အခန်း ၆၄၂
Vol. 43 Ch. 642
အပိုင်း ၆၄၂ : တစ်ဆက်တည်း ရိုက်ကူးခြင်း
ကျားရွေ့မှာ အလွန်စိတ်လှုပ်ရှားနေပြီး သူ(မ)ကိုယ်သူ(မ) တကယ်ကံကောင်းသည်ဟု ခံစားနေရသည်။
ထိုနေ့ကသာ သူ(မ) ယဲ့ချန်းနှင့် မဆုံခဲ့လျှင် ခေါင်းဆောင်မင်းသားနေရာအတွက် ထိုမျက်နှာသစ် သရုပ်ဆောင်လူငယ်လေးကို လက်ခံလိုက်ရမည်မှာ သေချာသလောက်ပင်။
သို့သော် ထိုမျက်နှာသစ်လေးက ဤဇာတ်ရုပ်ကို လုံးဝ ပိုင်နိုင်မည်မဟုတ်ပေ။ သူသာ ဤဇာတ်လမ်းတွင် သရုပ်ဆောင်ခဲ့ပါက ကြည့်ရှုနှုန်းက သာမန်လောက်သာ ရှိပေလိမ့်မည်။
သို့သော် ယဲ့ချန်းကတော့ ကွဲပြားပေသည်။ ယဲ့ချန်းက ဤဇာတ်ကောင်ကို အသက်ဝင်လာစေနိုင်သည်ဟု သူ(မ)၏ အလိုလိုသိစိတ်က ခံစားနေရသည်။
ယခုမူ ယဲ့ချန်းက ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိသွားပြီဖြစ်ရာ ရန်ပုံငွေကိစ္စအတွက်လည်း စိတ်ပူစရာ မလိုတော့ပေ။
ချန်းဝမ် ထွက်သွားစဉ်ကလည်း သူ(မ)ကို ပြောသွားခဲ့သေးသည်။
"ပိုက်ဆံလိုရင် သူ့ကိုသာ ပြောလိုက်"
သူဌေးကိုယ်တိုင် ဇာတ်လမ်းရိုက်ကူးနေပြီး ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်နေမှတော့ ရန်ပုံငွေက ဘယ်လိုအပ်နိုင်တော့မည်နည်း။
ထို့နောက် ရိုက်ကူးရေးအဖွဲ့သားအားလုံး စတင်လှုပ်ရှားကြတော့သည်။
ယဲ့ချန်း မိတ်ကပ်ခန်းထဲသို့ ဝင်သွားလေသည်။
မိတ်ကပ်ဆရာမက ယဲ့ချန်းအပေါ် အလွန်ယဉ်ကျေးပျူငှာလှသည်။
"မစ္စတာယဲ့... ကျွန်မ မိတ်ကပ်လိမ်းပေးပါ့မယ်။ သဘောမကျတာရှိရင် အားမနာဘဲ ပြောပါနော်"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"အင်း.. အဲဒီလောက်အထိ တခမ်းတနားလုပ်နေစရာ မလိုပါဘူး။ မင်း စိတ်ကူးရှိတဲ့အတိုင်းသာ လိမ်းပေးပါ"
"ဟုတ်ကဲ့ပါ"
ထိုအချိန်တွင် ယန်းမီမီနှင့် သုန်းရှောင်ယာတို့က သူ့ဘေးတွင် ထိုင်နေကြသည်။
ယန်းမီမီက ရယ်မောလျက် ပြောလိုက်သည်။
"ယဲ့ချန်း... ခဏနေရင် ကျွန်မကို သေချာဂရုစိုက်ပေးဦးနော်"
ယဲ့ချန်းသည် ယန်းမီမီနှင့် အတူရိုက်ရမည့် ဇာတ်ဝင်ခန်းများစွာ ပါဝင်သည်ဖြစ်ရာ သူ(မ)ကလည်း သူနှင့်အတူ တွဲဖက်သရုပ်ဆောင်ရမည်ကို မျှော်လင့်ထားသည်။
သုန်းရှောင်ယာကမူ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ယဲ့ချန်းနဲ့ သရုပ်ဆောင်ရမယ်ဆိုတာသာ ကြိုသိခဲ့ရင် ခေါင်းဆောင်မင်းသမီးနေရာအတွက် နင်နဲ့ အပြိုင်လုမိမှာပဲ"
ယန်းမီမီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"နောက်ကျသွားပြီ။ ဒါရိုက်တာကျားက ဆုံးဖြတ်ပြီးသွားပြီ"
