← Chapters

အခန်း ၆၂၄

Vol. 42 Ch. 624

အခန်း ၆၂၄

Vol. 42 Ch. 624

အပိုင်း ၆၂၄ : ဒါက ငါ့အစ်ကိုကြီးပဲ

ယဲ့ချန်း ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း ကျားရွေ့က မေးလိုက်သည်။

"မင်းတို့နှစ်ယောက်က ဒီလူကြီးမင်းနဲ့ သိတာလား"

သုန်းရှောင်ယာက ဆို၏။

"သေချာပေါက် သိတာပေါ့။ ကျွန်မတို့က တော်တော်ရင်းနှီးတာ"

ကျားရွေ့က ဆိုလေသည်။

"ဒီလိုဆိုရင် ဒီတာဝန်ကို မင်းတို့ပဲ ယူလိုက်တော့။ ယဲ့ချန်းကို အဋ္ဌမမင်းသားနေရာမှာ သရုပ်ဆောင်လာအောင် ကြိုးစားပေးပါ"

သုန်းရှောင်ယာနှင့် ယန်းမီမီတို့ခမျာ လျှာတစ်လစ်ထုတ်၍ အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။

ယဲ့ချန်းကမူ ယာရှီလုပ်ငန်းစုဆီသို့ မောင်းလာခဲ့သည်။

ကားရပ်လိုက်သည်နှင့် ယဲ့ချန်းသည် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ခပ်ချောချော လူငယ်တစ်ယောက်နှင့် စကားပြောနေသည့် စုဝမ်ယိကို မြင်လိုက်ရသည်။

ယဲ့ချန်း ကားဟွန်းတီးလိုက်သည်။

စုဝမ်ယိက ယဲ့ချန်း၏ကားကို မြင်သွားပြီး ပြောလိုက်၏။

"ဆောရီး... ကျွန်မ လုပ်စရာလေးရှိလို့ သွားရတော့မယ်"

ထိုလူငယ်မှာ အံ့အားသင့်သွားသည်။

"ဝမ်ယိ... အဲဒီလူက ဘယ်သူလဲ"

စုဝမ်ယိကမူ ခပ်ဖွဖွပြုံးလိုက်၏။

"သူလား... သူက ကျွန်မချစ်သူလေ"

ထိုသို့ပြောပြီးသည်နှင့် စုဝမ်ယိက ထိုအမျိုးသားကို ကျော်၍ ယဲ့ချန်း၏ ကားနားသို့ ပြုံးရွှင်စွာ လျှောက်သွားလေတော့သည်။

ထိုလူငယ်မှာ ဒေါသကြောင့် ရူးမတတ် ဖြစ်သွားသည်။

သူသည် စုဝမ်ယိကို ရည်းစားမရှိဘူးဟု ထင်မှတ်ပြီး တစ်လကျော်ကြာအောင် လိုက်ပိုးနေခဲ့သော်လည်း တကယ်တမ်းတွင်မူ သူ(မ)မှာ ချစ်သူရှိနေပေသည်။

သို့သော် အံတင်းတင်းကြိတ်လိုက်လေသည်။

"မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ့ကောင်မလေးကို လုရဲမှတော့ သေဖို့သာ ပြင်ထားတော့"

ယဲ့ချန်းက ကားမောင်းရင်း ပြုံးလိုက်၏။

"မင်း ကားပေါ်တက်လာတုန်းက အဲဒီကောင်လေး တော်တော်ဒေါသထွက်နေတဲ့ပုံပဲ"

စုဝမ်ယိက ဆို၏။

"သူက တက္ကသိုလ်တုန်းက အတန်းဖော်ပါ။ အခုတလော ကျွန်မကို လိုက်ရှုပ်နေလို့ အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"အရမ်းချောတဲ့ ချစ်သူလေးကိုရ​ထားတော့ အရမ်းဒုက္ခရောက်တာပဲ။ ကိုယ်က ထက်မြက်လို့ တော်သေးတယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ စုဝမ်ယိကပါ လိုက်ရယ်လေသည်။

