အခန်း ၆၃၅
Vol. 43 Ch. 635
အပိုင်း ၆၃၅ : ကျိုးစုစု ဖွင့်ပြောခြင်း
ထိုအချိန်တွင် ယဲ့ချန်းကတော့ ရှောင်ရှန်းနှင့် စကားပြောနေသည်။
"အမှန်အတိုင်းပြောရရင် လုပ်ကြံသတ်ဖြတ်သူအလုပ်က အရမ်းအန္တရာယ်များတယ်လေ။ ဘာလို့ မထွက်တာလဲ"
ရှောင်ရှန်းက ခါးသက်သက် ပြုံးလိုက်၏။
"ထွက်မယ်ဟုတ်လား။ ကျွန်မတို့လျှောက်ရတဲ့လမ်းက အသွားတစ်လမ်းတည်းရှိတာ။ ဘယ်လိုလုပ်ပြီး ထွက်လို့ရမှာလဲ"
ရှောင်ရှန်း၏ စွမ်းရည်များမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့်ရှိပြီး သူ(မ)၏ လျှို့ဝှက်လက်နက်နည်းပညာနှင့် ကိုယ်နေဟန်ထား လှုပ်ရှားမှုနည်းစနစ်များမှာ ကျွမ်းကျင်အဆင့်ရှိကြောင်း ယဲ့ချန်း သိထားသည်။
ဤကဲ့သို့သော အမျိုးသမီးမျိုးကို ယဲ့ချန်း လုံးဝ ရန်မစချင်ပေ။
မည်သို့ပင်ဆိုစေ ယဲ့ချန်းတွင် စနစ်နှင့် နတ်ဘုရားအဆင့် သတိပေးချက်များ ရှိနေသော်လည်း လုပ်ကြံသတ်ဖြတ်ရေးနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်ထားသော ရှောင်ရှန်းနှင့် ရင်ဆိုင်ရချိန်တွင် အလွယ်တကူ အမှားအယွင်း ဖြစ်သွားနိုင်သည်။
ထိုစဉ် ယဲ့ချန်း၏ဖုန်း မြည်လာသည်။
ဖုန်းကို တစ်ချက်ကြည့်လိုက်သောအခါ ကျိုးစုစုထံမှ ဝေးရွှင်းမက်ဆေ့ချ်တစ်စောင် ဝင်နေကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။
ယဲ့ချန်း၏အမူအရာ ပြောင်းသွားလေသည်။
နိုင်ငံတကာက နာမည်ကြီးလုပ်ကြံသတ်ဖြတ်သူဆိုတာ ရှောင်ရှန်းကို ပြောတာများလား။
သူလည်း အမြန်ထရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ သွားလိုက်သည်။
သေချာပေါက်ပင်။ အပြင်ဘက်တွင် အရပ်ဝတ်ရဲအရာရှိ တော်တော်များများ ရှိနေချေသည်။
ယဲ့ချန်းက သူတို့ထဲမှ အချို့ကို မှတ်မိနေပေသည်။ ဤလူတစ်သိုက်က ရှောင်ရှန်းကို ဖမ်းဖို့ လာကြဟန်တူသည်။
ရှောင်ရှန်းလည်း ယဲ့ချန်း၏အမူအရာ ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။
"ဘာဖြစ်လို့လဲ"
"မင်းကို လူမိသွားပြီ။ အပြင်မှာ ရဲတွေ ရောက်နေတယ်"
ရှောင်ရှန်းမှာမူ ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်၏။
"ဒီလောက်လေးနဲ့ ငါ့ကို ဖမ်းနိုင်မယ်ထင်နေတာလား။ လာနောက်နေတာလား"
ယဲ့ချန်းက ဆို၏။
"မင်း တကယ် ပုန်းနေသင့်တယ်နော်"
ရှောင်ရှန်းက လှောင်ပြုံးပြုံးလိုက်သည်။
"ပုန်းရမယ် ဟုတ်လား။ ကျွန်မ တိုက်ခိုက်ပြီးတော့ပဲ ထွက်သွားမယ်။ မဟုတ်ရင် အဲဒီရဲတွေက ကျွန်မ သူတို့ကို ကြောက်တယ်လို့ ထင်သွားလိမ့်မယ်"