သရုပ်ဆောင်ခြင်းမှာ သူတို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်သော်လည်း ယဲ့ချန်းအတွက်မူ အပျော်သက်သက်သာဖြစ်ကြောင်း ယန်းမီမီနှင့် သုန်းရှောင်ယာတို့နှစ်ယောက်စလုံး နားလည်ထားကြသည်။
ယဲ့ချန်းကဲ့သို့သော လူကုံထံတစ်ဦးအတွက် ငွေကြေးဆိုသည်မှာ မလိုအပ်ပေ။ တစ်နည်းဆိုရသော် သူသည် ဖျော်ဖြေမှုတစ်ခုအနေနှင့် သရုပ်ဆောင်နေခြင်းသာ။
မိတ်ကပ်ဆရာမက ရယ်ကာမောကာဖြင့် ယဲ့ချန်းကို မိတ်ကပ်ဆက်လိမ်းပေးရင် ပြောလိုက်၏။
"မစ္စတာယဲ့... ရှင့်အသားအရေကို ကောင်းကောင်းထိန်းသိမ်းထားနိုင်တာပဲ။ မိန်းကလေးတော်တော်များများထက်တောင် ပိုကောင်းနေသေးတယ်"
ယန်းမီမီနှင့် သုန်းရှောင်ယာတို့နှစ်ယောက်စလုံး စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ယဲ့ချန်းနှင့် အနီးဆုံးတွင်ရှိသော ယန်းမီမီက တအံ့တသြရေရွတ်လိုက်၏။
"ဘုရားရေ... ယဲ့ချန်း ရှင် ဘယ်လိုအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးတာလဲ"
ယဲ့ချန်းက ရယ်မောလိုက်၏။
"ကိုယ်လား။ ကိုယ်ကတော့ နေ့တိုင်း တာ့ပေါင်ပဲ သုံးတာ"
ယန်းမီမီက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်၏။
"ဟွန်း... ကျွန်မကို လာမလိမ်နဲ့။ ကျွန်မ နာမည်ကြီး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးတာတောင် တစ်ခါတလေ ဝက်ခြံတွေ ထွက်လာသေးတယ်။ မြန်မြန်... ကျွန်မကိုလည်း နည်းနည်းလောက် ညွှန်းပေးပါဦး"
ယဲ့ချန်းခမျာ ဆွံ့အသွားချေသည်။
သူ့အသားအရေ ကောင်းမွန်နေရခြင်းမှာ သူ့ဆွဲဆောင်မှုတန်ဖိုးကြောင့်ပင်။
ဆွဲဆောင်မှုတန်ဖိုး မြင့်တက်လာခြင်းကြောင့် သူ့ကို ကဏ္ဍတိုင်းတွင် ပြီးပြည့်စုံမှုရစေသည်။
သုန်းရှောင်ယာကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
"ယဲ့ချန်း... ရှင့်ရဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ကျွန်မတို့ကို မိတ်ဆက်ပေးမှရမယ်။ ကျွန်မတို့ သရုပ်ဆောင်တွေက ဝက်ခြံထွက်မှာ အကြောက်ဆုံးပဲ"
ယဲ့ချန်းက ညင်သာစွာ ပြုံးလိုက်လေသည်။
"ဒီလိုလုပ်... နောက်မှ မင်းတို့ ညဉ့်နက်တဲ့အထိ နေရင်တောင် ဝက်ခြံလုံးဝမထွက်စေမယ့် အသားအရေထိန်းသိမ်းတဲ့ ခရင်မ်ကို တစ်ယောက်တစ်ဘူးပေးမယ်"
"တကယ်လား"
ယဲ့ချန်း၏စကားကို ကြားသောအခါ သုန်းရှောင်ယာနှင့် ယန်းမီမီတို့ စိတ်လှုပ်ရှားသွားကြသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
