← Chapters

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း ၆၂၃

Vol. 42 Ch. 623

အပိုင်း ၆၂၃ : ဒါရိုက်တာကျား၏ ဖိတ်ခေါ်မှု

သို့သော် သူတို့နှစ်ယောက်စလုံး ယဲ့ချန်းမည်သူမည်ဝါဖြစ်ကြောင်း သိထားသည်။ သူသည် ငွေကြေးချို့တဲ့သူတစ်ယောက် မဟုတ်လေရာ သရုပ်ဆောင်ရန် ဖြစ်နိုင်မည်လော။

ထိုအချိန်တွင် ကျားရွေ့က ယဲ့ချန်းကို မျက်စိကျနေပြီဖြစ်၏။

အကယ်၍ ယဲ့ချန်းသာ ဤဇာတ်ကောင်ကို သရုပ်ဆောင်မည်ဆိုပါက ရုပ်ရှင်၏ ကျော်ကြားမှုမှာ သေချာပေါက် မြင့်တက်လာလိမ့်မည်ဟု သူ(မ) ခံစားမိသည်။

သို့သော် ကျားရွေ့ အလွန်စိုးရိမ်နေသည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်းသည် ကူလီနန်ကားကို မောင်းနှင်နေသူဖြစ်ရာ ဤသို့သောလူမျိုးမှာ ငွေကြေးပြတ်လပ်နေသူ မဖြစ်နိုင်ပေ။

သူ့ဘက်က သရုပ်ဆောင်ချင်စိတ် မရှိမည်ကို သူ(မ) စိုးရိမ်မိသည်။ ထိုသို့ဖြစ်လာပါက အခြေအနေမှာ ကိုးရိုးကားရားဖြစ်သွားလိမ့်မည်။

တကယ်တမ်းတွင် ကူလီနန်ကို မောင်းနိုင်သူတစ်ယောက်က ရုပ်ရှင်တစ်ကားအတွက်ရမည့် သန်းဂဏန်းမျှရှိသော လုပ်အားခကို မက်မောပါ့မလား။

သို့သော် ကျားရွေ့ကတော့ ဤအခွင့်အရေးကို လက်လွှတ်ရန် အစီအစဉ်မရှိပေ။

အဓိကအချက်မှာ ယဲ့ချန်းသည် ဤဇာတ်ကောင်အတွက် အလွန်သင့်တော်နေသည်။

ယခု သူ(မ)လုပ်ရမည့်အရာမှာ သူ့ကို တားဆီးရန် နည်းလမ်းရှာရန်ပင်။ အကြောင်းမှာ ယဲ့ချန်းသာ ထွက်သွားပါက အခွင့်အရေး လုံးဝရှိတော့မည်မဟုတ်သောကြောင့်ပင်။

ဒါရိုက်တာ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရကြောင်း ယဲ့ချန်းကတော့ မသိရှာပေ။ ထိုအချိန်တွင် လမ်းရှင်းသွားပြီဖြစ်၍ ယဲ့ချန်းလည်း ကားကိုအရှိန်တင်ရန် ပြင်လိုက်စဉ် ရုတ်တရက်ဆိုစလို ဗင်ကားတစ်စီးက သူ့ကားရှေ့ကို ဖြတ်ဝင်လာသည်။

ကျစ်!

ယဲ့ချန်းလည်း ဘရိတ်အုပ်ပြီး ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်သည်။

ဘယ်သူတွေလဲ။ သိုက်မင်က လူလွှတ်လိုက်တာလား။

မဖြစ်နိုင်ဘူး။ သိုက်မင်က အခုလောက်ဆိုရင် ရဲစခန်းရောက်နေလောက်ပြီ။

ထိုစဉ် ဗင်ကားပေါ်မှ လူလေးငါးယောက် ဆင်းလာကြသည်။

ထိုလူများကို မြင်သောအခါ ယဲ့ချန်းမှာ နားမလည်နိုင်ဖြစ်သွားသည်။

သူတို့ထဲရှိ အချို့မှာ မျက်မှန်တပ်ထားပြီး အလွန်ယဉ်ကျေးပုံပေါက်သည်။

သူတို့၏ပုံစံမှာ လူဆိုးလူမိုက်များ၊ ဂိုဏ်းစတားများနှင့် လုံးဝမတူပေ။

ယဲ့ချန်းလည်း ကားပေါ်မှဆင်းကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

ယဲ့ချန်း၏ရှေ့တွင်မူ သာမန်လူမိုက်များမှာ အမှိုက်သာသာပင်။

လူအနည်းငယ်ခန့်ကို မဆိုထားနှင့်။ ဒါဇင်နှင့်ချီပြီး ရှိနေလျှင်ပင် ယဲ့ချန်းက ကြောက်မည်မဟုတ်ပေ။

