← Chapters

အခန်း ၆၂၉

Vol. 42 Ch. 629

အခန်း ၆၂၉

Vol. 42 Ch. 629

အခန်း ၆၂၉ - ခွေးကို ချောင်ပိတ်ရိုက်ခြင်း

အဖွဲ့အစည်းအတွင်းရှိ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူများ မည်မျှစွမ်းအားကြီးမားကြောင်း ချယ်ရီက မည်သူ့ထက်မဆို ပိုသိထားသည်။

ထို့ကြောင့် သူ(မ)၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ချယ်ရီမှာ လုယုံး မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သိထားသည်။ ယဲ့ချန်းက သူလည်းရှိသည်ဟု ပြောထားသည်။

ယဲ့ချန်းနှင့် တစ်ကြိမ်သာ တွေ့ဖူးသေးသော်လည်း ယဲ့ချန်း၏ စွမ်းရည်မှာ သူ(မ)ထက် အဆပေါင်းများစွာ သာလွန်ကြောင်း ချယ်ရီ နားလည်ထားသည်။

သို့တိုင် ချယ်ရီကမူ အနည်းငယ် စိုးရိမ်နေမိသည်။

မည်သို့ပင်ဆိုစေ ထိုထိပ်တန်းလုပ်ကြံသူများမှာ သူတို့လို အထက်တန်းအဆင့် လုပ်ကြံသူများနှင့် မတူပေ။

သူတို့က လူအယောက်တစ်ရာကျော်စီ သတ်ဖြတ်ခဲ့ဖူးသည့် ခွန်အားကြီးမားသော ပုဂ္ဂိုလ်များပင်။

သူဌေးတစ်ယောက်တည်းကသာ သူတို့ကို စေခိုင်းနိုင်စွမ်းရှိ၏။

သူဌေးက သူ(မ)အပေါ် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိနေကြောင်း ချယ်ရီ နားလည်လိုက်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ(မ)ကို ရှင်းပစ်ရန်အတွက် လုပ်ကြံသူနှစ်ယောက်ကို လွှတ်လိုက်မည် မဟုတ်ပေ။

ချယ်ရီက ကိစ္စတော်တော်များများကို သိထားလွန်းသောကြောင့်ပင်။ အထက်တန်းအဆင့် လုပ်ကြံသူတစ်ဦးအနေနှင့် သူ(မ)သည် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်သည့် မစ်ရှင်ပေါင်းများစွာတွင် ပါဝင်ပတ်သက်ခဲ့ဖူးသည်။

အကယ်၍ ချယ်ရီသာ ရဲထံ အဖမ်းခံလိုက်ပါက လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းအနေနှင့် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ယဲ့ချန်းကမူ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ တစ်ခါမှ မမေးမြန်းခဲ့ပေ။

ယဲ့ချန်းက ထိုကိစ္စများကို စိတ်မဝင်စားပေ။ သူ့ကို ဘယ်သူသတ်ချင်နေသလဲ ဆိုသည်ကိုသာ သူ စိတ်ဝင်စားသည်။

"ဘာလို့ ရဲမတိုင်တာလဲ"

ချယ်ရီ၏ ညီမလေးက ရုတ်တရက် မေးလိုက်သည်။

ချယ်ရီကမူ ခါးသီးစွာ ပြုံးလိုက်သည်။

"တချို့ကိစ္စတွေက ရဲတွေ ဖြေရှင်းပေးလို့ မရဘူး"

ဤလုပ်ကြံသတ်ဖြတ်သူများ၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားလွန်းလှလေရာ သာမန်ရဲများအနေနှင့် သူတို့ကို မည်သို့ ကိုင်တွယ်နိုင်မည်နည်း။

လုယုံးက ခပ်ဟဟ ရယ်မောလိုက်၏။

"မင်း စိုးရိမ်စရာမလိုပါဘူး။ တကယ်တော့ မစ္စတာယဲ့က ခွေးကို ချောင်ပိတ်ပြီးရိုက်ချင်ရုံ သက်သက်ပါ"

