အခန်း ၆၃၄
Vol. 43 Ch. 634
အပိုင်း ၅ : နောက်ဘဝကျရင် ရှင့်မိန်းမ ဖြစ်ပါရစေ
ကျိုးစုစုသည် ရာဇဝတ်ကောင်ကို ဖမ်းပြီးနောက် ရာဇဝတ်ကောင်ကို နှိမ်နင်းပေးခဲ့သော အမျိုးသမီးကို ရှာချင်ခဲ့သော်လည်း တစ်ဖက်လူမှာ သဲလွန်စမချန်ပါဘဲ ပျောက်ကွယ်သွားလေပြီ။
"ခေါင်းဆောင်ကို သတင်းပို့လိုက်။ ရာဇဝတ်ကောင်ကို ဖမ်းမိပြီလို့"
ကျိုးစုစုက ခေါင်းညိတ်ပြလိုက်သည်။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အစောက အမျိုးသမီးကို အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ရုတ်ခြည်းပင် သူ(မ)၏စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာသည်။
နိုင်ငံတကာအဆင့်အေ အလိုရှိ ဝရမ်းပြေးအဆိပ်နှင်းဆီ...
"သူများ ဖြစ်နေမလား"
ထိုအချိန်တွင် ကျိုးစုစု ယဲ့ချန်းကို မြင်လိုက်ရသည်။
ယဲ့ချန်းသည် အစောပိုင်းက လူအုပ်ထဲတွင် ရှိနေခဲ့ပြီး အဆိပ်နှင်းဆီ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ဝင်မပါဘဲ ငြိမ်နေလိုက်သည်။
"ယဲ့ချန်း... ရှင် ဒီမှာ ဘာလုပ်နေတာလဲ"
ကျိုးစုစုက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ကော်ဖီသောက်နေတာ။ ဒီဘက်မှာ အသံတွေဆူညံနေတာမြင်လို့ လာကြည့်လိုက်တာ"
"ဪ... ကျွန်မ လုပ်စရာလေးရှိလို့။ နောက်မှ ညစာအတူတူစားကြတာပေါ့"
ကျိုးစုစုမှာ အလျင်စလို ထွက်သွားလေသည်။
ထိုအချိန်တွင် ယဲ့ချန်း၏ ဖုန်းထဲသို့ မက်ဆေ့ချ်တစ်စောင် ဝင်လာသည်။
တွေ့ဆုံမည့် နေရာကို ရှန်ကျန်းကလပ်သို့ ပြောင်းလိုက်ခြင်းပင်။
ယဲ့ချန်းမှာ တိတ်တဆိတ်ခေါင်းယမ်းလိုက်မိသည်။
ဤအမျိုးသမီးက အမှန်တကယ် သတိကြီးလှသည်။
သို့သော် ယဲ့ချန်းမှာ ရွေးချယ်စရာ မရှိပေ။
မည်သို့ပင်ဆိုစေ သူ(မ)က မိန်းကလေးတစ်ယောက်ဖြစ်၏။ ယဲ့ချန်းနှင့်ယှဉ်လျှင် သူ့ကိုလာတွေ့ရသည်မှာ အဆိပ်နှင်းဆီအတွက် ကြီးမားသော စွန့်စားမှုတစ်ခုပင်။
ယဲ့ချန်းလည်း ရှန်ကျန်းကလပ်သို့ ရောက်လာခဲ့သည်။
ဤနေရာမှာ ရှေးဟောင်းပုံစံ ကလပ်တစ်ခုဖြစ်ပြီး အလွန်လှပသော ရှုခင်းများပါဝင်သည့် သုံးထပ်အဆောက်အအုံဖြစ်ကာ ကျန်းနန်ရေမြို့တော်များနှင့်ပင် တူနေချေသည်။
ဒုတိယထပ်ရှိ ပြတင်းပေါက်တွင် အရိပ်သဏ္ဌာန်တစ်ခုကို ယဲ့ချန်း မြင်လိုက်ရသည်။
သူ(မ)ပင်တည်း။ အဆိပ်နှင်းဆီ...
