ဧည့်သည်
Vol. 001 Ch. 40
တခြားအကြီးအကဲ တစ်ယောက်ကလည်း ကင်းခြေများကို ကြည့်ပြီး လေသံတိုးတိုးနှင့် ပြောလိုက်သည်…
“ဟမ့် ... ငါတို့ ဟုန်ယွီဂိုဏ်းမှာ စိတ်ဝိညာဉ်သားရဲ မရှိပါဘူးဆိုပြီး ရွှမ်တောက်ဂိုဏ်းက အမြဲတမ်း ဒီလိုပဲ အနိုင်ကျင်ဖို့ ကြိုးစားတတ်တယ် ... အခွင့်အရေးသာ ရလို့ကတော့ အဲဒီစိတ်ဝိညာဉ် သားရဲကို သတ်ပစ်ရမယ် ... ပြီးရင်တော့ သူတို့ ဘယ်လောက်ကြွားဝါ နိုင်ဦးမလဲ ကြည့်ချင်သေးတယ်…”
ဂိုဏ်းခေါင်းဆောင် ကတော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ့ရှေ့တွင် ခရမ်းရောင် ဓားတစ်ချောင်း ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ဓားက ထိုးတက်သွား၏။ ဓားက ကောင်းကင်ပေါ်တွင် ကြီးမားသော ခရမ်းရောင်နဂါးကြီး ဖြစ်သွားကာ ဟုန်ယွီဂိုဏ်း၏ အပေါ်တွင် ခွေနေပြီး ကင်းခြေများကို ဟိန်းဟောက်လိုက်သည်။
ခြေတစ်ထောင် ကင်းခြေများက ရုတ်တရက် ရပ်တန့်သွားကာ ဆက်ပြီး မလှုပ်ရှား ရဲတော့ချေ။ ထိုအချိန်တွင် ရုတ်တရက် ကင်းခြေများ၏ထိပ်မှ ကျယ်လောင်သော ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာသည်။
“ဟွမ်လုံ ... ကောလာဟလအရ ဒီခရမ်းရောင် နဂါးကြီးမှာ နဂါးဝိညာဉ် ပါတယ်ဆိုပဲ ... ကြည့်ရတာတော့ ကောလာဟလက အမှန်ဖြစ်နေပုံပဲ ... သူငယ်ချင်း ... ငါ အခု ဒီမှာ ရောက်နေပြီ ... ငါတို့ ဒီတစ်ကြိမ်နိုင်ရင် ဟုန်ယွီဂိုဏ်းက မင်းတို့ရဲ့ကတိ မင်းတို့တည်ပါ ... ငါတို့ဆီက ခိုးသွားတဲ့ ရတနာ ၁၃၇မျိုးကို ပြန်ပေးရမယ် ... ငါတို့ရှုံးရင်လည်း ဓားပျံအချောင်း ၂၀၀ကို လျော်ကြေးအဖြစ် ပြန်ပေးမယ်…”
ဂိုဏ်းခေါင်းဆောင်၏ အမူအရာက ပြောင်းလဲခြင်း မရှိသကဲ့သို့ ဒေါသထွက်သည့် အမူအရာလည်း မရှိချေ။ သူက ကွဲပြားသည့် စကားကို ပြောလိုက်သည်…
“သူငယ်ချင်း အိုးယန် ... ဒီတစ်ကြိမ်မှာ ရွှမ်တောက်ဂိုဏ်းက ထပ်နိုင်ရင် ဟုန်ယွီ ဂိုဏ်းဘက်က ကတိအတိုင်း လုပ်ပေးပါ့မယ် ... မင်းတို့ရှုံးရင်တော့ ... ပြီးတော့ စိတ်ဝိညာဉ် သားရဲကို မင်းရဲ့ ကျင့်စဉ်နဲ့ ထိန်းချုပ် ထားရမယ်…”
သူစကားပြော နေစဉ်မှာပင် ခရမ်းရောင်နဂါးကြီးက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ခရမ်းရောင်ဓားအဖြစ် ပြန်ပြောင်းသွားကာ ဂိုဏ်းခေါင်းဆောင် ဟွမ်လုံလက်ထဲသို့ ပြန်ရောက်သွား၏။