လုယုံး၏ စကားကို ကြားသောအခါ ချယ်ရီမှာ ဆွံ့အသွားသည်။

အရာအားလုံးက ယဲ့ချန်း၏ အစီအစဉ်ဖြစ်နေပေသည်။

ဤထိပ်တန်းလုပ်ကြံသူ နှစ်ယောက်ကို ဤနေရာမှာ အပြတ်ရှင်းဖို့အတွက် သူ့တွင် ယုံကြည်မှုအပြည့် ရှိနေလေသလား။

လုယုံးက ဆို၏။

"ရှန်းကျူးက ပြန်ရောက်တာနဲ့ သစ္စာဖောက်မယ်ဆိုတာ မစ္စတာယဲ့ သိထားတယ်။ ပြီးတော့ မင်းရဲ့ ညီမလေးနောက်ကို ထိပ်တန်းလုပ်ကြံသူတွေ လွှတ်လိုက်မယ်ဆိုတာကိုပါ ကြိုတွေးထားပြီး ဒီနေရာမှာ ပိုက်ကွန်ချထားခဲ့တာပဲ"

ထိုသို့ ပြောနေစဉ်မှာပင် လုယုံးက ကားရပ်လိုက်သည်။

ဤနေရာတစ်ဝိုက်တွင် ပေါင်းပင်များ ဖုံးလွှမ်းနေပြီး စွန့်ပစ်ထားသော စက်ရုံကလည်း လူသူကင်းမဲ့နေသည်မှာ ကြာလှလေပြီ။

ချယ်ရီနှင့် လုယုံးတို့ ကားပေါ်က ဆင်းလာခဲ့ကြပြီးနောက် ရှောင်မေ့ကိုမူ ကားထဲတွင်ပင် ထားရစ်ခဲ့သည်။

ထိုအချိန်တွင် သူတို့နောက်မှ လိုက်လာသော ကားကလည်း ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

ထိုထိပ်တန်းလုပ်ကြံသူ နှစ်ယောက်မှာ ငတုံးငအများ မဟုတ်ကြလေရာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိသွားကြသည်။

သူတို့အနေနှင့် ကားကို ပြန်လှည့်၍ မောင်းထွက်သွားချင်သော်လည်း နောက်ကျသွားပြီဖြစ်၏။

ထိုအချိန်မှာပင် ကူလီနန်ကားတစ်စီးက လမ်းကို ကန့်လန့်ဖြတ်၍ သူတို့၏ ဆုတ်ခွာရာလမ်းကို ပိတ်ဆို့ထားလိုက်သည်။

ယဲ့ချန်း ရောက်လာခြင်းပင်။

တစ်ချိန်တည်းမှာပင် ယဲ့ချန်းက သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်။

သံမှိုနှစ်ချောင်း ပစ်လွှတ်လိုက်ချိန်ဝယ် လုပ်ကြံသတ်ဖြတ်သူများ၏ ကားဘီးများလည်း ပေါက်သွားသည်။

ယဲ့ချန်း ပေါ်လာသည်ကို မြင်သောအခါ လုပ်ကြံသူနှစ်ယောက်၏ အမူအရာကား အကြီးအကျယ် ပြောင်းလဲသွားသည်။

ကားက မောင်းမရတော့သဖြင့် လုပ်ကြံသူနှစ်ယောက်လည်း အံတင်းတင်းကြိတ်၍ ကားပေါ်က ဆင်းလာကြသည်။

ထိုအချိန်တွင် လုယုံးကလည်း လက်သီးတင်းတင်းဆုပ်၍ ထိုလူနှစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။

ထိုအခါ လုပ်ကြံသူနှစ်ယောက်ကလည်း သူတို့၏ အကြည့်များကို စူးစိုက်လိုက်ကြသည်။

သူတို့ အကွက်ဆင်ဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း သိသွားကြသည်။

ယခုမူ သူတို့အတွက် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ဘေးတွင်ရပ်နေသော ချယ်ရီမှာမူ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

ထိုလူနှစ်ယောက်မှာ အဖွဲ့အစည်းအတွင်းရှိ ထိပ်တန်းလုပ်ကြံသူများ ဖြစ်ကြောင်း သူ(မ) မှတ်မိနေသောကြောင့်ပင်။

