← Chapters

အခန်း ၆၃၈

Vol. 43 Ch. 638

အခန်း ၆၃၈

Vol. 43 Ch. 638

အပိုင်း ၆၃၈ : အခွင့်အရေးကို အမိအရဆုပ်ကိုင်ခြင်း

စုရှောင်မေ့ခမျာ ရေချိုးခန်းထဲတွင် အတော်ကြာအောင် တွေဝေနေပြီးမှ အပြင်ထွက်လာခဲ့သည်။

စုရှောင်မေ့၏ မျက်နှာမှာ ပိုနီရဲနေကြောင်း ယဲ့ချန်း သတိထားမိလိုက်သဖြင့် ကိုယ်တိုင်လည်း အနည်းငယ် နေရခက်သွားသည်။

မည်သို့ပင်ဆိုစေ သူ့အနေနှင့် မကိုင်သင့်သည့် အရာတစ်ခုကို မတော်တဆ ကိုင်မိသွားခဲ့သည်မဟုတ်လော။

အခန်းထဲရှိ လေထုမှာ အစောကတည်းက မရေမရာဖြစ်နေလေရာ ယခုမူ ပိုဆိုးလာသည်။

ယဲ့ချန်းက သူ့ဖန်ခွက်ထဲရှိ ရေကို မော့သောက်လိုက်ပြီးနောက် ပြုံးစစဖြင့် ပြောလိုက်သည်။

"ကဲ... မိုးလည်းချုပ်နေပြီဆိုတော့ မင်းလည်း စောစောနားတော့လေ။ ကိုယ် ပြန်တော့မယ်"

သို့သော် ထိုအချိန်မှာပင် စုရှောင်မေ့က စိတ်လွင့်နေသလားမသိ။ ရေချိုးခန်းအဝရှိ စိုစွတ်စွတ် ကြမ်းပြင်ပေါ်တွင် ခြေချော်၍ ဘန်းခနဲ လဲကျသွားသည်။

ယင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်းက အမြန်ပြေးသွားပြီး စုရှောင်မေ့ လဲမကျခင်လေးမှာပင် ဖမ်းထိန်းပေးလိုက်သည်။

ယဲ့ချန်းထံတွင် ပွေ့ဖက်ခံထားရချိန်ဝယ် စုရှောင်မေ့ခမျာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ချောမောလှသော သူ့မျက်နှာကို ကြည့်ရင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။

နောက်တစ်နေ့မနက် ယဲ့ချန်း စုရှောင်မေ့၏ အိမ်က ထွက်လာစဉ် ဖုန်းဝင်လာသည်။

ယန်းမီမီထံမှ ဖုန်းခေါ်ဆိုမှုပင်။

"ယဲ့ချန်း... ကျွန်မ မီမီပါ။ ဒါနဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မတို့ပြောထားတဲ့ ရုပ်ရှင်ကို ရိုက်ဖို့ကိစ္စလေ... ရှင် အားလား"

ထိုအခါမှသာ ယဲ့ချန်းလည်း ယခင်က ပြောခဲ့ဖူးသော 'တော်ဝင်ကျောက်စိမ်းနှလုံးသား' ဇာတ်လမ်း ရိုက်ကူးမည့်အကြောင်း သတိရသွားသည်။

"ကိုယ် အခုတလော နည်းနည်းအလုပ်များနေလို့။ အချိန်မရလောက်ဘူးထင်တယ်"

ယဲ့ချန်းလည်း အကျပ်ရိုက်နေဟန်ဖြင့် ပြန်ပြောလိုက်၏။

"ဟာ ယဲ့ချန်းကလည်း.. ကျွန်မကို ကူညီပါနော်။ ဒါရိုက်တာက ဒီဇာတ်ကောင်နေရာမှာ ရှင်ကလွဲပြီး တခြားဘယ်သူမှ မဖြစ်နိုင်ဘူးလို့တောင် ပြောထားတာ"

ယဲ့ချန်းအား ဤဇာတ်ကောင်နေရာ၌ သရုပ်ဆောင်ရန် ဖျောင့်ဖျပေးဖို့ ဒါရိုက်တာက ယန်းမီမီကို တင်းတင်းကျပ်ကျပ် အမိန့်ပေးထားသဖြင့် ယန်းမီမီတွင် အခြားရွေးချယ်စရာ မရှိပေ။