သူ့ထံ ချဉ်းကပ်လာသော လူအုပ်ကြီးကိုကြည့်ရင်း ယဲ့ချန်းက တည်ငြိမ်စွာ မေးလိုက်သည်။

"ကိစ္စရှိလို့လား"

မျက်မှန်တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မျက်မှန်ကို ပင့်တင်ပြီး အနည်းငယ် အားနာနေဟန်ဖြင့် ပြောလိုက်၏။

"မင်္ဂလာပါ။ ကျွန်တော်က 'နန်းတော်'ရိုက်ကူးရေးအဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာ လီရှန်းပါ"

ထိုသို့ပြောပြီးသည်နှင့် ထိုအမျိုးသားက ယဲ့ချန်းကို လိပ်စာကတ်တစ်ခု ကမ်းပေးလိုက်သည်။

သူတို့ဘက်က ပြဿနာရှာမည့်ပုံမပေါ်ကြောင်း ယဲ့ချန်း မြင်လိုက်ရသဖြင့် မေးကြည့်လိုက်၏။

"ဪ... ကျွန်တော့်ဆီက ဘာများလိုအပ်လို့လဲ"

မည်သို့ပင်ဖြစ်စေ ကားမောင်းနေစဉ် ရုတ်တရက် အတားခံရလျှင် မည်သူက ပျော်နိုင်မည်နည်း။

မျက်မှန်တပ်ထားသော အမျိုးသားက ကိုးရိုးကားရားပြုံးလိုက်သည်။

"အင်း... ဒီလိုပါ။ ကျွန်တော်တို့ 'နန်းတော်'အဖွဲ့ရဲ့ ဒါရိုက်တာက ခင်ဗျားကို စိတ်ဝင်စားနေလို့ပါ"

ယဲ့ချန်း ခဏမျှ ရပ်တန့်သွားသည်။

"ဆောရီးပါ... ခင်ဗျားတို့ဒါရိုက်တာကို ကျွန်တော် စိတ်မဝင်စားဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ နေရခက်စွာ ရယ်မောလိုက်သည်။

"မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဒါရိုက်တာက ခင်ဗျားကို မင်းသားနေရာမှာ သရုပ်ဆောင်စေချင်တာပါ"

ထိုအမျိုးသားက ဆက်ပြောချေသည်။

"ကျွန်တော်တို့ဒါရိုက်တာက ဟွားနိုင်ငံမှာ နာမည်ကြီးတဲ့ ဒါရိုက်တာကျားရွေ့ပါ။ ဒီရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ ယန်းမီမီနဲ့ သုန်းရှောင်ယာတို့လည်း ပါဝင်မှာပါ။ခင်ဗျားကတော့ ခေါင်းဆောင်မင်းသားပေါ့။ ခင်ဗျားရဲ့အသွင်အပြင်က ဇာတ်ကောင်နဲ့ ကွက်တိကျတယ်လို့ ဒါရိုက်တာက ထင်နေလို့ပါ"

ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။

"ဆောရီးပဲ... ကျွန်တော် စိတ်မဝင်စားဘူး"

အကယ်၍ ယဲ့ချန်းသာ သရုပ်ဆောင်ခြင်းကို စိတ်ဝင်စားပါက အစကတည်းက ကိုယ်ပိုင်ရုပ်ရှင်ကို သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့မည်ဖြစ်၏။ ထို့ပြင် သူသည် အလွန်အလုပ်များသလို တက္ကစီလည်း မောင်းရသေးသဖြင့် ရုပ်သံစီးရီးရိုက်ကူးရန် အချိန်မရှိပေ။

