အခန်း ၆၄၅
Vol. 43 Ch. 645
အပိုင်း ၆၄၅ : ဆေးပညာစွမ်းရည်ကို ပြသခြင်း
သူတို့သုံးယောက် စံအိမ်အဟောင်းထဲသို့ ဝင်လိုက်သည်နှင့် ယဲ့ချန်းမှာ ပြင်းထန်သော အနံ့တစ်မျိုးကို ရလိုက်သည်။
ဤသည်မှာ ဆေးဖက်ဝင်အပင်များ၏ အနံ့ဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်း သိလိုက်သည်။
ဤအနံ့ကိုရလိုက်ချိန်ဝယ် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
အခန်းထဲသို့ ဝင်သွားသောအခါ ခုတင်ပေါ်တွင် လှဲနေသော နွမ်းလျလျ အဘိုးအိုတစ်ယောက်ကို ယဲ့ချန်း မြင်လိုက်ရသည်။
အဘိုးအို၏ မျက်နှာမှာ ဖြူရော်နေပြီး မျက်နှာအရောင်လည်း အလွန်ဆိုးဝါးနေသည်။
ကျန်းမာရေးအခြေအနေ ဆိုးရွားနေသော်လည်း ယဲ့ချန်းတို့ကို မြင်သောအခါ အဘိုးအိုက စုဝမ်ယိကို အနားလာရန် လက်ယပ်ခေါ်လိုက်သေးသည်။
"ဝမ်ယိ... ဒီကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရောက်လာတာလဲ။ မနက်ဖြန်အထိ လေယာဉ်မရှိဘူးဆို"
စုဟုန်းက ပြုံးလျက် မေးလိုက်လေသည်။
"အဘိုး... သမီးသူငယ်ချင်းရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ လာခဲ့တာပါ"
စုဝမ်ယိကလည်း ပြန်ဖြေသည်။
ထိုစဉ် အဘိုးအို၏ အကြည့်က ယဲ့ချန်းထံသို့ ကျရောက်လာသည်။
"ဪ... ဒါက ဘယ်သူတုန်း"
စုဟုန်းက မေးလာချေ၏။
စုဝမ်ယိကမူ ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ဒါက သမီးရဲ့သူငယ်ချင်း ယဲ့ချန်းပါ"
ယဲ့ချန်းကလည်း ခုတင်နားသို့ ချဉ်းကပ်သွားပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အဘိုး"
အဘိုးအိုကို နှုတ်ဆက်ပြီးနောက် သူအနားယူရန် လိုအပ်သဖြင့် သူတို့နှစ်ယောက်သား အခန်းထဲမှ ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဝင်လာပြီး ယဲ့ချန်းကို မြင်သည်နှင့် သူ့မျက်နှာကား မည်းမှောင်သွားလေသည်။
"ဝမ်ယိ... ဒါက ဘာသဘောလဲ။ မင်းက ဘယ်လိုလုပ်ပြီး သူစိမ်းတစ်ယောက်ကို ခေါ်လာရတာလဲ။ အဲဒါလည်း အိမ်အဟောင်းကိုလေ။ မင်း စည်းကမ်းတွေကို နားမလည်ဘူးလား"
စုဝမ်ယိကလည်း ပြန်ပြောလိုက်၏။
"ဒုတိယဦးလေး... ယဲ့ချန်းက ကျွန်မရဲ့ သူငယ်ချင်းပါ။ သူသာမပါရင် ကျွန်မ ဒီလောက်မြန်မြန် ပြန်ရောက်လာမှာ မဟုတ်ဘူး"