ယဲ့ချန်းနှင့် လုယုံးတို့က သူတို့ကို ယှဉ်နိုင်ပါ့မလား။

လုပ်ကြံသူနှစ်ယောက်က ယဲ့ချန်းနှင့် လုယုံးတို့ကို ကြည့်လိုက်ချိန်ဝယ် သူတို့၏ မျက်လုံးများမှာ အေးစက်နေသည်။

ထိုအချိန်တွင် လုပ်ကြံသူနှစ်ယောက်မှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။

ယဲ့ချန်းနှင့် လုယုံးတို့ထံမှ လွှမ်းမိုးနိုင်စွမ်းကြီးသော အရှိန်အဝါများ ထွက်ပေါ်နေပေသည်။

ဤလူနှစ်ယောက်က အလွန်စွမ်းအားကြီးမားကြောင်း သူတို့ သိလိုက်၏။

ယနေ့ သူတို့နှင့် ဘက်ညီသော ပြိုင်ဘက်များနှင့် တွေ့လိုက်ရဟန်ပင်။

လုပ်ကြံသူတစ်ယောက်က ချယ်ရီ့ကို အေးစက်ခက်ထန်စွာ လက်ညှိုးထိုးလိုက်၏။

"ချယ်ရီ... မင်းက ကိုယ့်သဘောနဲ့ကိုယ် ထွက်ပြေးပြီး အပြင်လူတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့။ ငါတို့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို မင်း သိတယ်မလား"

အခြားလုပ်ကြံသူတစ်ယောက်ကလည်း ကြိမ်းမောင်းလိုက်သည်။

"ချယ်ရီ... မင်းတော့ သေပြီပဲ။ ပြီးတော့ မင်း အသေဆိုးနဲ့ သေရလိမ့်မယ်။ မင်းတင်မကဘူး။ မင်းရဲ့ မိသားစုပါ သေရလိမ့်မယ်"

လုပ်ကြံသူများ၏ စကားကို ကြားသောအခါ ချယ်ရီ မျက်နှာပျက်သွားသည်။

ဤသည်မှာ သူ(မ) စိုးရိမ်နေခဲ့ရသည့် အရာပင်။

သစ္စာဖောက် ပေါ်လာပြီဆိုသည်နှင့် ထိုအဖွဲ့အစည်းကို လုံးဝအမြစ်ဖြတ်ရှင်းလင်းနိုင်ခြင်း မရှိသရွေ့ အဖွဲ့အစည်းက ထိုလူ့ကို သတ်ဖြတ်ရန် ဘာမဆိုလုပ်ပေလိမ့်မည်။ သို့မဟုတ်ပါက အသက်အန္တရာယ်ခြိမ်းခြောက်မှုက အမြဲရှိနေမည်သာ။

ယခင်တုန်းက သူတို့၏အဖွဲ့အစည်းထဲမှ လူတစ်ယောက်သည် အဖွဲ့ထဲက ထွက်ခွာချင်သောကြောင့် အာဖရိကသို့ ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် အသတ်ခံခဲ့ရသည်။

သူတို့ဘေးရှိ ယဲ့ချန်းက ရုတ်တရက်ပြောလိုက်၏။

"ဟေ့လူတွေ... မိန်းကလေးတစ်ယောက်ကို ဒီလိုခြိမ်းခြောက်တာက နည်းနည်း မလွန်လွန်းဘူးလား။ မိုတုမြို့ရဲ့ နယ်မြေထဲမှာ ငါ့လူတွေကို မင်းတို့ သတ်ချင်တိုင်း သတ်လို့ရမယ်လို့ ထင်နေတာလား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ လူတစ်ယောက်၏ အမူအရာမှာ ပြောင်းလဲသွားသည်။

"မင်းက ဘယ်သူလဲ"

ယဲ့ချန်းက ခပ်ဟဟ ရယ်မောလိုက်သည်။

"ယဲ့ချန်းလေ... မင်းတို့အဖွဲ့အစည်းက သတ်ချင်နေတဲ့သူပေါ့"

"ကောင်လေး... မင်းသဘောနဲ့မင်း ငါတို့ဆီကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ မင်း သေချင်တယ်ဆိုရင်လည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။

