← Chapters

အခန်း ၆၂၇

Vol. 42 Ch. 627

အခန်း ၆၂၇

Vol. 42 Ch. 627

အပိုင်း ၆၂၇ : ငါ့ကို သတ်ချင်နေတာ ဘယ်သူလဲ

စုဝမ်ယိက ယဲ့ချန်းကို ဘေးသို့ ဆွဲခေါ်သွားသည်။

“ယဲ့ချန်း... ရှင် တကယ်ပဲ အဲဒီလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ရင်ဆိုင်ဖို့ စဉ်းစားနေတာလား”

"အင်း... အဆိပ်ပြင်းမြွေတစ်ကောင်က ကိုယ့်ကို ချောင်းနေတာမျိုး မကြိုက်ဘူး။ ကွယ်ရာကနေ ကြိုးကိုင်နေတဲ့သူကို ရှာရမယ်"

"ကျွန်မတို့ ဘာလို့ ရဲမတိုင်ရတာလဲ"

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"လုပ်ကြံသတ်ဖြတ်သူတွေကို ရင်ဆိုင်တဲ့နေရာမှာ ရဲတွေက သိပ်အသုံးမဝင်ဘူး။ စိတ်မပူပါနဲ့။ ကိုယ့်မှာ နဂါးသံချပ်ကာလုံခြုံရေးအဖွဲ့ လည်း ရှိတယ်။ ကိုယ့်အစွမ်းအစတွေနဲ့ဆိုရင် သာမန်လုပ်ကြံသူတစ်ယောက်က ကိုယ့်ကိုသတ်ဖို့ မလွယ်ပါဘူး"

စုဝမ်ယိက လုပ်ကြံသတ်ဖြတ်သူများနှင့် ယခင်က မပတ်သက်ဖူးသော်လည်း ဤလုပ်ကြံသူများမှာ အသက်စွန့်ရဲသည့် ရာဇဝတ်ကောင်များဖြစ်ကြောင်း တီဗီထဲကတစ်ဆင့် သူ(မ) သိထားသည်။

သူတို့နှင့် တစ်ကြိမ်သွားပတ်သက်မိသည်နှင့် သူတို့က မရမကလိုက်လံဒုက္ခပေးကြတော့မည်သာ။

စုဝမ်ယိခမျာ ယဲ့ချန်း၏ လုံခြုံရေးအတွက် စိုးရိမ်နေမိသည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"စိတ်မပူပါနဲ့။ ကိုယ် ဘာလုပ်နေတယ်ဆိုတာ ကိုယ်သိပါတယ်"

ယဲ့ချန်းကမူ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်လေရာ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ထည့်တွေးနေမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကွယ်ရာမှ ကြိုးကိုင်နေသည့် ထိုမြွေဟောက်ကိုသာ မဖော်ထုတ်နိုင်ပါက ယဲ့ချန်းလည်း စိတ်အေးချမ်းရမည် မဟုတ်ပေ။

ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။

နဂါးသံချပ်ကာတပ်ဖွဲ့က လှုပ်ရှားမှု မြန်ဆန်လှသည်။ သူတို့က ချယ်ရီ၏ ညီမလေးကို ရှာတွေ့ထားပြီဖြစ်၏။

ဗီဒီယိုထဲတွင် သူ(မ)၏ ညီမလေးကို မြင်လိုက်ရသောအခါ ချယ်ရီ မျက်ရည်ကျလာတော့သည်။

အစောက သူ(မ) သေရတော့မည်ဟု ထင်ထားခဲ့သဖြင့် ညီမဖြစ်သူကို တွေ့ရလိမ့်မည်ဟု မထင်ထားပေ။

ယခုမူ ညီမလေးက သူ(မ)၏ မျက်စိရှေ့တွင် ရောက်နေပြီဖြစ်လေရာ သူ(မ)အနေနှင့် မည်သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

"ညီမလေး... ဦးလေးတို့နဲ့အတူ မိုတုမြို့ကို လိုက်သွားနော်။ တခြားဘယ်သူ့ကိုမှ မယုံရဘူးဆိုတာ မှတ်ထားနော်"