ယဲ့ချန်းက လေးနက်စွာ ပြောလိုက်လေသည်။
"ရှောင်ရှန်း... မင်း အလုပ်ထွက်ဖို့ ကိုယ် ကူညီပေးနိုင်တဲ့ နည်းလမ်းရှိတယ်။ မင်းရဲ့အဖွဲ့အစည်းကို အမှောင်ထဲမှာ ပုန်းကွယ်မနေဘဲ တည်ရှိခွင့်ပေးနိုင်တယ်။ မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေ လမ်းပေါ်မှာ ပွင့်ပွင့်လင်းလင်း သွားလာခွင့်ရစေရမယ်။ ဒါပေမဲ့ မင်း ကိုယ်နဲ့ ပူးပေါင်းဖို့တော့ လိုတယ်။ ဒီနေ့ မင်း ရဲတွေကိုသာ သတ်ပစ်လိုက်ရင် ဒီအခွင့်အရေးက ပျောက်ဆုံးသွားလိမ့်မယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ရှောင်ရှန်း ခဏမျှ တုံ့ဆိုင်းသွားသည်။
အကယ်၍ ရှောင်ရှန်းသာ အပြင်ဘက်ရှိ ရဲများနှင့် ထိပ်တိုက်တွေ့ခဲ့ပါက ကျိုးစုစု၏ စရိုက်အရ သူ(မ)သည် ရှေ့တန်းတွင် သေချာပေါက် ရှိနေမည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။
ရလဒ်မှာကား ကျိုးစုစု သေချာပေါက် သေဆုံးရပေလိမ့်မည်။
ယဲ့ချန်းမှာ ရှောင်ရှန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ဤအမျိုးသမီးက မဆိုးလှကြောင်း သူ ခံစားမိသည်။
ရဲများ၏ ဝိုင်းရံမှုကို သူ(မ)ကသာ အတင်းအဓမ္မ ဖောက်ထွက်သွားပါလျှင် ယဲ့ချန်းလည်း ပေးဆပ်မှုတစ်ခုခု လုပ်ရပေလိမ့်မည်။
ဤအမျိုးသမီးနှစ်ယောက်ကြားတွင် ယဲ့ချန်း မည်သည့်ပဋိပက္ခမှ မဖြစ်စေချင်ပေ။
ထို့ကြောင့် ယခုလောလောဆယ် ရှောင်ရှန်းကို ရှောင်ရှားရန် ဖျောင်းဖျရုံမှလွဲ၍ ယဲ့ချန်းတွင် ရွေးချယ်စရာ မရှိတော့ပေ။
"ကောင်းပြီလေ... ရှင့်မျက်နှာကိုထောက်ထားပြီး ဒီပါ့မွှားရဲတွေကို ချမ်းသာပေးလိုက်မယ်"
ထို့နောက် ရှောင်ရှန်းက လှည့်ထွက်၍ သန့်စင်ခန်းထဲသို့ ဝင်သွားလေသည်။
သူ(မ) ပြန်ထွက်လာသောအခါ ယဲ့ချန်းပင် မှင်တက်သွားရသည်။
ရုပ်ရည်ရမှတ်၉၉ရှိသော ပြိုင်ဘက်ကင်း အလှပဂေးလေး ပျောက်ကွယ်သွားလေပြီ။
ယခုအချိန်တွင် ယဲ့ချန်း၏ရှေ့တွင် ရပ်နေသူမှာ အသက်ခုနစ်ဆယ်ကျော် အဘွားအိုတစ်ယောက်ပင်။
အိုမင်းနေသော မျက်နှာထက်တွင် အရေးအကြောင်းများဖြင့် ပြည့်နေပြီး သူ(မ)၏ ကိုယ်ဟန်အမူအရာကလည်း အဘွားအိုတစ်ဦးနှင့် အတိအကျပင် တူနေတော့သည်။
"ကျွန်မ သွားတော့မယ်။ ဒါပေမဲ့ ရှင့်ဆီ ပြန်လာခဲ့မယ်"
ရှောင်ရှန်းက ထိုသို့ပြောပြီးနောက် အပြင်ဘက်သို့ ယိုင်တိုင်တိုင်ဖြင့် ထွက်သွားချေသည်။
ရှောင်ရှန်း ထွက်သွားသည်ကို မြင်သောအခါ ယဲ့ချန်းလည်း စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက် ချလိုက်သည်။
