ယွီဂျင်ဂိုဏ်း အင်အားကြီးမားလာခြင်း၊ ခိုက်မင်မွန်းစတားအိုကြီး၏ ကြောက်ရွံ့မှု
Vol. 7 Ch. 91
အခန်း (၉၁)ယွီဂျင်ဂိုဏ်း အင်အားကြီးမားလာခြင်း၊ ခိုက်မင်မွန်းစတားအိုကြီး၏ ကြောက်ရွံ့မှု
ရွှင်ချန်အန်းဟာ မုရုံချီက သူ့တပည်ဖြစ်ချင်တယ်လို့ ပြောလိုက်တာကြောင့် မျက်လုံးပေါက် ကျဉ်းသွားပါတယ်။ ရွှင်ချန်အန်းဟာ ရွှေဓာတ်လုံးအဆင့်မှာမို့ သူ့ကျင့်ကြံခြင်းအဆင့်က မုရုံချီထက် နည်းနည်းပိုမြင့်ပါတယ်။ ဒါကြောင့် မုရုံချီကို တပည့်အဖြစ် လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ရွှင်ချန်အန်းဟာ သူ့ဆရာသခင်ရဲ့ သဘောထားကို အရင်ဆုံးမေးမြန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဆက်ရှိခိုးနေ” အဲဒီလိုပြောဆိုပြီးနောက် ရွှင်ချန်အန်းဟာ တောင်ပေါ် ပြန်တက်သွားပါတယ်။
မုရုံချီဟာ တစ်ဖက်လူက သူ့ကို စမ်းသပ်နေမှန်းသိတာကြောင့် ဆက်ရှိခိုးနေပါတယ်။
ရွှင်ချန်အန်းဟာ ကျင့်ကြံခြင်းလိုဏ်ဂူရှေ့သွားပြီး ဟန်ကျွယ်ကို မုရုံချီအကြောင်း ပြောပြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အနည်းငယ် ထူးဆန်းသွားပါတယ် ‘မုရုံချီက ရွှင်ချန်အန်းရဲ့ တပည့်ဖြစ်ချင်တာလား၊ ရွှင်ချန်အန်းကို စားချင်တာ မဟုတ်ဘူးပေါ့’
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းကရော ဘယ်လိုထင်လဲ”
ရွှင်ချန်အန်းဟာ လိုဏ်ဂူဝကနေ ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် ဒီလူနဲ့ ရင်းနှီးနေတယ်လို့ ခံစားရတယ်၊ ဆရာသခင်က မငြင်းဘူးဆိုရင် ကျွန်တော် သူ့ကို တပည့်အဖြစ် လက်ခံမှာပါ”
ဟန်ကျွယ်ဟာ တွေးတောလိုက်ပါတယ် ‘ဒီလူက ကျန်းရှနတ်ဧကရာဇ် ပြန်ဝင်စားတာ၊ သူနဲ့ နီးနီးကပ်ကပ်နေတာလည်း သိပ်တော့ မဆိုးလှပါဘူး’
“ဒါဆိုရင်လည်း လက်ခံလိုက်ချည်၊ မင်းသူ့ကို ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံဖို့ ခေါ်ထားနိုင်တယ်၊ နောက်ကျရင် သူ့ကိစ္စအကုန်လုံးကို မင်းတာဝန်ယူရလိမ့်မယ်၊ နောက်ပြီး သူ့ကို ဖူစန်းသစ်ပင်ကလွဲလို့ တစ်ခြားနေရာတွေဆီ ခွင့်ပြုချက်မရှိဘဲ မသွားစေနဲ့”
ရွှင်ချန်အန်းဟာ ဝမ်းသာအားရ ဖြစ်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။ အဲဒီနောက် တောင်အောက်ကို မပြေးရုံတမယ်ဆင်းသွားပြီး ဝီရိယတောင်ရဲ့ အရံအတားကိုဖွင့်ကာ မုရုံချီကို အထဲခေါ်သွင်းပါတယ်။
မုရုံချီဟာ မတ်တတ်ရပ်လိုက်ပြီး ရွှင်ချန်အန်းရှေ့ လျှောက်သွားပါတယ်။ အဲဒီနော်ကမှာတော့ ဒူးးထောက် ရှိခိုးလိုက်ပြီး ဆရာသခင်လို့ တလေးတစား ခေါ်ဝေါ်လိုက်ပါတယ်။
