← Chapters

အခန်း ၆၄၄

Vol. 43 Ch. 644

အခန်း ၆၄၄

Vol. 43 Ch. 644

အပိုင်း ၆၄၄ : ကျိုတိုသို့ သွားခြင်း

တန့်ရှောင်ချောင်က ရုတ်တရက် ရပ်တန့်လိုက်၏။

"ကျောင်းအုပ်ယဲ့... ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကျွန်တော်တို့တစ်ရွာလုံးရဲ့ ကျေးဇူးရှင်ပါပဲ"

တန့်ရှောင်ချောင်၏ လုပ်ရပ်ကိုမြင်သောအခါ ယဲ့ချန်းလည်း စိတ်လှုပ်ရှားသွားသည်။

"ရှောင်ချောင်... အားနာနေစရာမလိုပါဘူး။ မင်းဇာတိက သဲကန္တာရကို အိုအေစစ်တစ်ခုဖြစ်လာအောင် ကူညီပေးရတာ ငါလည်းဝမ်းသာပါတယ်။ ဒါနဲ့ မင်း ငါ့ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လို့ရတယ်။ အခက်အခဲတစ်ခုခုရှိရင်လည်း ပြောသာပြော"

တန့်ရှောင်ချောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လေဆိပ်သို့ တန်းတန်းမတ်မတ် ထွက်သွားလေသည်။

လေယာဉ်ပေါ်က ဆင်းပြီးနောက် တန့်ရှောင်ချောင်သည် သူ့ဇာတိရွာသို့ပြန်ရန် တစ်ရက်နှင့်တစ်ညတိတိ ကားစီးခဲ့ရသည်။

တန့်ရှောင်ချောင်၏ ဇာတိကို သဲကန္တာရကြီးက ဝန်းရံထားသော်လည်း ထိုနေရာ၌ ရွာလေးတစ်ရွာတော့ ရှိနေပေသည်။

ဤသည်ကား တန့်ရှောင်ချောင်၏ ဇာတိမြေပင်။

တက္ကသိုလ်က ဘွဲ့ရပြီးနောက် တန့်ရှောင်ချောင်မှာ မြို့ပေါ်တွင်နေရန် အခွင့်အရေးရှိသော်လည်း ရွာသူရွာသားများ ကြီးပွားတိုးတက်စေရန် ကူညီပေးဖို့ ဇာတိရွာတွင်သာနေရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်များတစ်လျှောက် အစပိုင်းတွင် သူသည် အပြင်၌ ငွေအမြောက်အများရှာနိုင်ခဲ့သော်လည်း မရေမတွက်နိုင်သော လက်တွေ့စမ်းသပ်မှုများနှင့် ကျရှုံးမှုများကြောင့် သူ့ငွေအားလုံးနီးပါး ဆုံးရှုံးခဲ့ရသည်။

သူ စိတ်ပူနေချိန်မှာပင် ယဲ့ချန်းနှင့် ဆုံတွေ့ခဲ့ရသည်။

တန့်ရှောင်ချောင် ပြန်လာသည်ကိုမြင်သော် ရွာသူရွာသားအားလုံး၏ မျက်နှာက ဝမ်းနည်းနေပုံပေါ်သည်။

သူတို့အားလုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြသော်ငြား ယခုတစ်ကြိမ်လည်း ထပ်မံကျရှုံးလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ရွာသားအမြောက်အများ၏ မျက်လုံးများမှာ နီရဲနေချေသည်။

တန့်ရှောင်ချောင်က ပြုံးလိုက်၏။

"ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ မကျရှုံးသေးပါဘူး။ ကြိုးစားနေသရွေ့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက တကယ်ဖြစ်လာမှာပါ"

အသက်အရွယ်ရနေပြီဖြစ်သော ရွာလူကြီးက သက်ပြင်းချလိုက်လေသည်။

"ရှောင်ချောင်... မင်း ငါတို့အတွက် အများကြီးစွန့်လွှတ်ခဲ့တယ်ဆိုတာ ငါတို့အားလုံးသိပါတယ်။ ဒါပေမဲ့ ငါတို့နေရာက သစ်သီးပင်တွေစိုက်ဖို့ တကယ်မသင့်တော်ဘူး။ မင်း ပြန်မလာသင့်ဘူး။ မင်းက ပိုကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်သင့်ပါတယ်ကွာ"