အဆိပ်နှင်းဆီက အဝတ်အစားလဲထားပြီး အနီရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။ ထူးကဲလှပသော မျက်နှာလေးကြောင့် လေထဲတွင် ယိမ်းနွဲ့နေသည့် နှင်းဆီပန်းတစ်ပွင့်ပမာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေတော့သည်။
သို့သော် ဤအမျိုးသမီး၏ တည်ရှိမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကိုလည်း ယဲ့ချန်း ခံစားနေရသည်။
ဤအမျိုးသမီး၏ ခွန်အားက သူ့ခွန်အားထက် လျော့မနေပေ။
သူ(မ)သည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်လေရာ လူသတ်နည်းပေါင်းစုံ သူ(မ)ထံတွင် ရှိနေပေသည်။
ဤကဲ့သို့သော လူစားမျိုးနှင့် ဆက်ဆံရာတွင် ယဲ့ချန်း အလွန်သတိထားရသည်။
ဆူးပါသော နှင်းဆီမှာ လှပသော်လည်း ဆိုးဝါးလှသော သေခြင်းတရားဆီကိုလည်း တွန်းပို့နိုင်သည်။
ယဲ့ချန်းက ပြုံးလျက် ခြေတစ်လှမ်းလှမ်း၍ ရှန်ကျန်းကလပ်၏ အဝင်ဝဆီသို့ လျှောက်သွားလိုက်သည်။
ချိန်းဆိုထားသော သီးသန့်ခန်းထဲသို့ ရောက်သောအခါ ယဲ့ချန်း တံခါးကိုတွန်းဖွင့်လိုက်ချိန်ဝယ် ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဌာန်လေးကို မြင်လိုက်ရသည်။
အဆိပ်နှင်းဆီဝတ်ဆင်ထားသော ရိုးရာဝတ်စုံမှာ အလွန်လက်ရာမြောက်လှပြီး ကျန်းနန်မှ ဆရာတစ်ယောက်၏ လက်ရာဖြစ်ကြောင်း သိသာလှသည်။
အရပ်၁.၇မီတာရှိသော သူ(မ)သည် ပန်းချီကားထဲမှ လျှောက်ထွက်လာသော ဂန္ထဝင်အလှပိုင်ရှင်လေးတစ်ယောက်နှင့်ပင် တူနေတော့သည်။
ရိုးရာဝတ်စုံ၏ အရှည်က ခရင်မ်နှယ် ချောမွတ်နေသော ခြေတံများကို လှစ်ဟပြသနေလေရာ ယောက်ျားတစ်ယောက်ကို ချက်ချင်းဆိုသလို ထကြွလှုံ့ဆော်မှုတစ်ခု ပေးစွမ်းနိုင်သည်။
"အလှလေး... ကိုယ့်ကို မင်းရဲ့ကျောပြင်ကိုပဲ ဆက်ကြည့်ခိုင်းထားဖို့ ရည်ရွယ်ထားတာတော့ မဟုတ်ပါဘူးနော်"
ယဲ့ချန်းက ရယ်မောလိုက်သည်။
ထိုအခါမှသာ အဆိပ်နှင်းဆီက ယဲ့ချန်းကို လှည့်ကြည့်လာသည်။
ယဲ့ချန်းက အပြုံးဖြင့် ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ကြိုးစားလိုက်သော်လည်း သူ(မ)၏မျက်နှာပေါ်တွင် ဘာအပြောင်းအလဲမှ မရှိပေ။
ရင်သပ်ရှုမောဖွယ်ကောင်းသော ဤအမျိုးသမီးထံမှ စိုက်ကြည့်ခံရသောအခါ ယဲ့ချန်း အနည်းငယ် နေရခက်သွားသည်။
အထူးသဖြင့် သူ(မ)ထံမှ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ယဲ့ချန်း ခံစားနေရသောကြောင့်ပင်။
အဓိပ္ပာယ်မရှိလောက်အောင် လှပနေသော်လည်း ဆူးပါသော နှင်းဆီတစ်ပွင့် ဖြစ်နေဆဲပင်။