နတ်ဘုရားအဆင့် ဆေးပညာစွမ်းရည်များကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဤကဲ့သို့သော အလှပြင်ခရင်မ်များ ပြုလုပ်ရန် အလွန်လွယ်ကူလှသည်။
သူတို့သုံးယောက် မိတ်ကပ်လိမ်းပြီးနောက် ရိုက်ကွင်းသို့ သွားခဲ့ကြသည်။
မိတ်ကပ်လိမ်းထားသည့် ယဲ့ချန်းကို မြင်သောအခါ ကျားရွေ့လည်း သူ(မ)၏ ကိုယ်ပိုင်အမြင်ကို ပို၍ပင် လေးစားသွားသည်။
မိတ်ကပ်လိမ်းပြီးနောက် ယဲ့ချန်းမှာ သရုပ်ဆောင်စရာပင် မလိုတော့ပေ။ သူ့အရှိန်အဝါက မင်းသားတစ်ပါးအလားပင်။
ရိုက်ကူးရေး စတင်ချေပြီ။
ယဲ့ချန်းသည် နေရာယူမှု၊ ဇာတ်ညွှန်းပြောဆိုမှုနှင့် မျက်နှာအမူအရာတို့တွင် ပြီးပြည့်စုံလှသည်။
သူကိုယ်တိုင်လည်း ဒါရိုက်တာတစ်ယောက်ဖြစ်သောကြောင့် ဤကဲ့သို့သော ရိုက်ကူးရေးမှာ သူ့အဖို့ လွယ်ကူလှသည်။
ကျားရွေ့မှာ မှင်တက်သွားရသည်။
အစပိုင်းတွင် ဤသည်မှာ ယဲ့ချန်း၏ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းဖြစ်သဖြင့် အနည်းငယ် စိမ်းသက်ပြီး ဇာတ်ကောင်နှင့် အံဝင်ခွင်ကျဖြစ်ရန် အချိန်ယူရမည်ကို သူ(မ) စိုးရိမ်နေခဲ့မိသည်။
သို့သော် ယဲ့ချန်းသည် ကင်မရာရှေ့တွင် မတ်တတ်ရပ်လိုက်သည်နှင့် ဝါရင့်သရုပ်ဆောင်တစ်ယောက်၏ ဟန်နေဟန်ထားများကို အပြည့်အဝ ပြသခဲ့သည်။
အခန်းတိုင်းကို တစ်ကြိမ်တည်းနှင့် ပြီးမြောက်အောင် ရိုက်နိုင်ခဲ့သည်။
ရိုက်ကူးရေး၏ တိုးတက်မှုအရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။
ဘုရားရေ... ဒါက သရုပ်ဆောင်ပါရမီရှင်တစ်ယောက်ပဲ။
ယဲ့ချန်းသာ ဖျော်ဖြေရေးလောကသို့ ဝင်ရောက်လာပါက ရုပ်ရှင်ဧကရာဇ်အဆင့်ရှိသော သရုပ်ဆောင်တစ်ယောက် သေချာပေါက်ဖြစ်လာမည်ဟု ကျားရွေ့ ယုံကြည်မိသည်။
ယဲ့ချန်း၏ သရုပ်ဆောင်ချက်ကြောင့် လူတိုင်း အံ့အားသင့်သွားလေသည်။
အထူးသဖြင့် ယဲ့ချန်း၏ အရှိန်အဝါမှာ အဋ္ဌမမင်းသားကို ပုံဖော်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ယဲ့ချန်းက အဋ္ဌမမင်းသားကို အသက်ဝင်လာအောင် ဖန်တီးပေးနိုင်ခဲ့သည်။
လူတိုင်းက ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ကြပေ။
ယဲ့ချန်းသည် ဝါရင့်သရုပ်ဆောင်တစ်ယောက်၏ စွမ်းဆောင်ရည်ကို ထင်ရှားစွာ ပြသခဲ့သည်။
သရုပ်ဆောင်မှုနှင့်ပတ်သက်၍ အလွန်တင်းကျပ်သော ကျားရွေ့ပင် မတ်တတ်ရပ်၍ လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။
