← Chapters

အခန်း ၆၂၅

Vol. 42 Ch. 625

အခန်း ၆၂၅

Vol. 42 Ch. 625

အပိုင်း ၆၂၅ : ကြောက်မက်ဖွယ်ကောင်းသော ကောက်ချက်ချနိုင်စွမ်း

ယန်ချွမ်းက ယဲ့ချန်းကို ဘေးနားသို့ ဆွဲခေါ်သွားပြီး ပြောလိုက်သည်။

"အခုတလော အစ်ကို့ကို လူတစ်ယောက်က ပစ်မှတ်ထားနေတယ်လို့ ကျွန်တော် ကြားထားတယ်"

"ဘယ်သူလဲ"

ယဲ့ချန်းကလည်း ပြန်မေးလိုက်သည်။

ယန်ချွမ်းကမူ ခေါင်းခါလိုက်၏။

"အစ်ကို့ကို လုပ်ကြံဖို့ လူတစ်ယောက်က လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို ငှားထားတယ်လို့ပဲ ကြားတာ။ အဲဒီလုပ်ကြံသူက ဘယ်သူလဲဆိုတာကိုတော့ ကျွန်တော် တကယ်မသိဘူး"

ယဲ့ချန်းက ယန်ချွမ်း၏ ပခုံးကို ပုတ်လိုက်၏။

"ကျေးဇူးပဲ"

ယန်ချွမ်းက ပြောလိုက်သည်။

"အစ်ကိုယဲ့... အစ်ကို့အတွက် သက်တော်စောင့်နည်းနည်းလောက် စီစဉ်ပေးရမလား"

ယဲ့ချန်းကမူ ခေါင်းခါလိုက်သည်။

"မလိုပါဘူး။ ငါ့ဟာငါ ဂရုစိုက်လိုက်ပါ့မယ်"

ယန်ချွမ်းကလည်း ခေါင်းညိတ်လိုက်သည်။

"ဒါဆိုလည်း အစ်ကိုနဲ့ မရီးကို ကျွန်တော် အနှောင့်အယှက် မပေးတော့ပါဘူး။ ကျွန်တော်ပြောတာကို အလေးအနက်ထားနော်။ ကျွန်တော့်သတင်းက အရမ်းခိုင်လုံတယ်"

ယန်ချွမ်း ထွက်သွားပြီးနောက် ယဲ့ချန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဘယ်သူဖြစ်နိုင်မလဲ။ ငါ့အသက်ကို လိုချင်နေတာ ဘယ်သူလဲ။

ထိုအချိန်တွင် စုဝမ်ယိက အနားသို့ လျှောက်လာသည်။

"ယန်ချွမ်းက ရှင့်ကို ဘာတွေပြောနေတာလဲ"

ယဲ့ချန်းကမူ ခေါင်းခါပြလိုက်၏။

"ဘာမှမဟုတ်ပါဘူး။ သွားသောက်ရအောင်"

သူတို့နှစ်ယောက် လရောင်ဘားသို့ သွားခဲ့ကြသည်။

ယဲ့ချန်းက ဝီစကီတစ်ခွက် မှာပြီး စုဝမ်ယိကတော့ ဘီယာတစ်ခွက်မှာကာ သောက်ရင်း စကားစမြည် ပြောနေကြသည်။

"ဒါနဲ့ ယဲ့ချန်း... ကျွန်မမသိတဲ့ လျှို့ဝှက်ချက်တွေ ရှင့်ဆီမှာ ဘယ်လောက်တောင် ရှိနေသေးတာလဲ"

ယဲ့ချန်းလည်း ပြုံးယောင်သန်းသွားလေသည်။

"ကိုယ့်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ ဟိုညက အတ္တလန်တိတ်မှာတုန်းက မင်း သိသွားပြီမဟုတ်ဘူးလား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုဝမ်ယိ၏ မျက်နှာလေးမှာ နီရဲသွားပြီး ယဲ့ချန်းကို ခပ်နာနာထုလိုက်သည်။