ဤကဲ့သို့သော အမျိုးသမီးက ဤမျှစူးစူးစိုက်စိုက် စိုက်ကြည့်နေသဖြင့် ယဲ့ချန်း၏ နှလုံးသားထဲတွင် ယားကျိကျိဖြစ်သွားရသည်။
အဆိပ်နှင်းဆီ၏ အလှတရားက ၉၉မှတ်အထိ ရောက်ရှိနေပြီး အဆုံးစွန်အထိ လှရက်လွန်းသည်။ သူ(မ)ထံဝယ် တစ်မူထူးခြားသော အရှိန်အဝါမျိုးလည်း ရှိ၏။
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်၏။
"ကိုယ် မင်းကို ရှောင်ရှန်းလို့ပဲ ခေါ်တော့မယ်။ အဆိပ်နှင်းဆီဆိုတဲ့ နာမည်က အရမ်းနားထောင်ရဆိုးတယ်။ မင်းလို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှပိုင်ရှင်နဲ့ မလိုက်ဖက်ဘူး"
ယဲ့ချန်း၏ စကားကို ကြားသောအခါ အဆိပ်နှင်းဆီ၏ မျက်နှာအမူအရာကား ရုတ်တရက် ပြောင်းလဲသွားသည်။
ရှောင်ရှန်းဆိုသည်မှာ သူ(မ)၏ နာမည်အရင်းဖြစ်၏။ ကမ္ဘာပေါ်တွင် သူ(မ)၏ နာမည်အရင်းကို သိသူဟူ၍ အလွန်နည်းပါးလှသည်။ အဖွဲ့အစည်းအတွင်းမှာပင် သိသူမရှိပေ။
ယဲ့ချန်းက ဘယ်လိုလုပ် သိနေတာလဲ။
သူ(မ)က မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။
"ရှင်က ဘာလို့ ကျွန်မအကြောင်း ဒီလောက်တောင် သိနေရတာလဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွသာ ပြုံးလိုက်သည်။
"မင်းရဲ့မျက်နှာကို ကြည့်လိုက်တာနဲ့ သိနိုင်တယ်လို့ပြောရင် မင်းယုံလား"
ဤကမ္ဘာပေါ်တွင် ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော အရာများစွာ ရှိကြောင်း သိထားသဖြင့် ရှောင်ရှန်းက ဘာမှပြန်မပြောခဲ့ပေ။
ရှောင်ရှန်းလို အဆင့်မျိုးရှိသူတစ်ယောက်အနေနှင့် ဤအရာများအကြောင်း အများကြီး နားလည်ထားသည်။
မျက်နှာလက္ခဏာဖတ်ခြင်းနှင့် ပတ်သက်၍လည်း ရှောင်ရှန်း အနည်းငယ်သိထားသည်။
တစ်ချိန်တုန်းက သူ(မ)အကြောင်း အားလုံးနီးပါးကို တိတိကျကျ ဟောကိန်းထုတ်နိုင်ခဲ့သည့် ဆရာတစ်ယောက် ရှိခဲ့ဖူးသည်။
ရှောင်ရှန်းက ယဲ့ချန်းကို စိုက်ကြည့်၍ ရုတ်တရက်ပြောလိုက်သည်။
"ရှင့်အင်္ကျီကို ချွတ်လိုက်"
ယဲ့ချန်းမှာမူ ခဏတာ မှင်တက်သွားလေသည်။
တွေ့တွေ့ချင်း သူ့ကို အင်္ကျီချွတ်ခိုင်းတာ ဒီကောင်မလေးက ဘာသဘောလဲ။
အရမ်းမြန်လွန်းနေတယ်မဟုတ်လား။ သူ မပြင်ဆင်ရသေးဘူးလေ။
"ချွတ်လိုက်စမ်းပါ"
ရှောင်ရှန်းက အေးစက်စက် ပြောလိုက်ပြန်သည်။
မိန်းမလှလေးတစ်ယောက်က အင်္ကျီချွတ်ရန် အမိန့်ပေးလိုက်သောအခါ ပျော်ရွှင်မှုက မျှော်လင့်မထားပါဘဲ ရောက်လာသလို ယဲ့ချန်း ခံစားလိုက်ရသည်။
"ကိုယ်တို့ ဖြည်းဖြည်းချင်းသွားသင့်တယ်မဟုတ်ဘူးလား။ မြန်လွန်းနေပြီနော်။ ကိုယ်က မင်းအပေါ် အသက်ကြွေးတင်နေပေမဲ့ ဒါကြီးကတော့..."