ယဲ့ချန်းနှင့် တွဲဖက်သရုပ်ဆောင်နေရသော ယန်းမီမီပင် အနည်းငယ် ဖိအားများလာသလို ခံစားရသည်။
အမျိုးသမီးသရုပ်ဆောင်များအကြား ယန်းမီမီ၏ စွမ်းဆောင်ရည်က အလွန်ကောင်းမွန်သည်ဟု သတ်မှတ်ခံထားရသော်လည်း ယဲ့ချန်းနှင့် တွဲဖက်သရုပ်ဆောင်ရချိန်ဝယ် အလွန်လွှမ်းမိုးခံနေရသည်။
ယဲ့ချန်းက ဇာတ်ဝင်ခန်းတစ်ခုကို ချက်ချင်းစီးမြောနိုင်သည်။
တကယ်တမ်းတွင် ယဲ့ချန်း၏ နတ်ဘုရားအဆင့် သရုပ်ဆောင်ချက်နှင့်ဆိုပါက ဇာတ်ရုပ်တစ်ခုကို ကောင်းစွာသရုပ်ဆောင်ရန်မှာ မယုံနိုင်လောက်အောင် ရိုးရှင်းလှသည်။
သရုပ်ဆောင်လိုက်သည်နှင့် သူသည် ဇာတ်ကားထဲရှိ ဇာတ်ကောင်ဖြစ်သွားပြီး ဇာတ်ကားထဲရှိ ဇာတ်ကောင်ကလည်း သူကိုယ်တိုင်ပင် ဖြစ်သွားတော့သည်။
ဤသည်မှာ နတ်ဘုရားအဆင့် သရုပ်ဆောင်ချက်၏ မယုံနိုင်လောက်သော စွမ်းအားပင်တည်း။
ဇာတ်ကောင်စရိုက်ထဲသို့ ချက်ချင်းဝင်ရောက်သွားပြီး ခံစားချက်များကို ဇာတ်ကောင်၏ ဝိညာဉ်ထဲသို့ ချောမွေ့စွာ ပေါင်းစပ်လိုက်နိုင်ခြင်းမှာ လူအနည်းငယ်သာ လုပ်နိုင်သော အရာဖြစ်၏။
ထိုအချိန်တွင် ယန်းမီမီနှင့် သုန်းရှောင်ယာတို့ နှစ်ယောက်စလုံးမှာ ယဲ့ချန်းအား ယခင်နှင့်မတူညီသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဤသရုပ်ဆောင်ချက်က အလွန် ထူးခြားပြောင်မြောက်လွန်းလှသည်။
ဇာတ်ဝင်ခန်းပြီးဆုံးသောအခါ ဒါရိုက်တာက အော်လိုက်သည်။
"ကတ်"
ကျားရွေ့သည် နှစ်ပေါင်းများစွာ ရိုက်ကူးရေးလုပ်လာခဲ့သော်လည်း ဤမျှအထိ ကျေနပ်အားရမှုကို တစ်ခါမှ မခံစားခဲ့ဖူးပေ။
သရုပ်ဆောင်များအား ဇာတ်ဝင်ခန်းများအကြောင်း ရှင်းပြစရာမလိုသလို ဇာတ်ကောင်အတွက် သူတို့၏ နေရာယူမှုများနှင့် မျက်နှာအမူအရာများကို လမ်းညွှန်ပေးရန် မလိုတော့ဘူးဟု သူ(မ) ခံစားမိသည်။
သူ(မ) တွေးမိသမျှကို ယဲ့ချန်းက ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး သူ(မ) မတွေးမိသေးသည့် အရာများကိုပါ ယဲ့ချန်းက အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်။
သရုပ်ဆောင်ပြီးနောက် ယန်းမီမီသည် ရင်ဖိုစိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်းကို ကြည့်လိုက်၏။
ယန်းမီမီသည် ရုပ်ရှင်ဧကရာဇ်အဆင့်ရှိသူများ အပါအဝင် မင်းသားပေါင်းများစွာနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။
သို့သော် ဘယ်သရုပ်ဆောင်ကမှ သူ(မ)၏ လေးစားအားကျမှုကို မရခဲ့ဖူးပေ။
ယဲ့ချန်း၏ အထင်ကြီးဖွယ်ကောင်းသော သရုပ်ဆောင်ချက်မှာ သူ(မ)အတွက်တော့ ပထမဆုံးအကြိမ်ပင်။