"ဟွန့်... နင့်အဘိုးက ဒီလောက်အသည်းအသန်ဖြစ်နေတာတောင် ရည်းစားကို အိမ်ခေါ်လာဖို့ စိတ်ကူးရှိသေးတယ်ပေါ့။ တော်တော်ဖြစ်နေတာပဲ"
စုဝမ်ယိနှင့် ရွယ်တူခန့်ရှိသော မိန်းကလေးတစ်ယောက်က အေးစက်စက် ပြောလာလေသည်။
ထိုမိန်းကလေး၏ အသံကို ကြားသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်မိလိုက်သည်။
စကားပြောလိုက်သူမှာ အပြောကြမ်းသော မိန်းကလေးတစ်ယောက်ဖြစ်သည့် စုဝမ်ယိ၏ ညီမဝမ်းကွဲပင်။
"အဲ့လိုမဟုတ်ပါဘူး"
စုဝမ်ယိကမူ မိမိကိုယ်ကို ကာကွယ်ပြောဆိုလိုက်သည်။
"မဟုတ်ဘူးလို့ ငြင်းနေတုန်းပဲလား။ ဒီလူတွေအကုန်လုံးကို ကန်းနေတယ်များ ထင်နေလား။ သူ့ကို အိမ်အထိခေါ်လာတာလေ။ ဘာပြောစရာလိုသေးလို့လဲ"
ဒုတိယအဒေါ်ကပါ ခနဲ့တဲ့တဲ့ နှာခေါင်းရှုံ့၍ ပြောလာလေသည်။
စုဝမ်ယိ၏မျက်နှာကား ဒေါသကြောင့် နီမြန်းသွားသည်။
ထိုစဉ်က သူ(မ)တို့မိသားစု မိုတုမြို့သို့ ပြောင်းရွှေ့ခဲ့ရခြင်းမှာ ဒုတိယဦးလေး၏ မိသားစုနှင့် အတူမနေရအောင် ရှောင်ရှားခြင်းပင်။
သူတို့က အပြောအဆို ကြမ်းတမ်းပြီး အမြဲတမ်း ပြဿနာရှာလေ့ရှိကြသည်။
"ဒီနေ့ခေတ်ကလေးတွေကတော့လေ... တကယ့်ကို ကိုယ်ချင်းစာတရားမရှိတာပဲ။ အဲ့ဒီတုန်းက အဘိုးက သူ့ကို အရမ်းတွေအချစ်ပိုခဲ့ရတာ နှမြောစရာပဲ"
"ရှင်တို့တွေ... "
စုဝမ်ယိ၏ မျက်ဝန်းထဲဝယ် မျက်ရည်ဝဲတက်လာသည်။
အဘိုးက သူ(မ)ကို အချစ်ဆုံးဆိုသည်မှာ မှန်သော်ငြား သူ(မ)ကလည်း အဘိုးကို ဂရုအစိုက်ဆုံးပင်။
သို့မဟုတ်ပါက အရေးကြီးအစည်းအဝေးတစ်ခုကို ထားခဲ့ပြီး ကျိုတိုသို့ ပြန်လာမည်မဟုတ်ပေ။
သို့သော် ဤလူများက အလွန်အကျိုးအကြောင်းမသင့်သောကြောင့် စုဝမ်ယိအနေနှင့် ဘာပြောရမှန်းမသိလောက်အောင် ဖြစ်သွားသည်။
"ကိုယ်ချင်းစာတရားမရှိတဲ့ လူတွေက ခင်ဗျားတို့မိသားစုပဲ ဖြစ်မယ်ထင်တယ်"
ယဲ့ချန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"မင်း ဘာပြောလိုက်တယ်"
စုဝမ်ယိ၏ ဒုတိယဦးလေး စုကျန့်က အေးစက်စက် စိုက်ကြည့်လာသည်။
ယဲ့ချန်းကလည်း အေးစက်ခက်ထန်စွာ ပြန်ပက်လိုက်၏။
"အဘိုးက အနားယူဖို့လိုနေတာတောင် ခင်ဗျားတို့မိသားစုက ဒီမှာလာပြီး ဆူညံအော်ဟစ်နေကြတယ်လေ။ ဘယ်သူက ကိုယ်ချင်းစာတရားမရှိတာလို့ ထင်လဲ"
"မင်းကိုယ်မင်း ဘယ်သူများ ထင်နေတာလဲ။ ငါတို့မိသားစုရဲ့ကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ"
