အခန်း ၆၃၀
Vol. 42 Ch. 630
အပိုင်း ၆၃၀ : ယဲ့ချန်း လှုပ်ရှားပြီ
လုယုံးက လုပ်ကြံသူတစ်ယောက် ချယ်ရီ့ထံသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် သူရှေ့ရှိ ပြိုင်ဘက်ကို အားပြင်းသော လက်သီးတစ်ချက်ဖြင့် နောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်သည်။
သို့သော် နောက်ကျသွားခဲ့ချေပြီ။
ထိုအချိန်တွင် လုပ်ကြံသူ၏ ဓားမြှောင်မှာ ချယ်ရီနှင့် စင်တီမီတာအနည်းငယ်သာ ကွာဝေးတော့သည်။
ချယ်ရီခမျာ ရှောင်တိမ်းချင်သော်လည်း သူ(မ)၏ ခြေထောက်များက ခြေချုပ်မိထားသည့်အလား လေးလံနေသလို ခံစားရသည်။
ပြိုင်ဘက်၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ပေ။
သို့သော် ထိုအချိန်မှာပင် အေးစက်စက် အလင်းတန်းတစ်ခု ရုတ်တရက် ပျံသန်းဝင်ရောက်လာသည်။
လုပ်ကြံသူသည် သူ့လက်ထံမှ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ကိုင်ထားသော ဓားမြှောင်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုအချိန်တွင် လုပ်ကြံသူ၏ လက်ကောက်ဝတ်ကို ငွေအပ်တစ်ချောင်း ဖောက်ဝင်သွားသည်။
လုပ်ကြံသူက မလှမ်းမကမ်းရှိ ယဲ့ချန်းကို မြင်လိုက်ရသောအခါ ရုတ်တရက် အမူအရာပြောင်းသွားသည်။
ဤမျှ အကွာအဝေးမှ လူတစ်ယောက်ကို အပ်ဖြင့် ထိမှန်အောင် ပစ်နိုင်ခြင်းကိုကြည့်လျှင် ဤလူမှာ အမှန်တကယ် ကျွမ်းကျင်သူပင်။
သို့သော် လုပ်ကြံသူ၏ အကြည့်များကား အေးစက်သွားပြီး ညာလက်သီးဖြင့် ချယ်ရီ၏ နားထင်ကို ထိုးချလိုက်သည်။
မည်သို့ပင်ဖြစ်စေ ချယ်ရီက အထက်တန်းအဆင့် လုပ်ကြံသူတစ်ဦးပင်။ ပြိုင်ဘက်၏ လက်သီး လာနေကြောင်း မြင်လိုက်ရသဖြင့် လက်မောင်းနှစ်ဖက်ကို အသုံးပြု၍ အလျင်အမြန် ကာကွယ်လိုက်သည်။
ကြီးမားလှသော အင်အားတစ်ရပ် ရိုက်ခတ်သွားသည်။
ချယ်ရီလည်း ခြေလှမ်းလေးငါးလှမ်းခန့် ယိုင်သွားသဖြင့် နောက်ဆုတ်လိုက်ရသည်။
သူ(မ)၏ လက်မောင်းနှစ်ဖက်မှာ ကျိုးသွားသည့်အလား ပူလောင်နာကျင်နေသလို ခံစားလိုက်ရသည်။
တိုက်ကွက်တစ်ကွက်တည်းဖြင့် ထိပ်တန်းအဆင့် လုပ်ကြံသူတစ်ယောက်၏ ကြီးမားလှသော ခွန်အားကို ချယ်ရီ ခံစားလိုက်ရသည်။
ချယ်ရီ ပြန်တည်ငြိမ်သွားချိန်မှာပင် လုပ်ကြံသူက သူ(မ)နောက်သို့ အရိပ်လို အနီးကပ် လိုက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူ(မ)တွင် ရှောင်တိမ်းရန် အခွင့်အရေး လုံးဝမရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် လုယုံးက အပြေးအလွှား ရောက်လာပြီး ချယ်ရီ့ကို သူ့နောက်တွင် ကာပေးထားလိုက်သည်။
ချယ်ရီ ကားထဲသို့ ဝင်သွားလိုက်ချိန်ဝယ် သူ(မ)၏ ရင်ထဲတွင် မွန်းကျပ်တစ်ဆို့လာသည်။
စောစောက သူ(မ) ဝင်ကူညီရန် တွေးနေခဲ့သော်လည်း ဤရင်ဆိုင်တွေ့ဆုံမှုက ပြိုင်ဘက်၏ ကြောက်မက်ဖွယ်စွမ်းအားကို သူ(မ)အား နားလည်သဘောပေါက်သွားစေခဲ့သည်။