ထို့ပြင် ယဲ့ချန်းကလည်း အမှန်တကယ် ချောမောခန့်ညားလွန်းလှသည်ဖြစ်ရာ ယန်းမီမီကိုယ်တိုင်လည်း သူနှင့် တွဲဖက်လုပ်ကိုင်ရန် အလွန် စိတ်အားထက်သန်နေသည်။

ယန်းမီမီမှာ ယဲ့ချန်းနှင့် သိပ်မရင်းနှီးသေးသော်လည်း ချောမောခန့်ညားသော ဤအမျိုးသားအပေါ် အမြင်ကောင်းရှိသည်။

ယခုလို အတူတူအလုပ်လုပ်ရမည့် ရှားပါးလှသော အခွင့်အရေးကို ယန်းမီမီက မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

ယန်းမီမီက ဆက်မေးလိုက်၏။

"ဒါနဲ့ ရှင် ဇာတ်ညွှန်းဖတ်ပြီးပြီလား။ ဇာတ်ညွှန်းက ဘယ်လိုနေလဲ"

ယဲ့ချန်းလည်း ကြိတ်ရယ်လိုက်သည်။

ဒီဇာတ်ညွှန်းကို ငါရေးထားတာလေ...

"အင်း... ဖတ်ပြီးပြီ။ အရမ်းမိုက်တယ်"

ယဲ့ချန်းက မရှက်ပါဘဲ သူ့ကိုယ်သူ ပြန်ချီးမွမ်းလိုက်သည်။

"အစ်ကိုချန်းရယ်... ကျွန်မနဲ့ ဇာတ်ကားလေး တစ်ကားလောက် ရိုက်ပေးပါနော်။ ကျွန်မရဲ့ အကြီးမားဆုံးအိပ်မက်က အစ်ကို့လို လူချောလေးနဲ့ ဇာတ်ကားတစ်ကား ရိုက်ဖို့ပဲ"

ယန်းမီမီက ချွဲနွဲ့စပြုလာသည်။

ယဲ့ချန်းတွင် ရွေးချယ်စရာ မရှိတော့ပေ။ ရိုးရိုးသားသားပြောရလျှင် သူသည် ဤကဲ့သို့သော ဇာတ်လမ်းတွဲများ ရိုက်ကူးရာတွင် မပါဝင်ချင်ပေ။

သူ့အနေနှင့် သူ့ဆွဲဆောင်မှုတန်ဖိုးကို ချိန်ညှိနိုင်သဖြင့် ဇာတ်ကားထွက်လာလျှင်ပင် ဆွဲဆောင်မှုကို လျှော့ချထားလိုက်ပါက သူ့ကို တီဗီစတားမှန်း မည်သူမှ သိနိုင်မည် မဟုတ်သော်လည်း အချိန်ကုန်လွန်းလှသည်။

သို့သော် ယဲ့ချန်းက ယန်းမီမီ၊ သုန်းရှောင်ယာတို့နှင့် ဆက်ဆံရေးကောင်းသည်။ ယမန်နေ့ကလည်း သုန်းရှောင်ယာက ဖုန်းဆက်ထားသေးလေရာ ငြင်းပယ်ရန်ကား မသင့်တော်လှပေ။

ယန်းမီမီက ဆက်ပြောလိုက်သည်။

"အစ်ကိုယဲ့ချန်းရယ်... ကျွန်မက အစ်ကိုလို့တောင် ခေါ်နေပြီပဲ။ ပြီးတော့ အဋ္ဌမမင်းသားနေရာအတွက် အစ်ကိုက အကိုက်ညီဆုံးလို့ ထင်တယ်။ အစ်ကို့ရဲ့ အရှိန်အဝါနဲ့ ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ရိုက်ကူးရေးက အရမ်းလွယ်ပါတယ်။ တစ်ရက်ကို နှစ်နာရီလောက်ပဲ အချိန်ပေးရမှာပါ"