သို့သော် နောက်တစ်စက္ကန့်မှာပင် ရှောင်ရှန်း၏ လက်ထဲ၌ တလက်လက်တောက်ပနေသော ဓားမြှောင်တစ်လက် ရောက်နေပြီဖြစ်၏။
"ရှင့်ကို သုံးစက္ကန့်အချိန်ပေးမယ်"
ယဲ့ချန်းလည်း ခါးသက်သက် ပြုံးလိုက်မိသည်။ အမှန်တကယ်တော့ သူက သူ(မ) ကြောက်နေခြင်း မဟုတ်ပေ။
သို့သော် ရင်သပ်ရှုမောဖွယ်ကောင်းသော အလှလေးတစ်ယောက်က သူ့ကို အင်္ကျီချွတ်ခိုင်းခြင်းမှာ နစ်နာစရာတော့ ရှိဟန်မတူပေ။ ထို့ပြင် သူ(မ)ပါ အင်္ကျီချွတ်လိုက်လျှင် ဘယ်လိုလုပ်မည်နည်း။
ယဲ့ချန်းလည်း ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော သူ့အနောက်တိုင်းဝတ်စုံကို ချွတ်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ထို့နောက် ရှပ်အင်္ကျီကြယ်သီးများကိုပါ ဖြုတ်လိုက်သည်။
ယဲ့ချန်း၏ ရင်သပ်ရှုမောဖွယ်ကောင်းအောင် ချောမောသော မျက်နှာနှင့် လိုက်ဖက်လှသည့် ပြီးပြည့်စုံသော ကြွက်သားအပြည့်ခန္ဓာကိုယ်ကို မြင်သောအခါ ရှောင်ရှန်း မှင်တက်သွားလေသည်။
သူ(မ)၏အကြည့်က ယဲ့ချန်း၏ ဘယ်ဘက်ပခုံးပေါ်သို့ ကျရောက်သွားသောအခါ မအံ့သြဘဲ မနေနိုင်တော့ပေ။
ထိုအရာမှာ တစ်ချိန်က လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို ပြောခဲ့ဖူးသည့် အနီရင့်ရောင် မွေးရာပါအမှတ်ပင်။
"မင်းယောက်ျားက ဘယ်ဘက်ပခုံးမှာ အနီရင့်ရောင် မွေးရာပါအမှတ်ပါတဲ့ လူတစ်ယောက်ပဲ..."
အဘိုးအို၏ စကားများက ရှောင်ရှန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။
ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့လျှင် ရှောင်ရှန်း ဘာမှပြောမည် မဟုတ်သော်လည်း အဘိုးအိုသည် အတိတ်က ဖြစ်ရပ်များကိုလည်း တိတိကျကျ ဟောကိန်းထုတ်နိုင်ခဲ့သည်။
ထို့ပြင် ဤယဲ့ချန်းက အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းနေပြီး သူ(မ)အကြောင်း အကုန်သိနေပုံရသည်။
"ကောင်းပြီ... ရှင် အင်္ကျီ ပြန်ဝတ်လို့ရပြီ"
ယဲ့ချန်း : "..."
"အလှလေး... မင်းက နည်းနည်းတော့ မတရားသလိုပဲနော်။ ကိုယ့်ကို ကြည့်ပြီးသွားပြီဆိုတော့ မင်းကရော မချွတ်..."
ရွှီး!
ဓားမြှောင်က ယဲ့ချန်း၏ နားရွက်ဘေးမှ ဖြတ်ပြေးသွားသည်။
...
