အခန်း ၆၃၉
Vol. 43 Ch. 639
အပိုင်း : သူပဲဖြစ်ရမယ်
ဒါရိုက်တာကျား၏ စကားကို ကြားပြီးနောက် ယန်းမီမီ၏မျက်နှာကား နီမြန်းသွားသည်။
သူ(မ) ယခင်က အနမ်းခန်း တစ်ခါမှ မရိုက်ဖူးသော်လည်း ဤတစ်ကြိမ် ယဲ့ချန်းနှင့်အတူ အလုပ်လုပ်ရမည်ဖြစ်ရာ ရုတ်တရက်ဆိုသလို စမ်းကြည့်ချင်စိတ် ပေါ်လာခဲ့သည်။
နောက်တစ်နေ့တွင် ယဲ့ချန်း ရိုက်ကွင်းသို့ ရောက်လာခဲ့သည်။
အခန်းများအားလုံးကို ပြင်ဆင်ထားပြီးဖြစ်ရာ အရာအားလုံး အသင့်ဖြစ်နေချေပြီ။ ယဲ့ချန်း ရောက်လာမည့်အချိန်ကိုသာ စောင့်နေခြင်းပင်။
ကျားရွေ့လည်း အလွန်ပျော်ရွှင်နေသည်။
ယဲ့ချန်းသာ အဋ္ဌမမင်းသားနေရာတွင် သရုပ်ဆောင်မည်ဆိုပါက ထူးချွန်သော မင်းသမီးတချို့နှင့်ပါ ပေါင်းစပ်လိုက်လျှင် ဤဇာတ်ညွှန်းက သေချာပေါက် အောင်မြင်မည်ဟု သူ(မ)ယုံကြည်ထားသည်။
ယန်းမီမီက ပြောလိုက်လေသည်။
"ဒါရိုက်တာကျား... ကျွန်မ အခုလေးတင် ယဲ့ချန်းနဲ့ အဆက်အသွယ်ရတယ်။ သူ လာနေပြီတဲ့။ ဒါပေမဲ့ ကားနည်းနည်း ပိတ်နေလို့တဲ့"
"ကောင်းပါပြီ။ သိပြီ။ သူ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်နိုင်သရွေ့ အဆင်ပြေတယ်"
ထိုအချိန်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
ဗိုက်ရွှဲရွှဲ အမျိုးသားတစ်ယောက် ဝင်လာလေသည်။
သူ့ဘေးတွင် အလွန်ချောမောသော နာမည်ကြီးသရုပ်ဆောင် လူငယ်တစ်ယောက် ပါလာချေသည်။
ဝင်လာသူကို မြင်သောအခါ ကျားရွေ့က အမြန်မတ်တတ်ရပ်လိုက်သည်။
"ဥက္ကဋ္ဌဟူ... ရှင်ကိုး"
ဥက္ကဋ္ဌဟူဘေးရှိ သရုပ်ဆောင်လူငယ်လေးမှာ ယန်းမီမီကို မြင်သောအခါ မျက်နှာတစ်ခုလုံး ဝင်းလက်သွားသည်။
တစ်ဖက်လူထံမှ မလိုလားအပ်သော အကြည့်ကို ယန်းမီမီ ခံစားမိလိုက်သဖြင့် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ဟူထျန်းက ကျားရွေ့ကို ကြည့်၍ ပြောလိုက်သည်။
"ဒါရိုက်တာကျား... မင်းသားက မရောက်သေးဘူး။ ခင်ဗျားက ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီလား"
ကျားရွေ့လည်း ဟူထျန်းဘေးရှိ သရုပ်ဆောင်လေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူတို့၏ ရည်ရွယ်ချက်ကို သူ(မ) သိထားပြီးဖြစ်၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က လူတစ်ယောက်သည် ဤသရုပ်ဆောင်လူငယ်ကို သူ(မ)ထံ အကြံပြုခဲ့သော်လည်း သူ(မ)ကတော့ ငြင်းပယ်ခဲ့သည်။