ဗီဒီယိုကောချပြီးနောက် ချယ်ရီက လေးနက်စွာ ဆိုလာလေသည်။

"ယဲ့ချန်း... ရှင့်ကတိကို တည်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"

ယဲ့ချန်းက ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"စိတ်မပူပါနဲ့။ နဂါးသံချပ်ကာတပ်ဖွဲ့ဝင်တွေက သူ့ကို ကာကွယ်ပေးထားတာမို့ မင်းရဲ့ညီမလေး လုံးဝဘေးကင်းပါတယ်"

နဂါးသံချပ်ကာဟူသော အမည်ကို ကြားလိုက်ရသောအခါ ချယ်ရီလည်း အံ့အားသင့်သွားသည်။

လုပ်ကြံသတ်ဖြတ်သူလောကတွင် နဂါးသံချပ်ကာ ဟူသော အမည်မှာ အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားပင်။

တစ်ဖက်က တိုက်ခိုက်ပြီး တစ်ဖက်က ကာကွယ်ရသည်ဖြစ်ရာ သူတို့အချင်းချင်းလည်း မကြာခဏဆိုသလို ထိပ်တိုက်တွေ့လေ့ရှိကြသည်။

နဂါးသံချပ်ကာတပ်ဖွဲ့နှင့် ပတ်သက်သည့် အလုပ်ကိစ္စဆိုလျှင် သွေးနှင်းဆီအဖွဲ့က ဘယ်သောအခါမှ လက်ခံလေ့မရှိပေ။

အကြောင်းမှာ ပြဿနာများလွန်းသောကြောင့်ပင်။

ညီမဖြစ်သူကို နဂါးသံချပ်ကာအဖွဲ့က ကာကွယ်ပေးထားကြောင်း သိလိုက်ရသဖြင့် ချယ်ရီ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေတော့သည်။

နဂါးသံချပ်ကာတပ်ဖွဲ့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် သူ(မ)၏ ညီမလေးလည်း ဘေးကင်းလုံခြုံနေမည်သာ။

ယခုမူ ချယ်ရီ့အဖို့ ဘက်ပြောင်းရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ချယ်ရီက အလွန်စိုးရိမ်နေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ အဖွဲ့အစည်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ယဲ့ချန်းအနေနှင့် သွေးနှင်းဆီ၏ လုပ်ကြံသတ်ဖြတ်မှုကို တကယ် ရင်ဆိုင်နိုင်မည်လော။

ယဲ့ချန်းက သူ(မ)၏ ညီမလေးကို ခေါ်ထုတ်သွား၍ တော်သေးသည်။

သူ(မ)အတွက် ရှင်သန်နိုင်မည့် တစ်ခုတည်းသော လမ်းမှာ ယဲ့ချန်းနှင့် ပူးပေါင်းရန်သာရှိတော့သည်။

ယဲ့ချန်းက ပြောလိုက်၏။

"ကဲ...မင်းရဲ့ပါတနာဆီကို ဖုန်းဆက်လိုက်"

ချယ်ရီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို ရှန်းကျူး... ငါ ချယ်ရီပါ"

ထိုစကားကို ကြားသောအခါ ယဲ့ချန်း ရယ်ချင်စိတ်ကို အတင်းအောင့်ထားလိုက်ရသည်။

အလွန်ရယ်စရာကောင်းလှသည်။ သူတို့အားလုံးက သစ်သီးနာမည်များချည်းသာ ဖြစ်နေပေသည်။

ချယ်ရီက စိတ်ပိုင်းဆိုင်ရာ သန်မာသည်ဟု ဆိုရပေမည်။ သူ(မ)၏ အခန်းကဏ္ဍကို အလှပဆုံး သရုပ်ဆောင်သွားနိုင်သည်။

ချယ်ရီက သူ(မ)ကို စောင့်ကြည့်နေသူရှိနိုင်ကြောင်း ရှန်းကျူးအား ပြောပြပြီး အကူအညီတောင်းကာ ဟိုတယ်လိပ်စာကိုပါ ပေးလိုက်သည်။

ဖုန်းထဲကတစ်ဆင့် ထိုလုပ်ကြံသူမှာ အလွန်အမင်း ဒေါသထွက်နေကြောင်း ယဲ့ချန်း ကြားနေရသည်။

