← Chapters

အခန်း ၆၂၈

Vol. 42 Ch. 628

အခန်း ၆၂၈

Vol. 42 Ch. 628

အပိုင်း ၆၂၈ : ယဲ့ချန်း၏ အစီအစဉ်

ရှန်းကျူးက ယဲ့ချန်းကို ကြည့်လိုက်ချိန်ဝယ် သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

ယခုမူ သူရော ချယ်ရီပါ အဖမ်းခံထားရပြီဖြစ်ရာ အထက်လူကြီးကို မည်သူက သစ္စာဖောက်လိုက်သလဲဆိုသည်မှာ တကယ်မသေချာတော့ပေ။

အကယ်၍ သစ္စာဖောက်သူမှာ သူဖြစ်ကြောင်း ယဲ့ချန်းက ဖွင့်ပြောလိုက်မည်ဆိုလျှင် သူ့ကံကြမ္မာမှာ အလွန်အဖြစ်ဆိုးသွားပေလိမ့်မည်။

ဘော့စ်က သူ သံသယရှိနေသူများအတွက် စကားတစ်ခွန်းတည်းသာ သုံးလေ့ရှိသည်။ သတ်ပစ်ဟူ၍ပင်။

ယဲ့ချန်းက ရှန်းကျူးအတွက် တွင်းနက်နက်တစ်တွင်း တူးပေးလိုက်ပြီး သူ့ကို အကျပ်ရိုက်စေခဲ့သည်။

သူ့အနေနှင့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမှ ထုတ်မပြောခဲ့သော်လည်း ယခုမူ သူ့ကိုယ်သူ ခုခံကာကွယ်ရန်လည်း မတတ်နိုင်ပြန်ချေ။

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

"မင်း ငါ့ကို အရေးကြီးအချက်အလက်တွေပေးရင် မင်းကို ငါ လွှတ်ပေးနိုင်တယ်။ ပြီးတော့ မင်း အဖမ်းခံရတဲ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှ ငါ ပြောမှာမဟုတ်ဘူး။ ချယ်ရီနဲ့ပတ်သက်ပြီးတော့ မင်း ပြန်ရောက်တဲ့အခါ လွတ်လွတ်လပ်လပ်လိမ်ပြောလို့ရတယ်။ ဒါက မင်း အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ရှန်းကျူး တိတ်ဆိတ်သွားလေသည်။

ယဲ့ချန်း ဆန်းစစ်ပြသည့်အတိုင်း သူ့တွင် အမှန်တကယ် အခွင့်အရေးမရှိတော့ပေ။

ဤကိစ္စသာ ပေါက်ကြားသွားလျှင် သူဌေးကို သူ သစ္စာဖောက်သည်ဖြစ်စေ မဖောက်သည်ဖြစ်စေ သူ မုချသေရပေမည်။

သို့သော် ယဲ့ချန်းနှင့်အတူ ပူးပေါင်းလျှင်မူ သူ့အသက်ကိုတော့ မြဲအောင်ထိန်းထားနိုင်ပေမည်။

သူ့တွင် ဇနီးနှင့် သားသမီးများ ရှိသေးသည်ဖြစ်ရာ မသေချင်သေးပေ။

ရှန်းကျူးလည်း သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ပြောလိုက်သည်။

"နောက်ကွယ်က ကြိုးကိုင်နေတဲ့လူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ အဲဒီလူရဲ့ မျိုးရိုးနာမည်က ဝေ့ဆိုတာလောက်ပဲ တစ်ခါတလေကြားဖူးတယ်"

ဝေ့တဲ့လား။

ယဲ့ချန်း ခဏမျှ မှင်တက်သွားသည်။ ထိုမျိုးရိုးနာမည်ရှိသူနှင့် သူ့ကြားတွင် ဘာပတ်သက်မှုမှမရှိပါချေ။

သို့သော် သူသည် ရှန်းကျူး၏ ကိုယ်ရေးမှတ်တမ်းကို ဖတ်ဖူးထားသည်ဖြစ်ရာ ဤလူ လိမ်ပြောနေခြင်းမဟုတ်ကြောင်း ကောင်းကောင်းသိသည်။

