← Chapters

ကွမ်းယွီ

Vol. 7 Ch. 93

ကွမ်းယွီ

Vol. 7 Ch. 93

အခန်း (၉၃) ကွမ်းယွီ

ယွီဂျင်ဂိုဏ်းက လူတွေဟာ ဂျိလုန်ချန်ရဲ့ ရန်စစကားကြောင့် ကြက်သေသေကုန် ကြပါတယ်။ ဒီလိုစိန်ခေါ်မှုမျိုးက သာမန်လူသားတွေရဲ့ သိုင်းလောကမှာ ပုံမှန်ဆိုပေမဲ့ ကျင့်ကြံခြင်း‌လောကမှာတော့ တွေ့ရခဲလှပါတယ်။ အတိအကျပြောရရင် မရှိသလောက်ကို ရှားပါးတာပါ။

လီချင်းဇဲ့ဟာ ဂူအောင်းကျင့်ကြံနေတုန်းမို့ ဂျိလုန်ချန်စကားကို စိတ်ထဲမထားပါဘူး။ ကောင်းကင်ပြိုကျရင် အကြီးအကဲဟန်နဲ့ အကြီးအကဲရှောင်က အဲဒီပြိုကျတဲ့ကောင်းကင်ကို ကိုင်ထားပါလိမ့်မယ်။

ဒါပေမဲ့ ရှောင်ယောင်ဟာ တစ်ဖက်လူက မရိုးရှင်းမှန်း ခံစားရတာကြောင့် ထွက်မတိုက်ပါဘူး။ ဟန်ကျွယ် ထွက်တိုက်တာကိုပဲ စောင့်ဆိုင်းနေပါတယ်။

ဟန်ကျွယ်ဟာ အေးအေးဆေးဆေး နေချင်တာကြောင့် ရှောင်ယောင်ကို ဂျိလုန်ချန်နဲ့ တိုက်စေချင်ပါတယ်။ ရှုံးလည်း ကိစ္စမရှိပါဘူး။ အရေးကြီးဆုံးက ဂျိလုန်ချန် ပြန်သွားဖို့ပါ။

တစ်ခြားအကြီးအကဲတွေကလည်း သူတို့အစွမ်းအစကို သူတို့သိတာကြောင့် ထွက်မတိုက်ရဲပါဘူး။ ဂိုဏ်းတပည့်တွေက ပိုဆိုးတာပေါ့။

ဒီလိုအကြောင်းတွေကြောင့် ကသိကအောက်ဖြစ်စရာ အခြေအနေတစ်ခု ပေါ်လာပါတယ်။ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတစ်ဦးရဲ့ စိန်ခေါ်မှုကို ဘယ်သူမှ ထွက်ပြီး လက်မခံကြပါဘူး။

“အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း ဘယ်သူမှ ထွက်မလာဘူးဆိုရင် ခင်ဗျားတို့ဂိုဏ်းကို ကျုပ် မြေလှန်ပစ်မယ်” ဂျိလုန်ချန်ဟာ ဒေါသတကြီး အော်ပြောလိုက်ပါတယ်။ ဒီအချိန်မှာ ဂျိလုန်ချန်ဟာ တောင်တစ်ဝက်မှာ ရှိနေပြီး အနည်းငယ်အလှမ်းဝေးတဲ့ တောင်ထိပ်ဆယ့်ရှစ်ထိပ်ကို လှမ်းကြည့်လိုက်ပါတယ်။ ဂျိလုန်ချန်ဟာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောအေးစက်လှတဲ့ မျက်နှာထား ပါရမီရှင်အငွေ့အသက် ရှိနေပါတယ်။

ဂျိလုန်ချန်ဟာ ယွီဂျင်ဂိုဏ်းထဲက တစ်ယောက်မှ ထွက်မလာတာကြောင့် အမျက်ချောင်းချောင်း ထွက်သွားပါတယ် ‘ဒီကောင်တွေက ဆွံအနားမကြားတွေလား၊ စိန်ခေါ်တာကို လက်မခံရဲရင်လည်း ထွက်ပြီး တောင်းပန်ပါတော့လား’

