အခန်း ၆၃၇
Vol. 43 Ch. 637
အပိုင်း ၆၃၇ : ဤအမျိုးသားကို ချစ်မိခြင်း
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုလူဆိုးများမှာ အသံထွက်၍ မရယ်ဘဲ မနေနိုင်တော့ပေ။
သူတို့က ရပ်ကွက်တွင်းမှာ နာမည်ကြီးနေသော လူမိုက်များဖြစ်ပြီး ယဲ့ချန်းကမူ တက္ကသိုလ်ပြီးခါစ လူတစ်ယောက်ဖြစ်ကြောင်း သိသာလွန်းသည့်အပြင် တစ်ယောက်တည်းလည်း ဖြစ်နေသေးသည်။
သူ့လို ပျော့ညံ့သည့် ကောင်က သူတို့ကို ရှင်းပစ်မည်ဟု ပြောနေခြင်းမှာ ရယ်စရာကောင်းလှသည်မဟုတ်လော။
ဟွမ်းမောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"ကောင်လေး... မင်းဘာသာ ကိုယ့်သေတွင်းကိုယ် တူးတာနော်။ ငါတို့ကို အဆိုးမဆိုနဲ့"
စကားအဆုံးတွင် ဟွမ်းမောက်က ယဲ့ချန်း၏ မျက်နှာကို ခပ်ကြမ်းကြမ်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဤလူဆိုးများနှင့် ရင်ဆိုင်ရသည်မှာ ယဲ့ချန်းအတွက် မူကြိုကျောင်းသားလေးများနှင့် ရန်ဖြစ်ရသည်ထက် မပိုပေ။
သူက လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး ဟွမ်းမောက်၏ ညာဘက်လက်ကို ဖမ်းဆုပ်လိုက်သည်။
ဟွမ်းမောက် လက်သီးပစ်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းက ထိုလက်သီးကို ဖမ်းဆုပ်လိုက်ကြောင်း သူ မြင်လိုက်ရ၏။ ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ သူ့လက်သီးကို ပြန်ရုပ်၍မရတော့ပါဘဲ ယဲ့ချန်း၏ လက်က သံညှပ်ကြီးတစ်ခုနှယ် တစ်လက်မပင် ရွှေ့မရတော့ခြင်းပင်။
ဟွမ်းမောက်၏ မျက်နှာထက်တွင် ထိတ်လန့်သွားလေဟန် အမူအရာတစ်ခု ပေါ်လာလေသည်။ ဤမျှအင်အားကြီးမားနေလေရာ ဤလူငယ်က ဘယ်လိုလူစားမျိုးလေလဲ။
နောက်တစ်စက္ကန့်တွင် ယဲ့ချန်းက သူ့လက်ကောက်ဝတ်ဖြင့် အင်အားသုံးလိုက်လေရာ ဟွမ်းမောက်၏ ညာလက်ထဲသို့ ပူလောင်သော နာကျင်မှုတစ်ခု ချက်ချင်း စီးဝင်သွားသည်။
"အား... အား..."
နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ ဟွမ်းမောက်ခမျာ မြေပြင်ပေါ်သို့ ဒူးထောက်လျက် လဲကျသွားသည်။
ယဲ့ချန်းက အေးစက်စက်နှာခေါင်းရှုံ့ပြီး ဟွမ်းမောက်၏ ရင်ဘတ်တည့်တည့်ကို ကန်ချလိုက်သည်။
အကန်ခံလိုက်ရသည့် အရှိန်ကြောင့် ဟွမ်းမောက်မှာ ဘောလုံးတစ်လုံးနှယ် လွင့်ထွက်သွားလေသည်။
ထိုအချိန်တွင် အခြားလူဆိုးတစ်ယောက်က သူ့အနောက်မှ ခိုးကြောင်ခိုးဝှက် ဝင်တိုက်ရန် ကြိုးစားခဲ့သော်လည်း ယဲ့ချန်းကမူ တစ်ဖက်လှည့်၍ ဝိုက်လက်သီးဖြင့် ထိုးချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူဆိုးများအားလုံး မြေပြင်ပေါ်၌ နာကျင်စွာ ညည်းညူနေကြတော့သည်။
မိန်းကလေးများကို အနိုင်ကျင့်သော လူဆိုးများအပေါ် ယဲ့ချန်းကတော့ သနားညှာတာခြင်း မရှိပေ။
သူတို့သာ အောင်မြင်သွားလျှင် မိန်းကလေးတစ်ယောက်၏ ဘဝကို ဖျက်ဆီးပစ်နိုင်ပေသည်။
ဤလူများကို နာကျင်မှုဖြင့် သင်ခန်းစာပေးရန် လိုအပ်သည်။
ယဲ့ချန်းက လူဆိုးတစ်သိုက်ကို အမှောက်သိပ်လိုက်ပြီးနောက် စုရှောင်မေ့ကို ကြည့်နေသော နောက်ဆုံးတစ်ယောက်ထံသို့ လျှောက်သွားလိုက်သည်။
ထိုလူဆိုးကလည်း လှည့်ပြေးရန် ကြိုးစားသော်ငြား ယဲ့ချန်းမှာ အလျင်လိုခြင်းမရှိပေ။ သူသည် မြေပြင်ထက်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ ရုတ်တရက် ပစ်ပေါက်လိုက်သည်။
ဗုန်း!
ခုနစ်မီတာရှစ်မီတာခန့်သာ ပြေးရသေးသော ထိုလူဆိုးမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
စုရှောင်မေ့ကမူ ဘေးမှနေ၍ အံ့သြမှင်တက်စွာ ကြည့်နေချေသည်။
ယဲ့ချန်းက အလွန်မိမိုက်လွန်းသည်။
လရောင်အောက်တွင် ယဲ့ချန်း၏ မျက်နှာချောချောလေးက ပို၍ပင် ထင်းထွက်နေသည်။
မိန်းကလေးတိုင်းက သူရဲကောင်းတစ်ယောက်၏ ကယ်တင်ခြင်းကို ခံရရန် အိပ်မက်မက်တတ်ကြသည်။ ယနေ့တွင်မူ စုရှောင်မေ့၏ အိပ်မက်ကား တကယ်ဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ(မ)၏ နှလုံးသားကို တစ်စုံတစ်ခုက ပြင်းပြင်းထန်ထန် လာရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
ယဲ့ချန်းက စုရှောင်မေ့ထံသို့ ရောက်လာပြီး ဆူပူလိုက်၏။
"မိန်းကလေးတစ်ယောက်က အိမ်ပြန်နောက်ကျတဲ့အပြင် ဒီလိုလူရှင်းတဲ့နေရာမျိုးကိုတောင် လာတယ်ပေါ့"
"ကျွန်မ..."