တကယ်တော့ ယဲ့ချန်းအနေနှင့် စစ်ဆေးမေးမြန်းနေစရာပင် မလိုချေ။ ဤလုပ်ငန်းစဉ်များ လုပ်ဆောင်နေရသည့် အကြောင်းအရင်းမှာ ရှန်းကျူးကို သတင်းစကားပါးရန် ပြန်လွှတ်ပေးချင်သောကြောင့်ပင်။

ငါးကြီးကြီးဖမ်းရန် ကြိုးရှည်ရှည်ချရမည်မဟုတ်လော။

ယဲ့ချန်းက ရှန်းကျူးကို လွှတ်ပေးလိုက်သည်။ ချယ်ရီလည်း အနည်းငယ် စိုးရိမ်သွားချေသည်။

"ကျွန်မကရော"

ယဲ့ချန်းကမူ ပြုံး၏။

"မင်းလည်း သွားလို့ရပြီ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ချယ်ရီက ခါးသက်သက်ရယ်မောလိုက်သည်။

"ကျွန်မက ဘယ်ကိုသွားရမှာလဲ။ ကျွန်မတို့ အဖွဲ့အစည်းက သစ္စာဖောက်တွေအတွက် စကားတစ်ခွန်းပဲရှိတယ်။ သတ်ပစ်တဲ့။ ဒီတော့ ကျွန်မ ရှင့်ကို သစ္စာခံဖို့ပဲရှိတော့တယ်"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"အင်း.. အဲဒါလည်း အဆင်ပြေပါတယ်။ ငါလည်း လူလိုနေတာနဲ့ အတော်ပဲ"

ထို့နောက် ယဲ့ချန်းက ဖုန်းခေါ်လိုက်လေသည်။

"လုယုံး.. မနက်ဖြန်မနက်ကျရင် မိတ်ဆွေတစ်ယောက်ကို ကြိုဖို့အတွက် လေဆိပ်ကို လူနည်းနည်းပါးပါး ခေါ်လာခဲ့လိုက်"

ထိုစကားကို ကြားလိုက်ရချိန်ဝယ် ချယ်ရီ၏မျက်ဝန်းများမှာ အရောင်တောက်သွားလေသည်။

"ကျွန်မညီမလေး ရောက်လာပြီပဲ"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"အင်း..သူ့ကိုသွားကြိုဖို့ မင်းနဲ့အတူ ကျွမ်းကျင်သူတစ်ယောက်ကိုပါ ငါ လွှတ်ပေးထားတယ်"

ချယ်ရီကလည်း စိတ်လှုပ်ရှားခြင်းကြီးစွာ ခေါင်းညိတ်ပြလိုက်သည်။

"ယဲ့ချန်း.. ကျေးဇူးတင်ပါတယ်"

တကယ်တမ်းတွင် ချယ်ရီသည် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက ထွက်ခွာချင်နေသည်မှာ အတော်ကြာပြီဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ရသည်မှာ မိမိုက်လေဟန်တူသော်ငြား အမှန်တကယ်တွင်မူ နေ့စဉ်နှင့်အမျှ သေခြင်းနှင့်ရှင်ခြင်းကြားရှိ မျဉ်းပါးပါးလေးပေါ်တွင် ရုန်းကန်နေရသည်။

အချိန်မရွေး သေသွားနိုင်သည်ဖြစ်ရာ မည်သူကများ ထိုသို့လုပ်ချင်မည်နည်း။

သို့သော် မလုပ်ပြန်လျှင်လည်း အဖွဲ့အစည်းက ကမ္ဘာအဆုံးအထိ မြေလှန်ရှာပြီး သတ်ပစ်လိမ့်မည်။

ယခု ယဲ့ချန်းကို သစ္စာခံမည်ဆိုပါက အနည်းဆုံးတော့ သူ(မ) ပွင့်ပွင့်လင်းလင်း နေထိုင်နိုင်မည်ဖြစ်၏။

ချယ်ရီနှင့်ပတ်သက်၍မူ ယဲ့ချန်းအနေနှင့် စောင့်ကြည့်လေ့လာသည့် အချိန်ကာလတစ်ခုကျော်သွားလျှင် စုဝမ်ယိ၏ဘေးနားတွင် နေရာချပေးရန် အစီအစဉ်ဆွဲထားသည်။

