အခန်း ၆၃၃
Vol. 43 Ch. 633
အပိုင်း ၆၃၃ : အရိပ်သဏ္ဌာန်
ပွဲကြည့်ပရိသတ်များမှာ စွေ့ချန်းဟောင်၏ အေးစက်ပြီး သနားစရာကောင်းသော အသွင်အပြင်ကို မြင်သောအခါ ချက်ချင်းဓာတ်ပုံရိုက်၍ ဗီဒီယိုများ တင်လိုက်ကြသည်။
ထိုအချိန်တွင် စွေ့ချန်းဟောင်၏ မန်နေဂျာမှာ အထိတ်တလန့် ဖြစ်သွားသည်။
"မြန်မြန်ဝင်ရအောင်။ ဒီလူတွေကို ဓာတ်ပုံဆက်ရိုက်ခွင့်ပေးလို့ မဖြစ်ဘူး"
စွေ့ချန်းဟောင်သည် နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်လေရာ ဤသတင်းသာ ပေါက်ကြားသွားပါက အပျက်သဘောဆောင်သော သက်ရောက်မှုများ ကြီးမားသွားပေမည်။
စွေ့ချန်းဟောင်မှာမူ နားမလည်နိုင်ချေ။
တံခါးဝမှာ ငါ့ကိုစောင့်နေတဲ့ ပရိသတ်တွေအများကြီး ရှိနေတာ မဟုတ်ဘူးလား။
ငါ ခဏလေးမှေးလိုက်တာနဲ့ သူတို့တွေအားလုံး ပျောက်သွားကြတာလား။
စွေ့ချန်းဟောင်နှင့် သူ့မန်နေဂျာမှာ ကိုယ်ရံတော်များ ခြံရံလျက် အလျင်စလို ထွက်ခွာသွားကြသည်။
ထိုစဉ် စွေ့ချန်းဟောင်၏ မျက်လုံးများ အရောင်လက်သွားလေသည်။
မလှမ်းမကမ်းတွင် သူ့နာမည်ပါသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် မိန်းကလေးတစ်စုကို သူ မြင်လိုက်ရသည်။
ထိုဆိုင်းဘုတ်များပေါ်တွင် "စွေ့ချန်းဟောင်... ရှင့်ကို ချစ်တယ်"ဟု ရေးထားသည်။
စွေ့ချန်းဟောင်၏ မျက်လုံးများ အရောင်လက်သွားလေသည်။
ဘယ်သူက ငါ့ကို ဘယ်သူမှမချစ်တော့ဘူးလို့ ပြောလဲ။ ငါ နာမည်ကြီးနေတုန်းပဲ...
ထိုမိန်းကလေးတစ်စုကို မြင်လိုက်ရသောအခါ ကိုယ်ရံတော်များမှာ အဓိကခြိမ်းခြောက်မှုကြီးတစ်ခုလို သဘောထား၍ သူ့ကို တင်းကျပ်စွာ ဝန်းရံထားလိုက်ကြသည်။
စွေ့ချန်းဟောင် စိတ်ပူပန်သွားသည်။
နောက်ဆုံးတော့ ငါ့ပရိသတ်တွေကို မြင်ရပြီလေ။ မင်းတို့က အဲဒီလိုပိတ်ရပ်ထားရင် သူတို့က ငါ့ကို ဘယ်လိုလုပ် မြင်ရတော့မှာလဲ။
ထို့ကြောင့် သူက ဒေါသတကြီးဖြင့် အော်လိုက်၏။
"ငါ့ပရိသတ်တွေကို ဘယ်သူက ပိတ်ရပ်ခိုင်းလို့လဲ။ ငါ့ရဲ့ချစ်ပရိသတ်တွေနဲ့ စကားပြောချင်တယ်"
ထိုအချိန်တွင် လူတိုင်း အနောက်သို့ လှည့်ကြည့်လာကြသည်။
မိန်းကလေးတစ်ယောက်က စွေ့ချန်းဟောင်ကို မြင်လိုက်ရချိန်ဝယ် စကားဆိုလိုက်၏။
"ကြည့်စမ်း... ချန်းဟောင် လာနေပြီ"
ပရိသတ်တစ်သိုက်က စွေ့ချန်းဟောင်ကို လှည့်ကြည့်လိုက်ကြသည်။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ယဲ့ချန်းကို မြင်ပြီးနောက် သူတို့အနေနှင့် စွေ့ချန်းဟောင်အပေါ် ရုတ်တရက်ဆိုသလို ဘာခံစားချက်မှ မရှိတော့ပေ။