နောက်ဆုံးတော့ အန္တရာယ်ကင်းသွားခဲ့ပြီ။
ယဲ့ချန်းလည်း ပေါ့ပေါ့ပါးပါးပင် အပြင်သို့ ထွက်လာခဲ့သည်။
သို့သော် ရှောင်ရှန်း၏ လွတ်မြောက်ရေးကို အထောက်အကူပြုရန် ယဲ့ချန်းသည် ကျိုးစုစုထံသို့ ချဉ်းကပ်သွားလေသည်။
ကျိုးစုစုမှာ ဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့ကို စီစဉ်ညွှန်ကြားနေစဉ်မှာပင် ယဲ့ချန်း ထွက်လာသည်ကို မြင်လိုက်ရ၏။
ထို့ကြောင့် ကျိုးစုစု အလွန်တရာ အံ့အားသင့်သွားရသည်။
မည်သို့ပင်ဆိုစေ ခန်းမထဲတွင် သွေးဆာနေသော မိစ္ဆာတစ်ကောင် ရှိနေသည် မဟုတ်ပါလော။
ကျိုးစုစုလည်း ယဲ့ချန်းထံသို့ ချက်ချင်းပြေးလာပြီး သူ့ကို ဘေးသို့ ဆွဲခေါ်လိုက်၏။
"ဒီမှာပဲ ကျွန်မကိုစောင့်နေနော်။ ဘယ်မှ လျှောက်မသွားနဲ့"
ထို့နောက် ကျိုးစုစုက သူ(မ)၏ စကားပြောစက်ထဲကတစ်ဆင့် အမိန့်ပေးလိုက်သည်။
"လှုပ်ရှားတော့"
ကျိုးစုစု၏အမိန့်သံအဆုံး ရဲအရာရှိများက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
ရဲအရာရှိများသည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ခန်းမထဲသို့ အပြေးအလွှား ဝင်သွားကြသည်။
သေချာပေါက်ပင်။ ကျိုးစုစုက ရှေ့ဆုံးကသာ။ အသေခံမည့်ပုံစံဖြင့် ဝင်သွားသော သူ(မ)ကိုမြင်ရသည်မှာ ယဲ့ချန်းအတွက် ရယ်စရာဖြစ်နေပေသည်။
အကြောင်းမှာ ရှောင်ရှန်းက ထွက်သွားပြီဖြစ်လေရာ သူတို့၏ လှုပ်ရှားမှုမှာ သေချာပေါက် ကျရှုံးမည်ဖြစ်သောကြောင့်ပင်။
သို့သော် ယဲ့ချန်း သက်ပြင်းချနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ ရှိနေ၍သာ။ မဟုတ်ပါက သူတို့ကြားရှိ ပဋိပက္ခမှာ ကပ်ဘေးတစ်ခုနှယ် ဆိုးဝါးသွားနိုင်ပေသည်။
ယဲ့ချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ရှန်း၏ ဘေးနားရှိ လူတစ်ယောက်ယောက်က သူ(မ)ကို ဒုက္ခပေးချင်နေပုံရသည်။
ကျိုးစုစုက ရဲအရာရှိများကို ဦးဆောင်ကာ အခန်းနံပါတ်၂၁၈ထဲသို့ ဝင်သွားသည်။
သို့သော် အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ရှောင်ရှန်း၏ ခြေရာလက်ရာမဆိုထားနှင့်။ လူတစ်ယောက်ပင် ရှိမနေပေ။
စုံထောက်များမှာ တစ်ခန်းလုံးအနှံ့ ရှာဖွေခဲ့ကြသော်လည်း ရှောင်ရှန်းက ထွက်သွားပြီဖြစ်လေရာ သူတို့ ဘာမှရမည်မဟုတ်ကြောင်း သေချာသည်။
ရဲတပ်ဖွဲ့ပေါင်းစုံက ကျိုးစုစုထံသို့ သတင်းပို့ကြသည်။