မည်သို့ပင်ဖြစ်စေ လုယုံးက အမျိုးသားတစ်ယောက်ဖြစ်လေရာ ကိစ္စတော်တော်များများတွင် အဆင်မပြေလှပေ။

အရေးအကြီးဆုံးအရာမှာ ယဲ့ချန်းအား အန္တရာယ်အငွေ့အသက်ကို ခံစားရစေသည့် လျှို့ဝှက်ဆန်းကြယ်သော မစ္စတာဝေ့ပင်။

ဤလူက ဘယ်သူလဲ။ သူက ဘာကြောင့်များ သူ့ကို အန္တရာယ်ပြုချင်ရသလဲ။

ယဲ့ချန်းအနေနှင့် လူအမြောက်အများနှင့် ရန်ငြိုးရန်စရှိထားဖူးပါသော်ငြား ဝေ့ဟူသည့် မျိုးရိုးအမည်ရှိသူကိုမူ စဉ်းစား၍မရချေ။

အိမ်ပြန်ရောက်သောအခါ နောက်ကျနေပြီဖြစ်၏။

ယဲ့ချန်းက ပြုံးလိုက်၏။

"ဒီည ကိုယ်နဲ့အတူ လေ့ကျင့်ခန်းလုပ်ချင်လား"

စုဝမ်ယိမှာမူ အနည်းငယ် ပင်ပန်းနေသလို ခံစားရသဖြင့် ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း.. ဒီနေ့ကိစ္စတွေကြောင့် ကျွန်မ စိတ်မပါတော့ဘူး"

မည်သို့ပင်ဖြစ်စေ ဤသို့သော ကိစ္စမျိုးကို စုဝမ်ယိ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်လေရာ သူ(မ)၏ရင်ထဲတွင် ဖိအားတချို့ ခံစားရသည်မှာလည်း မထူးဆန်းပါချေ။

ယဲ့ချန်းကလည်း အတင်းတွန်းအားမပေးချေ။ ယခုအချိန်တွင် သူ့အတွက် အရေးအကြီးဆုံးတာဝန်မှာ မစ္စတာဝေ့က ဘယ်သူလဲဆိုသည်ကို ဖော်ထုတ်ရန်ပင်။

သူ့အတွက် တစ်ခုတည်းသော သဲလွန်စမှာ ထိုလုပ်ကြံသူများပင်။

နောက်တစ်နေ့တွင် လုယုံးက ချယ်ရီကို လေဆိပ်သို့ ကားမောင်းပို့ပေးခဲ့သည်။

ချယ်ရီမှာမူ လုယုံးထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်ချိန်ဝယ် ကြက်သီးထသွားလေသည်။

လုယုံးထံမှ ပြင်းထန်လှသော ဖိအားတစ်ရပ်ကို သူ(မ) ခံစားနေရသည်။

ဤခံစားချက်မှာ ယဲ့ချန်းလောက် မပြင်းထန်သော်ငြား သူ(မ)ကို မွန်းကျပ်အောင် လုပ်နိုင်ပေသည်။

သို့သော် ချယ်ရီ၏ရင်ထဲတွင် နွေးထွေးသွားရသည်။ ယဲ့ချန်းက သူ(မ)၏ညီမလေးကို သွားကြိုရန် ဤမျှအင်အားကြီးသော ကျွမ်းကျင်သူတစ်ယောက်ကို လွှတ်ပေးခဲ့သည်ဖြစ်ရာ သူသည် သူ(မ)၏ကိစ္စများကို အမှန်တကယ်ဂရုစိုက်ကြောင်း ပြသနေပေသည်။

ဤအခက်အခဲများကို ကျော်လွန်ပြီးသည်နှင့် ယဲ့ချန်းကို သစ္စာခံရန် ချယ်ရီ ဆုံးဖြတ်ချက်ချထားသည်။

လေယာဉ်ဆင်းသက်လာချိန်ဝယ် ချယ်ရီလည်း သူ့ညီမလေးကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် ညီအစ်မနှစ်ယောက်သား ဖက်ထားလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် လုယုံး၏မျက်ဝန်းအစုံကား မှေးကျဉ်းသွားလေသည်။

အကြောင်းမှာ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် လူတစ်ယောက်က သူတို့ဆီသို့ မလှမ်းမကမ်းမှ လျှောက်လာနေကြောင်း မြင်လိုက်ရသောကြောင့်ပင်။