"ဒီလူက ဘာလို့ ဒီလောက်တောင်ရုပ်ဆိုးရတာလဲ"
"အရင်တုန်းက ဒီရုပ်ဆိုးကောင်ကို ငါ ဘယ်လိုများ သဘောကျခဲ့တာပါလိမ့်"
"ငါတို့ရဲ့လူချောလေးနဲ့ ယှဉ်လိုက်ရင် စွေ့ချန်းဟောင်က အမှိုက်သက်သက်ပဲ"
ပရိသတ်များကို ပွေ့ဖက်ရန် စောင့်ဆိုင်းနေသော စွေ့ချန်းဟောင်မှာ သူတို့၏ မှတ်ချက်များကို ကြားလိုက်ရချိန်ဝယ် သွေးအန်လုမတတ် ဖြစ်သွားလေသည်။
"ငါတော့ ဆက်ပြီးအားမပေးတော့ဘူး။ ဒီအိုပါးရဲ့ ပရိသတ် မဖြစ်ချင်တော့ဘူး"
"ဟုတ်တယ်... ဒီလူချောလေးရဲ့ ပရိသတ်ပဲ ဖြစ်ချင်တော့တယ်"
...
ပရိသတ်များမှာ စွေ့ချန်းဟောင်ကို လုံးဝလျစ်လျူရှုထားပြီး ယဲ့ချန်းဆီကိုသာ ဝိုင်းအုံနေကြသည်။
စွေ့ချန်းဟောင်လည်း စိတ်မထိန်းနိုင်တော့ပေ။
ငါက ရုပ်ဆိုးလို့လား။
ငါက ကမ္ဘာပေါ်မှာ အချောဆုံးဆိုပြီး မင်းတို့ပဲ ပြောခဲ့ကြတာ မဟုတ်ဘူးလား။
ဘယ်သူလဲကွ။ ငါ့ပရိသတ်တွေကို ဘယ်သူခိုးသွားတာလဲ။
ထိုအချိန်တွင် ပင်မဝက်ဘ်ဆိုက်ကြီးများအားလုံးက ဤသတင်းကို ထုတ်လွှင့်လိုက်ကြသည်။
"ကိုရီးယားစူပါစတားစွေ့ချန်ဟောင် ပွဲကို နောက်ကျမှရောက်လာလိ့ ပရိသတ်များ အလုခံလိုက်ရ"
"ကိုရီးယားစူပါစတားစွေ့ချန်ဟောင်ကို ပရိသတ်များက ရုပ်ဆိုးတယ်ဟု ပြောဆို"
"ဟွားနိုင်ငံက လူချောလေးကြောင့် ကိုရီးယားစူပါစတားရဲ့ အရှိန်အဝါမှေးမှိန်သွားပြီး ပရိသတ်များလည်း အလုံးအရင်းဖြင့် စွန့်ခွာ"
...
အစကမူ စွေ့ချန်းဟောင်သည် ဟွားနိုင်ငံတွင် အနည်းငယ်သာ နာမည်ရထားသေးသော်လည်း ယခုအခါတွင်မူ ရှာဖွေမှုအများဆုံးစာရင်းတွင် ပါလာခဲ့သည်။
စွေ့ချန်းဟောင်၏ ဝေးပေါ်အကောင့်မှ ဖော်လိုဝါ အရေအတွက်မှာ နှင်းတောင်ပြိုကျသည့်အလား အကြီးအကျယ် ကျဆင်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သန်းနှင့်ချီသော ပရိသတ်များမှာ တစ်သန်းအောက်သို့ လျော့ကျသွားပြီး ဆက်လက်၍လည်း လျင်မြန်စွာ ကျဆင်းနေဆဲပင်။
အထူးသဖြင့် တစ်စုံတစ်ယောက်က ယဲ့ချန်း၏ ဓာတ်ပုံကို စွေ့ချန်းဟောင်၏ ဓာတ်ပုံဘေးတွင် ယှဉ်တွဲ၍ တင်လိုက်သောအချိန်ပင်။
နတ်ဘုရားတစ်ပါးနှင့် အလားသဏ္ဌာန်တူသော ယဲ့ချန်း၏ ရုပ်ရည်သွင်ပြင်နှင့် ယှဉ်လိုက်သောအခါ စွေ့ချန်းဟောင်မှာ မယုံနိုင်လောက်အောင် ရုပ်ဆိုးပုံပေါ်နေချေသည်။
ဤဖြစ်ရပ်အပြီးတွင် စွေ့ချန်းဟောင်မှာ နှလုံးအမောဖောက်သွားသဖြင့် ဆေးရုံတင်လိုက်ရသည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့ စားသောက်နေကြစဉ် စုဝမ်ယိက ထိုဓာတ်ပုံများကို မြင်သွားသည်။
"ယဲ့ချန်း... ရှင် သတင်းခေါင်းကြီးပိုင်းတွေမှာ ပါနေတယ်"
