← Chapters

အခန်း ၆၂၂

Vol. 42 Ch. 622

အခန်း ၆၂၂

Vol. 42 Ch. 622

အပိုင်း ၆၂၂ : သူက အသင့်တော်ဆုံးလူပဲ

ပိုင်ထန်လည်း ဒေါသကို မထိန်းနိုင်တော့ဘဲ သိုက်မင်ကို ပြောလိုက်သည်။

"သိုက်မင်... မင်း တော်တော်လွန်နေပြီ။ ဥက္ကဋ္ဌယဲ့က မင်းအပေါ် အရမ်းကောင်းခဲ့တာကို မင်းက ဟိုတယ်ကို သစ္စာဖောက်ပြီး မဟုတ်မမှန်စွပ်စွဲနေတာလား။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

သိုက်မင်က လှောင်ပြုံးပြုံးလိုက်လေသည်။

"သူက ငါ့အပေါ် ကောင်းတယ် ဟုတ်လား... ဟာသပဲ"

စားဖိုမှူးများအဖွဲ့အစည်းရှိ အကြီးအကဲချန်းက ဝင်ပြောလိုက်သည်။

"သိုက်မင်... ဒီကိစ္စမှာ မင်းမှားနေပြီ။ ငါတိုစစ်ဆေးပြီးပြီ။ ဒီနေရာရဲ့ သန့်ရှင်းရေးက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ရဲ့ စံနှုန်းတွေကို ပြည့်မီနေပြီ။ အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေတာ ရပ်လိုက်ပါတော့"

သိုက်မင်က နှာခေါင်းရှုံ့လိုက်ပြန်သည်။

"ကျုပ်သိပြီ... ခင်ဗျားတို့က တစ်ဖွဲ့တည်းပဲ။ ခင်ဗျားတို့တွေအားလုံးကို ယဲ့ချန်းက လာဘ်ထိုးထားတာကိုး"

သိုက်မင်၏စကားကို ကြားသော် အကြီးအကဲချန်းလည်း မကျေမနပ်ဖြစ်သွားလေသည်။

"လောင်သိုက်... စကားပြောဆင်ခြင်ပါ"

ယဲ့ချန်းက ဘေးနားမှ သက်ပြင်းချလိုက်၏။

"ဥက္ကဋ္ဌပိုင်... ရဲခေါ်လိုက်ပါ"

"ရဲခေါ်မယ် ဟုတ်လား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ အားလုံး အံ့အားသင့်သွားကြသည်။

ပိုင်ထန်ကမူ ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ် ဥက္ကဋ္ဌယဲ့... ဒီလို ကျေးဇူးကန်းတဲ့လူကို ညှာတာလို့ မရဘူးလို့ ကျွန်တော် ပြောသားပဲ"

ထို့နောက် ပိုင်ထန်က ဖုန်းကောက်ကိုင်လိုက်၏။

"ကျွန်တော် ရဲတိုင်ချင်လို့ပါ။ ကျွန်တော်တို့ဟိုတယ်ရဲ့ ခေါင်းဆောင်စားဖိုမှူးဟောင်းက အညံ့စားတွေကို အကောင်းစားတွေလို လိမ်လည်အသုံးပြုပြီး ဟိုတယ်ရဲ့ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်နေတယ်လို့ သံသယဖြစ်မိပါတယ်"

ဤစကားကိုကြားသော် သိုက်မင်ခမျာ မျက်နှာပျက်သွားလေသည်။

"ယဲ့ချန်း... မင်း ဘာတွေပြောနေတာလဲ"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"ငါ ဘာပြောနေတာလဲ ဟုတ်လား။ မင်းက ခေါင်းဆောင်စားဖိုမှူးဆိုတဲ့ ရာထူးကို အသုံးချပြီး ဈေးကြီးတဲ့ ကုန်ကြမ်းတွေကို မှာတယ်။ ပြီးတော့ တခြားနေရာကနေ ဈေးပေါပေါနဲ့ ဝယ်ပြီး အညံ့စားတွေကို အကောင်းစားတွေလို ဟန်ဆောင်ပြီး သုံးခဲ့တာလေ။ အစတုန်းကတော့ မင်း ဟိုတယ်မှာရှိနေတာ ကြာပြီမို့ ငါ ခွင့်လွှတ်ပေးခဲ့တာ။ အခုတော့ ငါ့စေတနာကို မင်းက အလွဲသုံးစားလုပ်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့"