သူသည် ထိပ်တန်းလုပ်ကြံသူတစ်ယောက် မဟုတ်ပါလော။ လုပ်ကြံသတ်ဖြတ်ရေးတာဝန် ကျရှုံးသွားခြင်းမှာ အလွန်ကြီးမားသော အရှက်ကွဲမှုကြီးတစ်ခုပင်တည်း။

"အဲဒီခွေးကောင်... နောက်တစ်ခါ ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ်"

ရှန်းကျူးက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

ဖုန်း၏ တစ်ဖက်ခြမ်းတွင်မူ ယဲ့ချန်းက အံတင်းတင်းကြိတ်လျက် ပြောနေသည့် ရှန်းကျူး၏ စကားသံကို နားထောင်ရင်း ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

မင်းက ငါ့ကို သတ်ချင်တယ်ပေါ့။ ဒါပေမဲ့ မင်း အခွင့်အရေးရမှာမဟုတ်ဘူး…

စုဝမ်ယိက ပြောလိုက်သည်။

"ယဲ့ချန်း… ကျွန်မ လူနည်းနည်းလောက် ထပ်ခေါ်လိုက်ရမလား။ အဲဒီလုပ်ကြံသတ်ဖြတ်သူကို ရှင်တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား"

ယဲ့ချန်းက ပြုံးလိုက်သည်။

"လူများရင် ပြဿနာပိုများလိမ့်မယ်။ စိတ်မပူပါနဲ့။ ကိုယ်တစ်ယောက်တည်းနဲ့ဆိုရင် လုံလောက်ပါပြီ"

ထိုအချိန်ဝယ် သူ နာရီကို တစ်ချက်ကြည့်လိုက်သည်။ လုပ်ကြံသတ်ဖြတ်သူက အချိန်မရွေး ရောက်လာနိုင်သည်။

ယဲ့ချန်းလည်း စုဝမ်ယိကို အတွင်းခန်းထဲတွင် ပုန်းနေရန် ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ တံခါးနောက်ရှိ နံရံဘေးတွင် ပုန်းနေလိုက်၏။ ချယ်ရီကမူ လုပ်ကြံသတ်ဖြတ်သူကို တံခါးဖွင့်ပေးရန် အသင့်ပြင်ထားသည်။

စုဝမ်ယိသည် ဤသို့သော အရာမျိုးကို တစ်ခါမှ မကြုံဖူးပေ။ ဤသည်မှာ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလို ခံစားရသည်။

ထိုအချိန်မှာပင် တံခါးဘဲလ်သံ မြည်လာလေသည်။ စုဝမ်ယိ၏ရင်ထဲ ထိတ်ခနဲဖြစ်သွားချေသည်။

ချယ်ရီကမူ တံခါးအနောက်တွင် ရပ်၍ သတိကြီးကြီးထားနေဟန်ဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ"

တံခါးအပြင်ဘက်မှ ဩရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

"ငါပါ"

ထိုအချိန်ဝယ် ချယ်ရီက တံခါးဖွင့်ပေးလိုက်သည်။ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်က အထဲသို့ ဝင်လာခဲ့သည်။

အမျိုးသားလုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာကား တင်းမာနေသည်။ သူသည် လုပ်ကြံသတ်ဖြတ်သူအဖြစ် အလုပ်လုပ်လာခဲ့သည့် နှစ်များတစ်လျှောက် တစ်ခါမှ မရှုံးနိမ့်ဖူးပေ။

သို့သော် ယနေ့တွင်မူ သူ ရှုံးနိမ့်သွားခဲ့ရသည်။ ထို့ကြောင့် သူ အလွန် မကျေမနပ်ဖြစ်မိသည်။

ချယ်ရီက ထိုလုပ်ကြံသတ်ဖြတ်သူအမျိုးသားကို အတွင်းခန်းထဲသို့ ခေါ်သွားလိုက်ချိန်ဝယ် ထင်မှတ်မထားသော ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။

လုပ်ကြံသတ်ဖြတ်သူအမျိုးသားမှာ သူ့ပခုံးကို တစ်စုံတစ်ခုက လာဆုပ်ကိုင်လိုက်ကြောင်း ခံစားလိုက်ရသည်။ ရှန်းကျူး ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ချန်းက သူ့ခြေထောက်ကို လွှဲကန်၍ ကြမ်းပြင်ပေါ်သို့ လှဲချလိုက်၏။

