အခန်း ၆၃၂
Vol. 43 Ch. 632
အပိုင်း ၆၃၂ : ကိုရီးယားစူပါစတား
အဆုံးတွင်မူ ယဲ့ချန်းလည်း အဆိပ်နှင်းဆီနှင့် တွေ့ဆုံရန် သဘောတူလိုက်သည်။
ကားထဲတွင် ရှောင်မေ့က သူ(မ)အား ကွန်ဖူးသင်ပေးရန် ယဲ့ချန်းကို တတွတ်တွတ် ပူဆာနေလေသည်။
ယဲ့ချန်းက ရယ်မောလိုက်၏။
"မင်း ကွန်ဖူးသင်ချင်ရင် လုယုံးဆီမှာ သင်လေ။ သူ့ရဲ့ အခြေခံစွမ်းရည်လေးတွေကို တတ်ထားရင်တောင် ကျောင်းမှာ မင်းကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"
လုယုံးခမျာ သက်ပြင်းရှည်ကြီးချလိုက်လေသည်။
"မစ္စတာယဲ့... ကျွန်တော် ခင်ဗျားကို တကယ် လေးစားသွားပြီ။ ခင်ဗျား ဒီလောက်တောင် အင်အားကြီးမယ်လို့ မထင်ထားဘူး"
ယဲ့ချန်းက ခပ်ဖွဖွရယ်မောလိုက်သည်။
"ဟားဟား... မင်းလည်း မဆိုးပါဘူး။ အဲဒီလုပ်ကြံသူ နှစ်ယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်တာကတင် တော်တော်လေး အထင်ကြီးစရာကောင်းနေပါပြီ"
လောလောဆယ်တွင်မူ အကျပ်အတည်းက ယာယီ ပြေလည်သွားခဲ့ပြီဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းက အဆိပ်နှင်းဆီ၏ အသက်ကို ကယ်တင်ပေးထားသည်ဖြစ်ရာ သူတို့ ပြဿနာလာရှာတော့မည် မဟုတ်ပေ။
သိုင်းလောကသားများမှာ သစ္စာတရားကို အရာအားလုံးထက် ပိုတန်ဖိုးထားတတ်ကြသည်။
ယဲ့ချန်းက ချယ်ရီနှင့် ရှောင်မေ့တို့ကို ထျန်းချန်းယိပင်ရှိ အိမ်ရာတစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးလိုက်သည်။
"ဒါနဲ့ ယုံးဇစ်... မင်းမှာ ရည်းစားရှိလား"
ယဲ့ချန်းက ရုတ်တရက် မေးလိုက်လေသည်။
လုယုံး၏ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်ပြေးသွားသည်။
"ရှိခဲ့ပါတယ်။ ဒါပေမဲ့ မစ်ရှင်တစ်ခုထမ်းဆောင်နေတုန်း သူ့အသက်သူစတေးခဲ့ရတယ်"
လုယုံး အမှန်တကယ် အသည်းကွဲနေကြောင်း ယဲ့ချန်း မြင်နေရသည်။
"အဲဒီအချိန်တုန်းက ကျွန်တော် အပြင်းအထန် ဒဏ်ရာရထားတာ။ ရန်သူတွေ ကျွန်တော့်ဆီကနေ အာရုံလွှဲသွားအောင် သူက..."