စုရှောင်မေ့ မျက်နှာနီမြန်းသွားသည်။
ယဲ့ချန်းက လက်ကာပြ၍ ပြောလိုက်၏။
"ကဲပါ...နောက်တစ်ခါ ဒီလိုမလုပ်နဲ့တော့။ မင်း အဆင်ပြေရဲ့လား။ ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်"
"ဟုတ်ကဲ့"
စုရှောင်မေ့ကလည်း နာခံကျိုးနွံစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဲ့ချန်း၏ ကားပေါ်သို့ တွေဝေငေးမောရင်း လိုက်ပါသွားသည်။
ယဲ့ချန်း ကားစက်နှိုးလိုက်ချိန်ဝယ် စုရှောင်မေ့လည်း အသိပြန်ဝင်လာသည်။
"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းသာ ရောက်မလာခဲ့လျှင် ယနေ့ သူ(မ) လည်း ထိုလူဆိုးများ၏ အကြမ်းဖက်မှုကို ခံရနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းက အချိန်မီ ရောက်လာပြီး လူဆိုးများကို ရှင်းလင်းကာ သူ(မ)ကို ကယ်တင်ပေးခဲ့သည်။
ဒါပေမဲ့ ယဲ့ချန်းက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာရတာလဲ။
"ယဲ့ချန်း... ဒါနဲ့ ရှင်က ဘာလို့ ဒီကိုရောက်နေတာလဲ"
စနစ်၏ သတိပေးချက်ကြောင့်ဟု ယဲ့ချန်းကတော့ ပြောမည်မဟုတ်ပေ။
"ဒီနားက ဖြတ်သွားရင်းနဲ့ အကူအညီတောင်းနေတဲ့အသံကြားလို့လေ။ မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
စုရှောင်မေ့က ပြောလိုက်လေသည်။
"ရှင်ရောက်လာလို့ တော်သေးတာပေါ့။ နောက်ဆို ဒီလောက်မိုးချုပ်မှ အိမ်မပြန်ရဲတော့ဘူး"
ယဲ့ချန်းက ကားမောင်းနေပြီး စုရှောင်မေ့ကမူ သူ(မ)ဘေးရှိ ယဲ့ချန်းကို ငေးကြည့်နေမိသည်။
ယခုအချိန်တွင် ယဲ့ချန်းသည် စတီယာရင်ကို ကိုင်ထားပြီး အရှေ့ရှိ လမ်းကို ကြည့်နေချေသည်။ သူ့ဘေးတိုက်မျက်နှာလေးမှာ အလွန် ချောမောခန့်ညားနေတော့သည်။
ဤအမျိုးသားက အလွန်တရာ ဆွဲဆောင်မှုရှိလွန်းသည်။
ဤမျှပြီးပြည့်စုံသော အမျိုးသားကို ယခင်က မတွေ့ခဲ့ဖူးသလိုပင် စုရှောင်မေ့ ခံစားနေရသည်။
ယနေ့ သူ(မ)အတွက် ယဲ့ချန်း ယူဆောင်လာပေးသည့် သက်ရောက်မှုက ကြီးမားလွန်းလှသည်။
စိတ်ပျက်အားငယ်နေချိန်တွင် သူရဲကောင်းတစ်ယောက်က လာကယ်တင်သည်ကို မြင်လိုက်ရသဖြင့် ယဲ့ချန်းအပေါ် မေတ္တာသက်ဝင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာသည်။
ယဲ့ချန်းက ကားရပ်လိုက်ပြီးနောက် ပြုံးပြလိုက်၏။
"အလှလေး... ကြည့်လို့ဝပြီလား။ အိမ်ပြန်ရောက်ပြီလေ"
စုရှောင်မေ့၏ မျက်နှာကား ညနေဆည်းဆာအလား နီမြန်းသွားချေသည်။