ရွှင်ချန်အန်းဟာ ပထမဆုံးတပည့်တစ်ယောက် လက်ခံလိုက်ရတဲ့အတွက် အတော့်ကို ပျော်ရွှင်သွားပါတယ် “သွားမယ်၊ တောင်ပေါ် တက်ကြရအောင်၊ ဒီတောင်မှာ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ မင်းရဲ့ ဆရာဘိုးဘိုး ဆရာဘိုးဘိုးရဲ့ဇနီး နောက်ပြီးတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိတဲ့ ကြက်နက်တစ်ကောင် ရှိတယ်” ရွှင်ချန်အန်းဟာ ရှေ့ကနေ လျှောက်သွားရင် မိတ်ဆက်စကား ဆိုပါတယ်။
မုရုံချီဟာ စိတ်ထဲမှာ အံဩတကြီး ဖြစ်သွားရပါတယ် ‘ဒီတောင်မှာ တကယ်ကြီး စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိတဲ့ သားရဲ ရှိနေတာလား’
‘ဒီဟာက ယွီဂျင်ဂိုဏ်းရဲ့ အုတ်မြစ်လား’
‘နေအုန်း... ဆရာဘိုးဘိုးလို့ ငါ ကြားလိုက်တာလား’
‘ဒီလူက နတ်သတ်အကြီးအကဲ မဟုတ်ဘူးလား’
အဲဒီတော့မှာ မုရုံချီဟာ ရွှင်ချန်အန်းကို သေချာကြည့်မိပြီး ဘုန်းကြီးဖြစ်နေတာကို သတိပြုမိသွားပါတယ်။ သတိမမူ ဂူမမြင်ဆိုတဲ့ စကားကို မုရုံချီကို ပြောနေသလိုပါပဲ။
‘ဒီဘုန်းကြီးက အကြီးအကဲကွမ်းပြောတဲ့ ငါးနှစ်ကြာ ဒူးထောက်ခဲ့တယ်ဆိုတဲ့လူလား’
မုရုံချီဟာ ရွှင်ချန်အန်းက နတ်သတ်အကြီးအကဲ မဟုတ်ဘူးဆိုတာကို သိလိုက်ရပေမဲ့ ရှက်ရွံ့ခြင်းမရှိသလို ဒေါသထွက်ခြင်းလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မုရုံချီဟာ သူ့ကိုဆွဲဆောင်နိုင်တဲ့လူက သူ့ရှေ့က ရွှင်ချန်အန်းပဲဆိုတာ တပ်အပ်ပြောနိုင်လို့ပါပဲ။
မကြာမီမှာပဲ ရွှင်ချန်အန်းနဲ့ မုရုံချီဟာ ဖူစန်းသစ်ပင်ဆီ ရောက်သွားပြီး ငရဲကြက်နက်ကို မြင်တွေ့လိုက်ရပါတယ်။ မုရုံချီဟာ ဖူစန်းသစ်ပင်ကိုကြည့်ပြီး ကြက်သေသေသွားပါတယ် ‘ဒါက ဘယ်လိုသစ်ပင်မျိုးလဲ’
ငရဲကြက်နက်ဟာ မျက်လုံးတစ်လုံး ဖွင့်ကြည့်လိုက်ပြီး ဆရာကြီးလေသံနဲ့ ပြောလိုက်ပါတယ် “ချန်အန်း... မင်းသူ့ကို စည်းကမ်းတွေ ပြောပြီးပြီလား၊ သူ ငါတို့တောင်ထဲကို ဝင်မယ်ဆိုရင် ရန်ထျန်တုန်းလို နေရာတကာမှာ ပြဿနာလိုက်မရှာစေနဲ့၊ မင်းသူ့ကို ကောင်းကောင်းဆုံးမထားချည်၊ နောက်ကျလို့ ပြဿနာရှာရင် ငါက ထိုင်ကြည့်နေမှာ မဟုတ်ဘူး၊ အဲဒီတော့မှ ငါ့အဆိုး မဆိုနဲ့”
ရွှင်ချန်အန်းဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ကြက်စုတ်... မင်းကိုယ်မင်း ဆရာသခင်လို့ ထင်နေတာလား’ ဒါပေမဲ့ ဟန်ကျွယ် ကြည့်နေမလား တွေးမိတာကြောင့် အပြင်ပန်းမှာတော့ ငရဲကြက်နက်ကို အပြုံးနဲ့ ကတိပေးလိုက်ပါတယ်။
ရွှင်ချန်အန်းဟာ ငရဲကြက်နက်ကို ဒူးထောက်စေပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ရှိခိုးစေပါတယ်။
“ယနေ့သည်းခံ၊ မနက်ဖြန် လွတ်လပ်မည်”
မုရုံချီဟာ လိုဏ်ဂူဝက စာကြောင်းကို သတိပြုမိသွားတာကြောင့် ရေရွတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ လိမ်လိမ်မာမာ ဒူးထောက်ပြီး သုံးကြိမ်ရှိခိုင်းလိုက်ပါတယ်။