ယဲ့ချန်း သက်ပြင်းချလိုက်သည်။ မီမီက ဤမျှအထိ ပြောနေမှတော့ သူ့အတွက် ငြင်းဆန်စရာ အကြောင်းမရှိတော့ပေ။

ထိုဇာတ်ညွှန်းမှာ ယဲ့ချန်း ရေးသားထားခြင်းဖြစ်ပြီး သူနှင့် ယန်းမီမီတို့၏ အခန်းများစွာ ပါဝင်သည့်အပြင် အနမ်းခန်းများလည်း မနည်းမနော ပါဝင်သည်။

ဒီကောင်မလေးက သူ့ကို သဘောကျနေလို့များ အခွင့်အရေး ယူချင်နေတာလား။

ယဲ့ချန်း၏ အတွေးများကိုသာ ယန်းမီမီ၏ ပရိသတ်များ သိသွားပါက သူ့ကို သတ်ပစ်ချင်ကြပေမည်။

ပရိသတ်များမှာ ယန်းမီမီနှင့် တွေ့ရုံဖြင့်ပင် အလွန် စိတ်လှုပ်ရှားနေကြသည်။ သို့သော် သူ(မ)နှင့် အနမ်းခန်းများကို ရိုက်ကူးခွင့်ရမည့် ယဲ့ချန်းကတော့ စိတ်ညစ်နေဟန်တူသည်။

ယန်းမီမီကလည်း ယဲ့ချန်း၏ အဖြေကို စောင့်ရင်း စိုးရိမ်နေပေသည်။

"တင်! စနစ်ရဲ့ တာဝန်တစ်ခုကို လက်ခံရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ကြည့်ရှုသူ ၃ဘီလျံရရှိမယ့် တီဗီဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ပါ။ တာဝန်ပြီးမြောက်ပါက ဆုမဲဖောက်ခွင့်တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်။ တာဝန်ကျရှုံးပါက တစ်ပတ်တိတိ ဝမ်းလျှောပါလိမ့်မယ်" (ဤတာဝန်အား ငြင်းပယ်၍မရပါ)

ယဲ့ချန်း : "..."

သောက်ကျိုးနည်း...

ယနေ့မှ စနစ်က တာဝန်တစ်ခုကို ချပေးလာသည်။

ကြည့်ရှုသူ ၃ဘီလျံရမယ် ဟုတ်လား။ ဒီနှစ်ရဲ့ နာမည်အကြီးဆုံး ဇာတ်လမ်းတွဲတောင် ကြည့်ရှုသူ၁ဘီလျံပြည့်ဖို့ မနည်းရုန်းနေရတာကို။

ယဲ့ချန်း သက်ပြင်းချလိုက်၏။

"ကောင်းပြီလေ။ ငါ လက်ခံတယ်"

"ရေး... ကျေးဇူးပါပဲ အစ်ကိုယဲ့ချန်း။ အခုချက်ချင်း ဒါရိုက်တာကို သွားပြောလိုက်ဦးမယ်"

ယဲ့ချန်းမှာ ဆွံ့အသွားလေသည်။ ဤကောင်မလေးက ယခုလေးတင် အလွန်ချစ်စရာကောင်းပြီး ချိုသာနေပေသည်။ ယခုမူ အလွန်စိတ်လှုပ်ရှားနေပြန်သည်။

သူ(မ)က စင်စစ် သရုပ်ဆောင်ကောင်း တစ်ယောက်ပင်။

ယခင်ဘဝက နန်းတွင်းဇာတ်လမ်းတွဲသည် ကောင်းမွန်သည့် အဆင့်သတ်မှတ်ချက်များကို ရရှိခဲ့သည်။

သူ၏ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်ဖြင့် ပါဝင်သရုပ်ဆောင်မည်ဆိုလျှင် ပိုမိုမြင့်မားသော အဆင့်သတ်မှတ်ချက်များကို ဆွဲဆောင်နိုင်မည်ဟု ယဲ့ချန်း ယုံကြည်သည်။

