အခန်း ၆၂၆
Vol. 42 Ch. 626
အပိုင်း ၆၂၆ : အရာအားလုံးကို ဖောက်ထွင်းမြင်ခြင်း
အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူမှာ စိတ်အစဉ် ပြိုလဲလုမတတ်ပင်။
သူ(မ)သည် လုပ်ကြံသတ်ဖြတ်သူအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အကြိမ်ပေါင်းနှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ရာတွင် တစ်ခါမှ မကျရှုံးခဲ့ဖူးပေ။
သူ(မ)သည် လုပ်ကြံသတ်ဖြတ်ရေးကုမ္ပဏီတစ်ခု၏ ထိပ်တန်းအဆင့် လုပ်ကြံသူတစ်ဦးပင်။
သို့သော် ယခုအခါတွင်မူ ဤလူငယ်၏ ရှေ့မှောက်၌ သူ(မ)၏ အားနည်းချက်များမှာ အထင်အရှား ပေါ်လွင်နေတော့သည်။
"ရှင် ကျွန်မကို အခုချက်ချင်းလွှတ်လိုက်တာ ပိုကောင်းမယ်"
အမျိုးသမီးလုပ်ကြံသူက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
ယဲ့ချန်းကမူ မရယ်ဘဲ မနေနိုင်တော့ပေ။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။ ဒါက ငါက မင်းကို ပြောရမယ့်စကားလေ။ ငါနဲ့ ကောင်းကောင်း ပူးပေါင်းရင် ပူးပေါင်း။ မဟုတ်ရင်တော့ ငါ့ကို အဆိုးမဆိုနဲ့"
ယဲ့ချန်း၏ စကားကို ကြားသောအခါ အမျိုးသမီးလုပ်ကြံသူက အပြင်းအထန် ရုန်းကန်ပြန်သည်။
သို့သော် အချိန်အတော်ကြာအောင် ရုန်းကန်သော်လည်း လုံးဝမလှုပ်နိုင်ပေ။
မတတ်နိုင်တော့သည့်အဆုံး အမျိုးသမီး လုပ်ကြံသူမှာ ခုခံမှုကို လက်လျှော့လိုက်ဟန်ဖြင့် ပြောလိုက်၏။
"ကောင်းပြီလေ... ရှင်က တော်ပါပေတယ်"
ထိုအခါမှသာ ယဲ့ချန်းက ထိုမိန်းကလေး၏ လက်ကို အသာလွှတ်ပေးလိုက်သည်။ သို့သော် သူ(မ) ထွက်မပြေးနိုင်စေရန်အတွက် သူ့လက်တစ်ဖက်ဖြင့် သူ(မ)၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။
ဘေးနားက ကြည့်နေသော စုဝမ်ယိမှာ အံ့အားသင့်နေချေသည်။
ယဲ့ချန်းမှာ အလွန်ခန့်ညားလှပေသည်။
အထူးသဖြင့် အစောပိုင်းက အမျိုးသမီးလုပ်ကြံသူကို ခွဲခြမ်းစိတ်ဖြာပြနေပုံမှာ ရှားလော့ဟုမ်းနှင့်ပင် တူနေတော့သည်။
ထိုအချိန်တွင် အမျိုးသမီးလုပ်ကြံသူကလည်း လှည့်ကြည့်လိုက်ပြီးနောက် ယဲ့ချန်းကို မြင်သွားသဖြင့် မှင်တက်သွားသည်။
ယဲ့ချန်းမှာ အမှန်တကယ် ချောမောလွန်းလှသည်။
သို့သော် မကြာခင်မှာပင် အမျိုးသမီးလုပ်ကြံသူ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ(မ)သည် ဘာမှမလုပ်ဘဲ အသာတကြည် အဖမ်းခံမည့်လူ မဟုတ်ပေ။ အမျိုးသမီး လုပ်ကြံသူမှာ ရုတ်တရက် တိုက်ခိုက်ပြီး လက်ဖဝါးထဲမှ ဓားမြှောင်တစ်ချောင်း ထုတ်၍ ယဲ့ချန်းကို ခပ်ကြမ်းကြမ်းထိုးချလိုက်သည်။