မုရုံချီက ဝီရိယတောင်ထဲကို ဒီလိုဝင်ရောက်လာတာကြောင့် ဟန်ကျွယ်ဟာ နောက်ထပ်မြေးတပည့်တစ်ယောက် ရရှိသွားပါတယ်။
မုရုံချီဟာ ရွှင်ချန်အန်းနဲ့ လေ့ကျင့်တဲ့အခါမှာ ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်ချီက အရမ်းသိပ်သည်းနေတာကို ကျေနပ်အံအားသင့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။ အထူးသဖြင့် မုရုံချီဟာ ရွှင်ချန်အန်းအနားမှာ ထိုင်နေရတဲ့အတွက် အနှောင့်အယှက် မဖြစ်တဲ့အပြင် စိတ်ဝိညာဉ်ချီကို ပိုလို့တောင် စုပ်ယူနိုင်သွားပါတယ်။
‘ဒါက ငါ့အတွက် တကယ့်အခွင့်အရေးကြီးပဲ’
မုရုံချီဟာ ဒီအဖြစ်ကြောင့် ကျေနပ်အားရသွားပြီး သူ့အလိုလိုသိစိတ်က လုံးဝမှန်ကန်းမှန်း သိလိုက်ရပါတယ်။
…
နောက်ထပ် တစ်နှစ်ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ကောင်းကင်သွေးမီးလျှံဂိုဏ်းချုပ် လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းဟာ ယွီဂျင်ဂိုဏ်းဆီ ရောက်လာပါတယ်။ တာအိုသခင်တျန်ကုန်းဟာ ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။ သူဟာ ကောင်းကောင်းသွေးမီးလျှံဂိုဏ်းမှာ ဝိညာဉ်အပိုင်းအစတစ်ခု ချန်ထားခဲ့ပေမဲ့ ဟန်ကျွယ်နဲ့ မျက်နှာချင်းဆိုင်ရမှာကို ကြောက်ရွံ့နေတုန်းပါပဲ။
ဟန်ကျွယ်ဟာ သူတို့ရဲ့ရောင်ဝါကို အာရုခံမိတာကြောင့် အသွင်တူလက်ရည်းစမ်းပွဲနဲ့ စစ်ဆေးလိုက်ပါတယ်။
[လျူပုမီ: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း သတ္တမအဆင့်၊ ကောင်းကောင်းသွေးမီးလျှံဂိုဏ်းချုပ်။]
‘ဒါပဲလား၊ သူတို့က ဒီအဆင့်လောက်နဲ့ အသွင်မဲ့ဂိုဏ်းကို စိန်ခေါ်ရဲတာလား’
‘ငါနားလည်ပြီ၊ သူတို့ဂိုဏ်းက ဒီဒေသတစ်ဝိုက်မှာ အင်အားအကြီးဆုံး၊ အသွင်မဲ့ဂိုဏ်းနဲ့လည်း အဝေးကြီးပဲ၊ ဒီလောကမှာ တယ်လီဖုန်းရော အင်တာနက်ရောမရှိတော့ ပြိုင်ဘက်ရဲ့ သတင်းအချက်အလက်ကို မှားယွင်းယူဆမိတာပဲ’
ဟန်ကျွယ်ဟာ သတိဆိုတာပိုတယ်မရှိ ဆိုတဲ့ စကားတိုင်း အသွင်တူလက်ရည်စမ်းပွဲထဲမှာ သူတို့နဲ့ တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်က သူတို့နှစ်ယောက်လုံးနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နှစ်ယောက်တစ်ယောက် တိုက်ပွဲပါ။
တစ်ချက်တည်း ပွဲပြတ်သွားပါတယ် ‘ဒီလိုဆို လုံခြုံတယ်’
လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းဟာ အဓိကတောင်ထိပ်ဆီ ပျံသန်းမသွားဘဲ ဝီရိယတောင်ကို ရောက်လာကြပါတယ်။
“ကောင်းကင်သွေးမီးလျှံဂိုဏ်းချုပ် လျူပုမီ၊ ဂိုဏ်းအကြီးအကဲ တာအိုသခင်တျန်ကုန်း... နတ်သတ်အကြီးအကဲကို လာရောက်ဂါရဝပြုတာပါ”
တအိုသခင်တျန်ကုန်းဟာ ဦးညွှတ်လိုက်ပါတယ်။ နတ်သတ်အကြီးအကဲ သဘောတူတာနဲ့ ယွီဂျင်ဂိုဏ်းလည်း သဘောတူမယ်ဆိုတာ တာအိုသခင်တျန်ကုန်း သိနေပါတယ်။