ဤသတင်းခေါင်းကြီးပိုင်းများကို ကြည့်ရင်း ယဲ့ချန်း လုံးဝမပျော်ရွှင်နိုင်ပေ။
"ဟူး... ကိုယ်က တက္ကစီကို အေးအေးဆေးဆေး လူမသိသူမသိ မောင်းချင်တာပါဆို။ မင်းတို့က ဘာလို့ ငါ့ကို ဘယ်တော့မှ အေးအေးဆေးဆေး ပေးမနေရတာလဲ"
နောက်တစ်ခါ အပြင်ထွက်လျှင် သူ့ရုပ်ရည်ကို နည်းနည်းလောက် လျှော့ထားသင့်ပေသည်။
နောက်တစ်နေ့ အီဆယ်တန်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင်....
ယဲ့ချန်းက ထောင့်တစ်နေရာတွင် ထိုင်ရင်း အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
အဆိပ်နှင်းဆီနှင့် ချိန်းဆိုထားသည့်အချိန်သို့ ရောက်ရန် ဆယ်မိနစ်လိုသေးသည်။
ဤနေရာကို အဆိပ်နှင်းဆီက အကြံပြုထားခြင်းဖြစ်ပြီး လူစည်ကားလှသော နေရာတစ်ခုပင်။
ယဲ့ချန်းသည် ဤအဆိပ်နှင်းဆီနှင့် ပတ်သက်၍ အလွန် သိချင်စိတ်ပြင်းပြနေသည်။
သူ့ဘဝအတွေ့အကြုံကိုယ်ရေးမှတ်တမ်းအရ အဆိပ်နှင်းဆီမှာ ရင်သပ်ရှုမောဖွယ်ကောင်းသော အလှပဂေးလေးတစ်ယောက်ပင်။
ထိုကဲ့သို့သော အလှပဂေးတစ်ယောက်က ဤမျှကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ထိန်းချုပ်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။
ယဲ့ချန်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ကော်ဖီတစ်ငုံသောက်လိုက်သည်။
ရုတ်ခြည်းပင် မလှမ်းမကမ်းရှိ ရဲအရာရှိကျိုးစုစုကို သူ မြင်လိုက်ရသည်။
ကျိုးစုစုသည် လုပ်ဖော်ကိုင်ဖက်အချို့နှင့်အတူ အရပ်ဝတ်များ ဝတ်ဆင်ထားပြီး လမ်းပေါ်တွင် အမှုတစ်ခုကို ကိုင်တွယ်နေပုံရသည်။
ထိုအချိန်မှာပင် ဗင်ကားတစ်စီး ရပ်တန့်သွားပြီး လူတချို့ ဆင်းလာကြသည်။
ထိုလူများမှာ အစတုန်းက ရေသန့်ဘူးဝယ်ရန် လမ်းဘေးရှိ ဆိုင်သို့ သွားနေကြခြင်းပင်။
ရုတ်ခြည်းပင် ကျိုးစုစုနှင့် သူ(မ)၏ လုပ်ဖော်ကိုင်ဖက်ရဲအရာရှိများက အပြေးအလွှား ရောက်လာကြသည်။
ထို့နောက် သူတို့က လူတချို့ကို မြေပြင်ပေါ်သို့ ဖိချ၍ ချုပ်နှောင်လိုက်သည်။
သို့သော် ရာဇဝတ်ကောင်များထဲမှ တစ်ယောက်က လျင်မြန်စွာ တုံ့ပြန်ပြီး မိန်းကလေးတစ်ယောက်ကို ဖမ်းဆွဲ၍ သူ(မ)၏ လည်ပင်းကို ဓားမြှောင်ဖြင့် ထောက်ထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဤမြင်ကွင်းကို မြင်သောအခါ ယဲ့ချန်းလည်း အနည်းငယ် လန့်ဖျပ်သွားသည်။
ကျိုးစုစုနှင့် သူ(မ)၏အဖွဲ့ အမှားလုပ်မိလိုက်ချေပြီ။
ယဲ့ချန်းလည်း ကော်ဖီဆက်မသောက်တော့ဘဲ အပြင်သို့ ပြေးထွက်သွားသည်။