"ရှင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်"

ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။

"ဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ"

စုဝမ်ယိက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"ဒီနေ့ ကျွန်မတို့ ဘယ်သွားလည်ကြမလဲ"

ယဲ့ချန်းက ဆို၏။

"ပြီးခဲ့တဲ့တစ်ခေါက်က မင်း ဈေးဝယ်ထွက်ချင်တယ်ဆို။ ဈေးသွားဝယ်ကြမယ်လေ။ အချိန်ကိုက်ပဲဟာကို"

စုဝမ်ယိက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ.. ကျွန်မလည်း ဈေးမဝယ်ဖြစ်တာ ကြာပြီ။ ရှင့်လို သုံးနိုင်ဖြုန်းနိုင်တဲ့လူကို ရထားမှတော့ ရှင့်ဆီက များများဖြုန်းပေးမှဖြစ်မယ်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဟားဟား... ရပါတယ်။ ဒါပေမဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့လူတွေက အဆုံးသတ်မလှတတ်ဘူးနော်။ ကိုယ် မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုဝမ်ယိလည်း မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။

"ရှင်က အရမ်းဆိုးတာပဲ"

ယဲ့ချန်းလည်း ရီတာ့ပလာဇာသို့​ မောင်းသွားလိုက်သည်။

သူတို့နှစ်ယောက် ကားပေါ်ကဆင်း၍ ကုန်တိုက်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကြသည်။

ယဲ့ချန်းက ချောမောခန့်ညားပြီး စုဝမ်ယိက လှပလွန်းသောကြောင့် ကုန်တိုက်ထဲသို့ ဝင်သွားသည်နှင့် လူအများ၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

“ဝိုး... လိုက်ဖက်တဲ့ စုံတွဲလေး"

"ဟုတ်ပါရဲ့... ကောင်လေးကလည်း ချောတယ်။ ကောင်မလေးကလည်း လှတယ်"

မိန်းကလေးများက ယဲ့ချန်း၏ နတ်ဘုရားတစ်ပါးနှယ် ရုပ်ရည်ကို ကြည့်ရင်း စုဝမ်ယိကို အားကျနေကြသည်။

ယောကျ်ားလေးများကမူ စုဝမ်ယိ၏လက်ကို ကိုင်ထားသော ယဲ့ချန်းကို အားကျမနာလိုဖြစ်ပြီး နာကြည်းမုန်းတီးလေဟန် အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့နှစ်ယောက်သား ဒုတိယထပ်ရှိ အမျိုးသမီးအထည်အရောင်းဆိုင်သို့ သွားကြသည်။

ဤနေရာမှာ ဇိမ်ခံအမှတ်တံဆိပ်ဆိုင်တစ်ဆိုင်ဖြစ်ပြီး အင်္ကျီတစ်ထည်ကိုပင် ယွမ်သိန်းဂဏန်းအထိ ကျသင့်သည်။

စုဝမ်ယိလည်း ဈေးနှုန်းတပ်ထားသည့် ကတ်ပြားကို ကြည့်လိုက်လေရာ အလွန်ရိုးရှင်းသော အင်္ကျီတစ်ထည်ကိုပင် ယွမ်ရှစ်သိန်းအထိ ရောင်းချနေကြောင်း တွေ့လိုက်ရသည်။

"ယဲ့ချန်း... ဒီက အင်္ကျီတွေက အရမ်းဈေးကြီးလွန်းတယ်။ တခြားနေရာကို သွားကြရအောင်"

စုဝမ်ယိက ပြောလိုက်သည်။ သူ(မ)အနေနှင့် ယဲ့ချန်း ချမ်းသာကြောင်း သိပါသော်လည်း ယွမ်ရှစ်သိန်းတန် အင်္ကျီတစ်ထည်အတွက်တော့ နှမြောမိဆဲသာ။