"ငါ့ကိုသတ်ဖို့ မင်းတို့က အရည်အချင်း ပြည့်မီတယ်လို့များ ထင်နေတာလား။ ငါ့ကို သေစေချင်ရင် မင်းတို့ရဲ့သူဌေး သွေးနှင်းဆီကို ခေါ်ခဲ့"

ယဲ့ချန်း၏ စကားကို ကြားသောအခါ လုပ်ကြံသူတစ်ယောက်၏ မျက်နှာကား အေးစက်သွားသည်။

"ချယ်ရီ... နင် တော်တော်ရဲတင်းနေတာပဲ။ သူဌေးရဲ့ နာမည်ကိုတောင် ဖွင့်ပြောလိုက်တယ်ပေါ့။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေအရဆိုရင် မင်း တစ်စစီ ခုတ်ထစ်ခံရလိမ့်မယ်"

ရှန်းကျူးက ချယ်ရီ ထွက်ပြေးသွားကြောင်းကိုသာ ပြောပြခဲ့ပြီး သူ(မ) သစ္စာဖောက်သွားသည့် အကြောင်းကိုမူ ဘာမှမပြောခဲ့ပေ။

ယခုမူ ယဲ့ချန်းက သူဌေး၏နာမည်ကိုပါ သိနေပြီဖြစ်ရာ ချယ်ရီသည် အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့ကြောင်း ထင်ရှားနေသည်။

ချယ်ရီမှာ ခါးသက်သက် ရယ်မောလိုက်မိသည်။ သူ(မ) တကယ် ဘာမှမပြောပြခဲ့ရသော်လည်း ယဲ့ချန်းက ဤအရာအားလုံးကို ဘယ်လိုသိနေသလဲဆိုသည်ကို သူ(မ) လုံးဝမတွေးတတ်ပေ။

ထိုအချိန်တွင် လုပ်ကြံသူနှစ်ယောက်က ချယ်ရီ့ထံသို့ ပြေးဝင်သွားသည်။

ထိုနှစ်ယောက်က ထိပ်တန်းလုပ်ကြံသူများဟူသော အမည်နှင့် လိုက်ဖက်ပေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ရင်း လျှပ်စီးလက်သည့်အလား မြန်ဆန်သောအဟုန်ဖြင့် တိုက်ခိုက်လာကြသည်။

ချယ်ရီကမူ ဖြူရော်နေသော မျက်နှာဖြင့် ကြည့်နေမိသည်။

ဤသည်မှာ ထိပ်တန်းလုပ်ကြံသူများ လှုပ်ရှားလာသည်ကို သူ(မ) ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူတို့သည် ယုံကြည်နိုင်စရာမရှိလောက်အောင် သန်မာကြသည်။

တစ်မိနစ်မပြည့်သေးခင်မှာပင် ပြိုင်ဘက်က သူ(မ)ကို သတ်ပစ်နိုင်ကြောင်း ချယ်ရီ နားလည်လိုက်သည်။

ထိုအချိန်တွင် လုယုံးက အပြေးရောက်လာချေသည်။

လုယုံးက လှုပ်ရှားလိုက်သည့်အခါ ကျားသစ်တစ်ကောင်နှင့်ပင် တူလေသည်။

ယဲ့ချန်းကမူ မလှုပ်မယှက်ဖြင့် ထိုမြင်ကွင်းကို ကြည့်နေချေသည်။

ဤလုပ်ကြံသူများနှင့် အကျိုးအကြောင်းပြောဆိုနေ၍ မရကြောင်း သူ နားလည်သည်။ တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ အညံ့ခံလာသည်အထိ ရိုက်နှက်ရန်သာ ဖြစ်၏။

ထိပ်တန်းလုပ်ကြံသူနှစ်ယောက်ကို ယဲ့ချန်းက ဝင်မတိုက်ခိုက်ကြောင်း မြင်သောအခါ ချယ်ရီ အံ့အားသင့်သွားသည်။