ရဲအရာရှိများက ရာဇဝတ်ကောင်များကို ကုန်တိုက်၏ လမ်းပိတ်နေသော ထောင့်တစ်ခုတွင် ချောင်ပိတ်ထားလိုက်သည်။
ရာဇဝတ်ကောင်က ဓားကိုဝှေ့ယမ်း၍ ရဲအရာရှိများကို အော်ပြောလိုက်သည်။
"မလှုပ်နဲ့"
ယဲ့ချန်းလည်း မိန်းကလေးကို ကယ်တင်နိုင်မည့် အခွင့်အရေးရှာဖို့ လူအုပ်ထဲသို့ တိုးဝင်သွားသည်။
ရာဇဝတ်ကောင်က ရဲများကို ရင်ဆိုင်နေသည်ဖြစ်ရာ သူ့အနောက်သို့ ခုန်ဝင်မှသာ အခွင့်အရေး ရနိုင်ပေမည်။
ယဲ့ချန်း လှုပ်ရှားတော့မည်အပြု သူ့အရှေ့တွင် တစ်စုံတစ်ယောက် လှုပ်ရှားသွားသည်ကို သတိပြုမိလိုက်သည်။
ထိုလူသည် ဒုတိယထပ် ပြတင်းပေါက်မှ ဖွဖွလေး ခုန်ဆင်းလာပြီး ရာဇဝတ်ကောင်၏ အနောက်သို့ ဆင်းသွားသည်။
အခင်းဖြစ်ပွားရာနေရာမှာ အာမေဍိတ်သံများဖြင့် ပြည့်နှက်သွားသည်။
လူတိုင်းကို အံ့အားသင့်သွားစေသည့် အရာမှာ မြေပြင်သို့ ကျပြီးနောက် ထိုအမျိုးသမီးထံမှ ဘာအသံမှ ထွက်မလာခြင်းပင်။ သူ(မ)သည် ရာဇဝတ်ကောင်၏ အနောက်ဘက် တစ်မီတာခန့် အကွာတွင်သာ ရှိနေသော်လည်း တစ်ဖက်လူကတော့ သူ(မ)ကို သတိမထားမိပေ။
ရာဇဝတ်ကောင်သည် လူအုပ်ကြီးထံမှ ထူးဆန်းသော တုံ့ပြန်မှုများကို သတိထားမိသွားသည်။ အမှန်အတိုင်းဆိုရလျှင် သူ့ကျောဘက်မှ အေးစိမ့်စိမ့်ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရသည်။
၎င်းမှာ အမှန်တကယ်တော့ ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များပင်။
ရာဇဝတ်ကောင်က အမြန်ခေါင်းလှည့်ကြည့်လိုက်သော်လည်း ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားသည်။
ထိုအမျိုးသမီးက အရိပ်တစ်ခုအလား ရာဇဝတ်ကောင်နှက့်အတူ ကပ်လျက်ပါသွားချေသည်။
ရာဇဝတ်ကောင် လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသမီးကို မမြင်ရပေ။
ဤမြင်ကွင်းကြောင့် ရဲအရာရှိများနှင့် ဘေးနားက ကြည့်နေသူများ မှင်တက်သွားကြသည်။
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးမိသည်။
ရေခဲနတ်ဘုရားမတစ်ပါးအလား အေးစက်လှသော ဤအမျိုးသမီးမှာ အခြားသူမဟုတ်ပါခေျ။ အဆိပ်နှင်းဆီဖြစ်၏။
လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် ထိုမိန်းကလေးကို ကယ်တင်ချင်သည့် ကြင်နာတတ်သော နှလုံးသားမျိုး သူ(မ)ထံ၌ ရှိနေလိမ့်မည်ဟု ထင်မထားပေ။
တစ်ယောက်ယောက်က လှုပ်ရှားနေပြီဖြစ်သဖြင့် ယဲ့ချန်းလည်း ပွဲကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ရာဇဝတ်ကောင်က ခေါင်းကို အကြိမ်ကြိမ် လှည့်ကြည့်သော်လည်း ထိုအမျိုးသမီးက သူ့အနားတွင် အမြဲကပ်နေသည်မှာ လုံးဝသတိမထားမိလောက်အောင်ပင်။