စုဝမ်ယိ၏ ဒုတိယအဒေါ် လျိုယွင်က ဆူပူမာန်မဲလိုက်သည်။
"ဟုတ်တယ်။ တစ်ယောက်ယောက် ဒီကောင့်ကို အပြင်ဆွဲထုတ်သွားလိုက်စမ်း"
"ဘယ်သူလုပ်ရဲလဲဆိုတာ ကြည့်ချင်သေးတယ်။ ယဲ့ချန်းက ကျွန်မရဲ့ သူငယ်ချင်း။ ပြီးတော့ ကျွန်မက စုမိသားစုရဲ့ အကြီးဆုံးသမီးဆိုတာကိုလည်း မမေ့ကြနဲ့"
စုဝမ်ယိက ဒေါသတကြီးပြောရင်း ယဲ့ချန်းအရှေ့မှ ကာကွယ်ရပ်တည်လိုက်သည်။
"စုဝမ်ယိ...နင်က အပြင်လူဘက်ကတောင် ပါရဲတယ်ပေါ့"
စုကျန့်ကလည်း အော်ဟစ်လာပေသည်။
ထိုစဉ် အိပ်ခန်းထဲမှ ချောင်းဆိုးသံနှင့်အတူ အသံတစ်သံ ထွက်လာလေသည်။
'မင်းတို့က ငါ့ကို မြန်မြန်သေအောင် လုပ်နေကြတာလား"
အဘိုးအို၏အသံကို ကြားသည်နှင့် ဤလူအုပ်လည်း ငြိမ်သက်သွားသည်။
စုယွဲ့က ဆို၏။
"အဘိုး... အဘိုးနေမကောင်းဖြစ်နေတာကို ဝမ်ယိက သူစိမ်းတစ်ယောက် ခေါ်လာတယ်။ ဘယ်လောက်တောင် ဆင်ခြင်ဉာဏ်မဲ့လိုက်သလဲ။ သမီးရဲ့ မိဘတွေက သူ့ကိုပြောဆိုနေတာကို သူက မကျေမနပ်ဖြစ်နေတာလေ"
"ဟွန့်...ဝမ်ယိရဲ့သူငယ်ချင်းက ငါကိုယ်တိုင် ခေါ်လာခိုင်းထားတဲ့ လူပဲ။ မင်းတို့က ငါ့ကိုပါ မောင်းထုတ်ဖို့ စီစဉ်နေကြတာလား"
အဘိုးအို၏စကားကို ကြားသောအခါ စုကျန့်တို့ မိသားစုလည်း တိတ်ဆိတ်သွားကြသည်။
အဘိုးက သူ(မ)ကို ကာကွယ်ပေးနေကြောင်း သိလိုက်ရသဖြင့် စုဝမ်ယိ၏ ရင်ထဲတွင် နွေးထွေးသွားသည်။
ယဲ့ချန်းက ဆို၏။
"အဘိုး... အဘိုးအနားယူပြီးမှ ကျန်းမာရေးစစ်ဆေးပေးဖို့ ကျွန်တော် စောင့်နေမလို့ပါ။ အခု အဘိုး အိပ်မပျော်တော့တဲ့အတူတူ ကျွန်တော့်ကို စစ်ဆေးခွင့်ပြုပါ"
စုဟုန်း အံ့သြသွားလေသည်။
"မင်းက ရောဂါလည်းကုတတ်တာလား"
ယဲ့ချန်း ခေါင်းညိတ်လိုက်၏။
"ကျွန်တော် နည်းနည်းပါးပါးတော့ သိပါတယ်"
ထိုအခါမှသာ စုဝမ်ယိ သတိရသွားသည်။
ဟုတ်ပေသည်။ အလောတကြီးဖြစ်နေသဖြင့် ယဲ့ချန်းက ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဆေးပညာတွင်လည်း အလွန်ကျွမ်းကျင်ကြောင်း သူ(မ) မေ့နေခဲ့သည်။
စုကျန့်က နှာခေါင်းရှုံ့လိုက်၏။
"ဟာသပဲ။ မင်းလိုကောင်က ရောဂါကုပေးနိုင်တယ်ပေါ့။ ငါတို့လို ဂုဏ်သတင်းကြီးတဲ့ စုမိသားစုက လမ်းဘေးရမ်းကုနဲ့ ကုသမှုခံယူနေတယ်ဆိုရင် အလှောင်ခံရမှာပေါ့"