စကားပြောနေရင်း ခက်ထန်ကြမ်းတမ်းသော ဤလူကြမ်းကြီး၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
"မင်း လက်စားချေပြီးပြီလား"
"ဟင့်အင်း... အဲဒီနောက်ပိုင်း ကျွန်တော် တပ်ထဲကထွက်ပြီး သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အဲဒီအချိန်ကတည်းက လိုက်စုံစမ်းနေခဲ့တာ"
"မင်းရဲ့ရန်သူနာမည်က ဘယ်သူလဲ။ အခွင့်အရေးရရင် မင်း လက်စားချေနိုင်အောင် ငါ ကူညီပေးမယ်လေ"
"ကင်းမြီးကောက်"
လုယုံးက သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဒီကောင်က အရှေ့တောင်အာရှဒေသမှာ လှုပ်ရှားနေတာ။ သရဲတစ္ဆေလိုပဲ ခြေရာခံရခက်တယ်"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"စိတ်မပူပါနဲ့... ငါ မင်းအတွက် သေချာပေါက် လက်စားချေပေးပါ့မယ်"
"ဒါနဲ့ ချယ်ရီ့ကို မင်း ဘယ်လိုထင်လဲ"
ယဲ့ချန်းက ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်သည်။
အမှန်တကယ်တော့ လုယုံးလည်း ချယ်ရီ့အပေါ် ခံစားချက်တချို့ ရှိနေပုံရကြောင်း ယဲ့ချန်း ခံစားမိသည်။
သူ တစ်ချိန်က လူတစ်ယောက်ကို ချစ်ခဲ့ဖူးသော်လည်း ထိုလူမှာ ယခု မရှိတော့ပေ။
ထို့ကြောင့် လုယုံးအနေနှင့် ချစ်ရမည့်လူ နောက်တစ်ယောက်ကို ထပ်ရှာသင့်ပေသည်။
လုယုံးကမူ ခေါင်းခါယမ်းလိုက်၏။
"သူ့အတွက် လက်စားမချေရသေးသရွေ့ အချစ်ရေးကို ကျွန်တော် စဉ်းစားမှာမဟုတ်ဘူး"
ယဲ့ချန်းကလည်း သူ့ပခုံးကို ပုတ်လိုက်လေသည်။
"ဒါပေမဲ့ ကြိုတင်ပြီး သံယောဇဉ်တွယ်ထားလို့ ရတာပဲလေ။ မင်း သူ့ကို သဘောကျရင် ကြိုးစားကြည့်လိုက်ပါ။ ငါ မင်းကို အားပေးတယ်"
လုယုံးမှာ ဤစကားကြောင့် အလွန်စိတ်လှုပ်ရှားသွားရသည်။
ယဲ့ချန်းက သူ့သူဌေးဖြစ်သော်လည်း သူ့ကို ညီအစ်ကိုတစ်ယောက်လို အမြဲဆက်ဆံပေးခဲ့သည်။
...
နောက်တစ်နေ့တွင် ယဲ့ချန်းနှင့် စုဝမ်ယိတို့ ဈေးဝယ်ထွက်ခဲ့ကြသည်။ ကုန်တိုက်အဝင်ဝသို့ ရောက်သောအခါ အပြင်ဘက်တွင် လူအုပ်ကြီးဝိုင်းအုံနေသည်ကို သူတို့ မြင်လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ။
အဝင်ဝရှိ မိန်းကလေးများ ကိုင်ထားသော ဆိုင်းဘုတ်များကို မြင်သောအခါ စုဝမ်ယိက ရယ်မောလိုက်သည်။
"ကိုရီးယားစတား စွေ့ချန်းဟောင်လေ။ ဒီနေ့ ပွဲတစ်ခုခုရှိလို့ဖြစ်မယ်"
"ဪ... ဒီလိုကိုး"
ထိုအချိန်ဝယ် ဗင်ကားတစ်စီးထဲတွင် စွေ့လီနှင့် ချန်းဟောင်တို့ ငိုက်မျဉ်းနေကြသည်။
"လီချန်းဟောင်... အချိန်ကျပြီ။ အပြင်မှာ ဘယ်လောက်အေးလဲ ကြည့်ဦး။ မင်းရဲ့ပရိသတ်တွေ အပြင်မှာ စောင့်နေကြတယ်"