ခြေတစ်ထောင် ကင်းခြေများက ပြန်ပြီး လှုပ်ရှားလာကာ ဟုန်ယွီဂိုဏ်း အပေါ်တွင် လှည့်ပတ် ပျံနေပြီးမှ အောက်သို့ တဖြည်းဖြည်း ဆင်းသက်လာသည်။ ပင်မတပည့်အားလုံး နောက်သို့ ဆုတ်ခွာလိုက်ရ၏။
တပည့်များ တွန့်ဆုတ် သွားသည်ကို မြင်တော့ အကြီးအကဲအားလုံး သဘောမကျဖြစ်ကာ မျက်မှောင်ကြုတ်သွား၏။
ကင်းခြေများကြီး မြေပေါ်သို့ ဆင်းသက် လာပြီးနောက် လူပေါင်းဒါဇင် အနည်းငယ်ခန့် ကင်းခြေများ၏ ကျောပေါ်မှ ခုန်ချလာသည်။ အကြီးအကဲ ၃ယောက်မှလွဲ၍ အားလုံးက လူငယ်များ ဖြစ်၏။
ရွှမ်တောက်ဂိုဏ်းတွင် အမျိုးသားတပည့်နှင့် အမျိုးသမီးတပည့် နှစ်မျိုးလုံး ပါလာသည်။ ဟုန်ယွီဂိုဏ်းတွင် ခရမ်းရောင်ဝတ် တပည့် အများအပြား မရှိသည်ကို သိထားကြ သောကြောင့် သူတို့က ဟုန်ယွီဂိုဏ်းကို ဟာသလုပ်ရန် ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက ခရမ်းရောင် ဝတ်စုံများကို ဝတ်ဆင်လာကြ၏။ ရွှမ်တောက်ဂိုဏ်းမှ အံ့ဩစရာ နောက်တစ်ခုက သူတို့ဂိုဏ်းမှ တပည့်အားလုံး အလွန် ကြည့်ကောင်းကြခြင်း ဖြစ်သည်။ ယောက်ျားလေးများက အလွန်ခန့်ညားပြီး မိန်းကလေးများကလည်း အလွန်လှပကြ၏။
အထူးသဖြင့် ရှေ့တွင်ရှိနေသည့် အမျိုးသားတပည့်နှင့် အမျိုးသမီးတပည့်တို့ ဖြစ်ကြသည်။ အမျိုးသားက အလွန်တရာ ခန့်ညားပြီး ယောက်ျားပီသ၏။ သူ့အင်္ကျီလက်နှင့် ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေပြီး သူ့ကျောမှ ဓားပျံက သူ့ကိုပိုပြီး ကြည့်ကောင်းစေသည်။ သူ၏အသွင်အပြင်က ပင်မတပည့် အမျိုးသမီး အနည်းငယ်ကို ညှို့ယူဖမ်းစား ထားနိုင်၏။
အမျိုးသမီး တပည့်က ရေတံခွန် ကဲ့သို့သော ဆံပင်ရှည်များ ရှိပြီး တစ်ကိုယ်လုံးကို ခရမ်းရောင်အပြည့် ဝတ်ဆင်ထားသည်။ သူမ၏ တောက်ပသော အနီရောင် နှုတ်ခမ်းလေးများနှင့် လှပသော မျက်လုံးလေးများက လူတိုင်း၏ရင်ကို လှုပ်ခတ် သွားစေနိုင်သည်။ ဝမ်လင်းတောင်မှ သူမကို မြင်ပြီး သူ့နှလုံးခုန်သံကိုပင် မထိန်းချုပ် နိုင်တော့ပေ။ ဝမ်လင်းက သူမကို ဂရုတစိုက် ကြည့်ရင်း ပိုပြီး အံ့ဩလာပြီး လျင်မြန်စွာပင် စိတ်ထဲမှ သူမကိုပိုပြီး သတိထားရမည်ဟု ဆုံးဖြတ်လိုက်၏။
တပည့်များအားလုံး၏ မျက်နှာပေါ်မှ မလွတ်တမ်း အကြည့်များကို မြင်ပြီး နောက်ဆုံးတွင် အကြီးအကဲ တစ်ယောက်က သည်ထက်ပိုပြီး ငြိမ်မနေနိုင်တော့ပဲ အော်ပြောလိုက်သည်…
“ရွှမ်တောက်ဂိုဏ်းက ဘယ်အချိန်ကစပြီး ညှို့ဓာတ် ကျင့်စဉ်တွေကို စကျင့်တာပါလိမ့် ... ဒါက အလွန်ကို စက်ဆုပ်ဖို့ ကောင်းတယ်…”