ယနေ့ ရင်းနှီးမြှုပ်နှံသူက သူ့ကို ခေါ်လာခြင်းမှာ အတင်းအကျပ် ဝင်ရောက်ရန် ဖိအားပေးနေခြင်းပင်။
သူ(မ)၏စိတ်ထဲ မပျော်သော်လည်း ဤလုပ်ငန်းရှင်မှာ ကျားရွေ့အနေနှင့် ပြစ်မှားရန် မတတ်နိုင်သော လူတစ်ယောက်ပင်။
မည်သို့ပင်ဆိုစေ ရင်းနှီးမြှုပ်နှံသူများမရှိပါဘဲ ဤဇာတ်လမ်းတွဲကို ရိုက်ကူးနိုင်မည် မဟုတ်ပေ။
"ဥက္ကဋ္ဌဟူ... ကျွန်မတို့ မင်းသားတစ်ယောက် ရှာတွေ့ထားပြီးပါပြီ"
ကျားရွေ့က နှစ်သိမ့်လေဟန် အပြုံးဖြင့် ပြောလိုက်သည်။
ယခု ဇာတ်ညွှန်းနှင့် အရာအားလုံး အသင့်ပြင်ဆင်ပြီးပြီဖြစ်၍ ရိုက်ကူးရေးစတင်ရန်သာ ကျန်တော့သည်။
မင်းသား ရှိပြီးသားဖြစ်ကြောင်း ကြားသောအခါ ဟူထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းသားက လမ်းမှာပဲ ရှိသေးတယ်။ မရောက်သေးဘူး"
ကျားရွေ့၏ စကားကို ကြားသောအခါ ဟူထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ရိုက်ကွင်းတစ်ခုလုံးနဲ့ ဒါရိုက်တာပါ သူတစ်ယောက်တည်းကို စောင့်နေရလောက်အောင် မာနကြီးနေတဲ့ နာမည်ကြီးကြယ်ပွင့်က ဘယ်လိုလူစားမျိုးလဲဆိုတာ သိချင်လိုက်တာ"
ကျားရွေ့က နေရခက်စွာ ပြုံးလိုက်၏။
"တကယ်တော့ သူက နာမည်ကြီးကြယ်ပွင့်တော့ မဟုတ်ပါဘူး"
"ဘာ... နာမည်ကြီးမဟုတ်ဘူး ဟုတ်လား။ မင်း ငါ့ကို လာနောက်နေတာလား။ ငါ့မှာ ပိုက်ဆံမရှိဘူးလို့ ထင်နေတာလား။ ဒီဇာတ်ကားမှာ ငါ ဒီလောက်တောင် ရင်းနှီးမြှုပ်နှံထားတာကို သူက နာမည်ကြီးမဟုတ်ဘူးလို့ လာပြောနေတယ်ပေါ့။ နာမည်မကြီးဘဲနဲ့ သူက မင်းသားနေရာအတွက် ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မီမှာလဲ"
ကျားရွေ့ကလည်း အမြန်ရှင်းပြလိုက်သည်။
"ကျွန်မ ဒီမင်းသားနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တာပါ။ သူ့ပုံစံက ဇာတ်ကားထဲက မင်းသားကာရိုက်တာနဲ့ အရမ်းလိုက်ဖက်တယ်လို့ ခံစားရတယ်။ ပြီးတော့ သူက အရမ်းလည်းချောမောပြီး အရှိန်အဝါလည်း ကောင်းတယ်။ ပရော်ဖက်ရှင်နယ် ဒါရိုက်တာတစ်ယောက်အနေနဲ့ ကျွန်မ ရှင့်ကို အာမခံရဲတယ်။ သူသာ မင်းသားနေရာက သရုပ်ဆောင်ရင် သေချာပေါက် အောင်မြင်မှာ"
သို့သော် ဟူထျန်း၏ မျက်နှာကား ခက်ထန်သွားလေသည်။
"ဒီလောက်ပြောထားတာတောင် ခင်ဗျားက ဒီလိုမင်းသားမျိုးကို ရွေးချယ်လိုက်တယ်ပေါ့။ သူ ဘယ်လောက်ပဲ ချောနေပါစေ နာမည်မရှိရင် ဘာအသုံးကျမှာလဲ။ ကျုပ်က ကြည့်ရှုနှုန်းလိုချင်တာ။ အခုခေတ် တီဗီဇာတ်လမ်းတွဲတွေဆိုတာ ကြည့်ရှုနှုန်းပေါ်ပဲ မူတည်နေတာ မဟုတ်ဘူးလား။ ခင်ဗျား လာဘ်စားထားတာလား"