လျူပုမီလည်း ဦးညွှတ်လိုက်ပါတယ်။ လျူပုမီဟာ ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။ တာအိုသခင်တျန်ကုန်းက ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲကို မခုခံနိုင်ဘူးပြောတာကြောင့် လျူပုမီဟာ နတ်သတ်အကြီးအကဲကို အထင်မသေးရဲပါဘူး။
ဖူစန်းသစ်ပင်အောက်မှာ ထိုင်နေတဲ့ မုရုံချီဟာ မျက်လုံးပြူးသွားပြီး အံဩတကြီး ပြောလိုက်ပါတယ် “ကောင်းကင်သွေးမီးလျှံဂိုဏ်းချုပ်က ဒီကိုရောက်လာတာလား”
မုရုံချီဟာ ယွီဂျင်ဂိုဏ်းကို မဝင်ခင်က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူမို့ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ကြားဖူးနားဝ ရှိပါတယ်။ သူ့အမြင်မှာ ကောင်းကင်သွေးမီးလျှံဂိုဏ်းက ယွီဂျင်ဂိုဏ်းထက် ပိုအင်အားကြီးပါတယ်။
ရွှင်ချန်အန်းက ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဆက်အားထုတ်”
မုရုံချီဟာ ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်ပေမဲ့ သူ့အာရုံက တောင်အောက်ဆီ ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းရှေ့မှာ ရုတ်ခြည်းပေါ်လာပြီး သူတို့နှစ်ဦးကို ပြန်လည်မွေးဖွားခြင်း ဓားငွေ့နဲ့ ချိန်ရွယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းဟာ တစ်စက်ကလေးတောင် မလှုပ်ရှားနိုင်တော့ဘဲ သေမင်းကို ရင်ဆိုင်ရသလို ဖြစ်သွားပါတယ်။
လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းရဲ့ နဖူးကနေ ချွေးသီးချွေးပေါက်တွေ ကျဆင်းလာပါတယ်။ အထူးသဖြင့် တာအိုသခင်တျန်ကုန်းဟာ သေလာက်အောင် ကြောက်သွားတာကြောင့် အံကြိတ်ကာ ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော်တို့မှာ မကောင်းတဲ့စိတ် မရှိပါဘူး၊ စီနီယာ ဖိတ်ခေါ်လို့ ကျွန်တော်တို့ ရောက်လာရတာပါ”
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်းတို့တွေ ယွီဂျင်ဂိုဏ်းထဲ ဝင်ပြီးရင် သစ္စာဖောက်မှာကို ငါမမြင်ချင်ဘူး” အဲဒီနောက် ဟန်ကျွယ်ဟာ လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းရဲ့ ပုခုံးကိုထိလိုက်ပြီး လမ်းခြောက်သွယ် အမှတ်အသား မှတ်လိုက်ပါတယ်။
အနာဂတ်မှာ သူတို့နှစ်ယောက် ဘယ်ကိုပြေးပြေး ဟန်ကျွယ် လက်ကနေ လွှတ်အောင် ပြေးနိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ် အလိုရှိရင် ငရဲထိအောင် လိုက်လို့ရပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက သူတို့ထက် အများကြီးပိုမြင့်တာမို့ လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းဟာ လမ်းခြောက်သွယ် အမှတ်အသား မှတ်ခံရတာကို လုံးတသတိမပြုမိပါဘူး။