ယဲ့ချန်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ခန္ဓာကိုယ်ကို အသာလှုပ်ရှားလိုက်ပြီး မိန်းကလေး၏ ဓားမြှောင်ကို ရှောင်တိမ်းလိုက်သည်။
ဤအခွင့်အရေးကို အသုံးချ၍ မိန်းကလေးကလည်း ယဲ့ချန်း၏ ချုပ်နှောင်မှုမှ ရုန်းထွက်ပြီး တံခါးဆီသို့ အမြန်ပြေးသွားတော့သည်။
သို့သော် ထိုမိန်းကလေးခမျာ အပြင်သို့ မရောက်ခင်မှာပင် မြေပြင်ပေါ်သို့ "ဝုန်း"ခနဲ လဲကျသွားသည်။
ယဲ့ချန်းက အသင့်ပြင်ထားသည်ဖြစ်ရာ အမျိုးသမီးလုပ်ကြံသူ ထွက်ပြေးရန် ကြိုးစားလိုက်ချိန်မှာပင် သူ(မ)ကို ခြေထိုးခံလိုက်သည်။
ယဲ့ချန်းက ဤကဲ့သို့ လုပ်လိမ့်မည်ဟု ထင်မထားသဖြင့် ထိုမိန်းကလေးလည်း ဒုန်းခနဲ လဲကျသွားသည်။
သူ(မ)ဘက်က တုံ့ပြန်ရန် အချိန်မရခင်မှာပင် ယဲ့ချန်းက အမျိုးသမီးလုပ်ကြံသူ၏ ကုပ်ပိုးကို လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်။
အမျိုးသမီးလုပ်ကြံသူကို သတိလစ်သွားအောင် လုပ်မှသာ သူ့နောက်သို့ အသာတကြည် ပါလာမည်ဖြစ်ကြောင်း ယဲ့ချန်း သိသည်။
သူတို့နှစ်ယောက်လည်း အမျိုးသမီးလုပ်ကြံသူကို တွဲခေါ်သွားကြသည်။ လူအများကမူ သူ(မ)ကို မူးနေသည်ဟုသာ ထင်ကြသည်။
ထိုအမျိုးသမီးကို တွဲလျက် ကားနားသို့ ရောက်လာသောအခါ ယဲ့ချန်းက ကားသော့ကို စုဝမ်ယိထံသို့ ပစ်ပေးလိုက်သည်။
"မင်း မောင်းလိုက်"
စုဝမ်ယိမှာမူ ဆွံ့အသွားလေသည်။
"ဒီလူက ငါ့ကို တကယ်ကြီးမောင်းခိုင်းနေတာလား"
ယဲ့ချန်းက ရယ်မောလိုက်၏။
"ဒီလုပ်ကြံသူက အချိန်မရွေး နိုးလာနိုင်တယ်လေ။ မင်း သူ့ကို ကိုင်တွယ်နိုင်လို့လား"
ထိုစကားကို ကြားသောအခါ စုဝမ်ယိ၏ ရင်ထဲဝယ် အေးစိမ့်သွားပြီး ကားမောင်းသူနေရာတွင် နာခံကျိုးနွံစွာ ဝင်ထိုင်လိုက်သည်။
ကားရှေ့ခန်းတွင် စုဝမ်ယိက ကားမောင်းနေစဉ် ယဲ့ချန်းကမူ ထိုမိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ လက်နက်များကို ရှာဖွေနေခဲ့သည်။
ဒူးလေးများ ပစ်လွှတ်နိုင်သော ဘောပင်တစ်ချောင်းနှင့် လူတစ်ယောက်ကို လည်ပင်းညှစ်သတ်နိုင်သည့် ကြိုးတစ်မျှင်တို့ကို တွေ့ရသည်။ နောက်ဆုံးတွင် ယဲ့ချန်းသည် ဆေးတောင့်တစ်လုံးကို တွေ့လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။
စုဝမ်ယိကမူ နားမလည်နိုင်သဖြင့် မေးလိုက်လေသည်။
"ဒါက ဘာလဲ"
ယဲ့ချန်းကလည်း တဟားဟားရယ်လိုက်လေသည်။
"လုပ်ကြံသူတိုင်းက အဆိပ်ဆောင်ထားလေ့ရှိတယ်။ သူတို့ အဖမ်းခံရတာနဲ့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ စုဝမ်ယိခမျာ သူ့ကို အကြောင်သား ငေးကြည့်နေမိတော့သည်။
"ဒါတွေကို ရှင် ဘယ်လိုလုပ်သိတာလဲ"
"ဝတ္ထုတွေထဲက ဖတ်ဖူးတာ"
စုဝမ်ယိ : "..."