ယဲ့ချန်း စကားမပြောရသေးခင်မှာပင် ဘေးနားမှ လှောင်ပြောင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ပိုက်ဆံမရှိဘဲနဲ့ ဒီလိုဇိမ်ခံပစ္စည်းဆိုင်ထဲကို ဝင်လာတာ တကယ်ရယ်ရသားပဲ။ ဒီလိုဆိုင်မျိုးက မင်းတို့လို ဆင်းရဲပြီး အောက်တန်းကျတဲ့ ကောင်တွေနဲ့ မတန်ဘူးဆိုတာ မသိဘူးလား"

လှောင်ပြောင်နေသည့် အသံကို ကြားသောအခါ ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လျက် စကားပြောနေသည့် အမျိုးသားကို ကြည့်လိုက်သည်။

ထိုအမျိုးသားမှာ အသက်နှစ်ဆယ်စွန်းစွန်းရှိပြီး ဒီဇိုင်နာဝတ်စုံများကို ဝတ်ဆင်ကာ စုဝမ်ယိကို ပြင်းပြသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

"အလှလေး... ကိုယ့်ကောင်မလေး လုပ်ပါလား။ ဒီက အင်္ကျီတွေကို မင်း ကြိုက်သလောက် ရွေးလို့ရတယ်”

ယဲ့ချန်း နားလည်သွားသည်။ ဤလူက စုဝမ်ယိ၏အလှကို မြင်ပြီးနောက် မနာလိုဖြစ်နေခြင်းပင်။

ထိုအမျိုးသားတွင် အမျိုးသမီးအဖော်တစ်ယောက် ပါလာသော်လည်း စုဝမ်ယိနှင့် ယှဉ်လိုက်လျှင်မူ ကွာဟချက်ကား ကြီးမားလွန်းလှသည်။

ထို့ကြောင့် ထိုလူက နေမထိထိုင်မသာဖြစ်ကာ စုဝမ်ယိကို ပစ်မှတ်ထားပြီး စော်ကားလိုက်ခြင်းပင် ဖြစ်ရမည်။

ဤစကားကို ကြားသောအခါ စုဝမ်ယိလည်း ဒေါသထွက်သွားသည်။

"ဆောရီးပဲ...ရှင့်လို အမှိုက်ကောင်မျိုးကို ကျွန်မ နည်းနည်းလေးတောင် စိတ်မဝင်စားဘူး"

"ဟားဟား... အပြောမစောပါနဲ့ဦး အလှလေးရယ်။ ကိုယ့်နောက်ကိုသာ လိုက်ခဲ့မယ်ဆိုရင် မင်းကို ဖယ်ရာရီတစ်စီး ဝယ်ပေးမယ်။ ဒီအင်္ကျီတွေကိုလည်း မင်း ကြိုက်သလောက်ရွေး။ မိုတုမြို့မှာ ဗီလာတစ်လုံးတောင် ဝယ်ပေးဦးမှာ။ ဘယ်လိုလဲ"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူက တကယ်အရှက်မရှိပေ။

သူ ပြန်လည်ချေပရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက်ဆိုသလို ကျယ်လောင်လှသော ပါးရိုက်သံတစ်သံ ထွက်ပေါ်လာသည်။

ကြွားလုံးထုတ်နေသော ထိုအမျိုးသားမှာ မျက်နှာကို ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသည်။

“ကျစ်...ဘယ်ကောင်က ငါ့ကို ရိုက်ရဲတာလဲ”

ထိုအမျိုးသားလည်း တစ်ဖက်သို့ လှည့်ကြည့်လိုက်လေရာ မောက်မာလှသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် သူ့အမူအရာများ ပြောင်းလဲသွားသည်။