ထိုအချိန် ကလပ်၏ အဝင်ဝတွင် အရပ်ဝတ်ရဲအရာရှိတစ်စုက ကလပ်ကို ဝိုင်းထားကြသည်။
ဤတစ်ကြိမ်တွင် ရှောင်ရှန်းကို ဖမ်းဆီးရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှုခင်း ရဲတပ်ဖွဲ့မှ အရာရှိပေါင်းများစွာ ပါဝင်လာသည်။
နိုင်ငံတကာအဆင့်အေ အလိုရှိဝရမ်းပြေး အဆိပ်နှင်းဆီသည် ရှန်ကျန်းကလပ်တွင် ပေါ်လာမည်ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းတစ်ခု ယခုလေးတင် သူတို့ ရထားသည်။
အရပ်ဝတ်အမျိုးသားအရာရှိတစ်ယောက်က ကျိုးစုစု၏ အရှေ့တွင် မတ်တတ်ရပ်နေချေသည်။
"ရှောင်ချန်း... အခြေအနေဘယ်လိုလဲ"
အမျိုးသားအရာရှိက ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ အချက်အလက်တွေအရ သံသယရှိသူက သီးသန့်အခန်း၂၁၈ထဲမှာ ရှိနေပါတယ်။ ဝင်သွားပြီးကတည်းက ပြန်ထွက်မလာသေးပါဘူး"
"အင်း"
ကျိုးစုစုလည်း သက်ပြင်းရှည်ကြီးတစ်ချက် ရှူသွင်းလိုက်သည်။
ဤတာဝန်မှာ သာမန်မဟုတ်ကြောင်း သူ(မ) သိထားသည်။
ပြိုင်ဘက်က နိုင်ငံတကာအဆင့်အေ ဝရမ်းပြေးဖြစ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
အဆိပ်နှင်းဆီ၏ လျှို့ဝှက်လက်နက်များနှင့် တိုက်ခိုက်ရေးစွမ်းရည်များမှာ ကမ္ဘာ့အဆင့်မီပင်။ သူ(မ)ကို ဖမ်းဆီးရန်မှာ အလွန်အန္တရာယ်ကြီးမားလှသည်။
အနည်းငယ်မှားယွင်းသွားရုံမျှဖြင့် အသက်များ ဆုံးရှုံးသွားနိုင်သည်။
ကျိုးစုစုက လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။
"လူအုပ်ကို ချက်ချင်းဖယ်ရှားလိုက်။ သူတို့ ဖယ်ပြီးတာနဲ့ ငါတို့ စစ်ဆင်ရေးစမယ်။ ပြီးတော့ ဒီရာဇဝတ်ကောင်က အရမ်းအန္တရာယ်များတယ်။ အကုန်လုံးကို သတိထားဖို့ သတိပေးလိုက်ပါ"
"ဟုတ်ကဲ့"
အမျိုးသားအရာရှိက တာဝန်ကို လက်ခံလိုက်ပြီး စတင်စီစဉ်လေတော့သည်။
ကလပ်ထဲရှိ ဧည့်သည်များကို တိတ်တဆိတ် ဖယ်ရှားလိုက်ကြသည်။
စစ်ဆင်ရေး စတင်တော့မည်ဖြစ်ရာ ကျိုးစုစုမှာ ပိုရင်ထိတ်လာသလို ခံစားလိုက်ရသည်။
ကျိုးစုစုသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရာဇဝတ်ကောင်များစွာကို ဖမ်းဆီးခဲ့ဖူးသော်လည်း အဆိပ်နှင်းဆီကဲ့သို့သော နိုင်ငံတကာထိပ်တန်း လုပ်ကြံသတ်ဖြတ်သူသုံးဦးစာရင်းဝင်နှင့် ရင်ဆိုင်ရခြင်းမှာ သူ(မ)ကို အလွန်အမင်း စိုးရိမ်ပူပန်စေသည်။
ထိုအချိန်တွင် ယဲ့ချန်း၏ ပုံရိပ်က သူ(မ)၏စိတ်ထဲဝယ် ရုတ်တရက် ပေါ်လာခဲ့သည်။
"ဒီနေ့ ငါ ကလပ်ထဲကနေ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ပါ့မလားမသိဘူး။ နောင်တမရအောင် ငါ သူ့ကို ဖွင့်ပြောလိုက်သင့်တယ်"
ကျိုးစုစုလည်း ဖုန်းထုတ်၍ ယဲ့ချန်းထံသို့ ဝေးရွှင်းမက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
"ယဲ့ချန်း... ကျွန်မ ကမ္ဘာကျော်လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ကို ရင်ဆိုင်ရမယ့် အရမ်းအန္တရာယ်များတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေတယ်။ ဒီတာဝန်ရဲ့ ရလဒ်ကတော့ မသေချာဘူး။ ကျွန်မ အသက်ရှင်မရှင်လည်း မသိဘူး။ ရဲအရာရှိတစ်ယောက်အနေနဲ့ ဒါက ကျွန်မရဲ့တာဝန်ပဲ။ ဒါပေမဲ့ ဒီနေ့မှ ဒါကို မပြောလိုက်ရရင် နောက်ထပ် အခွင့်အရေးမရတော့မှာစိုးတယ်။ ကျွန်မ ရှင့်ကို သဘောကျတယ်။ ဒီနေ့ ကျွန်မ ပြန်မလာနိုင်ခဲ့ရင် နောင်ဘဝကျရင်တော့ ရှင့်မိန်းမ ဖြစ်ပါရစေလို့ ဆုတောင်းပါတယ်"
••••••••••••••••••••••••