"မင်း ပေါက်ကရတွေလျှောက်ပြောနေတာ"

ယဲ့ချန်းက အေးစက်စက်ရယ်မောပြီး ပိုင်ထန်ကိုသာ ပြောလိုက်လေသည်။

"အဝယ်တော်မန်နေဂျာကို ခေါ်လိုက်"

အဝယ်တော်မန်နေဂျာကို မြင်လိုက်ရချိန်ဝယ် သိုက်မင် လုံးဝတုန်လှုပ်ခြောက်ချားသွားပါတော့သည်။

အဝယ်တော်မန်နေဂျာက သိုက်မင်တစ်ယောက် ပစ္စည်းအတုများကို ဘယ်လိုသုံးပြီး ကုမ္ပဏီပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်ခဲ့သလဲဆိုသည်ကို အသေးစိတ် ရှင်းပြခဲ့သည်။

အကုန်နားထောင်ပြီးနောက် အကြီးအကဲချန်း၏ မျက်နှာကား ခက်ထန်သွားသည်။

"သိုက်မင်... မင်းရဲ့လုပ်ရပ်တွေက တကယ်ရွံဖို့ကောင်းတယ်။ မင်းကို စားဖိုမှူးများအဖွဲ့အစည်းကနေ ထုတ်ပယ်လိုက်ပြီလို့ ငါ ဒီနေရာမှာတင် ကြေညာလိုက်တယ်"

ထိုအချိန်မှာပင် ရဲအရာရှိတချို့ ရုံးခန်းထဲသို့ ဝင်လာကြသည်။

ပိုင်ထန်က သက်သေများကို ရဲလက်ထဲ အပ်လိုက်ပြီးနောက် သိုက်မင်ကို ဖမ်းဆီးခေါ်ဆောင်သွားလေတော့သည်။

သူ အလွဲသုံးစားလုပ်ထားသည့် ပမာဏက ဆယ်သန်းကျော်ရှိသည်ဖြစ်ရာ သူ့လက်ကျန်နေ့ရက်များကို ထောင်ထဲမှာပင် ဖြတ်သန်းရဖို့များသည်။

ထျန်းပေါင်ဟိုတယ်၏ ကိစ္စများကို ဖြေရှင်းပြီးနောက် ယဲ့ချန်းက စုဝမ်ယိကို သွားကြိုရန် ကားမောင်းထွက်လာခဲ့သည်။

သူတို့နှစ်ယောက်မှာ စန်းယာခရီးစဉ်ကတည်းက ပိုရင်းနှီးလာခဲ့ကြသည်။

သို့သော် ကားက ရုပ်ရှင်မြို့တော်နားကို ရောက်သောအခါ ရုတ်တရက် ယာဉ်ကြောပိတ်ဆို့လေတော့သည်။

ဤလမ်းက အမြဲရှင်းနေသည်ဖြစ်ရာ ယခုမှ ဘာကြောင့် လမ်းပိတ်နေသလဲဆိုသည်ကို သူ စဉ်းစားမရဖြစ်နေချေသည်။

ယဲ့ချန်းက အခြေအနေကြည့်ရန် ကားပေါ်က ဆင်းလိုက်လေသည်။

ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် လျှောက်လာပြီး ယဲ့ချန်း၏ ကူလီနန်ကားကို သေချာကြည့်လိုက်၏။

"ကောင်လေး... ဒီကားက ဘယ်လောက်တန်လဲ"

"သိပ်မများပါဘူး... သန်းဆယ်ဂဏန်းလောက်ပါပဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားလည်း ဆွံ့အသွားချေသည်။

သိပ်မများဘူး ဟုတ်လား...သန်းဆယ်ဂဏန်းကိုလေ...

ဒီကောင်လေးကတော့ တော်တော်လေကြီးတာပဲ....