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေသည်။
"အဘိုးရဲ့ရောဂါကို ကျွန်တော်ကလွဲပြီး တခြားဘယ်သူမှ မကုနိုင်ဘူး။ ကျွန်တော်က သူ့ကို တကယ်ပျောက်အောင် ကုပေးလိုက်မှာကို ခင်ဗျားတို့ ကြောက်နေကြတာလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ စုကျန့်၏မျက်နှာထားမှာ ပြောင်းလဲသွားသည်။
"အဓိပ္ပာယ်မရှိတာ"
စုဝမ်ယိကလည်း ထပ်ပြောလိုက်သည်။
"အဘိုး... ယဲ့ချန်းက အရမ်းကျွမ်းကျင်တာနော်။ ပြီးတော့ သူက ရန်အိုက်ဆေးရုံက ဧည့်ပါမောက္ခလေ"
ရန်အိုက်ဆေးရုံက ဧည့်ပါမောက္ခလား။
စုဝမ်ယိ၏စကားကို ကြားသောအခါ အားလုံး ကြက်သေသေသွားကြသည်။
စုဟုန်းလည်း ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ကောင်လေး ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"
ယဲ့ချန်းကလည်း ပြုံးလိုက်လေသည်။
"ဝမ်ယိရဲ့ သူငယ်ချင်းအနေနဲ့ ဒါက ကျွန်တော့်ရဲ့ တာဝန်ပါဗျာ"
စုဟုန်းက ဆို၏။
"ဒါဆိုလည်း မင်းကို အားကိုးရတော့မှာပဲ။ ငါ့ရောဂါက နာကျင်ရလွန်းလို့ပါကွာ"
ယဲ့ချန်းကလည်း ခေါင်းညိတ်လျက် ပြောလိုက်လေသည်။
"အဘိုး..ကျွန်တော့်ကို အရင်ဆုံး သွေးခုန်နှုန်းစမ်းခွင့်ပြုပါ"
အဘိုးအိုက ယဲ့ချန်းကို တကယ်ကုသခွင့်ပေးလိုက်ကြောင်း မြင်လိုက်ရချိန်ဝယ် စုကျန့်တို့မိသားစု၏ မျက်နှာများမှာ မည်းမှောင်သွားလေသည်။
အကယ်၍ ယဲ့ချန်းကသာ အဘိုးအိုကို တကယ်ပျောက်ကင်းအောင် ကုသပေးလိုက်မည်ဆိုပါက သူတို့၏ အစီအစဉ်များ ထိခိုက်လာနိုင်သည်။
ထို့ပြင် အဘိုးစုက ယဲ့ချန်းကို သဘောကျနေကြောင်း သိသာလှသည်။
သွေးခုန်နှုန်းစမ်းကြည့်ပြီးနောက် ခဏအကြာတွင် ယဲ့ချန်းက ပြောလိုက်၏။
"အဘိုး... တလောတုန်းက ခေါင်းမှာ ဒဏ်ရာရခဲ့တယ်မလား"
စုဟုန်းခမျာ အံ့သြသွားပြီး ခေါင်းခါယမ်းလိုက်လေသည်။
"ဟင့်အင်း။ မရခဲ့ပါဘူး"
ဘေးနားရှိ စုကျန့်ကမူ လှောင်ပြောင်လိုက်လေသည်။
"ဟေ့ကောင် ဟန်ဆောင်မနေနဲ့။ မင်း ခန့်မှန်းတာ မှားသွားပြီမဟုတ်လား"
စုဟုန်း ရုတ်တရက် သတိရသွားလေသည်။