ဒီလုပ်ကြံသူတွေက ဒီလောက်တောင် စွမ်းအားကြီးတာကိုး။
သို့သော် လုယုံးကတော့ တစ်ယောက်တည်းအားဖြင့် လူနှစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်းရှိနေသည်။
သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။
ထိုမျှစွမ်းအားကြီးမားသော ပြိုင်ဘက်နှစ်ယောက်ကို တွန်းလှန်နိုင်သည့် လုယုံး၏ စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းနေမည်ကို သူ(မ) တွေးပင် မတွေးရဲတော့ပေ။
လုပ်ကြံသူနှစ်ယောက်က ချယ်ရီ့ကို သတ်ရန် အခွင့်အရေး မရှိတော့ကြောင်း မြင်လိုက်ရသည်။ ထို့ပြင် အနောက်တွင်လည်း မလှုပ်ရှားသေးသည့် ကြီးမားလှသော ခြိမ်းခြောက်မှုဖြစ်သော ယဲ့ချန်း ရှိနေသေးသည်။
အကယ်၍ ဆက်လက်တိုက်ခိုက်နေပါက ယဲ့ချန်းသာ ဝင်ရောက်လှုပ်ရှားလာလျှင် သူတို့အတွက် အခွင့်အရေးရှိတော့မည် မဟုတ်ကြောင်း သူတို့ သိကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်သား အချင်းချင်း အကဲခတ်လိုက်ကြပြီး ဆုတ်ခွာရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
နှစ်ယောက်သား တိုက်ခိုက်ဟန်ဆောင်ပြီး ထွက်ပြေးရန် ပြင်လိုက်ကြသည်။
လုယုံးက အလွန်အင်အားကြီးမားသော်လည်း ထိုလုပ်ကြံသူနှစ်ယောက်သာ ထွက်ပြေးချင်ပါက သူ လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။
လုပ်ကြံသူများမှာ အမြန်နှုန်းတွင် ထူးချွန်ကြသည်။
သို့သော် လုပ်ကြံသူနှစ်ယောက်၏ အကြံအစည်က ကောင်းမွန်သော်လည်း လက်တွေ့ကား ကြမ်းတမ်းလှသည်။
အကြောင်းမှာ အဆုံးတွင် ယဲ့ချန်းက လှုပ်ရှားလိုက်သောကြောင့်ပင်။
ယဲ့ချန်းက ပျင်းရိပျင်းတွဲ ကြည့်နေပုံရသော်လည်း ထိုလူနှစ်ယောက် ထွက်ပြေးရန် ကြိုးစားလိုက်သည့် အခိုက်အတန့်တွင် သူတို့၏ ဆုတ်ခွာရာလမ်းကို ပိတ်ဆို့ထားပြီးဖြစ်၏။
ထို့ပြင် ယဲ့ချန်း၏ အမြန်နှုန်းက သူတို့ထက်ပင် ပို၍ မြန်ဆန်နေသေးသည်။
ယဲ့ချန်းက သူတို့၏လမ်းကို ပိတ်ဆို့ထားကြောင်း မြင်လိုက်ရသောအခါ လုပ်ကြံသူနှစ်ယောက် အံ့အားသင့်သွားကြသည်။
မူလက လုပ်ကြံသူနှစ်ယောက်သည် ယဲ့ချန်းက လုယုံးကိုသာ မှီခိုနေသည်ဟု ထင်ခဲ့သော်လည်း သူ့စွမ်းအားက ဤမျှအထိ အထင်ကြီးစရာကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ယဲ့ချန်းက လုပ်ကြံသူနှစ်ယောက်၏ အရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
သို့သော် လုပ်ကြံသူနှစ်ယောက်မှာ အသည်းအသန်ဖြစ်နေလေပြီ။
သူတို့ အံတင်းတင်းကြိတ်၍ ယဲ့ချန်းထံသို့ ပြေးဝင်သွားကြသည်။
ယခုအချိန်တွင် ယဲ့ချန်းကို ဖြိုချနိုင်မှသာ သူတို့အတွက် ထွက်ပြေးရန် အခွင့်အရေး ရှိတော့မည်ဖြစ်၏။
သူတို့နှစ်ယောက်က ယဲ့ချန်းကို ဘယ်ညာညှပ်၍ တိုက်ခိုက်လိုက်ကြသည်။