လမ်းသွားလမ်းလာတစ်ယောက်မျှသာ ဖြစ်သော်လည်း လုယုံးကမူ မသိစိတ်အားကောင်းသူတစ်ယောက်ဖြစ်သောကြောင့် ထိုလူမှာ တစ်စုံတစ်ခုထူးခြားနေကြောင်း ခံစားမိသည်။

သူဌေး၏ ခန့်မှန်းချက်က မှန်ကန်နေပေသည်။

လုယုံးလည်း ချယ်ရီကို အသာလက်တို့လိုက်သည်။

"သတိထား.. ငါတို့ကို နောက်ယောင်ခံလိုက်နေတဲ့လူရှိတယ်"

ချယ်ရီ၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားလေသည်။ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက ဤမျှမြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ(မ) မထင်ထားပေ။

ရှန်းကျူးသည် ပြန်သွားပြီးနောက် သူ(မ)ကို သစ္စာဖောက်လိုက်သည်မှာ သိသာလှ၏။

အနည်းငယ် ထိတ်လန့်သွားသော ချယ်ရီက လုယုံးအား ပြောလိုက်လေသည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ"

လုယုံးက တည်ငြိမ်အေးဆေးစွာ ဆိုလာလေသည်။

"ငါတို့ ဒီနေရာကနေ အရင်ဆုံး ကားနဲ့ထွက်သွားကြမယ်"

ကားပေါ်သို့ တက်ပြီးနောက် လုယုံးက စက်နှိုးလိုက်သည်။

ညီမဖြစ်သူ ရှောင်မေ့က သူ့အစ်မကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

"မမ.. မမကိုကြည့်ရတာ အရမ်းစိတ်ပူနေသလိုပဲ"

ချယ်ရီကမူ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။

"မဟုတ်ပါဘူး။ ညီမလေးကိုတွေ့ရလို့ စိတ်လှုပ်ရှားနေတာပါ"

ကားက လေဆိပ်ထဲက ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့သည်။ သူတို့အနောက်ကလည်း ကားတစ်စီးက အနီးကပ်လိုက်ပါလာသည်။

လုယုံးက အမြန်လမ်းမကြီးပေါ်က မသွားပါဘဲ လမ်းသွယ်ထဲကို ချိးဝင်လာသည်။

ဤသည်မှာ ယဲ့ချန်း၏ အစီအစဉ်ပင်။

ချယ်ရီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။

"ဘာလို့ အမြန်လမ်းက မသွားတာလဲ"

လုယုံးက အေးအေးလူလူ ပြန်ဖြေလိုက်၏။

"အမြန်လမ်းကသွားရင် သူတို့ အနီးကပ်လိုက်လို့မရဘူးလေ။ အဲဒီလိုဆိုရင် သူတို့ ထွက်ပြေးဖို့ ပိုလွယ်သွားမှာပေါ့"

"ရှင်.."

ချယ်ရီခမျာ ဆွံ့အသွားရလေသည်။

လုယုံးက ဆက်ပြောသည်။

"ဒီလုပ်ကြံသူတွေက နောက်ဆုံးကျရင် ရောက်လာမှာပဲဆိုတာ မင်း သိထားသင့်တယ်။ ဒီကိစ္စကို စောစောစီးစီးဖြေရှင်းလိုက်တာက မင်းအတွက် ပိုစိတ်အေးရလိမ့်မယ်။ မစ္စတာယဲ့က မင်းအတွက် လုပ်ပေးနေတာပါ"

ချယ်ရီလည်း သက်ပြင်းချလိုက်လေသည်။

"လမ်းကြောင်းတချို့က လျှောက်ပြီးရင် နောက်ပြန်လှည့်လို့မရဘူး"

လုယုံးကမူ အေးအေးလူလူပင် ကားမောင်းနေသော်ငြား ချယ်ရီကမူ အလွန်သောကရောက်နေပေသည်။

ထိုအချိန်တွင် ယဲ့ချန်းထံမှ ဖုန်းဝင်လာသည်။

"ချယ်ရီ.. မပူနဲ့။ လုယုံးလည်း ပါတာပဲ။ သူက အရင်က ကိုယ်ခံအားကျွမ်းကျင်သူတစ်ယောက်လေ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ချယ်ရီ၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။