ထိုအမျိုးသမီး၏ ကိုယ်နေဟန်ထား လှုပ်ရှားမှု နည်းစနစ်မှာ မယုံနိုင်လောက်အောင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။
အသံမထွက်စေဘဲ ဒုတိယထပ်မှ ခုန်ချနိုင်သည့် အချက်ကို ဖယ်ထားလျှင်ပင် ဤအရာကို ယဲ့ချန်းကိုယ်တိုင်ပင် မလုပ်နိုင်ပေ။
ထို့ပြင် အရိပ်ပမာ လိုက်ပါနိုင်သော ဤစွမ်းရည်ကပင် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်မှုများကို ပြသရန် လုံလောက်နေပြီ ဖြစ်၏။
ယဲ့ချန်းလည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ ဤအမျိုးသမီးကို ရန်စ၍ မဖြစ်ပေ။ အကယ်၍ သူ(မ)ကသာ သူ့ကိုသတ်ရန် လှုပ်ရှားလာပါက စနစ်၏သတိပေးချက် ရှိနေလျှင်ပင် အန္တရာယ်များပေလိမ့်မည်။
မြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
လူတိုင်း အသက်အောင့်ထားမိကြသည်။
ရာဇဝတ်ကောင်လည်း ဦးရေပြား ကျိန်းစက်လာသလို ခံစားလိုက်ရသည်။
အကြီးမားဆုံး ခြိမ်းခြောက်မှုက ရဲအရာရှိများဖြစ်သင့်သော်လည်း သူ့ကျောဘက်မှ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသလို ဆက်တိုက် ခံစားနေရသည်။
ဤခံစားချက်က သူ့ကို ရူးသွပ်စေလုမတတ်ပင်။
"ငါ့အတွက် ကားတစ်စီးစီစဉ်ပေး။ မဟုတ်ရင် ဒီကောင်မလေးကို ငါ သတ်ပစ်မယ်"
ထိုလူက အော်ဟစ်လိုက်သည်။
ကျိုးစုစုလည်း အလွန် စိုးရိမ်ပူပန်နေသည်။ ကားထဲတွင် နောက်ထပ်လူတစ်ယောက် ပါလာလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားခဲ့သဖြင့် ဖမ်းဆီးမှု ပြုလုပ်စဉ်အတွင်း ဤလူ လွတ်ထွက်သွားခြင်းပင်။ သူတို့ သတိထားမိချိန်တွင် တစ်ဖက်လူက ဓားစာခံတစ်ယောက်ကို ဖမ်းဆီးထားပြီးဖြစ်၏။
မည်သည့်အခြေအနေမျိုးတွင်မဆို ဓားစာခံအနေနှင့် ထိခိုက်နစ်နာ၍ မဖြစ်ပေ။ သို့သော် ထိုအမျိုးသမီးကမူ အလွန်ထူးဆန်းလွန်းလှသည်။
ထိုအချိန်မှာပင် အမျိုးသမီးက ရုတ်တရက် လှုပ်ရှားလိုက်၏။ သူ(မ)၏ လှုပ်ရှားမှုများက လျှပ်စီးလက်သလို မြန်ဆန်လှသည်။ ထိုလူ တုံ့ပြန်လိုက်ချိန်တွင် အမျိုးသမီး၏လက်က သူ့ကုပ်ပိုးကို ရိုက်ချပြီးလေပြီ။
ရာဇဝတ်ကောင်ခမျာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ရဲများလည်း အပြေးအလွှား ရောက်လာကြသည်။
တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီးလည်း လူအုပ်ထဲသို့ တိတ်တဆိတ် တိုးဝင်ပျောက်ကွယ်သွားသည်။
သူ(မ)သည် အရိပ်တစ္ဆေတစ်ကောင်အလား လှုပ်ရှားသွားလာရင်း ခြေရာလက်ရာမချန်ပါဘဲ ရောက်လာပြီးသည်နှင့် ပြန်ထွက်သွားချေသည်။
••••••••••••••••••••