ယဲ့ချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ရှေ့မှာ တစ်ခုခုဖြစ်လို့လား... ဘာလို့ ဒီလောက် လမ်းပိတ်နေတာလဲ"

"မဟုတ်ပါဘူး... ရှေ့က ရုပ်ရှင်မြို့တော်မှာ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ ရောက်နေတာလေ။ မင်းသမီးနှစ်ယောက်စလုံးက အရမ်းနာမည်ကြီးတော့ လူတွေအများကြီး စုနေကြတာနဲ့ လမ်းပိတ်နေတာပေါ့"

ထိုအချိန်တွင် ​'တော်ဝင်ကျောက်စိမ်းနှလုံးသား'ရိုက်ကူးရေးအဖွဲ့၏ ဒါရိုက်တာလီကျဲကတော့ မျက်မှောင်ကြုတ်နေ​လေသည်။

ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့လုံးကို စိတ်လှုပ်ရှားနေကြသော ပရိသတ်များက ဝိုင်းထားချေသည်။

အဓိကကတော့ သုန်းရှောင်ယာသည် လတ်တလော အလွန်အောင်မြင်နေသလို ယန်းမီမီကလည်း နာမည်ကြီးတစ်ယောက်ပင်။

အစတုန်းကတော့ သူတို့သည် ရိုက်ကွင်းကြည့်ဖို့ လာခဲ့ခြင်းဖြစ်သော်ငြား ပရိသတ်များကြောင့် လမ်းတွင် ပိတ်မိနေသည်။

သုန်းရှောင်ယာက စိုးရိမ်တကြီး ပြောလိုက်၏။

"ကျေးဇူးပြုပြီး ဒီမှာ လာမစုကြပါနဲ့။ ဒါက လမ်းမကြီးမို့လို့ အရမ်းအန္တရာယ်များပါတယ်"

ယန်းမီမီကလည်း ပြောလိုက်လေသည်။

"ကြည့်ကြပါဦး... လမ်းပေါ်မှာ ကားတွေ ပိတ်ကုန်ပြီ။ ရှင်တို့ရဲ့ လုပ်ရပ်က သွားလာရေးကို အနှောင့်အယှက် ဖြစ်စေတယ်"

သို့သော် ပရိသတ်များကတော့ ဂရုမစိုက်ပါဘဲ သူတို့၏ ဖုန်းများဖြင့် ဓာတ်ပုံရိုက်နေကြသည်။

သုန်းရှောင်ယာနှင့် ယန်းမီမီတို့လည်း ကူကယ်ရာမဲ့သွားလေသည်။

သူတို့ခမျာ အစွမ်းကုန် ကြိုးစားသော်လည်း ပရိသတ်များကတော့ ထွက်သွားရန် ဆန္ဒမရှိကြပေ။

ထို့ပြင် လူအုပ်ကြီးကလည်း ပိုများလာသည်။

ဖျောင်းဖျ၍မရကြောင်း သိလိုက်ရသောအခါ ယန်းမီမီနှင့် သုန်းရှောင်ယာတို့လည်း ကားပေါ်သို့ ပြန်တက်သွားကြသည်။

ဒါရိုက်တာကျားရွေ့က မေးလိုက်၏။

"ပရိသတ်တွေ အခုထိမပြန်ကြသေးဘူးလား"

ယန်းမီမီနှင့် သုန်းရှောင်ယာတို့လည်း ခေါင်းခါယမ်းလိုက်မိသည်။

"ဟုတ်တယ်... ဒါကိုဖြေရှင်းဖို့ ယာဉ်ထိန်းရဲတွေကိုပဲ ခေါ်ရတော့မယ်ထင်တယ်"

ကျားရွေ့ကတော့ ဇာတ်ညွှန်းကို ကြည့်ရင်း စိတ်ညစ်နေဟန်ပင်။

"ဒါရိုက်တာ... ဘာဖြစ်လို့လဲ။ ဇာတ်လိုက်မင်းသားအတွက် စိတ်ပူနေတာလား"

သုန်းရှောင်ယာက မေးလိုက်၏။

ကျားရွေ့လည်း ခေါင်းညိတ်ပြလေသည်။

"အဋ္ဌမမင်းသားဇာတ်ကောင်က အရမ်းအရေးကြီးတယ်။ ဒါကြောင့် ဒီနေရာမှာ သရုပ်ဆောင်ဖို့ အသင့်တော်ဆုံးလူကို ရှာရမယ်"

ကျားရွေ့သည် ဤဇာတ်ညွှန်းကို မြင်မြင်ချင်းမှာပင် သဘောကျခဲ့သည်။

ထို့ကြောင့် သူ(မ)အနေနှင့် ဤဇာတ်ညွှန်းကို ဂန္တဝင်ရုပ်ရှင်တစ်ခု ဖြစ်လာအောင် ရိုက်ကူးရန် ဆုံးဖြတ်ထားသည်။