ဤစကားကို ကြားသောအခါ ကျားရွေ့၏ အမူအရာ ပြောင်းလဲသွားသည်။
"လုံးဝမဟုတ်ရပါဘူး။ ကျွန်မ ကျားရွေ့က အရည်အချင်းကို အခြေခံပြီးတော့ပဲ အမြဲရွေးချယ်ခဲ့တာပါ။ ဘယ်တော့မှ လာဘ်မစားပါဘူး။ သူက ဒီဇာတ်ကားနဲ့ သင့်တော်တယ်လို့ ကျွန်မ တကယ်ခံစားရလို့ပါ"
ဤရင်းနှီးမြှုပ်နှံသူနှင့် ပတ်သက်၍ ကျားရွေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ သည်းခံခဲ့ရသည်။
သူသည် ရင်းနှီးမြှုပ်နှံသူဖြစ်တိုင်း အမြဲတမ်း ဝင်စွက်ဖက်နေခဲ့ပြီး ယခုမူ သူ(မ)ကို လာဘ်စားသည်ဟုပင် သံသယဝင်နေသေးသည်။
ဟူထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"ငါရွေးထားပြီးသား မင်းသားက နာမည်ကြီး သရုပ်ဆောင် ချန်းယွီပဲ။ သူက ဒီဇာတ်ကားရဲ့ မင်းသားဖြစ်လာလိမ့်မယ်။ သူ့ပုံစံက ငါ့အမြင်တော့ တော်တော် အဆင်ပြေနေတာပဲ"
ထိုသို့ပြောရင်း သူသည် ကျားရွေ့အား ပြောလိုက်၏။
"သူက ငါ့ယောက်ဖလေ။ ရသစုံအစီအစဉ်တွေမှာလည်း ပါဖူးတယ်။ အွန်လိုင်းဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ဖူးတယ်။ သူက ခင်ဗျား လမ်းဘေးကနေ ကောက်ရလာတဲ့ ဘာမှန်းမသိတဲ့ကောင်ထက်တော့ ပိုကောင်းပါတယ်"
ကျားရွေ့လည်း တစ်ဖက်လူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
သူ(မ) ချန်းယွီကို တစ်ခါက အင်တာဗျူးခဲ့ဖူးသည်။
ဤကောင်လေး၏ သရုပ်ဆောင်ချက်မှာ အလွန်ပိုလွန်းနေပြီး သရုပ်ဆောင်စွမ်းရည် လုံးဝမရှိဘူးဟုပင် ပြော၍ရနိုင်လောက်သည့် အနေအထားပင်။
ဤဇာတ်ကားတွင် သူ့ကိုသာ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ပေးလိုက်လျှင် ဇာတ်ကား ပျက်စီးသွားပေလိမ့်မည်။
ကျားရွေ့က ခေါင်းခါလိုက်၏။
"တောင်းပန်ပါတယ် ဥက္ကဋ္ဌဟူ... ကျွန်မ သဘောမတူနိုင်ပါဘူး။ သူ ဒီဇာတ်ရုပ်ကို မပိုင်နိုင်ပါဘူး"
ကျားရွေ့က သူ့ကို တကယ်ငြင်းဆန်လိုက်ကြောင်း ကြားသောအခါ ဟူထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ။ ခင်ဗျားက ကျုပ်ကို ငြင်းနေတာလား။ ဒီကမ္ဘာပေါ်မှာ ခင်ဗျားတစ်ယောက်တည်း ဒါရိုက်တာ ရှိတယ်လို့ ထင်နေတာလား။ ကျုပ်သာ ရင်းနှီးမမြှုပ်နှံရင် ခင်ဗျားရဲ့ ဇာတ်လမ်းတွဲလည်း သွားပေတော့ပဲ"