သို့သော် ကျွမ်းကျင်သူနှစ်ယောက်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ယဲ့ချန်းက လုံးဝ အထိတ်တလန့်မဖြစ်သည့်အပြင် မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ပွင့် ပေါ်လာလေသည်။
ထို့နောက် ယဲ့ချန်း ရုတ်တရက်လှုပ်ရှားလိုက်သည်။
သူလှုပ်ရှားလိုက်သည်နှင့် ထိုလူနှစ်ယောက်၏ အမူအရာကား အကြီးအကျယ် ပြောင်းလဲသွားသည်။
အကြောင်းမှာ ယဲ့ချန်းထံမှ ကြီးမားလှသော အရှိန်အဟုန်ကို သူတို့ ခံစားလိုက်ရသောကြောင့်ပင်။
ဤအရှိန်အဟုန်ကား ကြမ်းတမ်းလှသော ရေကြီးရေလျှံမှုတစ်ခုအလား လူအများကို တုန်လှုပ်သွားစေသည်။
တစ်စက္ကန့်အတွင်းမှာပင် ယဲ့ချန်းထံမှ အရှိန်အဟုန်က လုပ်ကြံသူနှစ်ယောက်၏ အရှိန်အဟုန်ကို ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။
ယဲ့ချန်းသည် အစက မလှုပ်ရှားခဲ့သော်လည်း လှုပ်ရှားလိုက်သည်နှင့် အဖျက်ဓာတ်တစ်ခုနှင့် တူလှပေသည်။
ဘန်း! ဘန်း!
ယဲ့ချန်းက နှစ်ဖက်စလုံးကို တိုက်ခိုက်လိုက်လေရာ လုပ်ကြံသူနှစ်ယောက်မှာ ယဲ့ချန်းကြောင့် လွင့်စင်ထွက်သွားကြသည်။
လုပ်ကြံသူနှစ်ယောက်လည်း မြေပြင်ပေါ်မှ ကုန်းထလာပြီး ယဲ့ချန်းကြောင့် အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။
သို့သော် သူတို့က အရှုံးမပေးဘဲ ယဲ့ချန်းထံသို့ ပြေးဝင်သွားကြပြန်သည်။
ချယ်ရီ၏ အမြင်တွင် လုပ်ကြံသူနှစ်ယောက်၏ အပြင်းအထန်တိုက်ခိုက်မှုမှာ သူ(မ)ခုခံနိုင်မည့် အရာမျိုး မဟုတ်သော်လည်း ယဲ့ချန်းကမူ လုံးဝဂရုမစိုက်ပေ။
ချယ်ရီ နားမလည်နိုင်သည်မှာ လုယုံးက ဝင်ကူညီမည့် အရိပ်အယောင်မရှိပါဘဲ ဘေးနားက ရပ်ကြည့်နေခြင်းပင်။
ယဲ့ချန်းက တကယ်ပဲ အဲဒီလောက်တောင် စွမ်းတာလား။
ချယ်ရီက အော်လိုက်၏။
"လုယုံး... ရှင် ဘာလို့ မကူညီတာလဲ"
လုယုံးက ပြုံးရုံသာ ပြုံးလိုက်လေသည်။
"ဘော့စ်ရဲ့ အစွမ်းအစက ငါ့လို လူနှစ်ယောက်ထက်တောင် ပိုသာသေးတယ်။ သူ အကူအညီ မလိုပါဘူး"
"ဘာ"
လုယုံး၏ စကားကြောင့် ချယ်ရီ၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ယဲ့ချန်း၏ အစွမ်းအစက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ။
တစ်ချိန်တည်းမှာပင် လုပ်ကြံသူနှစ်ယောက်က ယဲ့ချန်း၏အရှေ့သို့ ရောက်လာကြသည်။
ဝန်ခံရလျှင် လုပ်ကြံသူနှစ်ယောက်၏ အပြင်းအထန် တိုက်ခိုက်မှုက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်သာ။
တိုက်ခိုက်မှုစွမ်းအားဖြစ်စေ၊ လူနှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်စေ အပြစ်အနာအဆာကင်းမဲ့လေသည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုကို လုယုံးပင် ရှောင်တိမ်းရုံသာ တတ်နိုင်ပေလိမ့်မည်။
သို့သော် ယဲ့ချန်းက ယခုလို ပြေးဝင်သွားလိမ့်မည်ဟု သူ မထင်ထားပေ။
ယဲ့ချန်းက သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ထားပေသည်။
ဘန်း! ဘန်း!