လုပ်ကြံသတ်ဖြတ်သူအမျိုးသားခမျာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ယဲ့ချန်း၏ ချုံခိုတိုက်ခိုက်မှုမှာ အောင်မြင်သွားခဲ့သည်။

သို့သော် လုပ်ကြံသတ်ဖြတ်သူအမျိုးသား၏ အစွမ်းအစကလည်း ကောင်းမွန်ပေသည်။ သူက ချက်ချင်းပင် မတ်တတ်ပြန်ရပ်လိုက်သည်။

သို့သော် ယဲ့ချန်းက သူ့ရှေ့သို့ ရောက်နှင့်နေပြီဖြစ်ရာ ရင်ဘတ်က ဆုပ်ကိုင်၍ ကြမ်းပြင်ပေါ်သို့ ခပ်ကြမ်းကြမ်းဆောင့်ချလိုက်သည်။

ဒုန်း!

လုပ်ကြံသတ်ဖြတ်သူအမျိုးသားခမျာ မူးဝေသွားပြီး ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ချန်းက သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတိလစ်သွားအောင် လုပ်လိုက်သည်။

အတွင်းခန်းထဲတွင်မူ ဖွင့်ထားသည့် တံခါးအဟလေးကြားက ချောင်းကြည့်နေသော စုဝမ်ယိမှာမူ အပြင်ဘက်ရှိ မြင်ကွင်းကြောင့် ကြက်သေသေသွားသည်။

ဤသည်မှာ တီဗီရိုက်ကူးရေးတစ်ခုများလားဟုပင် စုဝမ်ယိ သံသယဝင်သွားသည်။

ဤမြင်ကွင်းကား ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။

ထို့ပြင် ယဲ့ချန်း၏အစွမ်းအစများက မယုံနိုင်စရာပင်။

ချုံခိုတိုက်ခိုက်ခြင်းဖြစ်စေကာမူ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို တစ်ချက်တည်းနှင့် လဲကျသွားအောင် လုပ်နိုင်ခြင်းမှာ လွယ်ကူသောအရာတစ်ခု မဟုတ်ပါချေ။

စုဝမ်ယိက အတွင်းခန်းထဲမှ ထွက်လာပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသော လုပ်ကြံသတ်ဖြတ်ရေးသမားကို ကြည့်၍ မေးလိုက်သည်။

"ဒီလုပ်ကြံသူကို ဘယ်လိုလုပ်ကြမလဲ"

ယဲ့ချန်းက ပြုံးလိုက်လေသည်။

"ယောကျ်ားတွေမှာ သူတို့နည်းနဲ့သူတို့ဟန် ရှိတယ်"

ယဲ့ချန်း၏ မျက်နှာထက်ရှိ အေးစက်စက်အပြုံးကို မြင်လိုက်ရသောအခါ စုဝမ်ယိ၏ ‌ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ယဲ့ချန်းက သနားညှာတာမှု စိုးစဉ်းမျှမရှိပါဘဲ လုပ်ကြံသတ်ဖြတ်သူအမျိုးသားကို အပူပေးကိရိယာတွင် ကြိုးတုပ်ထားလိုက်သည်။

ထို့နောက် ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် ဇလုံတစ်လုံးထဲသို့ ရေအေးများ ဖြည့်၍ လုပ်ကြံသတ်ဖြတ်သူကို ပက်ချလိုက်၏။

လုပ်ကြံသတ်ဖြတ်သူအမျိုးသားမှာ လန့်နိုးလာပြီးနောက် ကြိုးတုပ်ခံထားရကြောင်း မြင်လိုက်ရချိန်ဝယ် မျက်နှာပျက်သွားလေသည်။

ရှန်းကျူး၏အဆင့်မှာ ချယ်ရီထက် တစ်ဆင့်ပိုမြင့်ပြီး အလယ်အလတ်အဆင့်ရှိသော ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်သည်။