ယဲ့ချန်းက အေးစက်စက်ပြောလိုက်လေသည်။

"တခြားကိစ္စမရှိတော့ရင် လမ်းဖယ်ပေးပါ။ ကျွန်တော့်မှာ လုပ်စရာတွေရှိသေးတယ်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက မျက်နှာသေဖြင့် ကားပေါ်ပြန်တက်ကာ စက်နှိုးလိုက်သည်။

ယဲ့ချန်းထံမှ အငြင်းခံလိုက်ရသဖြင့် လီရှန်းမှာ အလွန်ရှက်သွားသည်။

သို့သော် ဒါရိုက်တာကျားရွေ့က ယဲ့ချန်းကို တားထားရန် အမိန့်ပေးထားချေသည်။

သူတို့က သူ့ကို ဖြတ်သွားခွင့်မပေးကြောင်း ယဲ့ချန်း သတိထားမိလိုက်သဖြင့် အေးစက်စက်အမူအရာဖြင့် ပြောလိုက်၏။

"ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်နော်။ ဖယ်ပေးကြ"

ယဲ့ချန်း၏ ခက်ထန်သော အမူအရာကို မြင်သောအခါ လီရှန်းလည်း အနည်းငယ် တုန်လှုပ်သွားသည်။

ထိုစဉ် ကျားရွေ့ ရောက်လာလေသည်။

လီရှန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒါရိုက်တာ ရောက်လာပြီဖြစ်လေရာ ပိုလွယ်ကူသွားပြီဖြစ်။။ သူကိုယ်တိုင် ဖြေရှင်းစရာ မလိုတော့ပေ။

မည်သို့ပင်ဆိုစေ ယဲ့ချန်းက ဒေါသထွက်နေပြီဖြစ်ရာ အငြင်းပွားမှု ကြီးထွားသွားပါက မကောင်းပေ။

ယဲ့ချန်းသည် ကူလီနန်ကားကို မောင်းနှင်သူဖြစ်ကြောင်း လီရှန်း သိထားသဖြင့် သူ့နောက်ခံမှာ သေချာပေါက် သာမန်မဟုတ်ကြောင်း သိထားသည်။

ထိုသို့သော နောက်ခံနှင့်ဆိုလျှင် ယဲ့ချန်းအနေနှင့် သူ့ကို အသာလေး ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။

"ဒါရိုက်တာကျား... ရောက်လာပြီကိုး။ ဒီလူကြီးမင်းက သရုပ်ဆောင်ဖို့ စိတ်ဝင်စားပုံမပေါ်ဘူး။ ဘယ်လိုလုပ်ကြမလဲ..."

ကျားရွေ့က ယဲ့ချန်းထံသို့ ချဉ်းကပ်သွားသောအခါ လီရှန်းက ဘေးသို့ ဖယ်ပေးလိုက်သည်။

"မစ္စတာယဲ့... တွေ့ရတာ ဝမ်းသာပါတယ်။ ရှင်က ကျွန်မရဲ့ဇာတ်ကောင်နဲ့ အရမ်းသင့်တော်တယ်လို့ ထင်တယ်။ ရှင်တောင်းဆိုချင်တဲ့ အချက်တွေရှိရင် ကျွန်မတို့ အေးအေးဆေးဆေးထိုင်ပြီး ဆွေးနွေးလို့ရပါတယ်"

ရိုးရိုးသားသားပြောရလျှင် ကျားရွေ့ကိုယ်တိုင်လည်း သေချာမသိသေးပေ။

မည်သို့ပင်ဆိုစေ ယွမ်ဆယ်သန်းကျော်သော ကူလီနန်ကို မောင်းနှင်နေသူတစ်ယောက်အတွက် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာခြင်းမှာ အဓိပ္ပာယ်မဲ့လွန်းလှသည်။

ယခုလောလောဆယ်တော့ ကျားရွေ့အနေနှင့် ယဲ့ချန်းဘက်က သရုပ်ဆောင်ခြင်းကို စိတ်ဝင်စားပြီး စမ်းကြည့်ချင်လာရန်သာ မျှော်လင့်နိုင်တော့သည်။

ယဲ့ချန်းက ကားမှန်ကို ချလိုက်သည်။

ယဲ့ချန်းကို အနီးကပ် မြင်လိုက်ရသောအခါ ကျားရွေ့၏ နှလုံးခုန်သံကား စည်းချက်တစ်ချက် လွဲသွားရသည်။