အော်ပြောလိုက်သံက ပင်မတပည့် အများအပြားကို နိုးထ သွားစေသည်။ သူတို့အားလုံးတွင် အံ့အားသင့်သော အမူအရာများ ရှိနေ၏။
ရွှမ်တောက်ဂိုဏ်း၏ အကြီးအကဲ၃ဦးထဲမှ တစ်ဦးက ရယ်မောကာ ပြောလိုက်သည်…
“အကြီးအကဲ တောက်ရှု ဖြစ်မယ်ထင်တယ် ... ငါ့နာမည်က ချင်ကူးလိုင်ပါ ... ငါ့ရဲ့တပည့် နှစ်ယောက်က ဘာညှို့ဓာတ် ကျင့်စဉ်ကိုမှ မကျင့်ဘူး ... သူတို့က ရေစိတ်ဝိညာဉ် အရင်းအမြစ် နဲ့အတူ မွေးဖွားလာတာ ... မင်းတို့ ဟုန်ယွီဂိုဏ်းက တပည့်တွေ ထဲမှာတောင် သန့်စင်တဲ့ စိတ်ဝိညာဉ် အရင်းအမြစ် ရှိတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာ ငါ မြင်နိုင်တယ် ... အားလုံးက ဒြပ်စင်၅မျိုး အရောတွေချည်းပဲ ... ဒါ့ကြောင့် မင်းကွဲကွဲပြားပြား မသိတာ အံ့ဩစရာ မဟုတ်ပါဘူး…”
ဟုန်ယွီဂိုဏ်း၏ အကြီးအကဲအားလုံး၏ မျက်နှာ အမူအရာများက တည်ငြိမ်မှု ပျက်ပြားလားသည်။ အချိန်အတော် ကြာပြီးနောက် ဂိုဏ်းခေါင်းဆောင်က ပုံမှန် အမူအရာနှင့် အကြောင်းအရာကို ပြောင်းလဲ ပြောဆိုလိုက်၏…
“ရွှမ်တောက်ဂိုဏ်းက သူငယ်ချင်းတို့ ငါတို့ဂိုဏ်းမှာ အရင်အနား ယူလိုက်ပါဦး ... ပြိုင်ပွဲက နောက်၃ရက်မှ စတင် ပါလိမ့်မယ်…”
အကြီးအကဲ အိုးယန်က ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်…
“အရမ်းကောင်းတယ် ... ငါတို့ရွှမ်တောက် ဂိုဏ်းနဲ့ မင်းတို့ ဟုန်ယွီဂိုဏ်းက နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာခဲ့တယ် ... တချို့ အရာလေးတွေမှာ အဖုအထစ်လေးတွေ ရှိပေမဲ့လည်း ... ငါတို့ရဲ့ ဆက်ဆံရေးကိုတော့ ထိခိုက်ဖို့ မလိုဘူးလေ…”
ဟုန်ယွီဂိုဏ်း၏ အကြီးအကဲများထဲမှ အဘိုးကြီး တစ်ယောက် ထွက်လာ၏။ သူ့မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နေပြီး မည်သည့်အားမှ မရှိသည့်အဘိုးကြီး တစ်ယောက်နှင့်ပင် တူနေသည်။ သူက တခစ်ခစ် ရယ်လိုက်ပြီး အိုးယန်ကို စကားပြောလိုက်၏…
“သူငယ်ချင်းကောင်းကြီး အိုးယန် ... နှစ်၂၀ရှိပြီ ... ငါ့ကို မှတ်မိသေးရဲ့လား…”
အကြီးအကဲ အိုးယန်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ပြောလိုက်သည်…
“ငါ မင်းကို အစောကတည်းက မြင်ပါတယ် ... သူငယ်ချင်းဟောင်းကြီး စုန့်တောက်ယို ... ဒီတစ်ကြိမ်မှာတော့ မင်းကိုယ်တိုင် လုပ်ထားတဲ့ အရက်တချို့ တိုက်ရမယ် ... အရင်တစ်ခေါက်က မင်း တွန့်တိုပြီး အရက်အိုး တစ်အိုးပဲ ထုတ်တော့ ငါ သောက်ရတာ မဝဘူး…”