ယဲ့ချန်းက ဆေးတောင့်ထဲရှိ အဆိပ်ကို သွန်ပစ်ပြီး ပြာများဖြင့် အစားထိုးလိုက်သည်။
"ကျွန်မတို့ ဘယ်သွားကြမလဲ။ ရဲစခန်းလား"
ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။
"ဟိုတယ်ကို သွားမယ်။ အရင်ဆုံး သူ့ကို စစ်ဆေးမေးမြန်းရမယ်"
စုဝမ်ယိလည်း အနီးအနားရှိ ဟိုတယ်တစ်ခုဆီသို့ မောင်းသွားလိုက်သည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း အမျိုးသမီးလုပ်ကြံသူကို တွဲလျက် အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ လမ်းတွင် လူတချို့နှင့် တွေ့သော်လည်း ထိုမိန်းကလေးမှာ သူငယ်ချင်းများနှင့်အတူ အမူးလွန်နေသည်ဟုသာ ထင်ကြသဖြင့် မည်သူမှ ဂရုမစိုက်ကြပေ။
ယဲ့ချန်းခမျာ ထိုမိန်းကလေးကို ခုတင်ပေါ်သို့ ပစ်တင်ပြီးနောက် သက်ပြင်းချလိုက်သည်။ ခဏအကြာတွင် ထိုမိန်းကလေး သတိပြန်လည်လာသည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ(မ)၏ လက်များကို ချည်နှောင်ထားကြောင်း တွေ့လိုက်ရသည်။
ဤတစ်ကြိမ်တွင် သူ(မ) ကျွမ်းကျင်သူတစ်ယောက်နှင့် ထိပ်တိုက်တိုးနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိပ်တန်းလုပ်ကြံသူတစ်ယောက်ဖြစ်သည့် သူ(မ)မှာ ယနေ့တွင်မူ ယဲ့ချန်း၏ လက်ထဲ၌ ရှုံးနိမ့်ခဲ့ရလေပြီ။
သူ(မ)လည်း ရုန်းကန်၍ ထထိုင်လိုက်ပြီးနောက် ယဲ့ချန်းကို မကျေမနပ်ဖြစ်နေလေဟန် မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။
ယဲ့ချန်းကလည်း အေးစက်စက် ပြုံးလိုက်လေ၏။
"ပြောစမ်း... မင်းက ဘယ်သူလဲ။ ငါ့ကို ဘာလို့ သတ်ချင်ရတာလဲ"
သူ(မ)၏သရုပ်မှန် ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် ထိုမိန်းကလေးကလည်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ကျွန်မက လူတစ်ယောက်ဆီက ပိုက်ဆံယူပြီး သူတို့ရဲ့ အနှောင့်အယှက်ကို ဖယ်ရှားပေးတာပါ"
ထိုမိန်းကလေး၏ စကားကို ကြားသောအခါ ယဲ့ချန်းက ပြုံးလိုက်၏။
"အင်း... ဘယ်သူ့ဆီက ပိုက်ဆံယူပြီး ဘယ်သူ့ရဲ့ အနှောင့်အယှက်ကို ဖယ်ရှားပေးတာလဲ"
"ကျွန်မတို့ရဲ့အလုပ်မှာ စည်းကမ်းတွေ ရှိတယ်။ ရှင့်ကို ပြောပြမှာမဟုတ်ဘူး"
အမျိုးသမီးလုပ်ကြံသူက ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည်။
ယဲ့ချန်းကလည်း အေးအေးလူလူပင် ရယ်မောလိုက်၏။
"ဝန်ခံလိုက်တာ ပိုကောင်းမယ်။ ငါ မိန်းကလေးတွေကို ဒုက္ခမပေးချင်ဘူး"