"လူဆိုးကောင်"

ယဲ့ချန်းကလည်း ရယ်မောလိုက်လေသည်။

"ဒီည ကိုယ့်အိမ်ကို လိုက်ခဲ့ပါလား"

"ဘာအကြံဆိုးတွေ ကြံနေတာလဲ"

စုဝမ်ယိလည်း ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။

အခြေအနေက အလွန်ကဗျာဆန်လာချိန်တွင် ရုတ်တရက်ဆိုသလို ဘား၏ မီးရောင်များ မှိတ်သွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိ ကျသွားချေသည်။

"ဘာဖြစ်တာလဲ"

"ဘာလို့ ရုတ်တရက်ကြီး မီးပျက်သွားတာလဲ"

ထိုနေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကြောက်ရွံ့သွား၍ထင့်။ စုဝမ်ယိမှာ ယဲ့ချန်း၏ ရင်ခွင်ထဲသို့ အလိုလို တိုးဝင်သွားသည်။

ယဲ့ချန်း၏တစ်ကိုယ်လုံး ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။

ဤအခြေအနေကို အခွင့်ကောင်းယူရန် ပြင်လိုက်စဉ်...

သို့သော် သူ့အမူအရာကား ရုတ်ခြည်း တည်ကြည်လေးနက်သွားသည်။

ထိုအခိုက်ဝယ် စုဝမ်ယိ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး ယဲ့ချန်းကို စောင့်ဆိုင်းနေပေသည်။

သို့သော် ရုတ်ခြည်းပင် ဖျတ်ခနဲ အသံတစ်သံကို စုဝမ်ယိ ကြားလိုက်ရပြီးနောက် အရိပ်မည်းတစ်ခုက ဖြတ်ပြေး၍ လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ(မ)အား တစ်ယောက်ယောက်က ပွေ့ချီလိုက်သည်ကို ခံစားလိုက်ရသည်။

ယဲ့ချန်းက စုဝမ်ယိကို ပွေ့ဖက်ထားရင်း တီးတိုးဆိုလိုက်၏။

"ဒီနေရာက အန္တရာယ်များတယ်။ အသံမထွက်နဲ့"

စုဝမ်ယိလည်း ယဲ့ချန်းကို ဖက်ထားလိုက်၏။ သူ(မ)ကို ပွေ့ချီရင်း အပြင်ဘက်သို့ အမြန်ထွက်လာသည်ကိုလည်း ခံစားမိသည်။

ယဲ့ချန်းထံမှ ပွေ့ချီခံထားရသော်လည်း လုံးဝ မှောင်မိုက်နေသည့် ပတ်ဝန်းကျင်တွင် သူ့လှုပ်ရှားမှုများမှာ အလွန်ပေါ့ပါးပြီး အလွန်မြန်ဆန်နေသည်ကို သူ(မ) ခံစားမိသည်။

မီးရောင်ရှိသော ဘားအဝင်ဝသို့ ရောက်သည်နှင့် ယဲ့ချန်းက စုဝမ်ယိကို အောက်ချပေးလိုက်သည်။

စုဝမ်ယိကမူ ယဲ့ချန်းကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ"

ယဲ့ချန်းမှာမူ သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ပြောလိုက်၏။

"ခုနက လုပ်ကြံသူတစ်ယောက် ရောက်လာလို့"

"လုပ်ကြံသူလား"

ထိုစကားကို ကြားသောအခါ စုဝမ်ယိ မျက်နှာပျက်သွားလေသည်။

သူ(မ)အနေနှင့် ဤစကားလုံးကို တီဗီထဲတွင်သာ ကြားဖူးသည်။ လက်တွေ့တွင် ကြုံရသည်မှာ ပထမဆုံးအကြိမ်ပင်။

ထိုအချိန်တွင် လမ်းထောင့်ချိုး၌ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို စုဝမ်ယိ မြင်လိုက်ရသည်။