သူ(မ) လုယုံးကို နည်းနည်းရင်းနှီးသလို ခံစားနေရသည်မှာ အံ့ဩစရာတော့ မဟုတ်ပါချေ။

လက်စသတ်တော့ သူကိုး…

ချယ်ရီခမျာ ယဲ့ချန်းကြောင့် ပိုပိုပြီးထိတ်လန့်လာရသည်။

ထိုကဲ့သို့သော လူတစ်ယောက်ကို သက်တော်စောင့်အဖြစ် အလုပ်လုပ်ပေးလာရန် ယဲ့ချန်း စည်းရုံးနိုင်ခဲ့သည်။ ယဲ့ချန်းသည် စင်စစ် ခန့်မှန်းရခက်လွန်းလှသည်။

"မမ.. ဘာတွေပြောနေတာလဲ။ လုပ်ကြံသူတွေ ဟုတ်လား။ တီဗီဇာတ်လမ်းတွဲထဲကလိုပဲ"

ချယ်ရီကလည်း သက်ပြင်းချလိုက်လေသည်။

"ညီမလေး.. မမ အမှန်အတိုင်းပြောပြမယ်"

သူ(မ)ညီမလေး၏ လုံခြုံရေးအတွက် ချယ်ရီလည်း သူ့သရုပ်မှန်ကို ညီမဖြစ်သူအား ပြောပြလိုက်သည်။

ရှောင်မေ့ကလည်း ထိုစကားကို နားထောင်ရင်း စိတ်ပူပန်ရမည့်အစား ပို၍ပင် စိတ်လှုပ်ရှားတက်ကြွနေလေသည်။

"မမ.. မမက အရမ်းမိုက်တာပဲ"

ချယ်ရီ : "…"

ရှောင်မေ့က စိတ်လှုပ်ရှားစွာ ဆိုလိုက်လေသည်။

"မမ စိတ်မပူနဲ့။ ညီမလေးက ကျောင်းမှာ တိုက်ကွမ်ဒိုအသင်းရဲ့ ဥက္ကဋ္ဌပါ။ ညီမလေးလည်း ကူညီပေးနိုင်တယ်"

ထိုစကားကို ကြားပြီးနောက် လုယုံးက ရယ်မောလိုက်သည်။

"မင်း… အဲဒါတွေ အသာထားလိုက်ပါ။ အဲဒါတွေက မြင်ကောင်းရုံလောက် လုပ်ပြတဲ့အကွက်တွေ။ ငါတို့နောက်မှာ ပါလာတာက လူသတ်ဖူးတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနော်"

"ကျစ်… ကျွန်မကို ကာကွယ်ပေးနေတဲ့ မမရှိသရွေ့ ကျွန်မ ဘာမှမကြောက်ဘူး"

လုယုံးလည်း ဘာမှဆက်မပြောတော့ဘဲ ယဲ့ချန်းနှင့် သဘောတူထားသည့် တွေ့ဆုံရာနေရာသို့ မောင်းလာခဲ့လိုက်သည်။

ထိုနေရာကား စွန့်ပစ်ထားသော စက်ရုံတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်တွင် မည်သူမှ မရှိပေ။

ဤတစ်ကြိမ်တွင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက ချယ်ရီကို ပစ်မှတ်ထားရန် စီစဉ်ထားသည်ဖြစ်ရာ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များကို လွှတ်လိုက်မည်သာ။

ထို့ကြောင့် ချယ်ရီလည်း မသေချာမရေရာဖြစ်နေချေသည်။

"အဲဒီလူနှစ်ယောက်က အရမ်းတော်လား"

လုယုံးက ရုတ်တရက်မေးလိုက်လေသည်။

ချယ်ရီမှာမူ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်သည်။

"ပုံမှန်ဆိုရင်တော့ ကျွန်မတို့အဖွဲ့အစည်းက သစ္စာဖောက်တွေကို ရှင်းပစ်ရင် အတော်ဆုံးလူတွေကို လွှတ်တတ်တယ်။ သူတို့နဲ့သာဆိုရင် ကျွန်မ အသက်ရှင်နိုင်ခြေမရှိဘူး"

•••••••••••••••••••

All Chapters