အကြီးအကဲစုန့်က ပြုံးလိုက်သည်…
“ငါ တွန့်တိုတာ မဟုတ်ပါဘူး ... မင်း သောက်တာကိုက ကြောက်ဖို့ ကောင်းတာ ... ငါ ဘယ်လောက်ပဲ ယူလာယူလာ လောက်မှာ မဟုတ်ဘူး…”
သူတို့စကား ပြောနေစဉ်တွင် ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်ကလည်း သူတို့နှင့် ရင်းနှီးသည့် မျက်နှာများကို တွေ့ပြီး ယခင်က စိမ်းကားသည့် စကားများကို မပြောခဲ့သည့် အလား ရင်းနှီးစွာ ပြောနေကြ၏။
သူတို့က ကျောင်းနိုင်ငံတွင်းတွင် ဖြစ်ပျက်နေသည့် အင်မော်တယ် လောကအကြောင်းကို ပြောနေကြရာ ဂိုဏ်းနှစ်ခုစလုံးမှ တပည့်များ အားလုံးလည်း အသိအမြင်များ ကျယ်သွားကြသည်။
သူတို့ပြောကြသည့် အကြောင်းအရာများမှာ ဝူဖုန်းဂိုဏ်းမှ ယောက်ျားလေး တပည့်တစ်ယောက်က မြူခိုးဂိုဏ်း ခေါင်းဆောင်ရဲ့ တပည့်မကို သွေးဆောင် ဖြားယောင်းပြီး ကိုယ်ဝန်ရအောင် လုပ်သွားကြောင်း၊ မြူခိုးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်က တရားမျှတမှုအတွက် ဝူဖုန်းဂိုဏ်းကို သွားခဲ့သော်လည်း ကလေးတစ်ယောက်နှင့် ပြန်လာခဲ့ရကြောင်း။
ကောင်းကင်ဂိုဏ်း အကြောင်းကိုလည်း ပြောကြသည်။ ကောင်းကင်ဂိုဏ်းမှ တပည့်တချို့က အကျိုးအမြတ်အတွက် ကောင်းကင်ဂိုဏ်းကို စွန့်ခွာပြီး ဟဲဟွမ်ဂိုဏ်းကို ပူးပေါင်း သွားကြောင်း။ ဂိုဏ်းကို စွန့်ပစ် သွားသည့်သူ ပိုပိုပြီး များလာသောအခါ ကောင်းကင်ဂိုဏ်း ခေါင်းဆောင်က မခံနိုင်တော့ သည့်အဆုံး ဂိုဏ်းကို စွန့်ခွာမည့်သူ အားလုံးကို သတ်စေအမိန့် ထုတ်ခဲ့ကြောင်း။
သို့မဟုတ် ပါရမီရှင်တွေ အကြောင်းနှင့် မြူခိုးဂိုဏ်းမှ အဓိကထောက်တိုင် ဖြစ်သည့် အမြူတေဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ၏ မွေးနေ့ပွဲက နောက်လ အနည်းငယ်တွင် ကျင်းပမည့် အကြောင်း။ ထို့ကြောင့် ခင်မင် ရင်နှီးသည့် ဂိုဏ်းများ အားလုံးက သူတို့လူများ ပို့လွှတ်ကာ အခမ်းအနားကို တက်ရောက် ကြလိမ့်မည် ဖြစ်ကြောင်း ပြောနေကြသည်။