ဟူထျန်းက ကျားရွေ့ကို ဗြောင်ကျကျ ခြိမ်းခြောက်နေခြင်းဖြစ်ပြီး အဓိပ္ပာယ်ကား ရှင်းလင်းလှသည်။
သူ အဆိုပြုထားသည့် မင်းသားကို မသုံးပါက ရန်ပုံငွေများကို ပြန်လည်ရုပ်သိမ်းသွားမည်သာ။
ယခင်က ဟူထျန်းသည် ကျားရွေ့ မနည်းသည်းခံခဲ့ရသည့် လွန်ကဲသော တောင်းဆိုမှုများကို ပြုလုပ်ခဲ့သော်လည်း ဤတောင်းဆိုမှုကိုတော့ သူ(မ) လုံးဝ သည်းမခံနိုင်ပေ။
ဤဇာတ်ကား၏ ဇာတ်ညွှန်းက အလွန်ကောင်းမွန်လှသဖြင့် သူ(မ)အတွက် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းရန် ခြေလှမ်းတစ်ခု ဖြစ်နိုင်သည်ဟု ခံစားရသည်။
သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းသော ဤသရုပ်ဆောင်ကို သုံးလိုက်လျှင် ဇာတ်လမ်းတွဲတစ်ခုလုံး ပျက်စီးသွားပေမည်။
"ဥက္ကဋ္ဌဟူ... တခြားကိစ္စတွေ အကုန်လုံးက ညှိနှိုင်းလို့ရပါတယ်။ ဒါပေမဲ့ မင်းသားကတော့ ယဲ့ချန်းပဲ ဖြစ်ရမယ်"
ထိုအချိန်တွင် ကျားရွေ့မှာ ရပ်တည်ချက်ကို ခိုင်မာစွာ ထားရှိလိုက်သည်။
ဟူထျန်း ဒေါသထွက်သွားလေသည်။
"ကျုပ်ယောက်ဖမှာ ပရိသတ် သိန်းနဲ့ချီပြီး ရှိတယ်။ ရုပ်ရှင်သင်တန်းလည်း တက်ထားတယ်။ ရုပ်ရည်ရော ဆွဲဆောင်မှုရော ရှိတယ်။ သူက ဘာလို့ မဖြစ်နိုင်ရမှာလဲ"
"မရပါဘူး။ သူက ကျွန်မရဲ့ စံနှုန်းတွေနဲ့ လုံးဝမပြည့်မီဘူး"
ဟူထျန်းကလည်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ။ ခင်ဗျားရွေးထားတဲ့ မင်းသားက ဘယ်လောက်တောင် ချောလဲဆိုတာ ကြည့်ရသေးတာပေါ့"
ထိုအချိန်မှာပင် ပြိုင်ကားတစ်စီး၏ ဟိန်းဟောက်သံနှင့်အတူ မျက်စိကျိန်းဖွယ်ကောင်းသော လိုင်ကန်ပြိုင်ကားတစ်စီး ရိုက်ကွင်းအဝင်ဝတွင် ထိုးရပ်လိုက်သည်။
"လိုင်ကန်ပါလား"
ဟူထျန်း ခဏတာ မှင်တက်သွားခဲ့သည်။
ဗဟုသုတရှိသော ဟူထျန်းသည် ယဲ့ချန်းမောင်းလာသော ကားမှာ ဇိမ်ခံလိုင်ကန်ကားဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သေစမ်း... ဒါက ဘယ်လိုသူဌေးကြီးလဲ။
ဟူထျန်းမှာ ငတုံးမဟုတ်ပေ။ လိုင်ကန်ကားကို မောင်းနိုင်သူတိုင်းက သာမန်လူမဟုတ်ကြောင်း သူ သိသည်။
သူ့တွင်လည်း ပြိုင်ကားတစ်စီး ရှိသော်ငြား တန်ဖိုးသုံးသန်းသာရှိသည့် အနိမ့်စားဖယ်ရာရီကားတစ်စီးသာ။ ဤလိုင်ကန်ကားနှင့်ယှဉ်လျှင် အဆပေါင်းများစွာ ကွာခြားလှသည်။
သူ အွန်လိုင်းတွင် တွေ့ခဲ့ဖူးသော ဤကားမှာ ယွမ်သန်းတစ်ရာကျော် ရှိ၏။