သူ့အသွင်အပြင်မှာ ပြီးပြည့်စုံလွန်းလှသည်။

အကယ်၍ သူ(မ)၏ ခေါင်းဆောင်မင်းသားနေရာတွင် သူ့ကိုသာ သရုပ်ဆောင်ခိုင်းနိုင်ပါက အလွန်အံ့သြဖို့ကောင်းပေလိမ့်မည်။

ယဲ့ချန်း၏ အသားအရေမှာ ဖြူဝင်းနေပြီး မျက်နှာသွင်ပြင်ကလည်း ထုဆစ်ထားသည့်အလား ပီပြင်ကာ အပြစ်အနာအဆာကင်းမဲ့နေသည်။

နာမည်ကြီးဒါရိုက်တာတစ်ယောက်အနေနှင့် ကျားရွေ့သည် လူငယ်သရုပ်ဆောင်ပေါင်းများစွာနှင့် အလုပ်လုပ်ဖူးသည်။

သို့သော် ယဲ့ချန်းကို မြင်လိုက်ရချိန်တွင် သူ(မ)၏ရင်ထဲဝယ် တလှပ်လှပ်ဖြစ်သွားရသည်။

ယဲ့ချန်းက အေးတိအေးစက်ဖြင့် ပြောလိုက်လေသည်။

"စိတ်မကောင်းပါဘူး... ကျွန်တော် သရုပ်ဆောင်ဖို့ စိတ်မဝင်စားဘူး။ အဲဒါကြောင့် တခြားကိစ္စမရှိတော့ရင် သွားပါရစေ"

ယဲ့ချန်း၏ ဂရုမစိုက်လေဟန် အမူအရာကြောင့် ကျားရွေ့မှာ အနည်းငယ် အရှက်ရသွားသည်။

"ကျွန်မကို ငါးမိနစ်လောက် အချိန်ပေးနိုင်မလား။ ငါးမိနစ်တည်းပါ"

ကျားရွေ့က ရိုးသားစစ်မှန်စွာ တောင်းဆိုလိုက်သည်။

သူ(မ)၏ ရိုသေယဉ်ကျေးမှုကို မြင်သောအခါ ယဲ့ချန်းလည်း ပြတ်ပြတ်သားသား မငြင်းရက်တော့ဘဲ ပြောလိုက်၏။

"ကောင်းပြီလေ။ ငါးမိနစ်ပဲနော်"

"မစ္စတာယဲ့... ကျွန်မတို့ 'တော်ဝင်ကျောက်စိမ်းနှလုံးသား'ရုပ်ရှင်ကို ရိုက်ကူးဖို့ ပြင်ဆင်နေတာပါ။ ရှင့်ပုံစံက ကျွန်မတို့ဇာတ်ညွှန်းထဲက အဋ္ဌမမင်းသားနဲ့ ကွက်တိကျနေလို့ပါ"

တော်ဝင်ကျောက်စိမ်းနှလုံးသားတဲ့လား...

ယဲ့ချန်း ခဏမျှ ရပ်တန့်သွားသည်။

ဒီဇာတ်ညွှန်းက သူရေးခဲ့တာ မဟုတ်ဘူးလား။

ထိုအခါမှသာ ယန်းမီမီနှင့် သုန်းရှောင်ယာတို့ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်မည့် 'တော်ဝင်ကျောက်စိမ်းနှလုံးသား'ရုပ်သံစီးရီးကို ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ယဲ့ချန်း ပြန်သတိရသွားသည်။

ယခင်က ယဲ့ချန်းသည် ဤဇာတ်ညွှန်းကို ရေးသားပြီးနောက် လွှဲပြောင်းပေးခဲ့ရုံသာ။

ရုပ်ရှင်များနှင့် စီးရီးပေါင်းများစွာရှိသည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် တစ်ခုချင်းစီကို ကိုယ်တိုင်ရိုက်ကူးရန် အချိန်မရှိပေ။

