← Chapters

ချမ်းသာ

Vol. 001 Ch. 39

ချမ်းသာ

Vol. 001 Ch. 39

စွန်းတဇူးက ခေါင်းညိတ်ပြီး အားရကျေနပ်သည့် အသံဖြင့် ပြောလိုက်သည်…

“ဒီတံဆိပ်ပြားကို သိမ်းထားပါ ... ဒီတံဆိပ်ပြားက မင်းကို ဒီဥယျာဉ်ထဲ အတားအဆီးမရှိ ဝင်ထွက်လို့ရအောင် ကူညီပေးလိမ့်မယ် ... ဒါပေမဲ့ မှတ်ထားပါ ... ငါ့ခွင့်ပြုချက် မရှိဘဲ ဘယ်ဆေးပင်မှ မင်းထိခွင့်မရှိဘူး…”

ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။ သူ့ကို စွန်းတဇူးက သဘော မကျသည်ကို သူသိသည်။ သို့သော်လည်း ယခုသူက ကီစုစည်းခြင်းအဆင့် တတိယအလွှာကို ရောက်သွားသောကြောင့် တပည့်အဖြစ် စွန်းတဇူးက သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းက စွန်းတဇူးကို နှုတ်ဆက်ပြီး ဥယျာဉ်မှ ထွက်လာခဲ့သည်။

သိပ်မကြာမီတွင် ဝမ်လင်းသည် ပင်မဝင်းထဲမှ ဓားဝိညာဉ် စံအိမ်ရှိရာသို့ ရောက်သွား၏။ လွန်ခဲ့သည့် နှစ်များက ဝမ်လင်း ဤနေရာသို့ ရောက်ဖူး၏။ ထို့နေ့က အဖြစ်အပျက်ကိုပင် သတိရသွားသည်။

ဓားစံအိမ် အပြင်ဘက်တွင် အဖြူရောင်ဝတ် တပည့်တစ်ယောက် ထိုင်နေသည်။ ထိုတပည့်က အသက်၃၀ခန့်ရှိပြီး တော်တော်လေး ဝ၏။ ဝမ်လင်းက သူ့ကို မမြင်ဖူးသောကြောင့် သူသည် လေးနှစ်တာ လေ့ကျင့်ခန်းတွင် မပါဝင်ခဲ့သူ ဖြစ်ရမည်ဟု ကောက်ချက် ချလိုက်သည်။

သူက ဝမ်လင်းကို ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်၏…

“ဂိုဏ်းတူညီလေး ... မင်းက တတိယအလွှာကိုပဲ ရောက်သေးတာလေ ... ဒီကို ဘာလာလုပ်တာလဲ ... ဒီနေရာက အလွှာ၄နဲ့ ၄အထက်က သူတွေပဲ ဝင်နိုင်တာ…”

ဝမ်လင်း ငြိမ်သက်သွားပြီး စွန်းတဇူး၏ တံဆိပ်ပြားကို ထုတ်ကာ ထိုတပည့်ဆီသို့ ပစ်ပေးလိုက်၏။

ထိုခပ်ဝဝ တပည့်က တံဆိပ်ပြားကို ရပြီး သူက အပြုံးတစ်ခုကို အတင်းလုပ်ယူ နေရသကဲ့သို့ သူ့မျက်နှာက ထူးဆန်းသွား၏။ ထို့နောက် ထိန်းမထား နိုင်တော့ပဲ ရယ်ချလိုက်သည်…

“ဒါက အကြီးအကဲစွန်းရဲ့ အစဉ်အလာ ဖြစ်မယ်ထင်တယ် ... ငါက ဒီအကြောင်းကို မေ့သွားတာ ... အကြီးအကဲစွန်းမှာ အစဉ်အလာ တစ်ခုရှိတယ် ... အဲဒါက တခြားဂိုဏ်းတွေနဲ့ ပြိုင်ပွဲရှိတဲ့ အခါတိုင်း သူက ဓားပျံတွေ ကြွားဝါရတာ သဘောကျတယ်…”