ယဲ့ချန်း၏ လက်သီးများက လုပ်ကြံသူနှစ်ယောက်၏ လက်သီးများနှင့် ထိပ်တိုက်ဆုံသွားသည်။
ထို့နောက် လုပ်ကြံသူနှစ်ယောက်သည် သူတို့၏ လက်ကောက်ဝတ်များမှတစ်ဆင့် ကြီးမားလှသော အင်အားတစ်ရပ် ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီးနောက် သူတို့၏ လက်မောင်းများ ကျိုးသွားလေသည်။
လုပ်ကြံသူနှစ်ယောက်ခမျာ အနောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားကာ ခုခံနိုင်စွမ်း လုံးဝဆုံးရှုံးသွားသည်။
ချယ်ရီမှာမူ အံ့အားသင့်လွန်း၍ စကားပင် မဆိုနိုင်တော့ပေ။
ဘုရားရေ... ဒါက ထိပ်တန်းအဆင့် လုပ်ကြံသူ နှစ်ယောက်နော်။ ယဲ့ချန်းရှေ့မှာကျတော့ လူကြီးတစ်ယောက်က ကလေးတွေကို တိုက်ခိုက်နေသလိုဖြစ်နေပါရောလား။
ယဲ့ချန်းရှေ့တွင် ဤလုပ်ကြံသူနှစ်ယောက်မှာ ခုခံရန် အခွင့်အရေး လုံးဝမရှိခဲ့ပေ။
ထိုအချိန်တွင် လုယုံး၏ ရင်ထဲတွင်လည်း တုန်လှုပ်သွားသည်။
ယခင်က သိလိုစိတ်ကြောင့် လုယုံးသည် ယဲ့ချန်းနှင့် လက်ရည်ယှဉ်သည့်အနေနှင့် တစ်ခါတိုက်ခိုက်ကြည့်ဖူးသည်။
ယဲ့ချန်းက သူ့ကို ခန့်မှန်းရခက်သည့် ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။
သို့သော် ထိုစဉ်က ယဲ့ချန်းသည် သူ့အင်အားအလုံးစုံကို ထုတ်မသုံးမခဲ့ပေ။ ယနေ့ ယဲ့ချန်း၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင်လည်း အလွန်အံ့အားသင့်တုန်လှုပ်သွားရသည်။
လုပ်ကြံသူနှစ်ယောက်ကမူ မတ်တတ်ထရပ်ချင်သော်လည်း လုံးဝလှုပ်ရှား၍ မရကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ ပြတ်သားသော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
သူတို့ အဖမ်းခံ၍ မဖြစ်ပေ။
နှစ်ယောက်သား တစ်ပြိုင်တည်းဆိုသလို သူတို့၏ ကော်လံဆီသို့ လက်လှမ်းလိုက်ကြသည်။
ယဲ့ချန်းကလည်း ဤမြင်ကွင်းကို မြင်လိုက်ရချိန်ဝယ် ဤလူနှစ်ယောက် အဆိပ်သောက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရည်ရွယ်နေကြောင်း သိလိုက်သည်။
ယဲ့ချန်းလည်း ထိုအဆိပ်နှင်းဆီအကြောင်း ပိုစိတ်ဝင်စားသွားသည်။ လူတွေကို သူ(မ)အတွက် အသက်စတေးသည်အထိ ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိသည့် သူ(မ)က ဘယ်လိုလူစားမျိုးလဲဟု တွေးမိသည်။
"ခဏနေဦး"
ယဲ့ချန်းက သူတို့နှစ်ယောက်ကို တားလိုက်သည်။
လုပ်ကြံသူနှစ်ယောက်လည်း ယဲ့ချန်းကို ကြည့်ရင်း ခဏမျှမှင်တက်သွားသည်။