ရုပ်ရည်ရမှတ်၉၈ရှိသော စုရှောင်မေ့သည် ရှက်သွေးဖြာနေသော အမူအရာဖြင့် ပို၍ပင် ဆွဲဆောင်မှုရှိနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းတွင် ရုပ်ရည်ရမှတ်၉၈ကျော်သော အလှလေးများကို ခံနိုင်ရည်ရှိနေသဖြင့် သူ့မျက်နှာပေါ်တွင် ဘာစိတ်ခံစားချက်မှ သိပ်မပြခဲ့ပေ။
"ဒါဆို ကျွန်မ သွားတော့မယ်"
စုရှောင်မေ့က ညင်သာစွာ ပြောလိုက်သည်။
"အင်း... မှတ်ထားနော်။ ညဉ့်နက်သန်ခေါင်ကြီး အပြင်လျှောက်မသွားနဲ့။ အန္တရာယ်များတယ်"
စုရှောင်မေ့ကလည်း ဆံပင်သပ်တင်ပြီး ခေါင်းညိတ်ပြလိုက်၏။
"ကျေးဇူးတင်ပါတယ်။ ကျွန်မ သိပါပြီ။ နောက်ဆို အရမ်းမိုးချုပ်မှ အပြင်မထွက်တော့ပါဘူး"
ယနေ့ကား တကယ် အန္တရာယ်များလွန်းလှသည်။
ယဲ့ချန်းသာ ပေါ်မလာခဲ့လျှင် အကျိုးဆက်များကို တွေးကြည့်၍ပင် ရမည်မဟုတ်ပေ။
"တာ့တာ... အလှလေး"
ယဲ့ချန်းက လက်ပြနှုတ်ဆက်၍ ပြန်ရန် ပြင်လိုက်သည်။
ယဲ့ချန်း ကားစက်နှိုးရန် ပြင်လိုက်ချိန်တွင် စုရှောင်မေ့က ရုတ်တရက်ပြောလိုက်၏။
"ယဲ့ချန်း... လက်ဖက်ရည်တစ်ခွက်လောက် သောက်သွားပါဦးလား"
စုရှောင်မေ့၏ စကားကို ကြားသောအခါ ယဲ့ချန်း အံ့သြသွားသည်။
စုရှောင်မေ့ကမူ ပို၍ စိုးရိမ်ပူပန်လာသည်။
မည်သို့ပင်ဆိုစေ ညဉ့်နက်သန်းခေါင်အချိန် ယောက်ျားတစ်ယောက်ကို အိမ်ထဲသို့ ဖိတ်ခေါ်ခြင်းမှာ အနည်းငယ်တော့ ရည်ရွယ်ချက်ရှိနေပုံ ပေါ်သည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"မိုးချုပ်နေပြီလေ။ မင်းက ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်မှာ မကြောက်ဘူးလား"
"မကြောက်ပါဘူး"
စုရှောင်မေ့က ရှက်ရဲရဲဖြင့် ပြောလိုက်သည်။
အမှန်တကယ်လည်း သူသာ ဝံပုလွေတစ်ကောင် ဖြစ်နေလျှင်ပင် စုရှောင်မေ့မှာ ယဲ့ချန်းထံတွင် အစားခံရန် ဆန္ဒရှိပေသည်။
တစ်ညလုံး တက္ကစီမောင်းထားရသဖြင့် ယဲ့ချန်း တကယ်ရေဆာနေသောကြောင့် ကားစက်ကို ပြန်ပိတ်လိုက်၏။
"ဒါဆိုလည်း မင်းရဲ့ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါ့မယ်"
"ဒီနေ့ ရှင်က ကျွန်မကို ကယ်ပေးခဲ့တာပဲ။ ကျွန်မက ရှင့်ကို ကျေးဇူးတင်ရမှာပေါ့။ ဘာလို့ ကျွန်မကို အားနာနေတာလဲ"
ယဲ့ချန်း ကားပေါ်မှ ဆင်းလိုက်သည်။
ညဉ့်နက်ချိန်ကြီး အလှလေးက သူ့ကို အိမ်ထဲဖိတ်ခေါ်ခြင်းမှာ သူ့အပေါ် ခံစားချက်ရှိနေ၍များလားဟု စိတ်ထဲတွင် တွေးတောနေမိသည်။
စုရှောင်မေ့၏ အချိုးအစားကျနသော ခန္ဓာကိုယ်ကို ကြည့်ရင်း ယဲ့ချန်းမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲနေပေသည်။
စုရှောင်မေ့က တံခါးဖွင့်ပြီး ပြုံးပြလိုက်သည်။
"ဝင်ခဲ့လေ"