ထိုစကားကို ကြားပြီး စွန်းတဇူး၏ အသည်းအသန် ဖြစ်နေသည့် အမူအရာကို ပြန်တွေးမိကာ ရှက်သလိုပင် ခံစားလိုက်ရသည်။

ခပ်ဝဝတပည့်က အချိန်အတော် ကြာသည်အထိ ရယ်မောနေပြီးမှ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏…

“ဂိုဏ်းတူညီလေး ... အထဲကို ဝင်သွားလို့ ရပါပြီ ... ငါ မှတ်ချက် ပေးချင်တာကတော့ ညာဘက်က ဓား၃ပဲ ... အဲဒီဓားပျံက တကယ့်ကို အံ့ဩဖို့ ကောင်းတယ် ... အဲဒီဓားကို ငါ ပထမဆုံးမြင်တဲ့ အချိန်တုန်းက ကျောင်းနိုင်ငံ တစ်ခုလုံးမှာ အဲဒီဓားက အကောင်းဆုံး လို့တောင် တွေးခဲ့တာ…”

ဝမ်လင်းက အလျင်အမြန် ကျေးဇူး တင်လိုက်ပြီး စံအိမ်ဆီသို့ ဦးတည်လိုက်သည်။ စံအိမ်နှင့် ၅မီတာအကွာသို့ ရောက်သောအခါ သူ့ကို တားဆီးနေသည့် စံအိမ်မှစွမ်းအင် လှိုင်းများကို သတိပြုမိလိုက်၏။

ထိုအခြင်းအရာကို မြင်လိုက်ရသည့် ခပ်ဝဝတပည့်က စံအိမ်ပတ်လည်တွင် တည်ဆောက် ထားသည့် ဝင်္ကပါ အစီအရင်ကို ပိတ်ရန် မေ့သွားသည်ကို နားလည်လိုက်သည်။ ဝမ်လင်းကို ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်း ထဲတွင်သာ ပျောက်ကွယ်သွား၏။ သူ့မျက်လုံးများက ပြူးကျယ်လာပြီး ဝမ်လင်းကို မယုံကြည်နိုင်သည့် အကြည့်များနှင့် ကြည့်နေလေသည်။

စံအိမ်မှ စွမ်းအင်လှိုင်းများကို ခံစားမိပြီး ဝမ်လင်းသည် ယခင်က အရှက်ရခဲ့ပုံကို ပြန်သတိရသွား၏။ ထို့နောက် နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တိုးသွားလိုက်သည်။ ၅မီတာ ... ။ ၄မီတာ ... ။ ၃မီတာ ... ။ ၂မီတာ ... ။ ၁မီတာ ... ။

စွမ်းအင် လှိုင်းများက ခုခံမှုပိုမို အားကောင်း လာသော်လည်း ဝမ်လင်းကိုတော့ မရပ်တန့်နိုင်ပေ။ ဝမ်လင်းက လွယ်ကူစွာ ဓားစံအိမ်ထဲသို့ ဝင်ရောက်သွား၏။ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူ၏နတ်ဘုရား စိတ်အာရုံကို အသုံးပြုလိုက်ရာ ထူးဆန်း နေသကဲ့သို့ ခံစားရသည်။ သူ၏နတ်ဘုရား စိတ်အာရုံကို သူနှင့် ၃မီတာပတ်လည်သာ ဖြန့်ကြက်၍ရပြီး ထို့ထက်မပိုအောင် တစ်ခုခုက တားဆီးထား၏။

အဖြူရောင်ဝတ် တပည့်က အံ့ဩမှုကြောင့် ချက်ချင်း ခုန်လိုက်မိသည်။ သူက ဓားစံအိမ်ကို ကြီးကြပ်ရသော တပည့် တစ်ဦးဖြစ်၏။ ထို့ကြောင့် ဝင်္ကပါအစီအရင်၏ စွမ်းအားကို သူကောင်းကောင်း သိပေသည်။ ပင်မတပည့် မဆိုထားနှင့် အကြီးအကဲ အများစုပင် ဝမ်လင်းကဲ့သို့ မဝင်ရောက်နိုင်ပေ။