ဇာတ်လိုက်မင်းသမီးနေရာကိုတော့ အစောကတည်းက ရွေးချယ်ပြီးသားဖြစ်သော်ငြား အဋ္ဌမမင်းသားနေရာအတွက် လူအမြောက်အများကို စမ်းသပ်ကြည့်သော်ငြား အသင့်တော်ဆုံးလူကို ရှာမတွေ့သေးချေ။

ဤဇာတ်ရုပ်က အလွန်အရေးကြီးသောကြောင့် သူ(မ)အနေနှင့် တွေ့ကရာလူကို ပေါ့ပေါ့တန်တန် ရွေးချယ်ဖို့ ဆန္ဒမရှိပေ။

ထို့ကြောင့် အဋ္ဌမမင်းသားဇာတ်ကောင်က လစ်လပ်နေဆဲပင်။

သုန်းရှောင်ယာနှင့် ယန်းမီမီတို့ကလည်း ဒါရိုက်တာကျား၏ စေ့စပ်သေချာမှုကို ကောင်းကောင်းနားလည်သောကြောင့် ဘာမှဝင်မပြောခဲ့ကြပေ။

"ပြီးခဲ့တဲ့တစ်ခေါက်က ဟန်ဟန် အကြံပေးထားတဲ့ နာမည်ကြီးအိုင်ဒေါကို သုံးလို့မရဘူးလား"

လက်ထောက်ဒါရိုက်တာက အကြံပြုလိုက်၏။

"မရဘူး... သူက ချောတော့ချောပေမဲ့ အရမ်း မိန်းမဆန်နေတယ်။ အဋ္ဌမမင်းသားရဲ့ ရဲရင့်ပြီး ပြတ်သားတဲ့ စရိုက်နဲ့ မကိုက်ညီဘူး"

ကျားရွေ့ကမူ ခေါင်းခါလိုက်၏။

"ဒါပေမဲ့ ကျွန်တော်တို့ရုပ်ရှင်မှာ ဒီဇာတ်ကောင်တစ်နေရာပဲ ကျန်တော့တာလေ။ အချိန်ထပ်ဆွဲနေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက သဘောကျမှာမဟုတ်ဘူး"

ကျားရွေ့က ပြောလိုက်၏။

"ငါ့ရဲ့မူဝါဒကတော့ မရိုက်ရင်လည်း မရိုက်ဘူး။ ရိုက်ပြီဆိုရင်လည်း ဂန္တဝင်မြောက်အောင် ရိုက်ရမယ်"

ဒါရိုက်တာကျား၏ ယုံကြည်ချက်ကို မြင်သောအခါ အခြားသူများလည်း ထပ်မတိုက်တွန်းရဲကြတော့ပေ။

ကျားရွေ့ သက်ပြင်းချလိုက်၏။

'အဋ္ဌမမင်းသားနေရာအတွက် သင့်တော်တဲ့ သရုပ်ဆောင်တစ်ယောက်မှ မရှိတော့တာလား'ဟုလည်း တွေးနေမိသည်။

ကျားရွေ့က ခေါင်းတခါခါဖြင့် အကြံပြုထားသည့် စာရင်းထဲရှိ တစ်ယောက်ယောက်ကိုသာ ကျပန်းရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အချိန်ထပ်ဆွဲ၍ မရတော့ပေ။

ထိုအချိန်မှာ ယဲ့ချန်းက ကားမောင်းလျက် သူတို့၏ကားနားသို့ ရောက်လာလေသည်။

ကားမောင်းရသည်မှာ အနည်းငယ်လှောင်ပိတ်သလို ဖြစ်နေသောကြောင့် ယဲ့ချန်းလည်း ကားမှန်ကိုချပြီး အပြင်သို့ ကြည့်လိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ကျားရွေ့ကလည်း ယဲ့ချန်းရှိရာဘက်ကို လှမ်းကြည့်လိုက်မိသည်။

ယဲ့ချန်း၏ ဘေးတိုက်ပုံစံကို မြင်လိုက်ရချိန်ဝယ် ကျားရွေ့ နှလုံးခုန်သံများ မြန်ဆန်သွားပါတော့သည်။