အခန်း၏ အပြင်အဆင်မှာ အလွန်သက်သောင့်သက်သာရှိပြီး ပန်းရောင်သမ်းနေသဖြင့် မိန်းကလေးတစ်ယောက်၏ အခန်းမှန်း သိသာလွန်းလှသည်။
အထဲဝင်ပြီးနောက် စုရှောင်မေ့က ယဲ့ချန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။
ရနံ့လေးတစ်ခု သင်းပျံ့လာသဖြင့် ယဲ့ချန်း၏ အတွေးများ လွင့်မျောသွားသည်။
လေထုမှာ ရုတ်ခြည်း နေရခက်သွားသည်။
ထိုအချိန်တွင် ယဲ့ချန်းသည် သူ့အောက်ရှိ တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် လက်လှမ်း၍ ဆွဲယူလိုက်သည်။
ယဲ့ချန်းကိုင်ထားသည့် အရာကို မြင်လိုက်ရသောအခါ စုရှောင်မေ့၏ မျက်နှာကား နီရဲသွားသည်။
သူ(မ)လည်း ထိုအရာကို လုယူပြီး ရေချိုးခန်းထဲသို့ ကမန်းကတန်း ပြေးဝင်သွားသည်။
ဤကောင်မလေးက ဤသို့သော ပစ္စည်းမျိုးကို တွေ့ရာနေရာတွင် ထားလိမ့်မည်ဟု မထင်ထားသဖြင့် ယဲ့ချန်းမှာ အလွန်ရှက်ရွံ့နေတော့သည်။
ရေချိုးခန်းထဲတွင် ပုန်းနေသော စုရှောင်မေ့ခမျာ လက်ထဲရှိပစ္စည်းကို ကြည့်ရင်း ဤပစ္စည်းမှာ ယဲ့ချန်းကိုင်လိုက်သော ပစ္စည်းဟု တွေးမိသဖြင့် ရှက်သွေးဖြာနေတော့သည်။
သူ(မ) အစောကတည်းက အခန်းရှင်းထားသင့်သည်။ ယခုမူ အလွန်ရှက်စရာကောင်းလှသည်။
သို့သော် ဖြစ်ပြီးသွားချေပြီ။ ယခုမှ နောင်တရနေလည်း နောက်ကျသွားလေပြီ။
သူ(မ)ကိုယ်သူ(မ) တည်ငြိမ်သွားစေရန် မျက်နှာသစ်ပြီးနောက် မှန်ထဲရှိ သူ(မ)ကိုယ်သူ(မ) ကြည့်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤသို့သောပစ္စည်းမျိုးက မိန်းကလေးများအတွက် ကိုယ်ရေးကိုယ်တာ ကိစ္စပင်။ ယောက်ျားတစ်ယောက်၏ လက်ထဲတွင် ရှိနေခြင်းကား သေချာပေါက် ရှက်စရာကောင်းလှသည်။
စုရှောင်မေ့က သူ(မ)ကိုယ်သူ(မ) ပြောလိုက်လေသည်။
"ရှောင်မေ့... နင် တည်ငြိမ်မှဖြစ်မယ်။ ဒါက ဘာအရေးကြီးလို့လဲ။ ယဲ့ချန်းက လူကောင်းတစ်ယောက်ပါ။ သူ မကောင်းမြင်မှာ မဟုတ်ဘူး"
ထိုအခိုက်အတန့်တွင် စုရှောင်မေ့၏ စိတ်ထဲ၌ ယဲ့ချန်း၏ ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ယဲ့ချန်းက လူဆိုးများကို သတ္တိရှိရှိ ရင်ဆိုင်ပြီး သူ(မ)ကို ကယ်တင်ပေးခဲ့သည့်အပြင် သူတို့ အတူဖြတ်သန်းခဲ့သည့် အခိုက်အတန့်တိုင်းကိုပါ အမှတ်ရမိသည်။
စုရှောင်မေ့မှာ အနည်းငယ်ပင် တွေဝေသွားသည်။
သူ(မ) ဘာဖြစ်နေတာလဲ။ ဒါက တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတဲ့ ခံစားချက်မျိုးများလား။
ထိုအခိုက်အတန့်ဝယ် သူ(မ)သည် ဤအမျိုးသားကို ပြန်ရုပ်သိမ်း၍ မရတော့အောင် ချစ်မိသွားပြီဖြစ်ကြောင်း စုရှောင်မေ့ သဘောပေါက်လိုက်သည်။
•••••••••••••••••••••••