ယခုအချိန်တွင် ရှိနေသည့် ဝင်္ကပါ၏ ခုခံမှုစွမ်းအားက လူသစ် စုဆောင်းသည့် အချိန်တွင်ရှိသည့် ခုခံမှု စွမ်းအားထက် အဆ၁၀၀ခန့် ဝန်းကျင်ပိုပြီး အားကောင်းသည်။ ထို့ကြောင့် ဓားစွမ်းအင်များကို အတိုင်းအဆမရှိ ထုတ်လွှတ်နိုင်သည်။

“ဝင်္ကပါ ပျက်စီး သွားတာလား…”

အဖြူရောင်ဝတ် တပည့်က ဖြစ်သွားသည့် အဖြစ်အပျက်ကို မယုံနိုင်အောင်ပင် ဖြစ်နေရှာသည်။ ဝင်္ကပါပျက်စီး သွားတာလားဟု တွေးမိပြီး စမ်းသပ်ကြည့်ရန် ရှေ့ကို တိုးကပ်သွား၏။

စံအိမ်နှင့် ၅မီတာ အကွာအဝေးသို့ ရောက်သောအခါ အလွန်ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူ့ကိုယ်သူလည်း လှိုင်းထန်နေသော ပင်လယ်ထဲ ရောက်သွားသည့် သစ်ရွက်လေး တစ်ခုကဲ့သို့ ခံစားလိုက်ရ၏။ ထိုပြင်းထန်သော ဖိအားက သူ့ကို ရက်ရက်စက်စက် လွှင့်ပစ် လိုက်လေသည်။ မြေပြင်ပေါ်သို့ ကျသွားပြီးနောက် သူက ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရ၏။ အချိန်အတော် ကြာပြီးနောက် သူ့စိတ်က မူလအခြေအနေသို့ ပြန်ရောက်သွားကာ သူ့မျက်နှာကလည်း ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။ သူက အံ့အားသင့်စွာ ပြောလိုက်သည်…

“ဝင်္ကပါ ပျက်စီးတာလည်း မဟုတ်ဘူးလား…”

ဝမ်လင်းက လွယ်ကူစွာပင် အခန်းထဲသို့ ဝင်သွား၏။ အထဲတွင် အရွယ်အစား အမျိုးမျိုးသော ဓားပျံများရှိပြီး ဓားစိတ် ဆန္ဒများကို ထုတ်လွှတ်လျက် ရှိသည်။

ဝမ်လင်းက ဓားတစ်ချောင်း ချင်းဆီကို တစ်ချောင်းပြီး တစ်ချောင်း သေသေချာချာ စစ်ဆေး ကြည့်သွားသည်။ နောက်ဆုံးတွင် အပြင်ဘက်မှတပည့် ပြောလိုက်သည့် ဓားကို တွေ့လိုက်၏။ သူပြောသလိုပင် ဓားက ကျောင်းနိုင်ငံ တစ်ခုလုံးတွင် ခန့်ညားထည်ဝါဆုံး ဓားတစ်ချောင်းဟု မှတ်ယူနိုင်သည်။

ဓားကို မြင်ပြီးနောက် ဝမ်လင်းက ဆွံ့အသွားသည်။ တကယ်ကို ခန့်ညားထည်ဝါ လွန်းလှသည့် ဓားတစ်ချောင်း ဖြစ်သည်။ အမှန်တကယ် အားဖြင့် ဤဓားကို ဓားပျံတစ်ချောင်းဟု မသတ်မှတ်သင့်ချေ။ ဤဓားက ထောင့်မှန် စတုဂံပုံ အမှတ်အသား တစ်ခုနှင့်ပင် ပိုတူနေသေးသည်။

လက်ဖဝါး ၂ဖဝါးစာ ကျယ်ပြီး အရှည်က ၁မီတာခန့် ရှိသည်။ ဓားကိုယ်ထည် တစ်ခုလုံးကို ရွှေရောင်များဖြင့် ဖုံးအုပ်ထား၏။ ရွှေရောင်တောက်ပ နေရသည့် အကြောင်းရင်းမှာ ဓားတချို့ တွေ့ရသော မှော်ဆန်မှု များကြောင့် မဟုတ်ဘဲ ဓားကိုရွှေဖြင့် အပေါ်မှ သွန်းလောင်း ထားခြင်းကြောင့် ဖြစ်သည်။