ဟူထျန်းသာမက အခြားသရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားများလည်း အံ့အားသင့်သွားကြသည်။
ဤကားက မိုက်လွန်းလှသည်။
ဘယ်လိုလူကုံထံကများ ဒီလိုဇိမ်ခံပြိုင်ကားမျိုးကို ဝယ်နိုင်မှာလဲ။
ချန်းယွီလည်း အားကျလေဟန်ဖြင့် ငေးကြည့်နေချေသည်။
ငါ နာမည်ကြီးကြယ်ပွင့် ဖြစ်လာတဲ့အခါ ဒီလို မိမိုက်တဲ့ပြိုင်ကားမျိုး သေချာပေါက် ဝယ်မယ်။
ဇိမ်ခံကား၏ တံခါးများ ပွင့်လာပြီးနောက် အရပ်ခပ်မြင့်မြင့်နှင့် အေးစက်စက်နိုင်သော မျက်နှာထားဖြင့် လူငယ်တစ်ယောက် ထွက်လာလေသည်။
ကားပေါ်က ဆင်းလာသူကို မြင်သောအခါ ကျားရွေ့ မှင်တက်သွားသည်။
ထိုလူမှာ ယဲ့ချန်းပင်။
ကျားရွေ့က ယဲ့ချန်း ချမ်းသာကြောင်း သိထားသော်လည်း ဤမျှအထိ ချမ်းသာလိမ့်မည်ဟု မထင်ထားပေ။
ပြီးခဲ့တဲ့တစ်ခေါက်က ကူလီနန်ဖြစ်ပြီး ယခုတစ်ကြိမ်ကမူ လိုင်ကန်ပြိုင်ကားပင်။
ဒီလူက ဘယ်လောက်တောင် ချမ်းသာတာလဲ။
ယဲ့ချန်းလည်း ကားပေါ်ကဆင်း၍ ထိုအုပ်စုဆီသို့ လျှောက်လာခဲ့သည်။
လူကုံထံကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ ဟူထျန်းမှာ စိတ်လှုပ်ရှားလာသည်။
သန်းတစ်ရာကျော်တန် ပြိုင်ကားကို မောင်းသူတစ်ဦးနှင့် ရင်းနှီးခွင့်ရရန်ဆိုသည်မှာ သူ့အဖို့ အလွန်ရှားပါးလှသည်။
နောက်ဆုံးတော့ ဤအခွင့်အရေး ရလာခဲ့ပြီဖြစ်ရာ သူ မဖြစ်မနေ ဆုပ်ကိုင်ရမည်။
ဟူထျန်း၏ အိပ်မက်မှာ လူကုံထံအသိုင်းအဝိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ဖြစ်၏။
သို့သော် ထိုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲလှပြီး မိတ်ဆက်ပေးမည့် လူတစ်ယောက် လိုအပ်သည်။
သို့သော် သူသည် ဤကဲ့သို့သော လူစားမျိုးများနှင့် တွေ့ဆုံခွင့် တစ်ခါမှမရခဲ့ပေ။ ယခု သန်းတစ်ရာကျော်တန် ကားကို မောင်းလာသော ယဲ့ချန်းကို မြင်လိုက်ရသောအခါ ဟူထျန်းလည်း သူ့အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။
ဟူထျန်းက ယဲ့ချန်းထံသို့ ရောက်လာပြီး လက်ကမ်းပေးလိုက်၏။
"မင်္ဂလာပါ။ ကျွန်တော်က ဒီဇာတ်လမ်းတွဲရဲ့ ရင်းနှီးမြှုပ်နှံသူပါ။ ကျွန်တော်..."
သို့သော် ယဲ့ချန်းကမူ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သူကမ်းပေးထားသော လက်ကို လုံးဝ လျစ်လျူရှု၍ ဒါရိုက်တာကျားရွေ့ဆီကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
••••••••••••••••••••••••••