ဝမ်လင်းက အချိန် အတော်ကြာအောင် နားထောင်ပြီးနောက် ကျောင်းနိုင်ငံ အတွင်းရှိ အင်မော်တယ် လောက၏ အကြောင်းအရာများကို အနည်းငယ်တော့ နားလည် သွားလေသည်။ ထို့အချိန်တွင် သူ့ကို တစ်ယောက်ယောက်က ကြည့်နေသည့် ခံစားချက်ကို ရလိုက်သည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ ရွှမ်တောက်ဂိုဏ်းမှ အမျိုးသမီးတပည့်က သူ့အား ပြုံးယောင်သန်း နေသည့် အကြည့်နှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်းက သူ့ခေါင်းကို ညိတ်လိုက်ပြီး လျှို့ဝှက်စွာ သူ့ကိုယ်သူ ကာကွယ်ရန် အသင့်အနေအထား ပြင်ထားလိုက်သည်။ တပည့်များ အားလုံးကြားထဲတွင် သူက တစ်စုံတစ်ယောက်၏ စိတ်ကို ဆွဲဆောင် နိုင်လိမ့်မည်ဟု မယုံနိုင်ပေ။
လျိုမိန်သည် ရွှမ်တောက်ဂိုဏ်း၌ အတွင်းစည်း တပည့်ခေါင်းဆောင် ဖြစ်၏။ (အတွင်းစည်းတပည့် = ပင်မတပည့် ၊ အပြင်စည်းတပည့် = ပြင်ပတပည့်) သူမ၏ဆွဲဆောင် နိုင်မှုအပေါ် အလွန်တရာ ယုံကြည်မှု ရှိသည်။ ရွှမ်တောက် ဂိုဏ်းထဲတွင် သူမနှင့်ရွယ်တူ များထဲတွင် တစ်ယောက်မှ သူမ၏ညှို့ဓာတ်က ခံနိုင်သည့်လူ မရှိပေ။ သို့သော်လည်း ပထမဆုံး တွေ့ဖူးသည့် သာမန်ရုပ်ရည်နှင့် တပည့်လေးက ခံနိုင်ရည် ရှိနေသည်။ ဤအရာက သူမကို အံ့အားသင့် စေသည်။ ဝမ်လင်းကို သူမမည်မျှပင် ကြည့်စေကာမူ တတိယအလွှာ၌သာ ရှိသေးပြီး သာမန်တပည့် တစ်ယောက်နှင့် ကွာခြားမှု မရှိချေ။
အကြီးအကဲများ တစ်ယောက်နှင့် တစ်ယောက် စကားပြော နေကြချိန်တွင် ဂိုဏ်း နှစ်ဂိုဏ်းစလုံးမှ တပည့်များလည်း ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အကြောင်းများ တစ်ယောက်နှင့် တစ်ယောက် ပြောဆိုနေကြ၏။ ရွှမ်တောက်ဂိုဏ်းမှ တပည့် အားလုံးတွင် သူတို့၏ကျင့်စဉ် အဆင့်များကို ဖုံးကွယ်ပေးသော ထူးဆန်းသည့် မြူခိုးများ ရှိနေသည်။
ဝမ်လင်းလည်း အံ့အားသင့်ပြီး ရွှမ်တောက်ဂိုဏ်းကို စိတ်ဝင်စားလာ၏။ ထိုကျင့်စဉ်က ဖုံးကွယ်ဆေးနှင့် တူသည်။ သို့သော်လည်း မြင့်မားသော အဆင့်တွင်မူ ... ။
ဟုန်ယွီဂိုဏ်း၏ တပည့်များက ထိုယောက်ျားလေးနှင့် မိန်းကလေးအပေါ်တွင် သူတို့၏ စိတ်ဝင်စားမှုကို သတိပြုမိစေရန် သူတို့တွင် ရှိသမျှ အကြံအစည်များ အကုန်ထုတ်သုံး နေကြ၏။ ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံး၏ မျက်ဝန်းထဲတွင် နောက်ဘက်မှ လူကြီးကို အလွန် လေးစားသည့် အရိပ်အယောင်များ ပေါ်နေသည်ကို ဝမ်လင်းက သတိပြု မိလိုက်သည်။
ဝမ်လင်းက ထိုလူကြီးကို တွေးတွေးဆဆဖြင့် ကြည့်လိုက်၏။ သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ကာ ခေါင်းကို ငုံ့လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်တော့သည်။
***