စွေ့လီနှင့် ချန်းဟောင်က သမ်းဝေလိုက်လေသည်။
"သူတို့ စောင့်ချင်ရင် စောင့်ပါစေပေါ့။ ငါ ပင်ပန်းနေတယ်။ နည်းနည်းလောက် ထပ်အိပ်ဦးမယ်"
ယခုဆိုလျှင် ပရိသတ်များ စောင့်နေသည်မှာ တစ်နာရီကျော်ပင် ရှိနေပြီဖြစ်၏။
ပရိသတ်တစ်ယောက်က နာရီကိုကြည့်၍ ညည်းညူလိုက်သည်။
"ငါတို့ ဒီမှာစောင့်နေတာ တစ်နာရီတောင် ရှိနေပြီ။ လီချန်းဟောင်က ဘာလို့ ရောက်မလာသေးတာလဲ"
ထိုအချိန်မှာပင် မျက်စိရှင်သော ပရိသတ်တစ်ယောက်က အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက်စလုံးက နှာခေါင်းစည်းနှင့် ဦးထုပ်များ ဆောင်းထားကြသော်လည်း ရင်သပ်ရှုမောဖွယ်ကောင်းသော သူတို့၏ ရုပ်ရည်နှင့် အရှိန်အဝါတို့က ပရိသတ်များကို ဆွံ့အသွားစေသည်။
"အဲဒါ ငါတို့ရဲ့ လီချန်ဟောင်များလား"
"ခန္ဓာကိုယ်အချိုးအစားကတော့ တူတယ်"
"ဒီမျက်လုံးတွေက အရမ်းကြည့်ကောင်းတာပဲ။ ငါတို့ရဲ့ လီချန်ဟောင်ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်... လီချန်းဟောင်ကလွဲရင် ဘယ်သူက ဒီလောက်ချောနိုင်မှာလဲ"
"ဟုတ်တယ်... ငါတို့ရဲ့ လီချန်းဟောင်အိုပါးပဲ ဖြစ်ရမယ်"
"လီချန်းဟောင်က ခိုးကြောင်ခိုးဝှက်နဲ့ နှာခေါင်းစည်းတပ်ပြီး လူမသိအောင်ဖြတ်သွားဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ ငါတို့က သူ့ကို သတိထားမိတုန်းပဲ"
ဤပရိသတ်များမှာ ယဲ့ချန်းကို မြင်လိုက်ရသောအခါ လီချန်းဟောင်ဟု အထင်မှားသွားကြသည်။
ထို့ကြောင့် ယဲ့ချန်းဆီသို့ ပြေးသွားကြသည်။
ပြေးဝင်လာသော လူအုပ်ကြီးကို မြင်သောအခါ လူတိုင်းကလည်း ယဲ့ချန်းကို လီချန်းဟောင်ဟု ထင်မှတ်မှားပြီး သူ့အနားသို့ ဝိုင်းအုံလာကြသည်။
"လီချန်းဟောင်... ကျွန်မတို့ ရှင့်ကို ချစ်တယ်"
"လီချန်းဟောင်... လက်မှတ်လေး ထိုးပေးပါ"
ယဲ့ချန်းနှင့် စုဝမ်ယိတို့မှာမူ ဈေးဝယ်ရန် ပြင်နေခိုက် ပရိသတ်တစ်သိုက် သူတို့ဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ဤပရိသတ်များကို မြင်သောအခါ ယဲ့ချန်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
သူတို့ကို လီချန်းဟောင်ဟု အထင်မှားနေကြခြင်း ဖြစ်ကြောင်း သိသာလှသည်။ လူအများကြီး ဝမ်ယိအနား ဝိုင်းအုံလာလျှင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ယဲ့ချန်းက စုဝမ်ယိ၏လက်ကို ဆွဲ၍ ပြေးလေတော့သည်။
ယဲ့ချန်း ပြေးသည်ကို မြင်သောအခါ ပရိသတ်တစ်သိုက်ကလည်း သူတို့၏ အိုင်ဒေါဖြစ်သည်ဟု ပို၍ပင် ယုံကြည်သွားကြပြီး အနောက်က အရူးအမူး ပြေးလိုက်ကြတော့သည်။
"လီချန်းဟောင်... ကျွန်မတို့ကို စောင့်ပါဦး"