သူ့ကို ရိုက်လိုက်သူမှာ ယန်ချွမ်း ဖြစ်နေပေသည်။

ယန်ချွမ်းက သူ့အဖော်နှင့်အတူ ဈေးလာဝယ်ရင်း ယဲ့ချန်းကို မြင်လိုက်ခြင်းပင်။

သူ လာနှုတ်ဆက်ရန် ပြင်နေခိုက် ဤသကောင့်သားက ယဲ့ချန်းရှေ့တွင် ဆောင့်ကြွားကြွားလုပ်နေသည်ကို မြင်လိုက်ရ၏။

ထိုအမျိုးသားက ယန်ချွမ်းကို မြင်သောအခါ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။

ယန်ချွမ်းက အေးစက်စက်ဖြင့် ပြောလိုက်၏။

"ငါ ရိုက်လိုက်တာ။ မင်း မကျေနပ်ဘူးလား"

ဤအမျိုးသားကလည်း ယန်ချွမ်းကို သိသည်။ မိုတုမြို့၏ အသိုင်းအဝိုင်းထဲတွင် သူသည် ဒုတိယတန်းစား မိသားစုမှ ဆင်းသက်လာခြင်းဖြစ်လေရာ ယန်ချွမ်းရှေ့တွင်မူ ဖော်ပြစရာပင် မလိုလောက်အောင် အဆင့်နိမ့်လွန်းလှသည်။

ထိုအမျိုးသား၏ အမူအရာကား ယန်ချွမ်းကို မြင်သောအခါ ကြည့်မကောင်းရှုမကောင်းအောင် ဖြစ်သွားသည်။

မိုတုမြို့၏ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ယန်ချွမ်းကို မသိသူဟူ၍ မည်သူရှိမည်နည်း။

သူ့ကြွားလုံးက ဤပုဂ္ဂိုလ်ကို သွားဆွသလို ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝမထင်ထားချေ။

ယန်ချွမ်းကို ပြဿနာသွားရှာမိပါက လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ကြောင်း သိထားရပေမည်။

"အစ်ကိုချွမ်း... ခင်ဗျားကိုး"

ပါးရိုက်ခံထားရသော်လည်း ထိုအမျိုးသားကမူ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဆင်မြန်းထားပြီး ဖားယားရန် ကြိုးစားနေဆဲပင်။

ထိုအမျိုးသားက ဆို၏။

"အစ်ကိုချွမ်း... ကျွန်တော် ခင်ဗျားကိုများ စော်ကားမိလို့လား"

ယန်ချွမ်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မင်းက ငါ့ကို စော်ကားတာ မဟုတ်ဘူး။ ငါ့အစ်ကိုကြီးကို စော်ကားလိုက်တာ။ ငါ့အစ်ကိုကြီးရဲ့ မိန်းမကိုတောင် ရိသဲ့သဲ့လာလုပ်ရဲတယ်ဆိုတော့ မင်း သေချင်နေတာလား"

ယန်ချွမ်း၏ စကားကို ကြားသောအခါ ထိုအမျိုးသားလည်း သေမတတ် လန့်သွားလေတော့သည်။

ယန်ချွမ်းကိုယ်တိုင်ကပင် အလွန်အာဏာရှိနေချေပြီ။ ယခု ယန်ချွမ်းကပါ ဤလူငယ်ကို အစ်ကိုကြီးဟု ခေါ်နေမှတော့ ယဲ့ချန်းက ဘယ်လောက်အထိ အာဏာရှိလိမ့်မည်နည်း။

"ကျွန်တော် မှားသွားပါတယ် အစ်ကိုချွမ်း... ကျွန်တော် မှားသွားပါတယ်”

ထိုအမျိုးသားကလည်း မတုံးအပေ။ ယန်ချွမ်းကပင် အစ်ကိုကြီးဟု ခေါ်ရသူတစ်ယောက်မှာ သာမန်လူတစ်ယောက် လုံးဝမဖြစ်နိုင်ကြောင်း သူသိသည်။