ထို့ပြင် ဤဇာတ်လမ်း၏ ဇာတ်ညွှန်းကို သူကိုယ်တိုင် ရေးသားထားခြင်းဖြစ်ပြီး သူ့ကုမ္ပဏီက ထုတ်လုပ်ခြင်းပင်။ အရေးကြီးဆုံးအချက်မှာ ပြီးမြောက်ရမည့် တာဝန်တစ်ခု ရှိနေသောကြောင့် သူ့အနေနှင့် သရုပ်ဆောင်ချင်သည်ဖြစ်စေ၊ မဆောင်ချင်သည်ဖြစ်စေ သရုပ်ဆောင်ရမည်သာ။

သို့သော် ယဲ့ချန်းကို စိတ်ရှုပ်ထွေးစေသည့် အရာမှာ စနစ်သည် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များအတွက်သာ ဆုလာဘ်များ ပေးလေ့ရှိရာမှ ယခုမူ ရုတ်တရက်ဆိုသလို စနစ်၏ တာဝန်တစ်ခု ပေါ်လာခဲ့သည်။

ယန်းမီမီကမူ အလွန်ပျော်ရွှင်နေပေသည်။

မည်သို့ပင်ဆိုစေ သူ(မ)အနေနှင့် ယဲ့ချန်း၏ နောက်ခံအကြောင်း အနည်းငယ် သိထားသည်။

သူသည် ငွေကို ဂရုမစိုက်ပေ။ သူ့အတွက် သရုပ်ဆောင်ခြင်းမှာ ဖျော်ဖြေရေးတစ်ခုသက်သက်သာ ဖြစ်၏။

ဖျော်ဖြေရေးလောကရှိ လူများမှာ ပရိသတ်များ၏ ရှေ့တွင် တောက်ပနေပုံပေါ်သော်လည်း ဤသို့သော လူကုံထံကြီးများ၏ ရှေ့တွင်မူ သူတို့သည် အမှန်စင်စစ် ဘာမှမဟုတ်ပေ။

သူ(မ)နှင့် မသိကျွမ်းပါက သူကလည်း ဤဇာတ်ကောင်နေရာကို လက်ခံမည်မဟုတ်ချေ။

ဒါရိုက်တာပေးထားသည့် တာဝန်ကို ပြီးမြောက်သွားသဖြင့် ယန်းမီမီမှာ စိတ်သက်သာရာရသွားသည်။

တကယ်တော့ စနစ်၏ တာဝန်ကြောင့်သာ ယဲ့ချန်းက လက်ခံလိုက်ခြင်းပင်။

ထိုသို့မဟုတ်ပါက သူ့တွင် ပိုအရေးကြီးသည့် အရာများရှိနေသဖြင့် ဇာတ်လမ်းတွဲရိုက်ရန် အချိန်ရှိမည် မဟုတ်ပေ။

ယန်းမီမီ၏ ပွင့်လင်းတက်ကြွသော စရိုက်လေးကြောင့် သူ(မ)နှင့် ဇာတ်ကားရိုက်ရသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းမည်ဟု တွေးရင်း ယဲ့ချန်းက ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။

ယန်းမီမီက ဒါရိုက်တာကျားရွေ့ကို သွားရှာလိုက်သည်။

"ဒါရိုက်တာ... ဒါရိုက်တာ။ ရှင့်အတွက် သတင်းကောင်းတစ်ခု ရှိတယ်"

ကျားရွေ့က ယန်းမီမီကို ခပ်ဖျော့ဖျော့ ပြုံးလျက် ကြည့်လိုက်လေသည်။

"ဘာကြောင့်များ မင်း ဒီလောက်တောင် ပျော်နေတာလဲ"

ဒါရိုက်တာကျားက ယန်းမီမီကို အလွန်သဘောကျသည်။

ယန်းမီမီက အလွန်နာမည်ကြီးနေသော်လည်း သူ(မ)၏ သရုပ်ဆောင်လုပ်ငန်းကို အလေးအနက်ထားပြီး နာမည်ကြီးတို့၏ အကျင့်ဆိုးမျိုးများလည်း သူ(မ)တွင် မရှိပေ။

အရေးအကြီးဆုံးအချက်မှာ သူ(မ)၏ ရွှင်လန်းတက်ကြွသော စရိုက်လေးပင်။

သို့သော် ဤအချက်ကြောင့်ပင် အွန်လိုင်းပေါ်တွင် ယန်းမီမီနှင့် ပတ်သက်၍ ကောလာဟလအမြောက်အမြား ထွက်ပေါ်နေသည်။