"ဪ... တလောတုန်းက အပင်ရေလောင်းရင်း ပြတင်းပေါက်ဘောင်နဲ့ ခေါင်းဆောင့်မိသွားသေးတယ်။ ခဏလောက်တော့ မိုက်ခနဲဖြစ်သွားပြီး ချက်ချင်းသက်သာသွားတာပဲလေ။ မင်းက အဲ့ဒါကို ပြောတာလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်။ အဲ့ဒီလိုဆောင့်မိသွားတဲ့အတွက် ခေါင်းထဲမှာ သွေးခဲသွားပြီး သွေးလည်ပတ်မှုကို ပိတ်ဆို့သွားစေတယ်။ အဲ့ဒါကြောင့် ခေါင်းကိုက်တာ ခေါင်းမူးတာ ပျို့အန်ချင်တာနဲ့ အစားအသောက်ပျက်တာတွေ ဖြစ်လာတာပါ"
ယဲ့ချန်း၏စကားကို နားထောင်ရင်း စုဟုန်း အနည်းငယ် အံ့အားသင့်သွားလေသည်။
"တကယ်ပဲ။ မင်းပြောတဲ့ လက္ခဏာတွေ အားလုံး ငါ့ဆီမှာ တကယ်ဖြစ်နေတာ"
ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။
"ပြီးတော့ ဆရာဝန်က အအေးမိတာကိုကုသဖို့ တိုင်းရင်းဆေးတွေ ပေးထားတယ်။ အဲ့ဒါက တကယ့်ပြဿနာကို ဖြေရှင်းမပေးနိုင်ဘဲ အခြေအနေကို ပိုဆိုးသွားစေတာပဲ။ အဘိုး ကျွန်တော်နဲ့တွေ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် အဘိုး အန္တရာယ်များတယ်"
"အဓိပ္ပာယ်မရှိတာ။ ငါတို့ငှားထားတဲ့ ဆရာဝန်က ကျိုတိုမှာ နာမည်ကြီးတဲ့ တရုတ်တိုင်းရင်းဆေးဆရာကြီးကွ"
စုကျန့် မျက်နှာပျက်သွားလေသည်။
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေသည်။
"သူက အရည်အချင်းမရှိတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်..."
သူသည် စကားကို အဆုံးမသတ်လိုက်သော်လည်း သူဆိုလိုချင်သည့် အဓိပ္ပာယ်မှာမူ ရှင်းလင်းနေပေသည်။
အဘိုးစုက စုကျန့်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
ထို့နောက် ယဲ့ချန်းဘက်သို့ လှည့်လိုက်၏။
"ကောင်လေး... ငါ မင်းကို ကျေးဇူးတင်ပါတယ်။ ငါ့ရောဂါကို ကုလို့ရနိုင်လား"
ယခုမူ ယဲ့ချန်း၏ ဆေးပညာစွမ်းရည်ကို သိလိုက်ရပြီဖြစ်၍ အဘိုးစုမှာ သူ့အပေါ် ပိုယဉ်ကျေးလာသည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"သေချာပေါက် ရတာပေါ့။ ဒါက ကျွန်တော့်အတွက် အသေးအဖွဲကိစ္စလေးပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ စုဝမ်ယိ၏ မျက်နှာကား ဝမ်းသာမှုကြောင့် ဝင်းလက်သွားလေသည်။
"ကောင်းလိုက်တာ။ ဒါဆို အဘိုးကို ကုပေးပါတော့"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"ကောင်းပါပြီ။ ကျွန်တော် ဆေးနည်းနည်းပေးထားခဲ့မယ်။ ပုံမှန်သောက်ပေးရင် အဘိုးရဲ့ရောဂါက မြန်မြန်သက်သာလာလိမ့်မယ်"
•••••••••••••••••••••••