ကျားရွေ့က လေးလေးနက်နက်ဖြင့် ဆိုလေသည်။

"ရှင် ငွေမလိုဘူးဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ရှင့်ပုံစံက အဋ္ဌမမင်းသားရဲ့ ဇာတ်ကောင်နဲ့ အရမ်းလိုက်ဖက်လွန်းလို့ ကျွန်မကို ဒီအခွင့်အရေးလေး ပေးပါနော်။ စကားမစပ်... ကျွန်မတို့ရုပ်ရှင်မှာ တခြားသရုပ်ဆောင် နှစ်ယောက်လည်းပါတယ်။ ယန်းမီမီနဲ့ သုန်းရှောင်ယာတို့လေ"

ထိုအချိန်တွင် ယန်းမီမီနှင့် သုန်းရှောင်ယာတို့က လူအုပ်ထဲမှ တိုးထွက်လာကြသည်။

"ယဲ့ချန်း... ရှင်လား"

သုန်းရှောင်ယာက တအံ့တသြ မေးလိုက်သည်။

ယန်းမီမီကလည်း ရယ်ကာမောကာဖြင့် ဆိုလေသည်။

"ယဲ့ချန်း... ကျွန်မတို့တွေက ရေစက်ပါတယ်နော်"

အစတုန်းက ကျားရွေ့အနေနှင့် မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း ယန်းမီမီနှင့် သုန်းရှောင်ယာတို့က ယဲ့ချန်းကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် သူ(မ)၏မျက်ဝန်းများမှာ အရောင်လက်သွား​ချေသည်။

သူဌေးသားများအတွက် သရုပ်ဆောင်များဆိုသည်မှာ အမှိုက်သာသာပင်ဖြစ်ကြောင်း လူတိုင်းသိသည်။

ထို့ကြောင့် ယဲ့ချန်းအနေနှင့် သရုပ်ဆောင်နေစရာ မလိုပေ။

သို့သော် သုန်းရှောင်ယာနှင့် ယန်းမီမီတို့က ယဲ့ချန်းကို သိနေပါက အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွားပေလိမ့်မည်။

ကျားရွေ့က ဆို၏။

"မီမီနဲ့ရှောင်ယာ... မင်းတို့က ဒီလူကြီးမင်းနဲ့ သိနေမှတော့ သူ့ကို သေချာနားချကြည့်ပါလား"

လူတိုင်း အံ့အားသင့်သွားကြသည်။ ပုံမှန်အားဖြင့် ဒါရိုက်တာကျားမှာ တသီးတသန့်နေတတ်သူဖြစ်၏။ ယနေ့မူ ဤလူငယ်လေးကြောင့် သူ(မ) အလွန်ပင် နှိမ့်ချနေချေသည်။

သုန်းရှောင်ယာက တခစ်ခစ်ရယ်မောလိုက်၏။

"ယဲ့ချန်း... ရှင် ရိုက်ကူးရေးအဖွဲ့ထဲ ဝင်ခဲ့ပါ့လား။ ကျွန်မတို့သုံးယောက် အတူတူပျော်လို့ရတာပေါ့"

ယန်းမီမီကလည်း ရယ်မောလျက် ပြောလိုက်သည်။

"ဟုတ်တယ်။ ကျွန်မက ရှင့်ကို အဋ္ဌမမင်းသားနေရာကနေ ကျွန်မနဲ့တွဲပြီး သရုပ်ဆောင်စေချင်နေတာ"

သုန်းရှောင်ယာကလည်း မှတ်ချက်ချလိုက်သည်။

"ငါ့ရွေးချယ်မှုကို နောင်တရသွားပြီ။ ကြိုသာသိခဲ့ရင် နင့်ဇာတ်ရုပ်ကိုပဲ ရွေးမှာပေါ့"

ထိုမိန်းကလေးနှစ်ယောက်ကို မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။

"ကောင်းပြီလေ.. ဒီနေ့ ကိုယ် လုပ်စရာလေးတွေ ရှိသေးတယ်။ အဲဒီကိစ္စကို စဉ်းစားကြည့်ပါဦးမယ်"

အကယ်၍ ကျားရွေ့တစ်ယောက်တည်းသာဆိုပါက ယဲ့ချန်းအနေနှင့် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်မည်ဖြစ်သော်ငြား ဤမိန်းကလေးနှစ်ယောက်ကြောင့် ယဲ့ချန်း၏စိတ်ထဲ အနည်းငယ် ဝေခွဲမရဖြစ်သွားပေသည်။

••••••••••••••••••••••

All Chapters