အရေးအကြီးဆုံးမှာ ယဲ့ချန်း၏ ဆွဲဆောင်မှုက အလွန် စွဲမက်ဖွယ်ကောင်းလှသည်။
ယဲ့ချန်းနှင့် အချစ်ခန်းများ သရုပ်ဆောင်စဉ်အတွင်း ဒါရိုက်တာကို မရပ်စေချင်သည်အထိ ယန်းမီမီ ခံစားနေရသည်။
ယဲ့ချန်းက အချိန်ကို တစ်ချက်ကြည့်လိုက်၏။
"ကောင်းပြီ... အချိန်ပြည့်ပြီ။ ငါ သွားရတော့မယ်"
ဒါရိုက်တာက အချိန်ကို ကြည့်လိုက်သောအခါ နှစ်နာရီသာ ကြာသေးသည်။
သို့သော် နှစ်နာရီအတွင်း ယဲ့ချန်းသည် တစ်နေ့တာ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများကို ပြီးမြောက်အောင် ရိုက်ကူးနိုင်ခဲ့သည်။
ဤအမြန်နှုန်းကား မယုံနိုင်စရာပင်။
အရေးအကြီးဆုံးမှာ အခန်းတိုင်းကို အမှားအယွင်းလုံးဝမပါဘဲ တစ်ဆက်တည်း ရိုက်ကူးနိုင်ခဲ့သည်။
နှစ်ပေါင်းများစွာ ရိုက်ကူးရေးလုပ်ခဲ့ဖူးသော ကျားရွေ့မှာ ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
ယန်းမီမီက ယဲ့ချန်းကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။
"ယဲ့ချန်း... ရှင် သရုပ်ဆောင်ပညာ သင်ဖူးတာလား။ ရှင့်ရဲ့ သရုပ်ဆောင်ချက်က အရမ်းကောင်းလွန်းတယ်"
ယဲ့ချန်းက ညင်သာစွာ ပြုံးလိုက်လေသည်။
"တကယ်လား။ ကိုယ်က ပါရမီရှင်တစ်ယောက်မို့လို့နေမှာပါ။ သရုပ်ဆောင်ရတာက ကိုယ့်အတွက်တော့ ရေသောက်ရသလောက် လွယ်တယ်"
ယန်းမီမီ : "..."
ရိုက်ကူးပြီးနောက် ယဲ့ချန်းသည် တက္ကစီမောင်းရန် ထွက်လာခဲ့သည်။
ထိုအချိန်တွင် ယဲ့ချန်းထံသို့ ဖုန်းဝင်လာခဲ့သည်။ ခေါ်ဆိုသူကား လင်းရှစ်ယင် ဖြစ်သည်။
"ယဲ့ချန်း... ကျောင်းကို လာခဲ့ပါဦး။ ကျွန်မတို့လုပ်နေတဲ့ ပရောဂျက်က တိုးတက်မှုရှိလာပြီ"
"ကောင်းပြီ... ငါ အခုချက်ချင်း လာခဲ့မယ်"
အချိန်တိုအတွင်း သုတေသနကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်ဖြစ်ရာ ထိုကျောင်းသားများမှာ အလွန်ထူးချွန်ပုံရသည်။
ယဲ့ချန်းက သူတို့ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ရောက်အောင် ညွှန်ပြပေးခဲ့သော်လည်း လမ်းစကို တွေ့အောင်ရှာနိုင်ခဲ့ခြင်းမှာ သူတို့၏ ခွန်အားနှင့် ပါရမီကို ပြသနေပေသည်။
ယဲ့ချန်းလည်း စတားတက္ကသိုလ်သို့ ကားမောင်း၍ ထွက်လာခဲ့ပြီး ဓာတ်ခွဲခန်းသို့ သွားလိုက်သည်။
ယဲ့ချန်းကို မြင်သောအခါ လုယွမ်က စိတ်လှုပ်ရှားစွာ ပြေးလာလေသည်။
"ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ အောင်မြင်ပြီဗျ"
••••••••••••••••••••••