သူတို့အားလုံးကမူ တန့်ရှောင်ချောင်ကို ထွက်မသွားစေချင်သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း သူသည် ဇာတိမြေအတွက် အများကြီးပေးဆပ်ခဲ့ပြီးဖြစ်၏။

သူတို့အတွက်နှင့် သူ့ကို ဆက်အနစ်နာခံခိုင်းရန်လည်း အားနာနေကြသည်။

အများစုကတော့ ဤသည်မှာ ကံကြမ္မာအလိုကျပင်ဖြစ်လိမ့်မည်ဟု တွေးနေကြသည်။

သစ်သီးခြံထဲတွင် လေတိုက်ခံရ၍ လဲကျနေသော သစ်သီးပင်များကို လမ်းဘေး၌ စုပုံထားပြီး ရွာသားအားလုံးက ထိုအပင်များကို ကြည့်နေကြသည်။

သူတို့ အောင်မြင်ပြီဟု ထင်ခဲ့ကြသော်လည်း သဘာဝတရားကြီးက သူတို့ကို နောက်ထပ်သင်ခန်းစာတစ်ခု ပေးခဲ့ပြန်သည်။

လေနှင့် သဲများတိုက်ခတ်မှုကြောင့် လဲကျပျက်စီးနေသော သစ်သီးပင်များကိုမြင်ရသောအခါ လူတိုင်း၏ရင်ထဲဝယ် အသည်းခိုက်မတတ် နာကျင်ရသည်။

တန့်ရှောင်ချောင် ရယ်မောလိုက်လေသည်။

"ရွာလူကြီး... ဘာတွေပြောနေတာလဲ။ ဒီနေရာကို အိုအေစစ်ဖြစ်လာစေရမယ်လို့ ဆရာမပိုင်ကို ကျွန်တော် ကတိပေးထားတယ်လေ။ ဒီတစ်ခါ ကျွန်တော် ပစ္စည်းကောင်းတစ်ခု ယူလာခဲ့တယ်။ ကျွန်တော်တို့ သေချာပေါက် အောင်မြင်ရမယ်"

တန့်ရှောင်ချောင်၏ စကားကို ကြားသောအခါ အားလုံး အံ့အားသင့်သွားကြသည်။

သို့ရာတွင် အများစုကတော့ မယုံကြည်ကြပေ။ တန့်ရှောင်ချောင်က သူတို့ကို စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးနေခြင်းဖြစ်သည်ဟုသာ ထင်နေကြသည်။

လက်တွေ့စမ်းသပ်မှုပေါင်းများစွာ လုပ်ခဲ့သော်လည်း အားလုံးကျရှုံးခဲ့ရသည် မဟုတ်ပါလော။

တန့်ရှောင်ချောင်က ရယ်မောလိုက်၏။

"ကျွန်တော်တို့မှာ မျိုးစေ့ဘယ်လောက် ကျန်သေးလဲ"

"နှစ်အိတ်ပဲ ကျန်တော့မယ်ထင်တယ်"

ရွာလူကြီးက ဆိုသည်။

"အဲ့ဒါတွေကို အားလုံးစိုက်လိုက်ကြပါ။ ဒီတစ်ခါတော့ လေနဲ့သဲတွေကို အနိုင်ယူနိုင်မယ့် လျှို့ဝှက်လက်နက်ကို ကျွန်တော်ယူလာခဲ့ပြီ"

တန့်ရှောင်ချောင်၏ ယုံကြည်မှုပြည့်ဝနေသော ပုံစံကို မြင်လိုက်ရချိန်ဝယ် အားလုံး မှင်တက်သွားကြသည်။