ဤမစ်ရှင်က ဤမျှအထိ အခြေအနေဆိုးသွားလိမ့်မည်ဟု သူ မထင်ထားပေ။ ပစ်မှတ်ကို သတ်ဖြတ်ရန် ပျက်ကွက်ရုံသာမက ပစ်မှတ်၏ ဖမ်းဆီးခြင်းကိုပါ ခံခဲ့ရသည်။

ယခုလို ကြိုးတုပ်ခံထားရချိန်တွင် သူသည် စဉ်းတီတုံးပေါ်တွင် တင်ထားသော ငါးတစ်ကောင်အလားပင်။

သူ့အကြည့်က ချယ်ရီထံသို့ ရောက်သွားလေသည်။ ထိုအကြည့်ကား အလွန်အေးစက်လွန်းလှသည်။

"ချယ်ရီ… မင်း ငါ့ကိုသစ္စာဖောက်တယ်ပေါ့"

ရှန်းကျူးကို ကြည့်ရင်း ချယ်ရီ၏မျက်နှာကား နီရဲလာသည်။

ရှန်းကျူးက ပုံမှန်ဆိုလျှင် သူ(မ)ကို ဂရုစိုက်လေ့ရှိသော်လည်း ယခုအချိန်တွင်မူ ကိုယ့်အသက်ကိုယ်သာ အလေးထားရပေမည်။

"ချယ်ရီ… မင်း အသေဆိုးနဲ့ သေရလိမ့်မယ်"

ယဲ့ချန်းက ဘေးနားက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

"အသေဆိုးနဲ့သေရမှာ သူမဟုတ်ဘူး။ မင်းပဲ။ ဒါနဲ့… ချယ်ရီကို ထောင်ချောက်ဆင်ပြီး မင်းတို့ရဲ့လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို သစ္စာဖောက်တာက မင်းပါဆိုပြီး မင်းတို့သူဌေးကို ပြောလိုက်မယ်ဆိုရင် မင်းတို့ရဲ့သူဌေး အဆိပ်နှင်းဆီက မင်းကို ဘယ်လိုစာရင်းရှင်းမယ်ထင်လဲ"

ယဲ့ချန်းက သူတို့သူဌေး၏နာမည်ကို ထုတ်ပြောလိုက်သောအခါ ရှန်းကျူး ကြက်သေသေသွားလေသည်။

"ချယ်ရီ မင်းရူးနေတာလား။ သူဌေးရဲ့နာမည်ကို သစ္စာဖောက်ပြီး ဖော်ကောင်လုပ်လိုက်တယ်ပေါ့။ မင်း မြေမြှုပ်စရာနေရာတောင်မရှိဘဲ သေရလိမ့်မယ်ကွ"

သူ့ဘေးနားရှိ ချယ်ရီကမူ စွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရသည်။

ငါက ဘာတွေဝန်ခံလိုက်လို့လဲ..

ငါ ဘာတစ်ခုမှ ဝန်မခံရပါဘူး… သူက အကုန်သိနေပြီးသား…

ယဲ့ချန်းက ဘေးနားက အေးစက်စက်ဝင်ပြောလိုက်သည်။

"ဟန်ဆောင်မနေစမ်းနဲ့။ ချယ်ရီကို အကွက်ဆင်ပြီး သူ့ကိုသစ္စာဖောက်တာက မင်းဆိုတာကိုသာ သိရင် မင်းတို့သူဌေးက မင်းကို ဘယ်လိုစာရင်းရှင်းမလဲဆိုတာကိုသာ အရင်တွေးကြည့်"

ယဲ့ချန်း၏စကားကို ကြားသော် ရှန်းကျူး အလွန်ထိတ်လန့်သွားသည်။

သူ သေရမည်ကို မကြောက်ပါချေ။ သို့သော် သူ့တွင် ဇနီးနှင့် သားသမီးများ ရှိသေးသည်။ သူတို့ကိုသာ သူ စိတ်ပူမိသည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"တကယ်တော့ လွတ်ချင်ရင်တော့ ရှင်းပါတယ်။ ငါ့ကိုသတ်ဖို့ မင်းတို့ကို ဘယ်သူက ငှားခဲ့တာလဲဆိုတာသာ ပြောလိုက်။ မင်းကို ငါလွှတ်ပေးမယ်"

••••••••••••••••••••

All Chapters