“တာအိုရောင်းရင်း တကယ့်ကိုထူးချွန်တဲ့ ကျင့်ကြံသူတစ်ဦးပါ၊ ကျုပ်တို့ယွီဂျင်ဂိုဏ်းဂိုဏ်းက တာအိုရောင်းရင်းကို မယှဉ်နိုင်ပါဘူး၊ ဒါကြောင့် ကျုပ်တို့တွေ အရှုံးပေးပါတယ်” ဟန်ကျွယ်အသံဟာ ဂျိလုန်ချန်နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

ဟန်ကျွယ်ဟာ နိုင်တာရှုံးတာကို ဂရုမစိုက်ပါဘူး။ ပြဿနာမတက်ဘူးဆိုရင် ဆယ်ခါပြန် အရှုံးပေးရလည်း ကိစ္စမရှိပါဘူး။

ဂျိလုန်ချန်ဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “ကျုပ် ခင်ဗျားနဲ့ ပြိုင်မယ်၊ ပုန်းနေရာကထွက်လာပြီး ကျုပ်နဲ့လာတိုက်ခိုက်ချည်၊ ဒီလိုပါးစပ်နဲ့ အရှုံးပေးလို့ရမလား”

“တာအိုရောင်းရင်း... ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ၊ ကျုပ်တို့ဂိုဏ်းက တာအို‌ရောင်းရင်းကို အပြစ်ပြုမိလို့လား”

“အရင်တုန်းက ဘာမှမရှိပါဘူး၊ အခုတော့ ခင်ဗျားတို့တွေ ကျုပ်ကို ရန်စလိုက်ပြီ”

“ကျုပ်တို့တွေ မဖြစ်မနေ တိုက်ခိုက်မှ ရမှာလား”

“ထွက်လာခဲ့စမ်းပါ၊ မဟုတ်ရင် ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို မြေလှန်ပစ်မယ်” ဂျိလုန်ချန်က အထက်စီးကနေ အော်ပြောလိုက်ပါတယ်။ ဂျိလုန်ချန်ဟာ ဒီစကားတွေ ပြောဆိုပြီးတဲ့အခါမှာ သူ့ကိုယ်သူ အားရသွားပါတယ်။

‘မင်းတို့တွေကများ... ငါ့ကို လျစ်လျူရှူရဲတယ်...’

ဂျိလုန်ချန်ဟာ ကောင်းကင်စံအိမ်ရဲ့ တာအိုတပည့်တစ်ယောက် ဖြစ်ပြီး ခန္ဓာကိုယ်ပေါင်းစပ်အဆင့် ရှိတာကြောင့် လက်တစ်ဆုပ်စာ လူနည်းစုကပဲ သူ့ကို မျက်နှာသာမပေးဘဲ နေရဲပါတယ်။ ဒီထက်အရေးကြီးတာက ယွီဂျင်ဂိုဏ်းဟာ ရန်ဒေသမှာ အင်အားအကြီးဆုံးဆိုပေမဲ့ လောကတစ်ခုလုံးနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ ဒီလိုဂိုဏ်းမျိုးက သူ့ရှေ့မှာ ဘဝမြင့်နေတာကို ဂျိလုန်ချန် လုံးဝလက်သင့်မခံနိုင်ပါဘူး။ ကျိန်းသေပေါက် သင်ခန်းစာစာကောင်းကောင်း ပေးရပါလိမ့်မယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ဆိုးသွားပါတယ် ‘ဒီကောင်က ကံကိုယုံပြီး ဆူးပုံနင်းနေတာပဲ’

“ခင်ဗျား ထွက်မလားသေးဘူလား၊ ကျုပ် ဖိအားပေးမှ ထွက်လာမှလား” ဂျိလုန်ချန်ဟာ စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်ပါတယ်။

ဂျိလုန်ချန် စကားအဆုံးမှာပဲ ဝီရိယတောင်ကနေ မိုးကြိုးလို ပြင်းထန်လျင်မြန်တဲ့ ဓားချီတစ်ချက် ပစ်လွှတ်လိုက်ပါတယ်။