ယဲ့ချန်း၏ ဘေးတိုက်ရုပ်ရည်က အလွန်တရာချောမောလှသလို သူအငွေ့အသက်ကလည်း အမတတစ်ပါးနှယ် ထူးခြားမြင့်မြတ်နေသည်။

"သူက ငါရှာနေတဲ့ အဋ္ဌမမင်းသားပဲ"

ယဲ့ချန်းကို မြင်လိုက်ရသောအခါ ကျားရွေ့ခမျာ အတိုင်းမသိ စိတ်လှုပ်ရှားသွားသည်။

ထိုအချိန်မှာပင် ယာဉ်ထိန်းရဲများ၏ လမ်းညွှန်မှုအောက်တွင် ကားများမှာ ဖြည်းဖြည်းချင်း စတင်ရွေ့လျားလေတော့သည်။

ယဲ့ချန်း ကားမောင်းထွက်သွားသည်ကို မြင်သော် ကျားရွေ့က စကားပြောစက်ကို အလောတကြီး ကိုင်လိုက်သည်။

"လက်ထောက်ဒါရိုက်တာလီ... ဟိုရှေ့က ကူလီနန်ကားကို တားထားလိုက်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့ကို တားထားလိုက်ပါ"

ကျားရွေ့တွင် ခံစားချက်တစ်ခု ရှိနေပေသည်။ အကယ်၍ ဤလူငယ်လေးသာ အဋ္ဌမမင်းသားနေရာမှာ သရုပ်ဆောင်မည်ဆိုပါက ဤရုပ်ရှင်ကား သေချာပေါက် အောင်မြင်လိမ့်မည်။

သူ့အရှိန်အဝါက အဋ္ဌမမင်းသားနှင့် ကွက်တိပင်။

သူ့ရုပ်ရည်ရော ဆွဲဆောင်မှုကပါ အပြစ်ပြောစရာမရှိသောကြောင့် ဤဇာတ်ရုပ်ဟာ ဤလူငယ်အတွက် သီးသန့်ဖန်တီးထားသလားဟုပင် ထင်မှတ်ရသည်။

အစောပိုင်းကတော့ သင့်တော်သူမရှိသောကြောင့် ကျပန်းရွေးချယ်ရန် စဉ်းစားထားသော်လည်း ယခုမူ ယဲ့ချန်းသည် သူ(မ) တကယ်လိုအပ်နေသူ ဖြစ်ကြောင်း သိလိုက်ရလေပြီ။

ယဲ့ချန်း ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း ကျားရွေ့ ပျာယာခတ်နေချေသည်။

ယဲ့ချန်း ထွက်သွားမည်ကို သူ(မ) အလွန်စိုးရိမ်နေ၏။

ယဲ့ချန်းသာ ထွက်သွားလျှင် ပြန်ရှာရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူ(မ) သိနေပေသည်။

ကျားရွေ့ စိတ်လှုပ်ရှားနေသဖြင့် ကျန်လူများမှာ အံ့အားသင့်နေကြသည်။ သူတို့အားလုံး၏ အကြည့်ကလည်း ကူလီနန်ကားဆီသို့ ရောက်နေပေသည်။

သုန်းရှောင်ယာနှင့် ယန်းမီမီတို့ ကားကိုလှမ်းကြည့်လိုက်ချိန်ဝယ် ကားနံပါတ်ပြားကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"ယဲ့ချန်းလား..."

သုန်းရှောင်ယာနှင့် ယန်းမီမီတို့ တစ်ပြိုင်တည်းနီးပါး ရေရွတ်လိုက်ကြသည်။

ဒါရိုက်တာကျားတစ်ယောက် ရူးမတတ် စိတ်လှုပ်ရှားနေသူမှာ ယဲ့ချန်းဖြစ်ကြောင်း သူတို့ နှစ်ယောက်စလုံး သိသွားကြသည်။

သို့သော် ယန်းမီမီနှင့် သုန်းရှောင်ယာတို့ကလည်း ယဲ့ချန်းသည် အဋ္ဌမမင်းသား၏ ပုံစံနှင့် ကွက်တိဖြစ်နေသည်ဟု ခံစားမိသည်။

သူ့ရုပ်ရည်နဲ့ အရှိန်အဝါကြောင့် ဒါရိုက်တာကျား ဤမျှအထိ စိတ်လှုပ်ရှားနေသည်မှာလည်း အံ့သြစရာမဟုတ်ပါချေ။

•••••••••••••••••••••••

All Chapters