီဝဗေဒနယ်ပယ်ရှိ နက်နဲသော တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သလိုပင်။ ဤသီအိုရီများကို သူတို့ တစ်ခါမှမမြင်ဖူးသော်လည်း စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ လေ့လာခဲ့ကြသည်။
အကြောင်းမှာ ဤစာရွက်စာတမ်းများကို ပေးအပ်ခဲ့သူမှာ သူတို့၏ ကျောင်းအုပ်ယဲ့ ဖြစ်နေသောကြောင့်ပင်။ သူတို့၏နှလုံးသားထဲတွင် ကျောင်းအုပ်ယဲ့မှာ နတ်ဘုရားတစ်ပါးအလားပင်။
ယဲ့ချန်းကလည်း ကျောင်းသားများ၏ မေးခွန်းများနှင့် သံသယများကို ကူညီဖြေရှင်းပေးရန် ရံဖန်ရံခါ စာသင်ခန်းသို့ သွားရောက်လေ့ရှိ၏။ အမှန်စင်စစ်တွင် ဤအယူအဆများမှာ ကျောင်းသားများအတွက် အလွန်နက်နဲလွန်းလှသည်။
ယဲ့ချန်း၏ ရှင်းပြချက်များကြောင့် ကျောင်းသားများလည်း အစပိုင်းတွင် ဝေခွဲမရဖြစ်နေရာမှ အခြေခံကို နားလည်လာပြီး နောက်ဆုံးတွင် အသေးစိတ်အထိ သိရှိနားလည်လာကြသည်။ သုံးရက်ဟူသော အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ယဲ့ချန်းလည်း သူတို့အားလုံးကို နောက်တစ်ကြိမ် လူစုခိုင်းလိုက်သည်။
"ဒီသုံးရက်အတွင်းမှာ မင်းတို့ ဗဟုသုတတချို့ကို နားလည်လာကြပြီ။ အခု တရားဝင်သုတေသနကို စတင်တော့မယ်။ မင်းတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို ဖန်တီးနိုင်ကြလိမ့်မယ်လို့ ငါမျှော်လင့်တယ်"
••••••••••••••••••••