‘မြန်လှချည်လား’

အလွန်တရာ လျင်မြန်လွန်းတာကြောင့် ဂျိလုန်ချန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။ ဂျိလုန်ချန်ဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် သူ့ဓားကို အလျင်စလို မြှောက်လိုက်ပါတယ်။

“ဝုန်း”

ဂျိလုန်ချန် မှော်စွမ်းအား မထုတ်နိုင်ခင်မှာပဲ ဓားချီက သူ့ခန္ဓာကိုယ်ကို ထိမှန်သွားပါတယ်။ ဓားချီကြောင့် ဂျိလုန်ချန်ရဲ့ ရုပ်ခန္ဓာဟာ လုံးဝပျက်ဆီးသွားပြီး ဓားကိုင်နေတဲ့ ပဓာနဝိညာဉ်သာ ကျန်ရှိပါတော့တယ်။ ပြန်လည်မွေးဖွားခြင်းဓားချီက ဂျိလုန်ချန်ရဲ့ ပဓာနာဝိညာဉ်ကို မဖျက်ဆီးတာဟာ အားနည်းသွားလို့ မဟုတ်ပါဘူး။ ဂျိလုန်ချန်ရဲ့ ပဓာနဝိညာဉ်မှာ ရွှေရောင်နဂါးတစ်ကောင် ရစ်ပတ်နေလို့ မဖျက်ဆီးတာပါ။

ဟုတ်ပါတယ်။ ရွှေရောင်နဂါး စစ်စစ်ပါ။

‌ရွှေရောင်နဂါးဟာ အစစ်လား ပုံရိပ်ယောင်လားဆိုတာ ခွဲမရပါဘူး။ ရွှေရောင်နဂါးရဲ့ ကိုယ်ပေါ်မှာ အက်ကြောင်းတွေ ထင်သွားပါတယ်။ ရွှေရောင်နဂါးဟာ ဟန်ကျွယ်ရဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို မကာကွယ်နိုင်လုနီးပါး ဖြစ်သွားရပါတယ်။

ဟန်ကျွယ်ဟာ ထပ်ပစ်ဖို့ ပြင်လိုက်စဉ်မှာပဲ ရွှေရောင်နဂါးဆီက စကားသံ ထွက်လာပါတယ် “နေအုန်း... ကျုပ်တို့တွေ ဆွေးနွေးလို့ရပါတယ်၊ ဒီအသုံးမကျတဲ့တပည့်အစား ကျုပ်ကပဲ တောင်းပန်ပါရစေ”

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရပ်တန့်ကာ ပြောလိုက်ပါတယ် “ကျုပ်က သူ့ကို အရှုံးပေးပြီးပြီ၊ ဒါကို သူက မကျေနပ်နိုင်သေးဘူး၊ ကျုပ်ဂိုဏ်းကိုတောင် ဖျက်ဆီးချင်နေတယ်၊ ကျုပ်က ပြဿနာတက်တာကို မုန်းပေမဲ့ ပြဿနာတွေကိုတော့ မကြောက်ဘူးနော်”

ဂျိလုန်ချန်ဟာ ကြက်သေသေနေတုန်းပါပဲ။

‘မဖြစ်နိုင်ဘူး’

‘ခုနတုန်းက အကွက်...’

‘ငါ သူ့တိုက်ကွက်တစ်ချက်ကိုတောင် မခုခံနိုင်ဘူး’

ဂျိလုန်ချန်ရဲ့ တာအိုနှလုံးသား ကွဲကြေထွက်သွားပါတယ်။

ဟန်ကျွယ် ထပ်မတိုက်တာကြောင့် ရွှေရောင်နဂါးဟာ စိတ်သက်သာရာ ရသွားပါတယ် “တာအိုရောင်းရင်း... ဒီကိစ္စက လုန်ချန်ရဲ့အမှားပါ၊ တာအိုရောင်းရင်းသာ သူ့ကိုလွှတ်ပေးမယ်ဆိုရင် ကျုပ်တို့တွေ ချက်ချင်းထွက်သွားမှာပါ”