ထိုမိန်းကလေးသည် ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခုကို ချလိုက်သည့်အလား မျက်ဝန်းများမှာ ခက်ထန်သွားသည်။
ထို့နောက် ရုတ်ခြည်းပင် အင်္ကျီကော်လံထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ မျိုချလိုက်တော့သည်။
ဘေးနားရှိ စုဝမ်ယိကလည်း ရယ်ချလိုက်၏။
"အလှလေးရေ... အဲဒီဆေးလုံးက လဲထားတာ။ အထဲမှာ ပြာတွေပဲရှိတယ်"
စုဝမ်ယိ၏ စကားကို ကြားသောအခါ ထိုမိန်းကလေးလည်း မျက်နှာပျက်သွားပြီး အသည်းအသန် ပြန်ထွေးထုတ်ရန် ကြိုးစားတော့သည်။
ယဲ့ချန်းကမူ အေးစက်စက် ပြုံးလိုက်၏။
"မင်းအတွက် သေဖို့ သိပ်လွယ်မှာမဟုတ်ဘူး"
တစ်ဖက်လူက သူ့ကိုသတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်လေရာ ယဲ့ချန်း၏ အမူအရာကား အေးစက်သွားသည်။ လုပ်ကြံခံရမည့် ပစ်မှတ်ဖြစ်နေရခြင်းကို မည်သူက ပျော်ရွှင်နိုင်မည်နည်း။
ထိုမိန်းကလေး၏ မျက်နှာထက်တွင် ထိတ်လန့်နေဟန် အမူအရာများ စတင်ပေါ်ပေါက်လာကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။
"အခု မင်းအတွက် တစ်ခုတည်းသော ထွက်ပေါက်က ငါနဲ့ ပူးပေါင်းဖို့ပဲ။ မင်းရဲ့ အပေါင်းအပါတွေလည်း ထွက်ပြေးသွားကြပြီ။ မင်း အဖမ်းခံလိုက်ရတာကို သူတို့လည်း သိကြမှာပဲ။ မင်း ငါနဲ့ မပူးပေါင်းဘူးဆိုရင် သူတို့က မင်းရဲ့ဘေးနားက လူတွေကိုပါ ပစ်မှတ်ထားလာနိုင်တယ်"
ယဲ့ချန်း၏ စကားကြောင့် ထိုမိန်းကလေး မျက်နှာပျက်သွားပြန်သည်။
"မဖြစ်နိုင်ဘူး"
ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြုံးလိုက်လေသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ သူတို့ အခု လိုချင်တာက မင်းကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ပဲ။ လူတစ်ယောက်ကို အလွယ်ကူဆုံး ပျောက်ကွယ်သွားအောင် လုပ်တဲ့ နည်းလမ်းက အဲဒီလူကို သိတဲ့လူတွေအားလုံးကိုပါ ရှင်းပစ်တာပဲ"
ယဲ့ချန်း၏စကားကြောင့် ထိုမိန်းကလေး၏ မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။
လုပ်ကြံသတ်ဖြတ်ရေး အသိုင်းအဝိုင်းထဲက ဖြစ်သောကြောင့် လုပ်ကြံသူအဖွဲ့အစည်းများ၏ လုပ်ရပ်များအကြောင်း သူ(မ) ကောင်းကောင်းသိသည်။
ထိုလူများသည် သစ္စာဖောက်များအပေါ် မည်သည့်အရာမဆို လုပ်ရဲကြသည်။
"ကျွန်မ အဖွဲ့အစည်းကို သစ္စာမဖောက်ခဲ့ဘူး"
အမျိုးသမီးလုပ်ကြံသူကလည်း ပြန်ငြင်းလိုက်သည်။
ယဲ့ချန်းက ခပ်ဖွဖွရယ်လိုက်၏။