"သတင်းပို့ပါတယ် ခေါင်းဆောင်ကျိုး... ပထမထပ်မှာ သံသယရှိသူ မရှိပါဘူး"
"သတင်းပို့ပါတယ် ခေါင်းဆောင်ကျိုး... ဒုတိယထပ်မှာ သံသယရှိသူ မရှိပါဘူး"
"သတင်းပို့ပါတယ် ခေါင်းဆောင်ကျိုး... တတိယထပ်မှာ သံသယရှိသူ မရှိပါဘူး"
ကျိုးစုစု၏ မျက်နှာကား မည်းမှောင်သွားသည်။
သူတို့က တကယ်ပဲ ဒီလူ့ကို လွတ်သွားပြီ။
သူ(မ)၏မက်ဆေ့ချ်က ယဲ့ချန်းကို သတင်းပေးလိုက်သလို ဖြစ်သွားမည်ဟု ကျိုးစုစု လုံးဝထင်မည်မဟုတ်ပေ။
သို့သော် ထိုမက်ဆေ့ချ်ကိုသာ ကျေးဇူးတင်ရမည်။ မဟုတ်ပါက သူတို့ ဇွတ်ဝင်သွားခဲ့လျှင် ရှောင်ရှန်း၏ ခွန်အားနှင့်ဆိုပါက သွေးထွက်သံယို သတ်ဖြတ်မှုကြီးတစ်ခု သေချာပေါက် ဖြစ်လာပေမည်။ ခန်းမတစ်ခုလုံးလည်း သွေးချင်းချင်းနီသွားပေလိမ့်မည်။
မစ်ရှင်ကျရှုံးသွားသော်လည်း ကျိုးစုစု စိတ်သက်သာရာရသွားသည်။
မည်သို့ပင်ဆိုစေ နိုင်ငံတကာအဆင့်အေ အလိုရှိ ဝရမ်းပြေးတစ်ယောက်ကို ဖမ်းဆီးရခြင်းမှာ မည်မျှ အန္တရာယ်ကြီးမားကြောင်း သူ(မ) သိထားသည်။
သူ(မ)နှင့် သူ(မ)၏ လုပ်ဖော်ကိုင်ဖက်များ အသက်ပင် စတေးရနိုင်သည်။
ထို့ကြောင့် လူတစ်ယောက်ကိုမှ မဖမ်းမိခဲ့သည့်အတွက် အနည်းငယ် စိတ်ပျက်မိသော်လည်း စိတ်အေးမိသည်။
ကျိုးစုစုက အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"ခန်းမထဲမှာ ထပ်ရှာကြ။ ဘယ်ချောင်ကြိုချောင်ကြားမှ မကျန်စေနဲ့"
တကယ်တော့ စုံထောက်တစ်ယောက်အနေနှင့် သူ(မ)၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဤမစ်ရှင်မှာ ကျရှုံးသွားပြီဖြစ်ကြောင်း ကျိုးစုစု သိထားပြီးဖြစ်၏။
အဆိပ်နှင်းဆီက သတင်းရသွားသဖြင့် ထွက်ပြေးသွားပုံရသည်။
ရဲအရာရှိများ ထပ်မံရှာဖွေခဲ့သော်လည်း ဘာမှရှာမတွေ့သေးပေ။
ထို့နောက် ကျိုးစုစုက ယဲ့ချန်း၏ အနားသို့ ရောက်လာခဲ့သည်။
"ရှင် ဒီမှာ ဘာလုပ်နေတာလဲ"
ကျိုးစုစုက သင်္ကာမကင်းဟန်ဖြင့် မေးလိုက်သည်။
"ဧည့်သည်တစ်ယောက်ကို လိုက်ပို့ပေးတာပါ။ ဧည့်သည်က ခရီးဆောင်အိတ်တွေ အများကြီးပါလာတော့ အပေါ်ရောက်တဲ့အထိ ကူသယ်ပေးလိုက်တာ"
"ရှင့်ဧည့်သည်က ဘယ်အခန်းမှာ တည်းတာလဲ"
"အခန်းနံပါတ်၂၁၈လေ"
ဤစကားကို ကြားသောအခါ ကျိုးစုစု မျက်နှာပျက်သွားသည်။
"ဘာ။ အခန်းနံပါတ်၂၁၈ ဟုတ်လား။ သူက မိန်းမလှလေးတစ်ယောက် မဟုတ်ဘူးလား"
ယဲ့ချန်းက ကျိုးစုစုကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
"အလှလေးတဲ့လား။ အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက်ပါ"