[တာအိုသခင်ဂျိခုံးသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ တာအိုသခင်ဂျိခုံးအကြောင်းကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[တာအိုသခင်ဂျိခုံး: အတိဒုက္ခဖြတ်ကျော် သတ္တမအဆင့်၊ ကောင်းကင်စံအိမ်တော်၏ တာအိုသခင်ဆယ့်နှစ်ယောက်တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သင်သည် ဂျိလုန်ချန်အား ချက်ချင်း မသတ်ဖြတ်ခဲ့သောကြောင့် တာအိုသခင်ဂျိခုံးသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

‘အတိဒုက္ခဖြတ်ကျော်ခြင်း သတ္တမအဆင့်လား’ ဟန်ကျွယ်ရဲ့ မျက်တောင်ဟာ ဖျက်ခနဲ ခတ်သွားပါတယ် ‘ဒီလူလူမျိုးက င့ါအပေါ်မှာ အကောင်းမြင်စိတ် ရှိသွားပြီဆိုတော့ မလိုမုန်းထားစိတ် မရှိလောက်တော့ဘူး ထင်တာပဲ’

“ကောင်းပြီလေ၊ ခင်ဗျားစကားကို ခင်ဗျားမှတ်ထားပါ၊ သွားလို့ရပြီ”

[တာအိုသခင်ဂျိခုံးသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ရွှေရောင်နဂါးဟာ ကျေနပ်သွားပါတယ်။ တာအိုသခင်ဂျိခုံးဟာ ဟန်ကျွယ်က လူကောင်းတစ်ယောက်လို့ ခံစားလိုက်ရပါတယ်။ ဒီကိစ္စမှာ ဂျိလုန်ချန်က အရင်မှားတာဖြစ်ပြီး တာအိုသခင်ဂျိခုံးရဲ့ ဆန်းကြယ်စွမ်းအားက ဂျိလုန်ချန်ရဲ့ ပဓာနဝိညာဉ်ကိုပဲ ကာကွယ်ပေးထားနိုင်ပါတယ်။ ဟန်ကျွယ်သာ ဂျိလုန်ချန်ကို သတ်ချင်တယ်ဆိုရင် တာအိုသခင်ဂျိခုံးမှာ တားဆီးနိုင်တဲ့အစွမ်း မရှိပါဘူး။

ဒါ့အပြင် သူ့သရုပ်မှန်ကို တစ်ဖက်လူက မသိသေးတဲ့အတွက် အခုလိုလွှတ်ပေးတာက ကြောက်လို့ လွှတ်ပေးတာ မဟုတ်ဘူးဆိုတာ သိသာထင်ရှားလှပါတယ်။

ရွှေရောင်နဂါးက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “အရူး... တာအိုရောင်းရင်းကို အမြန်တောင်းပန်လိုက်လေ၊ ဒီကိစ္စပြီးရင် စံအိမ်ကိုပြန်လာပြီး ဂူအောင်းကျင့်ကြံရမယ်၊ နှစ်တစ်ရာအတွင်း အပြင်ထွက်ဖို့ လုံးဝမစဉ်းစားနဲ့”

တာအိုသခင်ဂျိခုံးဟာ အမှန်တကယ် ဒေါသထွက်နေတာပါ။ တာအိုသခင်ဂျိခုံးဟာ ကျင့်ကြံအားထုတ်နေရင်း ဂျိလုန်ချန် အန္တရာယ်ကြားထဲ ရောက်နေတာကို အာရုံခံမိလိုက်တဲ့အတွက် သူ့သတိတရားကို ရွှေရောင်နဂါးဆီ ပို့လိုက်တဲ့အခါမှာ ဖြစ်ပျက်သမျှအကြောင်းစုံကို ရွှေရောင်နဂါးကနေ နားလည်လိုက်ပါတယ်။ ဒီလိုအပြုအမူမျိုးက ကောင်းကင်စံအိမ်ကို ဂုဏ်သိက္ခာ ကျစေပါတယ်။