တန့်ရှောင်ချောင်က ရှင်းပြလိုက်သည်။

"မြို့ထဲမှာ တက္ကသိုလ်ကျောင်းအုပ်တစ်ယောက်နဲ့ ကျွန်တော် ဆုံခဲ့တယ်။ အခုရက်ပိုင်းတွေအတွင်း သူတို့နဲ့အတူ ကျောင်းမှာ ပရောဂျက်တွေ သုတေသနလုပ်နေခဲ့တာလေ။ ကျွန်တော်တို့ရဲ့ စမ်းသပ်မှုက အောင်မြင်ခဲ့တယ်။ ဒီအထူးမြေဩဇာနဲ့ဆိုရင် မျိုးစေ့တွေက မီတာတော်တော်များများအထိ အမြစ်တွယ်နိုင်စွမ်းရှိပြီး လေနဲ့သဲတွေတိုက်တာကိုလည်း ခံနိုင်ရည်ရှိသွားပြီ။ မကြာခင် ဒီနေရာက အိုအေစစ်တစ်ခု ဖြစ်လာတော့မှာဗျ"

တန့်ရှောင်ချောင်၏စကားကို ကြားသောအခါ အားလုံး အလွန်ဝမ်းသာသွားကြသော်လည်း သံသယလည်း ဝင်နေကြသေးသည်။

ဒါက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်နိုင်ပါ့မလား။

တန့်ရှောင်ချောင်ကလည်း ဆေးရည်တစ်ပုလင်းကို ထုတ်ယူလိုက်၏။

"ဒါက ကျွန်တော်တို့ရဲ့ သုတေသနရလဒ်ပဲ။ ရတနာတစ်ခုပေါ့ဗျာ"

သူက ဤဆေးရည်၏ အခြေခံသဘောတရားများကို ရှင်းပြခဲ့သော်လည်း မည်သူမှ နားမလည်ကြပေ။

ဆေးရည်မှာ အစိမ်းရောင်ဖြစ်ပြီး သာမန်ဟုထင်ရသော်လည်း ဤမျှအားကောင်းသော အာနိသင်မျိုး တကယ်ရှိနေသည်လော။

တန့်ရှောင်ချောင်က ပြောလိုက်၏။

"ဒီဆေးရည်ကိုလောင်းပေးတာနဲ့ ကျွန်တော်တို့ရဲ့ မျိုးစေ့တွေက နှစ်လအတွင်း ရှင်သန်နိုင်တယ်။ ရေလည်း နည်းနည်းပဲလိုတယ်။ မိုးခေါင်ရေရှားဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်"

တန့်ရှောင်ချောင်၏ စကားအဆုံးတွင် လူတိုင်း ဆွံ့အသွားကြသည်။

သူကိုင်ထားသော ဆေးရည်က အမှန်စင်စစ် ဤမျှအထိ အစွမ်းထက်လေသလား။

သဲကန္တာရ၏ မြေဆီလွှာမှာ အဆုံးအစမရှိဟု ထင်ရသော်လည်း အခြေခံအားဖြင့် အပင်များ စိုက်ပျိုး၍မရပေ။

အကယ်၍ တန့်ရှောင်ချောင်ပြောသလို သဲကန္တာရကို အိုအေစစ်အဖြစ် တကယ်ပြောင်းလဲနိုင်မည်ဆိုပါက အလွန်ကောင်းပေလိမ့်မည်။

"ရှောင်ချောင် တကယ်လား။ မင်းကိုင်ထားတဲ့ ဆေးရည်က တကယ်ပဲ အဲ့ဒီလောက်တောင် အံ့ဩစရာကောင်းတာလား"

"ဟုတ်တယ်။ ကျွန်တော်တို့ သိပ္ပံနည်းကျစမ်းသပ်မှုတွေ လုပ်ပြီးပြီမို့ ပြဿနာမရှိတာ သေချာပါတယ်"

တန့်ရှောင်ချောင်၏ သေချာပြတ်သားသော အဖြေကိုကြားသောအခါ ရွာသားအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

လူတိုင်းက ဤနေ့ရက်ကို မျှော်လင့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ယခုမူ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

ရွာသားအားလုံး စတင်လှုပ်ရှားကြတော့သည်။

အားလုံးက မျိုးစေ့များကို ကမန်းကတန်း ပြန်လည်စိုက်ပျိုးကြပြီး တန့်ရှောင်ချောင်ကတော့ အချိုးအစားအတိုင်း ဆေးရည်ကို ဂရုတစိုက် ဖျော်စပ်နေလေသည်။