သို့သော် တိုက်ပွဲမြေပြင်တွင် မြင်လိုက်ရသည့်အရာကြောင့် ချယ်ရီ ဆွံ့အသွားရသည်။

ထိပ်တန်းလုပ်ကြံသူနှစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း လုယုံးကမူ အရေးနိမ့်မနေဘဲ သူတို့ကို အံတုကာ အကြိတ်အနယ် တိုက်ခိုက်နိုင်စွမ်း ရှိ​ပေသည်။

လုယုံးက ဘယ်လောက်တောင် စွမ်းလွန်းလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။

ထိုအချိန်တွင် လုယုံးက အဘယ်ကြောင့် ဤမျှ အကြောက်တရားကင်းမဲ့နေရကြောင်း ချယ်ရီ နားလည်သွားသည်။ သူသည် စင်စစ် အရည်အချင်းရှိသူတစ်ယောက်ပင်။

လုယုံးသည် တိုက်ရင်းခိုက်ရင်း အားရပါးရ မရယ်ဘဲ မနေနိုင်တော့ပေ။

"ဟားဟား... ဒီလောက် ကောင်းကောင်းမွန်မွန် မတိုက်ခိုက်ရတာ တော်တော်ကြာပြီပဲ"

လုယုံးမှာ စိတ်လှုပ်ရှားနေသော်လည်း လုပ်ကြံသူ နှစ်ယောက်မှာမူ အလွန်အမင်း စိတ်ပျက်နေကြသည်။

သူတို့အနေနှင့် ဤလူက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူတို့သည် ထိပ်တန်းလုပ်ကြံသူများ ဖြစ်ပါလျက်နှင့် လုယုံးကို မကိုင်တွယ်နိုင်ဖြစ်နေသည်မှာ ယုံနိုင်စရာပင် မရှိပေ။

လုယုံးသည် စစ်တပ်ထဲတွင် "အရူးတိုက်ခိုက်ရေးသမား"ဟု လူသိများခဲ့ပြီး တိုက်ပွဲများတွင်လည်း အမြဲတမ်း ရှေ့တန်းမှနေ၍ အပြေးအလွှား ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

သို့သော် အနားယူပြီးနောက်တွင် လုယုံးသည် ကျွမ်းကျင်သူတစ်ယောက်နှင့် တစ်ခါမှ မဆုံတွေ့ခဲ့ရပေ။

ဤတစ်ကြိမ် ထိပ်တန်းလုပ်ကြံသူနှစ်ယောက်နှင့် တွေ့ဆုံလိုက်ရချိန်ဝယ် လုယုံးမှာ တိုက်ပွဲ၏ ပြင်းထန်သော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

သို့သော် လုယုံးကဲ့သို့သော စစ်ဘုရင်တစ်ယောက်နှင့် အကြိတ်အနယ် ရင်ဆိုင်နိုင်ခြင်းမှာလည်း ထိုလုပ်ကြံသူ နှစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို ပေါ်လွင်စေသည်။

ထိုအချိန်ဝယ် လုပ်ကြံသူနှစ်ယောက်က လုယုံးကို ဘယ်ညာညှပ်၍ တိုက်ခိုက်လိုက်ကြသည်။

လုယုံးကမူ ကျောက်ဆောင်တစ်ခုအလား ခိုင်မာတောင့်တင်းနေပြီး ဘာစိုးရိမ်မှုမှလည်း မပြပေ။

လုပ်ကြံသူနှစ်ယောက်ပင် အံ့သြထိတ်လန့်သွားသည်။ လုယုံးက မယုံနိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးမားလွန်းလှသည်။

မလှမ်းမကမ်းရှိ ယဲ့ချန်းကလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ လုယုံးက သူ့ကို စိတ်မပျက်စေခဲ့ပေ။

ထိုအချိန်မှာပင် လုပ်ကြံသူတစ်ယောက်က ရုတ်ခြည်းပင် ဟာကွက်တစ်ခုကို ရှာတွေ့လိုက်သဖြင့် ဓားမြှောင်တစ်ချောင်းကို ဝှေ့ယမ်းကာ ချယ်ရီ့ထံသို့ ပြေးဝင်သွားတော့သည်။

•••••••••••••••••••••••

All Chapters