ဂျိလုန်ချန်ဟာ နွေခေါင်ခေါင်းကြီး ငယ်ထိပ်မိုးကြိုးပစ်ချခံရသလို ဖြစ်သွားပါတယ် “ဆရာသခင်... ကျွန်တော် အခုမှ ထွက်လာတာလေ”

ဂျိလုန်ချန်ဟာ ကောင်းကင်စံအိမ်ကနေ ထွက်လာတာ လေးငါးနှစ်ပဲ ရှိပါသေးတယ်။ ဒီလေးငါးနှစ်အတွင်းမှာ ဂျိလုန်ချန်ဟာ သင့်လျော်တဲ့ပြိုင်ဘက်ကောင်းကို ရှာဖွေနေတာကြောင့် တိုက်ပွဲကောင်းကောင်း မတိုက်ရသေးပါဘူး။ နောက်ဆုံးမှာတော့ ဂျိလုန်ချန်ဟာ ယွီဂျင်ဂိုဏ်းဆီ ရောက်လာခဲ့ပေမဲ့ ဘာတိုက်ကွက်မှ မထုတ်ရသေးခင် သေလုနီးပါး ဖြစ်သွားပါတယ်။

ဂျိလုန်ချန်ဟာ တော်တော်လေး စိတ်ဓာတ်ကျသွားပါတယ် ‘ငါ့ကံက တော်တော်ဆိုးတာပဲ’

ဟန်ကျွယ်မျက်နှာဟာ ထူးဆန်းသွားပါတယ် ‘အခုမှ ထွက်လာခါစမို့ တစ်ပွဲမှ မရှုံးသေးတာကိုး’

“အခုချက်ချင်း တောင်းပန်စမ်း” ရွှေရောင်နဂါးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။ ဂျိလုန်ချန်လည်း ချက်ချင်းပဲ ဟန်ကျွယ်ကို တုန်ယင်စွာ တောင်းပန်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ရွှေရောင်နဂါးဟာ ဝီရိယတောင်ကိုကြည့်လိုက်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “တာအိုရောင်းရင်း... တာအိုရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား”

“နာမည်ကကွမ်းယွီ၊ ဘွဲ့က ယွင်ချန်”

“ကွမ်းယွင်ချန်... နာမည်ကောင်းပဲ” ရွှေရောင်နဂါးဟာ ဟန်ကျွယ်ကို ချီးကျူးစကားပြောပြီး ဂျိလုန်ချန်နဲ့ ထွက်ခွာသွားပါတယ်။

ဒီလိုနဲ့ ဂျိလုန်ချန်ကိစ္စဟာ အဆုံးသတ်သွားပါတယ်။ ဂျိလုန်ချန်ဟာ ယွီဂျင်ဂိုဏ်းနဲ့ နည်းနည်းအလှမ်းဝေးတာမို့ ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ဒီအကြောင်းကို မသိကြပါဘူး။ ဒါပေမဲ့ ဂိုဏ်းအကြီးအကဲတွေကတော့ သူတို့နတ်အာရုံနဲ့ အရာအားလုံးကို သိမြင်ပါတယ်။

‘နတ်သတ်အကြီးအကဲက အရမ်းစွမ်းအားကြီးတာပဲ’

ရှောင်ယောင်နဲ့ လျူပုမီ နှစ်ယောက်စလုံးဟာ တအံတဩ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းက သူတို့ကျောရိုးတစ်လျှောက် အေးစိမ့်ကျသွားစေပါတယ်။ ရှောင်ယောင်နဲ့ လျူပုမီဟာ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းရဲ့စွမ်းအားကို ပြန်တွေးမိပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။

ဂျိလုန်ချန်နေရာမှာ သူတို့သာဆိုရင် ဒီဓားချီကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။ ဂူအောင်းကျင့်ကြံနေတဲ့ လီချင်းဇဲ့ကတော့ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ အကြီးအကဲဟန်က တကယ့်ကို သူတို့ယွီဂျင်ဂိုဏ်းရဲ့ ကံကောင်းစေတဲ့ကြယ်ပွင့်ပါ။ ယွီဂျင်ဂိုဏ်းသားတွေကို တစ်ခါမှ စိတ်မပျက်စေပါဘူး။

ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံနေတဲ့ မုရုံချီဟာ ဟန်ကျွယ်ကို ပိုပြီးလေးစားသွားပါတယ်။ ဟန်ကျွယ်အပေါ်ထားရှိတဲ့ မျက်နှာသာပေးမှုကလည်း ကြယ်လေးပွင့်ထိ ထိုးတက်သွားပါတယ်။ ဟန်ကျွယ်ကတော့ ဒီကိစ္စတွေကို ဂရုမစိုက်ဘဲ ဆက်လက်အားထုတ်ပါတယ်။

လေးငါးဆယ်ရက်အကြာ။

[ဂျိလုန်ချန်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

ကြည့်ရတာ တာအိုသခင်ဂျိခုံးက ဂျိလုန်ချန်ကို ကောင်းကောင်းဆုံးမသွန်သင်လိုက်ပုံပါပဲ။ ဟန်ကျွယ်ဟာ ဒီကိစ္စကြောင့် ကောင်းကင်စံအိမ်ကို အကောင်းမြင်သွားပါတယ်။

‘ဒါက တကယ့်စစ်မှန်တဲ့ မြင့်မြတ်တဲ့နယ်မြေ”

ဟန်ကျွယ်ဟာ သူနဲ့ ကောင်းကင်စံအိမ်ကြားမှာ ရန်ငြိုးမရှိတာကို အောင်ပွဲကျင်းပတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး သူ့ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ကွမ်းယွီရဲ့နာမည်က ကောင်းကင်စံအိမ်တစ်ခုလုံး ပျံ့နှံ့ကျော်ကြားသွားပါတယ်။ ဂျိလုန်ချန်ဟာ ကောင်းကင်စံအိမ်ရဲ့ နာမည်ကျော် ပါရမီရှင်ပါ။ ဒီလိုပါရမီရှင်က ကွမ်းယွီနဲ့တွေ့တွေ့ချင်း တစ်ချက်တောင် မခုခံနိုင်ဘဲ ရှုံးနိမ့်သွားလိမ့်မယ်လို့ ကောင်းကင်စံအိမ်ကလူတွေဟာ ဘယ်တုန်းကမှ မတွေးထားခဲ့ကြပါဘူး။

ဂျိလုန်ချန်ဟာ ကွမ်းယွီက ယွီဂျင်ဂိုဏ်းရဲ့ နံပါတ်တစ်ကျင့်ကြံသူဖြစ်ကြောင်း၊ သူ့ဆရာသခင်ကပင် ကွမ်းယွီကို လေးစားကြောင်း ပိုပိုသာသာ ပြောပါတယ်။ အကြောင်းကတော့ ကွမ်းယွီ စွမ်းအားကြီးလေလေ သူ့ရှုံးနိမ့်မှုက ရှက်စရာမဟုတ်လေလေ ဖြစ်တာကြောင့်ပါ။

ဂျိလုန်ချန်ဟာ ဟန်ကျွယ်အကြောင်း ပိုပိုသာသာပြောဆိုရင်းနဲ့ ဟန်ကျွယ်အပေါ် အကောင်းပိုမြင်လာပါတယ်။ ဂျိလုန်ချန်ဟာ သူ့များထက် သူ့ကိုယ်သူ ပိုယုံတာကြောင့် ဒီလိုဖြစ်ရတာပါ။

ဟန်ကျွယ်ဟာ ဒီကိစ္စကို မသိပေမဲ့ ဂျိလုန်ချန်ရဲ့ မျက်နှာသာပေးမှု တိုးလာတာကြောင့် တာအိုသခင်ဂျိခုံးကို လူကောင်းတစ်ယောက်လို့ မှတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုသခင်ဂျိခုံးက သူ့တပည့်ကို ဒီလောက်ထိ ကြိုးကြိုးစားစားနဲ့ ဆုံးမသွန်သင်လိမ့်မယ်လို့ မထင်ထားပါဘူး။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters