← Chapters

အခန်း ၆၄၃

Vol. 43 Ch. 643

အခန်း ၆၄၃

Vol. 43 Ch. 643

အပိုင်း ၆၄၃ : သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲနိုင်မည့် မျှော်လင့်ချက်

ပရောဂျက်စတင်ကတည်းက ကျောင်းသားများအားလုံးမှာ သူတို့၏ စွမ်းအင်များကို ဤပရောဂျက်အပေါ်၌သာ အာရုံစိုက်ထားခဲ့ကြသည်။

ယဲ့ချန်းက သူတို့ကို မယုံနိုင်လောက်အောင် ခက်ခဲသော အချက်အလက်များ ပေးခဲ့သော်လည်း လူတိုင်းက ထိုဒေတာများကို သေချာနားလည်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားကြသည်။

သဲကန္တာရတွင် ပေါက်ရောက်နိုင်သော မျိုးစိတ်သစ်တစ်ခုဖြစ်သောကြောင့် ခက်ခဲမှုအဆင့်က အလွန်မြင့်မားလှသည်။

ဤကျောင်းသားများတွင် ဘာသဲလွန်စမှ မရှိခဲ့သည်ဖြစ်ရာ ဖြည်းဖြည်းချင်း လေ့လာစူးစမ်းခဲ့ရသည်။

အခက်အခဲများနှင့် ကြုံတွေ့ရတိုင်း သူတို့ အတူတကွ ဖြေရှင်းခဲ့ကြသည်။

နောက်ဆုံးတွင်မူ ယဲ့ချန်းပေးသော အချက်အလက်များကို သူတို့ နားလည်သွားသည်။

အကြောင်းအရာများကို ကျွမ်းကျင်သွားပြီးနောက် နောက်တစ်ဆင့်မှာ စမ်းသပ်မှုကို ပြီးမြောက်အောင် လုပ်ဆောင်ရန်ပင်။

အစပိုင်းက အခက်ခဲဆုံးအပိုင်းဟု ဆိုနိုင်ပေသည်။

ထိုတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အရာအားလုံးက ချောမွေ့စွာ လည်ပတ်လေတော့သည်။

စမ်းသပ်မှုများတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း ကျောင်းသားအားလုံးကမူ ဆုံးဖြတ်ချက်ခိုင်မာစွာ ရှေ့ဆက်ခဲ့ကြသည်။

တကယ်တမ်းတွင် တန့်ရှောင်ချောင်အပါအဝင် ဘယ်ကျောင်းသားကမှ ဓာတ်ခွဲခန်းထဲက ထွက်မသွားခဲ့ကြပေ။

အထူးသဖြင့် တန့်ရှောင်ချောင်က သူသည် တစ်ရွာလုံး၏ မျှော်လင့်ချက်ဖြစ်ကြောင်း နားလည်ထားသောကြောင့် အခြားသူများထက် ပိုကြိုးစားခဲ့သည်။

တန့်ရှောင်ချောင်မှာ ဓာတ်ခွဲခန်းထဲတွင်ပင် စားသောက်ပြီး အိပ်စက်ခဲ့သည်။

သူ့စိတ်ဓာတ်က လူတိုင်း၏ရင်ကို ထိရှစေခဲ့သည်။

သူ့ရွာက သူ့ကို စောင့်မျှော်နေကြောင်း တန်းရှောင်ချောင် သိထားသည်ဖြစ်ရာ အောင်မြင်အောင် လုပ်ရမည်ဖြစ်၏။

သူသည် တစ်ချိန်က စွန့်ပစ်ခံကလေးငယ်တစ်ဦးဖြစ်ပြီး သဲကန္တာရထဲမှ ဆရာမတစ်ယောက်က သူ့ကို ကယ်တင်ခဲ့သည်။

သူသည် မိသားစုပေါင်းများစွာက ကျွေးမွေးသော ထမင်းကို စားသောက်ရင်း ကြီးပြင်းလာခဲ့ရသဖြင့် တစ်ရွာလုံးက သူ့ကျေးဇူးရှင်များဟု ဆိုနိုင်လေသည်။

ယခု သူ အရွယ်ရောက်လာပြီဖြစ်သဖြင့် သူတို့၏ ကျေးဇူးကို ဆပ်ချင်မိသည်။ သူ့ရွာကို ချမ်းသာကြွယ်ဝမှုများ ယူဆောင်ပေးချင်သည်။

စမ်းသပ်မှုများက ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

ယဲ့ချန်း သင်ပေးခဲ့သော ဗဟုသုတများကို ကျောင်းသားများက ပေါင်းစပ်အသုံးပြုခဲ့ကြသည်။

အထူးသဖြင့် လက်တွေ့စမ်းသပ်မှုများတွင် သုံးကြည့်သောအခါ ယဲ့ချန်းက တကယ့်ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။

ဤရက်ပိုင်းအတွင်း တိုးတက်လာပြီးနောက် သူတို့တစ်ယောက်ချင်းစီတိုင်းမှာ အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်လာကြသည်။

သူတို့၏ စွမ်းရည်မှာ မည်သည့်သိပ္ပံအဖွဲ့အစည်းတွင်ဖြစ်စေ ထိပ်တန်းအဆင့်ရှိသည်ဟု ဆိုနိုင်လေသည်။

အကြောင်းမှာ သူတို့က ဤနည်းပညာကို အပြည့်အဝ ကျွမ်းကျင်သွားပြီဖြစ်သောကြောင့်ပင်။

ထိုအရာအားလုံးကလည်း ယဲ့ချန်းကြောင့်ပင်။

ယဲ့ချန်းသာ မရှိလျှင် ယနေ့ ဤကဲ့သို့သော အောင်မြင်မှုမျိုးကို သူတို့ ရရှိနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင်မူ စမ်းသပ်မှု အောင်မြင်သွားခဲ့သည်။

ထိုအချိန်တွင် အကြီးအကဲဝေ့က ဓာတ်ခွဲခန်းထဲသို့ ရောက်လာလေသည်။

လူတိုင်းက ဓာတ်ခွဲခန်းထဲတွင် စိုက်ပျိုးထားသော ပျိုးပင်လေးများကို ကြည့်လိုက်ကြသည်။

ဤဓာတ်ခွဲခန်းကို သဲကန္တာရ၏ အင်္ဂါရပ်များနှင့် ကိုက်ညီအောင် ဖန်တီးတည်ဆောက်ထားခြင်းပင်။

သူတို့၏ ရည်မှန်းချက်မှာ သဲကန္တာရနှင့် ဆင်တူသော ထူးခြားသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်ပင်။

ကျောင်းသားတချို့က စမ်းသပ်မှုအချက်အလက်များကို စိတ်လှုပ်ရှားစွာ မှတ်တမ်းတင်နေကြသည်။

နောက်ဆုံး ရေတွက်ချိန်ကား ငါးမိနစ်ပင်။

ငါးမိနစ်က တိုတောင်းလှသော်လည်း ဤကျောင်းသားများအတွက်မူ မယုံနိုင်လောက်အောင် ရှည်လျားသလို ခံစားနေရသည်။

ဤအချိန်အတွင်း သူတို့၏ စွမ်းအင်အားလုံးနီးပါးကို ဤပရောဂျက်အပေါ်တွင် ပုံအောထားခဲ့ကြသည်။

ယခုတော့ နောက်ဆုံးတွင် အသီးအပွင့်ကို ရိတ်သိမ်းရန် အချိန်ကျလေပြီ။

အကြည့်များအားလုံးက ဓာတ်ခွဲခန်းထဲသို့ စူးစိုက်နေကြသည်။

နောက်ဆုံးတွင် ငါးမိနစ် ပြည့်သွားသည်။

လက်တွေ့စမ်းသပ်သည့် စက်ကိရိယာမှာ ရပ်တန့်သွားပြီး စက်ပွင့်လာသောအခါ အထဲတွင် စိုပြည်လန်းဆန်းသော အစိမ်းရောင်အရည်များ ရှိနေချေသည်။

အကြီးအကဲဝေ့မှာ မှင်တက်သွားလေသည်။

ယဲ့ချန်းက သဲကန္တာရမှာ စိုက်ပျိုးလို့ရမယ့် ကောက်ပဲသီးနှံတွေကို ဖန်တီးမှာ မဟုတ်ဘူးလား။

အကြီးအကဲဝေ့၏ ရင်ထဲရှိ ရှုပ်ထွေးမှုများကို မြင်သောအခါ ယဲ့ချန်းလည်း ညင်သာစွာ ပြုံးလိုက်မိသည်။

"ဒီလောက်အချိန်တိုအတွင်း သဲကန္တာရမှာ စိုက်ပျိုးလို့ရမယ့် သီးနှံတွေ ဖန်တီးဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ သဲကန္တာရပတ်ဝန်းကျင်မှာ စိုက်ပျိုးရမှာမို့ အနည်းဆုံး ခြောက်လလောက် အချိန်ယူရမှာဆိုတော့ ကျွန်တော်တို့ ဦးတည်ချက်ပြောင်းလိုက်တာပါ။ ဒါက အပင်တွေရဲ့ ဒီအန်အေတည်ဆောက်ပုံကို ပြောင်းလဲပေးနိုင်ပြီး သဲကန္တာရပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ပေးနိုင်တဲ့ ဗီဇပြောင်းဆေးရည်ပါ"

"ဘာ"

ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဝေ့မှာ အလွန်အံ့သြသွားသည်။

ယဲ့ချန်းက အသာပြုံး၍ လက်တွေ့စမ်းသပ်မှု အချက်အလက်များကို အကြီးအကဲဝေ့ထံသို့ ကမ်းပေးလိုက်သည်။

"ကြည့်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ ဆေးရည်ကို ရေအချိုးအစားတစ်ခုနဲ့ ရောစပ်လိုက်တဲ့အခါ အပင်တွေကို ပြုပြင်ပြောင်းလဲပေးနိုင်ပြီး သဲကန္တာရ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ သေချာတာကတော့ အသီးအနှံတွေက မူလသစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေအဖြစ်ပဲ ရှိနေမှာပါ"

"ဒါ တကယ်အလုပ်ဖြစ်လို့လား"

အကြီးအကဲဝေ့မှာ အံ့အားသင့်နေဆဲပင်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော်တို့ရဲ့ စမ်းသပ်မှုအချက်အလက်တွေအရဆိုရင် ဒီအပင်တွေက သဲကန္တာရပတ်ဝန်းကျင်မှာ တကယ်ရှင်သန်ကြီးထွားနိုင်ပါတယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဝေ့ အလွန်စိတ်လှုပ်ရှားသွားသည်။

သဲကန္တာရများကို စိမ်းလန်းသော အိုအေစစ်များအဖြစ် ပြောင်းလဲခြင်းမှာ လူပေါင်းများစွာအတွက် အိပ်မက်တစ်ခု ဖြစ်နေခဲ့သည်။

နိုင်ငံတော်ကလည်း ဤလုပ်ငန်းအတွက် လူအင်အားနှင့် သယံဇာတများကို အမြောက်အများ ရင်းနှီးမြှုပ်နှံခဲ့သည်။

သို့သော် ရလဒ်ကမူ အလွန်နည်းပါးလှသည်။

ယခု ယဲ့ချန်းက သဲကန္တာရတွင် အပင်များ စိုက်ပျိုးနိုင်မည့် ဗီဇပြောင်းဆေးရည်ကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ရာ အကယ်၍သာ အောင်မြင်ခဲ့ပါက ဟွားနိုင်ငံ၏ ဟင်းသီးဟင်းရွက်ပို့ကုန်များနှင့် ပတ်သက်သည့် ဖိအားကို များစွာ လျှော့ချပေးနိုင်ပေလိမ့်မည်။

ထိုသို့ဆိုပါက နိုင်ငံခြားသွင်းကုန်များကို အားကိုးနေစရာ မလိုတော့ပေ။

အရေးအကြီးဆုံးမှာ စမ်းသပ်မှုသာ အောင်မြင်ခဲ့ပါက သဲကန္တာရဖြစ်ထွန်းမှုပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်မည်ဖြစ်၏။

အကြီးအကဲဝေ့မှာ ထိုအကြောင်းကို တွေးလေလေ ပိုစိတ်လှုပ်ရှားလာလေလေပင်။

ယဲ့ချန်းက ပန်းသီးစေ့များကို ထုတ်၍ ဆေးရည် အနည်းငယ် ချလိုက်သည်။

ထို့နောက် ထိုအစေ့များကို လက်တွေ့စမ်းသပ်သည့် စက်ပေါ်တွင် တင်ထားလိုက်သည်။

ထိုစက်မှ ထွက်ပေါ်လာမည့် အချက်အလက်များကို သူတို့အားလုံး အနီးကပ် စောင့်ကြည့်နေကြသည်။

ထိုအစေ့များက သဲကန္တာရထဲတွင် အပင်ပေါက်နိုင်ကြောင်း အချက်အလက်များက ပြသနေပေသည်။

ဤရလဒ်ကို မြင်သောအခါ ကျောင်းသားများမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်ထားလိုက်ကြသည်။

စမ်းသပ်မှု အောင်မြင်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

အပျော်ရွှင်ဆုံးလူမှာ တန့်ရှောင်ချောင်ဖြစ်ပြီး သူသည် မျက်ရည်များဖြင့် ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်ထားပေသည်။

"ကျောင်းအုပ်ယဲ့... ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးအများကြီးတင်ပါတယ်"

လူတိုင်း အလွန်အမင်း ပျော်ရွှင်နေကြသည်။

အကြီးအကဲဝေ့ပင် အပြုံးကို မထိန်းထားနိုင်ခဲ့ပေ။

ယဲ့ချန်းက အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြန်ချေပြီ။

တန့်ရှောင်ချောင်က ဓာတ်ခွဲခန်းထဲရှိ အစေ့များကို ကြည့်ရင်း မျက်ရည်များ ဝဲတက်လာသည်။

တန့်ရှောင်ချောင်မှာ ရုတ်တရက် ဒူးထောက်ချလိုက်သည်။

"ဆရာမပိုင်... ကျွန်တော် အောင်မြင်သွားပြီ။ နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ သဲကန္တာရထဲမှာ အပင်တွေ စိုက်ပျိုးလို့ရသွားပြီ။ ကျွန်တော်တို့ သစ်ပင်တွေ စိုက်လို့ရပြီ။ ကျွန်တော်တို့ရဲ့အိမ်မှာ သဲတွေနဲ့ ဖုံးနေတော့မှာမဟုတ်ဘူး"

တန့်ရှောင်ချောင်၏ မွေးရပ်မြေမှာ အမြဲတစေ ဆင်းရဲနွမ်းပါးလှလေရာ အရသာရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းမှာ ဇိမ်ခံပစ္စည်းတစ်ခုလိုပင်။

သူတို့၏ကမ္ဘာတွင် သဲများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ယခုမူ နောက်ဆုံးတော့ သူ့မွေးရပ်မြေအတွက် စိမ်းလန်းစိုပြည်မှုကို ဖန်တီးပေးနိုင်ခဲ့လေပြီ။

တန့်ရှောင်ချောင်အနေနှင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။

အကြီးအကဲဝေ့လည်း အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

သဲကန္တာရစိမ်းလန်းစိုပြည်ရေးသည် နိုင်ငံတော်ကိုယ်တိုင်က အောင်မြင်ရန် ရည်မှန်းထားသည့်အရာဖြစ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပြီးနောက် ဖြစ်ပေါ်လာသော အိုအေစစ်များကလည်း ခဏအတွင်းမှာပင် သဲကန္တာရအဖြစ်သို့ ပြန်ပြောင်းသွားသည်။

ဤဆေးရည်သာ အမှန်တကယ် အလုပ်ဖြစ်မည်ဆိုပါက အလွန်အံ့သြဖွယ်ကောင်းပေလိမ့်မည်။

အကြီးအကဲဝေ့က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ယဲ့ချန်း... နောက်ထပ် သုတေသနတွေ ဆက်လုပ်ဖို့အတွက် ဒီဆေးရည်ကို ငါ ယူသွားလို့ရမလား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

ဤတီထွင်မှုက နောင်လာနောက်သားများကို အကျိုးပြုရန် ရည်ရွယ်ထားခြင်းဖြစ်လေရာ သူ့အနေနှင့် လျှို့ဝှက်မထားပေ။

ထို့ပြင် သုတေသနရလဒ်များက ထိရောက်မှုရှိကြောင်း သက်သေပြနိုင်သည်နှင့် သူတို့ကလည်း သူ့အပေါ် မတရားသဖြင့် ဆက်ဆံမည်မဟုတ်ကြောင်း သေချာပေါက်သိသည်။

တန့်ရှောင်ချောင်က ယဲ့ချန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

သူ စကားမပြောသော်လည်း ယဲ့ချန်းက သူ့အတွေးများကို သိနေချေသည်။ သူသည် ဆေးရည်ကို သူ့မွေးရပ်မြေသို့ ယူသွားချင်နေခြင်းသာ။

"မစ္စတာယဲ့... ဆေးရည်နည်းနည်းလောက် ရနိုင်မလား။ အိမ်က ရွာသူရွာသားတွေ သုံးဖို့အတွက် ကျွန်တော် ယူသွားချင်လို့ပါ"

ပြီးခဲ့သည့်တစ်ခေါက်က ပန်းသီးစိုက်ပျိုးမှု အဆုံးသတ်မလှခဲ့ခြင်းမှာ ရွာသူရွာသားများအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ကြောင်း သူ ကောင်းကောင်းသိသည်။

အကယ်၍ သူသာ ဤဆေးရည်ကို ယူသွားနိုင်ပါက သူ့မွေးရပ်မြေ၏ အသွင်အပြင်ကို ပြောင်းလဲပေးနိုင်ပေလိမ့်မည်။

စိမ်းလန်းသော အိုအေစစ်တစ်ခု ဖြစ်လာစေချင်သည့် ဆရာမပိုင်၏ အိပ်မက်က အကောင်အထည်ပေါ်လာတော့မည်ဖြစ်လေရာ တန့်ရှောင်ချောင်အနေနှင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။

ထို့ကြောင့် တန့်ရှောင်ချောင်က ဆေးရည်ကို ယူသွားရန် အလွန် စိတ်အားထက်သန်နေသည်။

ဆေးရည်ဖန်တီးရာတွင် တန့်ရှောင်ချောင် မည်မျှအထိ ကြိုးစားအားထုတ်ခဲ့ကြောင်း သိထားသောကြောင့် ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။

"ရတာပေါ့... မင်း တစ်ပုလင်းယူသွားလို့ရတယ်"

မိမိမွေးရပ်မြေအပေါ် ကျေးဇူးသိတတ်ပြီး မြတ်နိုးသူများကို ယဲ့ချန်း အလွန်လေးစားသည်။

ယဲ့ချန်း၏ ခွင့်ပြုချက်ကို ရသောအခါ တန့်ရှောင်ချောင်မှာ အလွန်ဝမ်းသာသွားသည်။

"ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"

တန့်ရှောင်ချောင်က ယဲ့ချန်းကို စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်နေပေသည်။ ယဲ့ချန်းသာမရှိလျှင် သူ့ရွာကို ဘယ်လိုမျက်နှာပြရမှန်း သိမည်မဟုတ်ပေ။

တန့်ရှောင်ချောင် တံခါးဝသို့ ရောက်သောအခါ ယဲ့ချန်း တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားသည်။

"ဒါနဲ့... အသီးတွေ ခူးတဲ့အခါကျရင် အဲဒါတွေကို ကြော်ငြာဖို့ တစ်ယောက်ယောက်ကို ငါ ရှာပေးနိုင်တယ်။ ယန်းမီမီနဲ့ သုန်းရှောင်ယာဆိုရင်ရော ဘယ်လိုလဲ"

ထိုနာမည်ကြီးကြယ်ပွင့်နှစ်ယောက်၏ နာမည်ကို ကြားသောအခါ တန့်ရှောင်ချောင် မှင်တက်သွားလေသည်။

••••••••••••••••••••

All Chapters