တာအိုသခင်တျန်ကုန်းက သူတို့တွေ ယွီဂျင်ဂိုဏ်းထဲ ဝင်တာက စိတ်ရင်းစိတ်မှန်ဖြစ်ကြောင်း ဟန်ကျွယ်ကို ချက်ချင်းပဲ အာမခံပါတယ်။
ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို ဆက်မဖိနှိပ်တော့ဘဲ အဓိကတောင်ထိပ်ဆီ သွားခွင့်ပြုလိုက်ပါတယ်။ လျူပုမီနဲ့ တာအိုသခင်တျန်ကုန်းဟာ ဟန်ကျွယ်စကားကို မငြင်းဆန်ရဲတာကြောင့် ပြန်လည်မွေးဖွားခြင်း ဓားငွေ့ ပျောက်သွားတာနဲ့ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ချက်ချင်း ထွက်ခွာသွားပါတယ်။
ဝီရိယတောင်ထိပ်ကထွက်ပြီး အဓိကတောင်ထိပ်ကို သွားတဲ့လမ်းမှာ လျူပုမီက မနေနိုင်ဘဲ တာအိုသခင်တျန်ကုန်းကို မေးလိုက်ပါတယ် “စီနီယာ... ယွီဂျင်ဂိုဏ်းမှာ ဒီလောက်စွမ်းအားကြီးတဲ့ ကျင့်ကြံသူက ဘယ်လိုလုပ်ပြီး ရှိနေတာလဲ၊ သူက တာအိုသခင်ကျိုးတီလား”
“ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ သူက တာအိုသခင်ကျိုးတီ မဟုတ်တာတော့ ကျိန်းသေတယ်၊ တာအိုသခင်ကျိုးတီက ပင်လယ်ရပ်ခြားကို ထွက်သွားတာကြာပြီ”
တာအိုသခင်တျန်ကုန်းဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်နိုင်လို့ စိတ်ထဲမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။
တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ခိုင်မင်မွန်းစတားအိုကြီးကို ကျိန်စာတိုက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်မဲ့ဂိုဏ်းကို မကြောက်ပေမဲ့ အသွင်မဲ့ဂိုဏ်းမှာက လူတော်အများကြီး ရှိနေပါတယ်။ သူတို့သာ ယွီဂျင်ဂိုဏ်းကို အလုံးအရင်းနဲ့ တိုက်ခိုက်မှုဆိုရင် ယွီဂျင်ဂိုဏ်းရဲ့ ဆုံးရှုံးမှုက တော်တော်လေး ကြီးမားသွားမှာပါ။
ခိုင်မင်မွန်းစတားအိုကြီး ဒဏ်ရာမပျောက်ရင် အသွင်မဲ့ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို လွယ်လွယ်နဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။
တစ်လကြာပြီးနောက်။
ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ ယွီဂျင်ဂိုဏ်းထဲဝင်မယ်လို့ လူသိရှင်ကြား ကြော်ငြာလိုက်ပါတယ်။ လျူပုမီဟာ ယွီဂျင်ဂိုဏ်းထဲဝင်ရောက်သွားပြီး ဂိုဏ်းကိစ္စအဝဝကို ဒုဂိုဏ်းချုပ်ဆီ လွှဲအပ်လိုက်ပါတယ်။ ဒီသတင်းပျံ့နှံ့သွားတဲ့အခါ ဝေ့ဒေသ၊ ရန်ဒေသ၊ အသူရာချောက်ဒေသနဲ့ အနီးအနားက တိုင်းပြည်တွေကိုပါ အံဩတကြီး ဖြစ်သွားစေပါတယ်။
အကြည့်အားလုံးဟာ ယွီဂျင်ဂိုဏ်းဆီကို စုပြုံကျရောက်သွားပါတယ်။ ယွီဂျင်ဂိုဏ်းက အားနည်းပေမဲ့ ဒီနှစ်တစ်ရာအတွင်းမှာ တဖြည်းဖြည်း အင်အားကြီးမားလာတာပါ။
ဒီသတင်းဟာ အသွင်မဲ့ဂိုဏ်းဆီ ရောက်သွားပါတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ ခိုက်မင်မွန်းစတားအိုကြီးဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ယွီဂျင်ဂိုဏ်း...”