ကျားရွေ့က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။

"မင်းကို ဒီလောက်တောင် ပျော်အောင်လုပ်တာ ဘာကိစ္စများလဲ"

ယန်းမီမီက ပြုံးစစဖြင့် ပြောလိုက်သည်။

"ယဲ့ချန်းက သရုပ်ဆောင်ဖို့ သဘောတူလိုက်ပြီ။ ဟိုနေ့က ဒါရိုက်တာ မျက်စိကျသွားတဲ့ သရုပ်ဆောင်လေ"

"တကယ်လား"

ယန်းမီမီ၏ စကားကို ကြားသောအခါ ဒါရိုက်တာကျား ဝမ်းသာသွားသည်။

"ကျွန်မက ဘာလို့လိမ်ရမှာလဲ။ အခုလေးတင် သူ့ကို ဆက်သွယ်လိုက်တာ။ သူက အဋ္ဌမမင်းသားနေရာမှာ သရုပ်ဆောင်ဖို့ ဆန္ဒရှိတယ်တဲ့"

ကျားရွေ့က ကြားကြားချင်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

"အရမ်းကောင်းတာပေါ့။ သူသာ ပါမယ်ဆိုရင် ငါတို့ရဲ့ ဇာတ်လမ်းတွဲက သေချာပေါက် အောင်မြင်မှာ"

နောက်ပိုင်းတွင် ကျားရွေ့ကလည်း ယဲ့ချန်း၏ စွမ်းဆောင်ရည်များကို သိလာသည်။

ဤသို့သော လူကုံထံတစ်ယောက်ကို သရုပ်ဆောင်ခိုင်းရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။

ယန်းမီမီက ပျော်ရွှင်စွာ ပြောလိုက်လေသည်။

"ဒါပေါ့... ကျွန်မက ဩဇာညောင်းတယ်လေ။ အဲဒါကြောင့် ဒါရိုက်တာ ကျွန်မကို ဆုကြီးကြီးချသင့်တယ်"

"လူပါးဝတဲ့ ဒီကောင်မလေးကတော့... ကောင်းပြီလေ။ ဒီနေ့ မင်းကို နေ့တစ်ဝက်နားခွင့်ပေးမယ်"

"ကျေးဇူးပါပဲ ဒါရိုက်တာ"

ကျားရွေ့က ယန်းမီမီကို အလွန်မြတ်နိုးစွာ ကြည့်လိုက်လေသည်။

ယဲ့ချန်းက ငွေမလိုကြောင်း သူ(မ) သိထားသည်ဖြစ်ရာ သူ့ဘက်က သဘောတူလိုက်ခြင်းကား ယန်းမီမီကို သဘောကျနေ၍များလား။

ယခုလိုချစ်စရာကောင်းသည့် စရိုက်လေးနှင့် ရုပ်ရည်မျိုးကြောင့် ယဲ့ချန်းလို ချောမောခန့်ညားသောကောင်လေးတစ်ယောက်ရှိသည့် လူကုံထံမိသားစုထဲကို ဝင်ရသည်မှာလည်း ဆိုးတော့ မဆိုးလှပေ။

"မီမီ... ကြိုးစားထား။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ထား"

ယန်းမီမီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ကဲ့... ဒီဇာတ်ကောင်နေရာမှာ ကောင်းကောင်း သရုပ်ဆောင်နိုင်အောင် ကျွန်မ ကြိုးစားပါ့မယ်"

ကျားရွေ့က ခေါင်းခါလိုက်လေသည်။

"ငါက ဇာတ်ရုပ်ကို သေချာသရုပ်ဆောင်ဖို့ချည်း သက်သက် ပြောတာမဟုတ်ဘူး။ ငါဆိုလိုချင်တာက မင်းမှာ ရည်းစားမရှိသေးဘူးမလား"

ကျားရွေ့၏ စကားကို ကြားသောအခါ ယန်းမီမီမှာ ချစ်စဖွယ်ကောင်းအောင် ရှက်သွေးဖြန်းသွားလေသည်။

••••••••••••••••••••••••••

All Chapters