အသိုင်းအဝိုင်းထဲတွင် ယန်ချွမ်းသည် အမြဲမောက်မာတတ်ပြီး သူငယ်ချင်းနည်းပါးသူဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

ယခု ယန်ချွမ်းက ယဲ့ချန်းကို အစ်ကိုကြီးဟု ခေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် မည်မျှ သြဇာကြီးမားကြောင်း သိနိုင်သည်။

ထိုမျှအထိ အာဏာရှိသူတစ်ယောက်ကို စော်ကားမိသွားကြောင်း တွေးလိုက်မိသောအခါ ထိုအမျိုးသားခမျာ တုန်လှုပ်သွားလေသည်။

သူ့ခမျာ ယဲ့ချန်းကို သတိထားနေလေဟန် အကြည့်များဖြင့် ကြည့်လိုက်၏။

"အစ်ကိုကြီး... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

ယဲ့ချန်းကမူ တုန်ရီနေသော ထိုအမျိုးသားကို ကြည့်ပြီး ရယ်စရာကောင်းသည်ဟု ထင်သဖြင့် ပေါ့ပေါ့ပါးပါး လက်ယမ်းပြလိုက်သည်။

ယန်ချွမ်းက သူ့ကို စိုက်ကြည့်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။

"ထွက်သွားစမ်း... မျက်စိနောက်တယ်။ နောက်တစ်ခါ ငါ့ရှေ့မှာ ပေါ်မလာနဲ့။ တွေ့တဲ့အခါတိုင်း မင်းကို ငါရိုက်မှာ"

ထိုသို့ပြောပြီးနောက် ယန်ချွမ်းက သူ့ကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

ထိုအမျိုးသားခမျာ အရိုက်ခံနေရသော်လည်း တစ်ခွန်းမှ မဟရဲဘဲ ယဲ့ချန်း၏ အေးစက်ခက်ထန်သော မျက်နှာကို ကြည့်ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့။ ကျွန်တော် ထွက်သွားပါ့မယ်။ အစ်ကိုကြီးတို့နှစ်ယောက် ပျော်လိုက်ကြပါဦး"

ထိုသို့ပြောပြီးနောက် ထိုအမျိုးသားက တစ်ဖန်အရိုအသေပေးပြီးနောက် သနားစရာကောင်းသော ပုံစံဖြင့် ထွက်သွားချေသည်။

ယဲ့ချန်းကမူ ထိုအမျိုးသား၏ပုံစံကို ကြည့်ပြီး ရယ်ချင်စိတ်ပေါက်သွားသည်။

ဒီလိုအမှိုက်ကောင်မျိုးကို သူ ကိုင်တွယ်ဖြေရှင်းနေဖို့တောင် မတန်ဘူး။

ဤသို့သော လူစားမျိုးက ယဲ့ချန်းကိုယ်တိုင် ပါးရိုက်ဖို့ပင် မတန်ပေ။

ယဲ့ချန်းက ယန်ချွမ်းကို ကြည့်ပြီး ပြုံးလိုက်သည်။

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ"

ယန်ချွမ်းကလည်း ပြုံးတုံ့တုံ့ဖြင့် ပြန်ဖြေသည်။

"ကျွန်တော့်ကောင်မလေးကို ဈေးဝယ်ထွက်ဖို့ ခေါ်လာရင်း အစ်ကိုယဲ့ကို တွေ့လို့လေ။ လာနှုတ်ဆက်မလို့ လုပ်နေတုန်း ဟိုအရူးကောင်က အစ်ကို့ကို ကြွားလုံးထုတ်နေတာ ကြားလိုက်ရလို့။ သြော် ဒါနဲ့ အစ်ကိုယဲ့... ကျွန်တော် အစ်ကို့ကို ပြောစရာတစ်ခု ရှိတယ်"

••••••••••••••••••••••

All Chapters