ထိုစကားကို ကြားသောအခါ ကျိုးစုစု တုံ့ခနဲရပ်တန့်သွားသည်။
အဘွားအို ဟုတ်လား။
အသက်နှစ်ဆယ်အရွယ် မိန်းမတစ်ယောက်ဖြစ်ရမည်သာ။ သတင်းအချက်အလက်တွေများ မှားနေတာလား။
ကျိုးစုစုက ဗီဒီယိုကိုစစ်ဆေးရန် အမိန့်ပေးခဲ့သော်လည်း ဟိုတယ်၏ စောင့်ကြည့်ကင်မရာများမှာ မမျှော်လင့်ဘဲ ချို့ယွင်းနေကြောင်း တွေ့လိုက်ရသည်။
ဤသည်မှာ ယဲ့ချန်း၏ လက်ချက်ပင်။ သူသည် ဟက်ကာစွမ်းရည်ကို အသုံးပြု၍ စောင့်ကြည့်ဗီဒီယိုအားလုံးကို ဖျက်ပစ်ခဲ့ခြင်းပင်။
ကျိုးစုစုမှာ ဆွံ့အသွားလေသည်။
"ယဲ့ချန်း... ရှင် ခုနက ပို့ပေးခဲ့တဲ့ ဧည့်သည်က နိုင်ငံတကာအဆင့်အေ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဆိုတာ ရှင်သိရဲ့လား"
ယဲ့ချန်းလည်း အံ့သြချင်ဟန်ဆောင်လိုက်လေသည်။
"အာ... ကြားရတာနဲ့တင် ကြောက်စရာကြီး"
"ရှင်သိလား... ရှင် အသက်ဘေးကနေ သီသီလေး လွတ်လာတာ"
ကျိုးစုစုက ယဲ့ချန်း၏ပခုံးကို ပုတ်၍ ပြောလိုက်သည်။
ယဲ့ချန်းမှာမူ ဆွံ့အသွားလေသည်။
"တက္ကစီဒရိုင်ဘာလုပ်ရတာ အရမ်းအန္တရာယ်များပုံပဲ။ ဒီလိုကြောက်စရာကောင်းတဲ့ ကိစ္စမျိုးနဲ့လည်း ကြုံရတယ်လို့"
ယဲ့ချန်း၏ သရုပ်ဆောင်မှုမှာ အပြစ်ပြောစရာ မရှိပေ။
သူ၏ နတ်ဘုရားအဆင့် သရုပ်ဆောင်ချက်မှာ အလှပြရုံသက်သက် မဟုတ်ကြောင်း ပြသနေချေသည်။
ကျိုးစုစုကလည်း ယဲ့ချန်း၏ မျက်နှာပေါ်ရှိ သံသယဖြစ်စရာ ဘယ်အချက်ကိုမှ သတိမထားမိခဲ့ပေ။
ယဲ့ချန်း ရုတ်တရက် ပြုံးလိုက်၏။
"ဒါနဲ့... ခုနက မက်ဆေ့ချ်ထဲမှာ မင်း ဘာပြောလိုက်တာလဲ။ ကိုယ့်ကိုသဘောကျတယ်ဆိုလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျိုးစုစု၏ ပါးပြင်မှာ နီရဲသွားလေသည်။
ပတ်ပတ်လည်တွင် လုပ်ဖော်ကိုင်ဖက်အများကြီး ရှိနေပေသည်။
သူ(မ)လည်း ယဲ့ချန်းကို ခပ်ပြင်းပြင်း တစ်ချက်ထုလိုက်သည်။
"ကျွန်မ ရှင့်ကို နောက်နေတာပါ"
ယဲ့ချန်းကမူ ခပ်ဟဟ ပြုံးလိုက်လေသည်။
"ဟားဟား... မင်းဘက်က ဖွင့်ပြောလာပြီဆိုတော့ ကိုယ်စဉ်းစားပေးပါ့မယ်လေ"
ထိုအချိန်တွင် ကျိုးစုစု၏ လုပ်ဖော်ကိုင်ဖက် စုံထောက်များမှာ ဆက်သည်းမခံနိုင်တော့ပေ။
ရဲဌာန၏ နတ်ဘုရားမတစ်ပါးဖြစ်သော ကျိုးစုစုကို သဘောကျသူများ မရေမတွက်နိုင်အောင် ရှိ၏။ သို့တိုင် ခေါင်းဆောင်ကိုယ်တိုင်က သူ(မ)၏ခံစားချက်များကို ဖွင့်ပြောလာသည့်တိုင် တစ်ဖက်လူက စဉ်းစားပေးဦးမည်ဟု ပြောနေခြင်းမှာ သက်သက်ပြဿနာရှာနေခြင်း မဟုတ်ပါလော။
••••••••••••••••••••••••