အပေါ်မှ ရွှေသွန်းလောင်း ထား၍လည်း အောက်တွင် ထူးခြားမှု တစ်ခုခုကို ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ ပုံမှန်သံမဏိသာ ရှိသည်။

လက်ကိုင်ရိုးပေါ်တွင် ကြီးမားသော စိန်တုံး၂တုံးရှိပြီး ပန်းဖွားများကိုလည်း ပါးလွှာသော ရွှေသားများဖြင့် လုပ်ထား၏။

ဓားက တခြားသူများကို ပြသရန်အတွက် အလွန်ကို ကောင်းမွန်သည်။ ဓားကို မြင်တဲ့သူတိုင်း အံ့ဩသွားစေရန် ပြုလုပ်ထား သလားပင် ထင်ရ၏။

ဝမ်လင်းက မေးစေ့ကို ပွတ်သပ်လိုက်သည်။ သည်ဓားကို သူတကယ်ကို ကြိုက်နေသည်။ မည်သည့်ကိစ္စမှ မရှိလျှင် အနည်းဆုံးတော့ အနာဂတ်တွင် ပိုက်ဆံ လိုလာသည့်အခါ ပိုက်ဆံရအောင် ရောင်းပစ်နိုင်သေး၏။

ဓားပေါ်တွင် ရှိနေသော အချက်အလက်များကို ဖတ်လိုက်သည်…

“ဒီဓားရဲ့နာမည်က ချမ်းသာ ... ဒီဓားကို လွန်ခဲ့တဲ့ နှစ်၅၀၀က ဂိုဏ်းခေါင်းဆောင်က ပြုလုပ်ခဲ့ပြီး ကြီးမားသော စွမ်းအားများ ရှိတယ်လို့ ပြောခဲ့တယ် ... ဒါပေမဲ့ ဒီဓားက အကြိမ်ပေါင်းများစွာ ကျိုးပြီး ပြန်ပြီး ပြင်ဆင်ခဲ့ရတယ် ... ဂိုဏ်းခေါင်းဆောင်က ဂိုဏ်းအတွက် အများကြီး လုပ်ပေးခဲ့တယ် ... သူ့ရဲ့နောက်ဆုံး မျှော်လင့်ချက်က အနာဂတ်မှာ ဒီဓားနဲ့ သင့်တော်တဲ့ ပိုင်ရှင် တစ်ယောက်ကို ရှာတွေ့ စေချင်ခဲ့တယ်…”

“ဒီဓားကို ရွေးတဲ့ ဘယ်သူမဆို ဓားကို ကောင်းကောင်း ဆက်ဆံရမယ် ... ဓားပျက်စီးသွားရင် ချက်ချင်း ပြန်ပြင်ရမယ် ... ဓားကို ရောင်းခဲ့ရင်တော့ ဂိုဏ်းကနေ နှင်ထုတ်ခံရမယ်…”

ဝမ်လင်း မအောင့်ထား နိုင်တော့ပဲ ရယ်မိ လိုက်တော့သည်။ သူကဓားကို ယူလိုက်ပြီး ပြောသည်…

“ငါမင်းကို ရွေးလိုက်မယ် ... ဒါပေမဲ့ ငါ ... ဝမ်လင်းက ဆင်းရဲတာမို့ မင်း ပျက်စီးသွားရင် မင်းကို ငါနဲ့အတူထားဖို့ မမျှော်လင့်နဲ့တော့…”

ဓားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ရှိနေသည့် တပည့်သည် ယခင်က ရယ်မော နေသော်လည်း ယခုအချိန်တွင်မူ ထိတ်လန့်နေသည့် အမူအရာနှင့် ဝမ်လင်းကို ရိုသေလေးစားစွာ လိုက်လံပို့ဆောင် ပေးခဲ့သည်။

ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံက စံအိမ်ထဲတွင် ပိတ်ဆို့ခံထား ရသောကြောင့် အပြင်ဘက်တွင် ဖြစ်ပျက်သွားသည့် ကိစ္စကို မသိလိုက်ချေ။ ထို့ကြောင့် တပည့် ဖက်တီးလေး၏ ရုတ်တရက် သူ့ကို လေးစားစွာ ဆက်ဆံနေခြင်းကို မြင်ပြီး ဝမ်လင်း အံ့အားသင့်ရသည်။

စွန်းတဇူး၏ ဥယျာဉ်သို့ ပြန်ရောက်ပြီးနောက် ဝမ်လင်းက ဓားကို ထုတ်ပြလိုက်၏။ ထိုအခါ စွန်းတဇူးက အံ့ဩသွားပြီး သူ့ဘာသာ မပွင့်တပွင့် ပြောလိုက်ပြီး ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်…

“ငါ ဒီဓားကို တွေ့တဲ့အချိန်က ဒီဓားကိုရွေးဖို့ သတ္တိမရှိခဲ့ဘူး ... ဒါပေမဲ့ မင်းကတော့ သတ္တိရှိတဲ့ပုံပဲ ... ကောင်းတယ် ... ပြိုင်ပွဲကို ဒီဓားယူသွားပြီး အကြီးအကဲတွေကို ကြွားဝါလို့ရပြီ…”

သုံးရက် ကြာပြီးနောက် ဟုန်ယွီဂိုဏ်းတွင် ခေါင်းလောင်းသံ ကိုးကြိမ်တိတိ မြည်သွား၏။ ခေါင်းလောင်းသံများက အချိန်တော်တော် ကြာသည့်တိုင်အောင် ပဲ့တင်ထပ် နေလေသည်။ ဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲများနှင့် တပည့်အများအပြား အဓိကခန်းမ အပြင်ဘက်တွင် မတ်တတ် ရပ်နေသည်။

ကောင်းကင်ထက်တွင် အနက်ရောင် အစက်လေးတစ်စက်ကို သူတို့အားလုံး မြင်တွေ့ လိုက်ကြရ၏။ အနက်ရောင် အစက်လေးက ခြေတစ်ထောင် ကင်းခြေများကြီး ဖြစ်သည်ကို မြင်တွေ့ ရသည်အထိ သူတို့နှင့် နီးကပ်သည်ထက် နီးကပ်လာသည်။ ကင်းခြေများ၏ တစ်ကိုယ်လုံးက နက်မှောင်နေသည်။ ကင်းခြေများက ကောင်းကင် ပေါ်မှနေပြီး သူတို့ဆီသို့ မိုးခြိမ်းသံကဲ့သို့ အသံကြီးနှင့် ဟိန်းဟောက်နေသည်။

ထိုမြင်ကွင်းကို မြင်ပြီး ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံးက သက်ပြင်း ချလိုက်၏။ သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ တချို့မိန်းကလေး တပည့်များမှာ မျက်နှာများ ဖြူရော်လာပြီး ခြေထောက်များလည်း အားပျော့လာကြ၏။

“ဒီကောင်ကြီးက ဘယ်လောက်တောင် ကြီးတာလဲ ... ခြေတစ်ထောင် ကင်းခြေများကြီးက ကြောက်ဖို့ ကောင်းပေမဲ့လည်း ဒီမှာရှိတဲ့ လူအားလုံးက ဓားတစ်ချောင်းနဲ့ ပစ်ပေါက်ရင် ကင်းခြေများကြီး သေသွားလိမ့်မယ်…”

ဂိုဏ်းခေါင်းဆောင်၏ ဘေးနားတွင်ရှိသော မျက်နှာနီနှင့် လူကြီးက အော်ပြောလိုက်သည်။ သူ့စကားကို ကင်းခြေများပေါ်မှ လူများကြားစေရန် အော်ပြောလိုက်ခြင်း ဖြစ်ဟန်တူသည်။

***

All Chapters