"ငါက မင်းတို့ရဲ့ အသက်ကို မလိုချင်ပါဘူး။ ပြီးတော့ မင်းတို့ဆီက ဘာကိုမှလည်း မသိချင်ဘူး။ ဒါကြောင့် မင်းတို့ သေဖို့မလိုပါဘူး"
ထိုစကားကို ကြားသောအခါ ယဲ့ချန်း ဘာကြံစည်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားသဖြင့် လုပ်ကြံသူနှစ်ယောက်စလုံး မှင်တက်သွားသည်။
လုပ်ကြံသူနှစ်ယောက်က ယဲ့ချန်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်၍ သူတို့ထဲမှ တစ်ယောက်က အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"မင်း ဘာပဲလုပ်လုပ် ငါတို့ကတော့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို သစ္စာဖောက်မှာ မဟုတ်ဘူး။ မင်းရဲ့အစွမ်းအစက ကောင်းတယ်ဆိုတာတော့ ငါ ဝန်ခံတယ်။ ဒါပေမဲ့ ငါတို့အဖွဲ့အစည်းထဲက ကျွမ်းကျင်သူတွေက ငါတို့အတွက် လက်စားချေပေးလိမ့်မယ်"
"ဪ... မင်းတို့ရဲ့သူဌေး အဆိပ်နှင်းဆီကို ပြောတာလား။ သူက တော်တော်စွမ်းအားကြီးလောက်ပါတယ်။ သူ့ရဲ့ မဟာဝရဇိန်လေးပါးကလည်း ကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့ ငါက မင်းတို့ကို သူ့ဆီ သတင်းစကား တစ်ခုလောက် ပါးပေးစေချင်ရုံပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ သူတို့နှစ်ယောက် အံ့အားသင့်သွားသည်။
ယဲ့ချန်းက ဤမျှအထိ ဘယ်လိုသိနေသလဲဆိုသည်ကို သူတို့ နားမလည်နိုင်ပေ။
ချယ်ရီပင် အဖွဲ့အစည်းအတွင်း၌ မဟာဝရဇိန် လေးပါးရှိကြောင်း မသိထားပေ။
ယဲ့ချန်းကလည်း စစ်ဆေးမေးမြန်းခြင်း မရှိခဲ့ပေ။ အကြောင်းမှာမူ မေးစရာမလိုသောကြောင့်ပင်။ ထိုလူနှစ်ယောက်၏ ကိုယ်ရေးမှတ်တမ်းများမှတစ်ဆင့် သူ သိချင်သမျှ အရာအားလုံးကို သိထားပြီးဖြစ်၏။
"စကားမစပ် မင်းတို့ရဲ့သူဌေးကို ပြောလိုက်ပါ။ မကြာခင် ကပ်ဘေးတစ်ခု ရောက်လာတော့မယ်လို့။ အဲဒါကို ရှောင်ရှားချင်ရင် စိတ်ရင်းအမှန်နဲ့ ငါ့ကို လာရှာလှည့်ပါလို့"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကားပေါ်တက်သွားပြီး ချယ်ရီ၊ လုယုံးတို့နှင့်အတူ ထွက်ခွာသွားလေသည်။
လုပ်ကြံသူနှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
သူက တကယ်ပဲ ငါတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား။
သို့သော် ယဲ့ချန်း၏ သတိပေးချက်နှင့် ပတ်သက်၍မူ သူတို့နှစ်ယောက် ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့ကြသည်။
ငါတို့ရဲ့သူဌေးက ဘယ်လိုလုပ်ပြီး ကပ်ဘေးအန္တရာယ်နဲ့ ကြုံနိုင်မှာလဲ.....
•••••••••••••••••••••••