ခိုက်မင်မွန်းစတားအိုကြီးဟာ ရှင်းဟုန်ရွှမ်ကို တွေးမိသွားပါတယ်။ ခိုင်မင်မွန်းစတားအိုကြီးဟာ ရှင်းဟုန်ရွှမ်ကို တုန်းဝမ်ရှန်းနဲ့ လက်ထပ်ပြီး အတူတူ ကျင့်ကြံစေချင်တာပါ။ သူတို့နှစ်ဦးသာ အတူတူကျင့်ကြံမယ်ဆိုရင် တုန်းဝမ်ရှန်းရဲ့ ကျင့်ကြံမှုက ဒီရေအလား တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ရှင်းဟုန်ရွှမ်က သူ့အဆိုကို ငြင်းဆန်ခဲ့ပါတယ်။
ဒီရှင်းဟုန်ရွှမ်က ယွီဂျင်ဂိုဏ်းက ဖြစ်နေပါတယ်။
ခိုင်မင်မွန်းစတားအိုကြီးရှေ့မှာ လူတစ်ချို့ ရပ်နေပါတယ်။ ဒီထဲမှာ တုန်းဝမ်ရှန်းလည်း ပါပါတယ်။ တုန်းဝမ်ရှန်းဟာ နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးမို့လို့လဲ၊ ကျွန်တော်တော့ တစ်ခါမှ မကြာဖူးဘူး၊ နောက်ပြီး ရန်ဒေသက အားနည်းတဲ့ဒေသမှန်း လူတိုင်းသိတယ်၊ ဆရာသခင်... ကျွန်တော် ရန်ဒေသကို ကိုယ်တိုင်သွားပြီး လျူပုမီကို ဖမ်းဆီးပါရစေ”
ခိုက်မင်မွန်းစတားအိုကြီးဟာ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း သဘောမတူပါဘူး။ အကြောင်းအရင်းတစ်ချို့ကြောင့် ယွီဂျင်ဂိုဏ်းက ဒီလောက်ထိ မရိုးရှင်းဘူးလို့ ခိုက်မင်မွန်းစတားအိုကြီး ခံစားလိုက်ရပါတယ်။
ရှင်းဟုန်ရွှမ်ကို သူ့တပည့်နဲ့ လက်ထပ်ဖို့ ပြောလိုက်ကတည်းက ခိုက်မင်မွန်းစတားအိုကြီးဟာ မကြာခဏဆိုသလို ကျိန်စာတိုက်ခံခဲ့ရပါတယ် ‘ငါ့ကို ကျိန်စာတိုက်တဲ့လူက ယွီဂျင်ဂိုဏ်းကများလား’
စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေဟာ ကံတရားကိုတောင် သက်ရောက်နိုင်တဲ့ စွမ်းအားရှိပါတယ် ‘ရှင်းဟုန်ရွှမ်ရဲ့ ယောက်ျားက ငါ့ကို ကျိန်စာတိုက်နေတာလား’
‘ဒါက အဖြစ်နိုင်ဆုံးပဲ’
ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုအကြောင်းနဲ့မှ ရှင်းပြလို့မရတဲ့ ကိစ္စပါ။ နောက်ပြီး ခိုင်မင်မွန်းစတားအိုကြီးဟာ ဒီလိုကိစ္စမျိုးက အရင်တုန်းက မရင်ဆိုင်ခဲ့ရပါဘူး။ ရှင်းဟုန်ရွှမ်ကို သူ့တပည့်နဲ့ လက်ထပ်ဖို့ ပြောလိုက်တော့မှ နှစ်အနည်းငယ်ကြာတိုင်း ကျိန်စာဒဏ်ကို ခံစားရတာပါ။ လွန်ခဲ့တဲ့တစ်လက ဒီကျိန်စာကြောင့် ခိုင်မင်မွန်းစတားအိုကြီးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီအချိန်က ကောင်းကင်သွေးမီးလျှံဂိုဏ်းနဲ့ ယွီဂျင်ဂိုဏ်းတို့ တွေ့ဆုံဆွေးနွေးချိန် ဖြစ်နေပါတယ်။
‘ငါ ဒီဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ လုံးဝမဖြစ်ဘူး’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။