"လီချန်းဟောင်... မပြေးပါနဲ့"
"လီချန်းဟောင်... ကျွန်မတို့က ရှင့်ပရိသတ်တွေပါ"
ကုန်တိုက်ထဲတွင် ကိုးရိုးကားရားနိုင်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ချန်းက စုဝမ်ယိ၏လက်ကိုကိုင်၍ အရှေ့က ပြေးနေပြီး ကျောင်းသူတစ်သိုက်က အနောက်မှ အပူတပြင်း လိုက်နေကြသည်။
ဖြတ်သွားဖြတ်လာများလည်း သိချင်စိတ်ပြင်းပြနေကြသည်။
"ဝိုး... ဒီမှာ ဘာတွေဖြစ်နေတာလဲ"
"နာမည်ကြီးစတားတစ်ယောက်ကို ပရိသတ်တွေ တွေ့သွားကြလို့လား"
ယဲ့ချန်းက ထောင့်ချိုးတစ်ခုကို တွေ့လိုက်သဖြင့် စုဝမ်ယိအား ပြောလိုက်လေသည်။
"ကိုယ်တို့ လူခွဲသွားရအောင်။ မင်းက ဒီဘက်ကိုသွား။ ကိုယ်က ဟိုဘက်ကို သွားမယ်"
ပရိသတ်များက သူ့နောက်ကို လိုက်နေကြခြင်းဖြစ်ကြောင်း ယဲ့ချန်း သိထားသည်ဖြစ်ရာ စုဝမ်ယိသာ မပါလျှင် သူ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။
စုဝမ်ယိကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် နှစ်ယောက်သား မတူညီသော လမ်းကြောင်းနှစ်ခုဆီသို့ လူစုခွဲ၍ ပြေးသွားကြသည်။
သို့သော် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် သူ ဒုက္ခရောက်ပြီဖြစ်ကြောင်း ယဲ့ချန်း သဘောပေါက်သွားသည်။ အကြောင်းမှာ သူရွေးလိုက်သည့် လမ်းကြောင်းမှာ လမ်းပိတ်နေသောကြောင့်ပင်။
လှည့်ကြည့်လိုက်သောအခါ ထိုပရိသတ်များက သူ့ကို ပိတ်ဆို့ထားပြီးဖြစ်၏။
ပရိသတ်များက သူ့ကိုထိတွေ့ရန် ကြိုးစားရင်း ရှေ့သို့ တိုးဝှေ့လာကြသည်။
ယဲ့ချန်းလည်း ရှင်းပြချင်သော်ငြား ဤမိန်းကလေးများက အလွန်စိတ်လှုပ်ရှားတက်ကြွနေကြသဖြင့် သူ့အား စကားပြောခွင့်ပင် မပေးကြပေ။
တစ်ယောက်က ယဲ့ချန်း၏ နှာခေါင်းစည်းကို ဆွဲချွတ်လိုက်သည်အထိပင်။
စုဝမ်ယိနှင့်အတူ အပြင်ထွက်လာခြင်းဖြစ်သောကြောင့် ယဲ့ချန်းမှာ သူ့ဆွဲဆောင်မှုတန်ဖိုးကို အမြင့်ဆုံးအထိ တင်ထားခဲ့သည်။
ယဲ့ချန်း၏ ရင်သပ်ရှုမောဖွယ်ကောင်းသော ရုပ်ရည်ကို မြင်လိုက်ရသောအခါ ပရိသတ်များ အံသြမှင်တက်သွားကြသည်။
ဝိုး... သူက အရမ်းချောတာပဲ...
ပရိသတ်များက ယဲ့ချန်းမှာ စွေ့ချန်းဟောင် မဟုတ်မှန်း သိလိုက်ကြသော်လည်း သူသည် အလွန်ချောမောလွန်းလှ၏။
"ဘုရားရေ... ဒီလူက ငါတို့ရဲ့ချန်းဟောင်ထက်တောင် ပိုချောနေသေးတယ်"
"စွေချန်းဟောင်က ဒီလူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
"ငါတော့ ငါ့အိုင်ဒေါကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
"အဟင့် အဟင့်... ငါ စိတ်ပြောင်းသွားပြီ"
...