အားလုံး၏ ကြိုးစားအားထုတ်မှုဖြင့် မျိုးစေ့အားလုံးကို စိုက်ပျိုးရန် နေ့တစ်ဝက်ခန့်သာ အချိန်ယူခဲ့ရသည်။ ယခုတော့ နောက်နှစ်လအကြာတွင် ရိတ်သိမ်းရန်အတွက် စောင့်ဆိုင်းဖို့သာ ကျန်တော့သည်။

ကျိုတိုမြို့တွင် ယဲ့ချန်းသည် တန့်ရှောင်ချောင်ထံမှ သတင်းကြားရ၍ အလွန်ကျေနပ်သွားသည်။

သူတို့သည် ပထမဆုံးစမ်းသပ်သည့် သစ်သီးခြံဖြစ်လေရာ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုသည်မှာမူ နှစ်လအကြာတွင် သိရပေမည်။

ဖုန်းချပြီးနောက် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်သည်နှင့် ရှောင်ရှန်း၏အသံက ထွက်ပေါ်လာသည်။

"ယဲ့ချန်း... ရှင့်ကိုသတ်ချင်နေတဲ့လူကို ကျွန်မ ရှာတွေ့ပြီ။ ကျိုတိုက ဝေ့မိသားစုက ဝေ့လျန်တဲ့"

ကျိုတိုက ဝေ့လျန်လား။

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုနာမည်မှာ ယဲ့ချန်းအတွက် အလွန်စိမ်းသက်နေပေသည်။

ရှောင်ရှန်းက ပြောလာလေ၏။

"ရှင် ဂရုစိုက်သင့်တယ်နော်။ ဝေ့လျန်က သာမန်မဟုတ်ဘူး။ သူက ကျိုတိုရဲ့ အထင်ကရမိသားစုကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ဝေ့မိသားစုရဲ့ သားအကြီးဆုံး။ နောက်ခံအင်အားလည်း တောင့်တင်းတယ်"

"ကျေးဇူးပဲ ရှောင်ရှန်း.. ကိုယ် မင်းကို ကျေးဇူးကြွေးတစ်ကြိမ်တင်သွားပြီလို့ မှတ်လိုက်ပါ"

ဖုန်းချပြီးနောက် ယဲ့ချန်းက ကွန်ပျူတာဖွင့်လိုက်သည်။

မကြာခင်မှာပင် ယဲ့ချန်းသည် ဝေ့လျန်နှင့်ပတ်သက်သော အချက်အလက်အားလုံးကို စုဆောင်းနိုင်ခဲ့သည်။

ဤဝေ့လျန်သည် အမေရိကန်နိုင်ငံရှိ လီဗာတန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုက်ကွမ်ဒိုလည်း လေ့ကျင့်ထားကာ အဆင့်ကိုးခါးပတ်ကို ပိုင်ဆိုင်ထားသူဖြစ်၏။

"ငါ့ကို ရှင်းပစ်ချင်တာလား။ ကောင်းပြီလေ။ ဘယ်သူက ဘယ်သူ့ထက် ပိုသာမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ယဲ့ချန်းမှာ သူ့ရန်သူများကို သနားညှာတာလေ့ မရှိပေ။

ထိုအချိန်တွင် ယဲ့ချန်းထံသို့ ဖုန်းဝင်လာပြန်သည်။

ယဲ့ချန်း တစ်ချက်ကြည့်လိုက်သောအခါ စုဝမ်ယိ၏ဖုန်းပင်။

ဒီအချိန်ကြီးမှ ဒီကောင်မလေးက ဘာလို့ ဖုန်းဆက်လာတာပါလိမ့်။

ဖုန်းကိုင်လိုက်သည်နှင့် စုဝမ်ယိ၏ စိုးရိမ်တကြီးအသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

"ယဲ့ချန်း... ကျွန်မနဲ့အတူ ကျိုတိုကို လိုက်ခဲ့ပေးလို့ရမလား။ ကျွန်မအဘိုး နေမကောင်းလို့"