"မင်းတို့ရဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက သွေးနှင်းဆီလို့ ခေါ်တယ်။ မင်းနာမည်ကတော့ ချယ်ရီပေါ့။ မင်းက မစ်ရှင်၂၈ခုကို ထမ်းဆောင်ခဲ့ဖူးတယ်။ အားလုံး အောင်မြင်ခဲ့တယ်။ ဒီတစ်ခါပဲ ရှုံးနိမ့်တာ။ မင်းက အဖွဲ့အစည်းထဲမှာ ထိပ်တန်းလုပ်ကြံသူတစ်ယောက်"
ယဲ့ချန်း၏ စကားများကို ကြားသောအခါ အမျိုးသမီးလုပ်ကြံသူခမျာ လုံးဝဆွံ့အသွားသည်။
"ဒါတွေကို ရှင် ဘယ်လိုလုပ်ပြီး သိနေတာလဲ"
ယဲ့ချန်းက အသာပြုံးလိုက်သည်။
သူသည် ထိုအမျိုးသမီးလုပ်ကြံသူ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ထားပြီးဖြစ်သဖြင့် သူ(မ)၏အတိတ်အကြောင်း သိနေခြင်းပင်။
"မင်းရဲ့ညီမလေးကို ငါ ကူညီပေးနိုင်သလို သူတက္ကသိုလ်ပြီးတဲ့အထိလည်း ထောက်ပံ့ပေးနိုင်တယ်"
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ အမျိုးသမီးလုပ်ကြံသူသည် လုံးဝ ခေါင်းငုံ့ချလိုက်တော့သည်။
ယခုအခါတွင်မူ သူ(မ) တကယ်ကြောက်ရွံ့သွားချေပြီ။
သူ(မ)၏ ရှေ့မှောက်ရှိ ဤလူသည် အရာအားလုံးကို ဖောက်ထွင်းမြင်နေသည့်အလား အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ယဲ့ချန်းက ဖုန်းခေါ်ဆိုလိုက်၏။
"နဂါးသံချပ်ကာတပ်ဖွဲ့ရဲ့ ဥက္ကဋ္ဌဝေ့လား။ ကျိုတိုအမှတ်တစ်အထက်တန်းကျောင်းက ဝူဝေ့ဝေ့ဆိုတဲ့ မိန်းကလေးကို သွားခေါ်ပေးပါဦး"
ထိုအချိန်တွင်မူ ချယ်ရီခမျာ လုံးဝအရှုံးပေးလိုက်တော့သည်။
သူ(မ) သက်ပြင်းချလိုက်မိသည်။
"ကျွန်မကို ဘာလုပ်စေချင်တာလဲ"
ယဲ့ချန်း၏အသံကား အေးစက်သွားသည်။
"ငါ့ကို သတ်ချင်နေတဲ့လူက ဘယ်သူလဲဆိုတာ သိချင်တယ်"
"ကျွန်မ တကယ်မသိဘူး။ ကျွန်မတို့က အလုပ်ရှင် ဘယ်သူလဲဆိုတာ မမေးဘဲ တာဝန်တွေကို လက်ခံရတာ။ ပိုက်ဆံကိုလည်း အထက်လူကြီးကတစ်ဆင့် လွှဲပေးတာ"
"ဒါဆို မင်းရဲ့အထက်လူကြီးက ဘယ်သူလဲဆိုတာ ပြောပြလေ"
ချယ်ရီက ယဲ့ချန်းကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်၏။
"ကျွန်မတို့ရဲ့ အထက်လူကြီးက ရှင် သွားရန်စလို့ရမယ့် လူစားမျိုးမဟုတ်ဘူး"
ယဲ့ချန်းက အေးစက်စက် ရယ်မောလိုက်သည်။
"အဲဒါတော့ မသေချာဘူး။ သူက မိန်းမလှလေးတစ်ယောက် ဖြစ်နေလို့ တော်သေးတာပေါ့။ မဟုတ်လို့ကတော့ မကြာခင် အလောင်းတစ်လောင်း ဖြစ်သွားနိုင်တယ်"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ချယ်ရီခမျာ အလွန်တုန်လှုပ်သွားချေသည်။
သူသည် သူ(မ)၏ အထက်လူကြီးက မည်သူမည်ဝါဖြစ်ကြောင်း တကယ်သိနေပေသည်။
•••••••••••••••••••••