စွေ့ချန်ဟောင်သည် ချောမောခန့်ညားသော်လည်း လူချောလေးတစ်ယောက်၏ ဆွဲဆောင်မှုမျှသာ ရှိ၏။
ယဲ့ချန်း၏ ချောမောခန့်ညားမှုကတော့ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်ပြီး လုံးဝမတူညီသော အဆင့်တစ်ခုတွင် ရှိနေပေသည်။
"အားလုံးပဲ... ကျွန်တော်က စွေ့ချန်းဟောင် မဟုတ်ပါဘူး"
"အချောလေး... ရှင်က ဘယ်သူလဲ။ ကျွန်မတို့က ရှင့်ပရိသတ်တွေ ဖြစ်ချင်လို့ပါ"
"အချောလေး... ရှင့်ကို ကျွန်မတို့ မြင်မြင်ချင်းချစ်မိသွားပြီ"
"ဝိုး... ငါ့ဘဝမှာ ဒီလောက်ချောတဲ့လူကို အခုမှ ပထမဆုံး မြင်ဖူးတာပဲ"
...
ထိုအချိန်တွင် မိန်းကလေးများက သူတို့၏ ဖုန်းများကို ထုတ်ယူ၍ အရူးအမူး ဓာတ်ပုံရိုက်နေကြသည်။
အလှပြင်ကိရိယာများ သုံးရန်ပင် မလိုတော့ပေ။ ယဲ့ချန်းက အလွန်တရာ ချောမောနေပြီးသားပင်။
...
တစ်ချိန်တည်းမှာပင် ကိုရီးယားစတား စွေ့ချန်းဟောင်လည်း အိပ်ရေးဝအောင်အိပ်ပြီးနောက် နောက်ဆုံးတွင် နိုးလာခဲ့သည်။
သူက အကြောဆန့်ပြီး ပြောလိုက်၏။
"ကဲ... အဲဒီဦးနှောက်မရှိတဲ့... အဲလေ ချစ်စရာကောင်းတဲ့ ပရိသတ်တွေကို သွားကြည့်ရအောင်"
လူတစ်စုက ဗင်ကားပေါ်မှ ဆင်းလာပြီး ကုန်တိုက်ဘက်သို့ ဦးတည်သွားကြသည်။
ကုန်တိုက်အဝင်ဝတွင် ပရိသတ်များက သူ့ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ငိုယိုရင်း သူ့နာမည်ကို အရူးအမူးအော်ဟစ်နေလိမ့်မည်ဟု စွေ့ချန်းဟောင် မျှော်လင့်ထားခဲ့သည်။
သို့သော် ကုန်တိုက်အဝင်ဝတွင်မူ ပရိသတ် တစ်ယောက်မှပင် မရှိဘဲ ခြောက်ကပ်နေကြောင်း တွေ့လိုက်ရသောအခါ မှင်တက်သွားရလေသည်။
သူ့ကြော်ငြာဆိုင်းဘုတ်များကိုပင် မြေပြင်ပေါ်၌ လွှင့်ပစ်ထားကြသည်။
အေးစက်စက် လေပြေတစ်ချက် တိုက်ခတ်သွားချိန်ဝယ် သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဟွားနိုင်ငံမှာ ငါ့ကိုအားပေးတဲ့ ပရိသတ်တွေ မရေမတွက်နိုင်အောင်ရှိတယ် မဟုတ်ဘူးလား။
အဲဒီပရိသတ်တွေအကုန်လုံး ဘယ်ရောက်သွားကြတာလဲ။
ထိုအချိန်တွင် ဖြတ်သွားဖြတ်လာတစ်ယောက်က စွေ့ချန်းဟောင်ကို မြင်လိုက်ရသဖြင့် မရယ်ဘဲ မနေနိုင်တော့ပေ။
ကိုယ်ရံတော်များစွာ ပါလာသော်လည်း ပရိသတ်တစ်ယောက်မှ မရှိခြင်းကား ရယ်စရာကောင်းလှသည်။
"ဟားဟား... သူ့ကိုယ်သူအထင်ကြီးနေတဲ့ ဆယ်လီတစ်ယောက်ပဲ ဖြစ်ရမယ်။ ကိုယ်ရံတော်တွေသာ အပြည့်အစုံနဲ့လာတာပရိသတ်ကျတော့ တစ်ယောက်မှ မရှိဘူး။ ဘယ်လောက်တောင် ရယ်ရလဲ"
••••••••••••••••••••••••••