"ရတယ်လေ။ ပြဿနာမရှိဘူး"

ယဲ့ချန်း သဘောတူလိုက်သည်။

ယဲ့ချန်းလည်း သူ့ကိုယ်ပိုင်လေယာဉ်ကို စီစဉ်လိုက်၏။ သူတို့နှစ်ယောက်က မိုတုမြို့မှ ကျိုတိုမြို့သို့ လေယာဉ်ဖြင့် ထွက်လာခဲ့ကြသည်။

လေယာဉ်ပေါ်က ဆင်းပြီးနောက် ယဲ့ချန်းလည်း စုမိသားစုအိမ်တော်သို့ ကားမောင်းသွားလိုက်လေသည်။

စုမိသားစုကလည်း ကျိုတိုတွင် ထင်ရှားကျော်ကြားသော မိသားစုကြီးတစ်ခုပင်။

သို့သော် စုဝမ်ယိ၏ဖခင်သည် မိသားစုတွင်း အမွေဆက်ခံခွင့် အားပြိုင်မှုများကို မနှစ်သက်သဖြင့် စီးပွားရေးလုပ်ရန် မိုတုမြို့သို့ ထွက်လာခဲ့ခြင်းပင်။

စုဝမ်ယိ၏ လမ်းညွှန်မှုဖြင့် ယဲ့ချန်းလည်း စုမိသားစုအိမ်သို့ မောင်းနှင်သွားသည်။

စုမိသားစု၏ အိမ်တော်မှာ ကြီးမားကျယ်ဝန်းလှသော ခြံဝင်းကြီးတစ်ခုပင်။

ဈေးကြီးလှသော မြို့တော်ကြီးထဲတွင် ယခုလို ကြီးမားလှသည့် ခြံဝင်းကြီးတစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ ကြီးမားလှသော နောက်ခံအင်အားကို ပြသနေကြောင်း ယဲ့ချန်း သိထားသည်။

စုဝမ်ယိက ရှင်းပြလိုက်၏။

"တကယ်တော့ စုမိသားစုက ဆင်ခြေဖုံးရပ်ကွက်ထဲမှာလည်း စံအိမ်တစ်ခုရှိသေးတယ်။ ဒါပေမဲ့ ကျွန်မအဘိုးက သံယောဇဉ်ကြီးတော့ ဒီမှာပဲနေမယ်ဆိုပြီး တင်းခံနေခဲ့တာ"

ယဲ့ချန်း ပြုံးလိုက်မိသည်။ ထို့နောက် သူတို့နှစ်ယောက်သား ကားပေါ်က ဆင်းလိုက်ကြသည်။

ခြံတံခါးဝသို့ ရောက်သည်နှင့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က သူတို့ကို ဆီးကြိုလေသည်။

"မိန်းကလေး...နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

ထိုအမျိုးသမီးက စုဝမ်ယိကို နွေးထွေးပျူငှာစွာ ပြောလိုက်သည်။

စုဝမ်ယိကမူ စိုးရိမ်တကြီး မေးလိုက်သည်။

"အန်တီဝူ... အဘိုး ဘယ်လိုနေသေးလဲ"

အန်တီဝူကလည်း ပြန်ဖြေရှာသည်။

"အဘိုးရဲ့ အခြေအနေက တော်တော်လေး စိုးရိမ်ရတယ်။ တကယ်တော့ မကြာသေးခင်ကမှ သူ့အခြေအနေက တော်တော်ကောင်းနေခဲ့တာ။ ဒါပေမဲ့ ဒီနေ့ ထမင်းစားနေရင်း ရုတ်တရက် မေ့လဲသွားရော။ ဒေါက်တာလီက ဆေးပေးထားပေမဲ့ သူ သိပ်မသက်သာသေးဘူး"

စုဝမ်ယိလည်း အန်တီဝူ၏ လမ်းညွှန်မှုဖြင့် စံအိမ်ဆီသို့ အလျင်စလို လျှောက်သွားလေသည်။

••••••••••••••••••••••

All Chapters