ယဲ့ချန်းကမူ မျက်လုံးကို မှေးကျဉ်းလိုက်သည်။

ယန်ချွမ်း၏ သတင်းက တိကျမှန်ကန်ပုံရသည်။

လုပ်ကြံသူက ဤမျှမြန်မြန်ဆန်ဆန် ပေါ်လာလေသည်။

စုဝမ်ယိက ပြောလိုက်၏။

"ရှင် ဘာလို့ သူ့ကို မဖမ်းလိုက်တာလဲ"

ယဲ့ချန်းကမူ ခပ်ဟဟ ပြုံးလိုက်သည်။

"မင်းရဲ့လုံခြုံရေးကို အရင် သေချာအောင် လုပ်ရမယ်လေ"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုဝမ်ယိ၏ ရင်ထဲ နွေးထွေးသွားသည်။

ယဲ့ချန်းက ​ဆို၏။

"လုပ်ကြံသူက တော်တော်ကျွမ်းကျင်တယ်။ တော်တော်ကြမ်းမယ့်ပုံပဲ"

"ဪ... အဲဒီလောက်တောင် စွမ်းတာလား။ ဒါဆို ရှင်ကရော"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"သူက ကိုယ့်ကို သတ်နိုင်လောက်အင် အဆင့်မရှိပါဘူး"

တစ်စက္ကန့်မျှသာ ဖြစ်သော်လည်း လုပ်ကြံသူ၏ လှုပ်ရှားမှုများက အလွန်သိုသိပ်လှသည်။

အကယ်၍သာ အန္တရာယ်ကို ကြိုတင်သိရှိနိုင်သော သူ့အာရုံခံနိုင်စွမ်းသာ မရှိပါက တကယ်ဒုက္ခရောက်သွားနိုင်သည်။

စုဝမ်ယိက ရုတ်တရက် ပြောလိုက်လေသည်။

"ဒါဆို ဒီကောင်မှာ အပေါင်းအပါတော့ ရှိရမယ်။ မိန်းခလုတ်ကို သူ့အပေါင်းအပါတစ်ယောက်ယောက်က ပိတ်ချလိုက်တာပဲ။ ဆိုလိုတာက ဘားထဲမှာ လုပ်ကြံသူတစ်ယောက် ကျန်နေသေးတယ်"

ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။

"မင်းက တော်တော်ထက်မြက်တာပဲ"

"အဲဒီလုပ်ကြံသူကို ဖမ်းဖို့ ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"မင်းလေးက တော်တော် သတ္တိကောင်းတာပဲ"

စုဝမ်ယိက ရယ်မောလိုက်သည်။

"ဒါပေါ့...ရှင် ရှိနေတာပဲကို ကျွန်မက ဘာကြောက်စရာရှိလို့လဲ"

"ဒါနဲ့ ဒီလောက် မှောင်နေတာကို ရှင်က လုပ်ကြံသူကို ဘယ်လိုရှာတွေ့တာလဲ"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"ကိုယ်က ညဘက်လည်း မြင်နိုင်တဲ့ အမြင်အာရုံရှိတယ်လေ။ လုပ်ကြံသူက အမှောင်ထဲမှာ ပုန်းနေနိုင်မယ်လို့ ထင်နေတာ။ ဒါပေမဲ့ ကိုယ်က သူ့ကို မြင်သွားတော့ လန့်ပြေးသွားတာ"

"တကယ်ကြီးလား။ ရှင်က အဲဒီလောက်တောင် စွမ်းတာလား"

စုဝမ်ယိလည်း ခဏမျှ ဆွံ့အသွားသည်။

ပတ်ဝန်းကျင်က မှောင်အတိကျနေသော်လည်း ယဲ့ချန်းကမူ တစ်ဖက်လူကို မြင်နိုင်ပေသည်။

သူတို့နှစ်ယောက်သား ဘားထဲသို့ ပြန်ဝင်သွားချိန်တွင် စားပွဲထိုးဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ယောက်က သူတို့နားသို့ လျှောက်လာလေသည်။

"မင်္ဂလာပါ...မိန်းခလုတ် ဘယ်နားမှာလဲဆိုတာ ပြောပြလို့ရမလား"

ထိုအမျိုးသမီးက ယဲ့ချန်းကို ကြည့်၍ သင်္ကာမကင်းဟန်ဖြင့် မေးလိုက်သည်။

"ရှင်က မိန်းခလုတ်အကြောင်း ဘာလို့လာမေးနေတာလဲ"

ယဲ့ချန်းကမူ ဘာမှမပြောဘဲ ယွမ်ငါးရာတန် ငွေစက္ကူများကို ထုတ်လိုက်သည်။

"မိန်းကလေး.. ကျွန်တော်တို့ကို ကူညီပေးပါ"

ငွေစက္ကူကိုမြင်သောအခါ ထိုအမျိုးသမီးက ပြုံးလျက် တစ်ဖက်သို့လှည့်ကာ ယဲ့ချန်းနှင့် စုဝမ်ယိတို့ကို စင်္ကြံလမ်းအတိုင်း ခေါ်ဆောင်သွားသည်။

ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း အနောက်က လိုက်သွားလေသည်။ ထိုစဉ် ယဲ့ချန်းက ရုတ်တရက် မေးလိုက်၏။

"မိန်းကလေး...ဒီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ခင်ဗျားကို သိပ်မရင်းနှီးသလိုပဲ"

ဘေးနားရှိ စုဝမ်ယိကမူ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီနှာဘူးကောင်ကတော့ လုပ်ကြံသူဆီက ပစ်မှတ်ထားခံနေရတာတောင် မိန်းကလေးတွေကို ငမ်းနေတုန်းပဲ"

စားပွဲထိုးမလေးက ခပ်ဖွဖွပြုံးလိုက်လေသည်။

"ကျွန်မက ဒီမှာ အလုပ်လုပ်တာ မကြာသေးပါဘူး။ ရှင်က ကျွန်မကို မမြင်ဖူးပေမဲ့ ကျွန်မကတော့ ရှင့်ကို မြင်ဖူးပါတယ်"

ထိုသို့ပြောပြီးနောက် မိန်းကလေးက ယဲ့ချန်းနှင့် စုဝမ်ယိကို မီးစက်ခန်းထဲသို့ ခေါ်သွားသည်။

မီးစက်ခန်း၏ တံခါးမှာ ပွင့်ဟနေသဖြင့် စားပွဲထိုးမလေးက ပြောလိုက်သည်။

"ဟားဟား... ရှင်တို့နှစ်ယောက် အထဲမှာ ကြိုက်တာလုပ်လို့ရတယ်။ ဒီနေရာကို ဘယ်သူမှ သိပ်မလာတတ်ဘူး"

"ခဏနေပါဦး။ ကိုယ်က မင်းကို စိတ်ဝင်စားလို့ပါ။ ဈေးနှုန်းသာ ပြောလိုက်။ ကိုယ်က မင်းကို အမ်းမလို့"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုဝမ်ယိခမျာ တည်ငြိမ်မှုပျောက်ဆုံးတော့မတတ်ပင်။

'ဒီလူယုတ်မာက ငါ့ရှေ့မှာတင် နောက်မိန်းမတစ်ယောက်ကို လိုက်ပိုးဖို့ ကြိုးစားနေတာလား'

တကယ်လွန်လွန်းနေပြီ။

ထိုအချိန်တွင် ယဲ့ချန်းက ရုတ်တရက် ရှေ့တိုးသွားပြီးနောက် စားပွဲထိုးမလေးထံသို့ လျှပ်စီးလက်သည့်အလား ပြေးဝင်သွားသည်။

စားပွဲထိုးမလေးကလည်း ယဲ့ချန်း ရုတ်တရက် လှုပ်ရှားလာလိမ့်မည်ဟု လုံးဝမထင်ထားပေ။ သူ(မ) လှည့်ပြေးရန် ပြင်လိုက်ချိန်တွင်မူ နောက်ကျသွားလေပြီ။ ယဲ့ချန်းက သူ(မ)ကို နံရံတွင်ကပ်၍ ချုပ်ထားလိုက်သည်။

ယဲ့ချန်းကလည်း အားအများကြီး ထုတ်သုံးထားပြီး ညှာတာမှုမရှိပါဘဲ ထိုမိန်းကလေး၏ လက်ကောက်ဝတ်ကို လိမ်ချိုးကာ သူ(မ)ကို မလှုပ်ရှားနိုင်အောင် လုပ်ထားလိုက်သည်။

စုဝမ်ယိလည်း ကြက်သေသေသွားသည်။

ယဲ့ချန်း ဘာလုပ်နေတာလဲ။

ယဲ့ချန်းထံမှ ချုပ်နှောင်ခံထားရသော ထိုမိန်းကလေးက အော်ဟစ်လိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်လေသည်။

"ငါဘာလုပ်နေတာလဲ ဟုတ်လား။ ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် မင်းက ခုနကထွက်ပြေးသွားတဲ့ လုပ်ကြံသူရဲ့ အပေါင်းအပါမဟုတ်လား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုဝမ်ယိလည်း အလွန်အံ့အားသင့်သွားချေသည်။အားနည်းပုံပေါ်သော ဤအမျိုးသမီးက လုပ်ကြံသူဖြစ်နေလိမ့်မည်ဟု သူ(မ) မထင်ထားခဲ့ပေ။

ထိုအမျိုးသမီးက ရုန်းကန်လိုက်၏။

"ရှင် ဘာတွေပြောနေမှန်း ကျွန်မ နားမလည်ဘူး။ ရှင် ကျွန်မကို ဆက်နှောင့်ယှက်နေရင် ကျွန်မ အော်လိုက်မှာနော်"

"ဘာလဲ... ဝန်မခံချင်ဘူးလား။ ဒီဝတ်စုံက မင်းဟာ မဟုတ်ဘူး။ ငါ ဒီဘားကိုလာတာ ဒါ ပထမဆုံးအကြိမ်ပဲ။ အဲဒါကို မင်းက ငါ့ကို မြင်ဖူးတယ်လို့ ပြောတယ်ပေါ့။ ပြီးတော့ မင်းရဲ့ လမ်းလျှောက်ပုံကလည်း သာမန်မဟုတ်ဘူး။ အသံမထွက်ဘဲ လမ်းလျှောက်နေပုံထောက်ရင် မင်း လေ့ကျင့်မှု ခံယူထားတာပဲ ဖြစ်ရမယ်။ ပြီးတော့ ငါက မီးစက်ခန်း ဘယ်မှာလဲလို့ မေးလိုက်တဲ့အချိန် မင်းရဲ့မျက်လုံးတွေက အရောင်လက်သွားတယ်။ မင်းရဲ့ အပေါင်းအပါ မအောင်မြင်ခဲ့တဲ့ အလုပ်ကို ဆက်လုပ်ဖို့ အခွင့်အရေးရှာနေတယ်ဆိုတာ သေချာတယ်"

ယဲ့ချန်း၏ ကောက်ချက်ချမှုက စုဝမ်ယိနှင့် အမျိုးသမီးလုပ်ကြံသူ နှစ်ယောက်စလုံးကို အံ့အားသင့်သွားစေသည်။

"ငြင်းချင်သေးလား။ အကြောင်းပြချက်တွေ ထပ်ပေးဖို့ လိုသေးလား"

စုဝမ်ယိမှာမူ စကားပင်မပြောနိုင်တော့ပေ။

ဤလူ၏ ကောက်ချက်ချနိုင်စွမ်းကား စင်စစ်မယုံနိုင်စရာပင်။

•••••••••••••••••••

All Chapters