← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇)နောက်ဆုံးတော့ အကူအညီ ရပြီ

"ဒီနေ့ကစပြီး မြွေဖမ်းခြင်း၊ မြွေမွေးမြူခြင်းနှင့် ဆေးဖက်ဝင်အပင်များကို ပြုပြင်စီမံခြင်း စသည့် လျှို့ဝှက်ချက်များကို ငါ ကိုယ်တိုင် သင်ပေးမယ်... မင်းတို့အားလုံး သေချာ ဂရုတစိုက် သင်ယူရမယ်..."

ဤစကားကို ကြားသောအခါ လဲ့အားကော်က ချက်ချင်းပင် ကျောကို မတ်၍ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။

"အစ်ကိုချန်... စိတ်မပူပါနဲ့... ကျွန်တော် သူတို့ကို လုံးဝ နာခံတတ်လာအောင် သေချာပေါက် လေ့ကျင့်ပေးပါ့မယ်..."

ရွှေရှန်း၊ ယွမ်ပေါင်နှင့် ထျဲ့နျူတို့ လူငယ် သုံးယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်သပ်နေကြပြီး သူတို့၏ မျက်လုံးများက အရောင်လက်နေကြသည်။

လဲ့ချန်၏ လက်အောက်တွင် အလုပ်လုပ်ရခြင်းမှာ ဇိမ်ကျကျ နေထိုင်ရရုံသာမက အစစ်အမှန် ကျွမ်းကျင်မှုများကို သင်ယူရန် အခွင့်အရေး ရရှိခြင်းပင်ဖြစ်ရာ ဤသည်က တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြစ်၏။

လဲ့ချန်က မြွေဖမ်းနည်းကို စတင် သင်ကြားပေးလိုက်သည်။

သူက မြက်မြွေ တစ်ကောင်ကို ကောက်ကိုင်၍ ဖြည်းညင်းစွာ ရှင်းပြလိုက်၏။

"မြွေဖမ်းတဲ့အခါ အရေးအကြီးဆုံးက လျင်မြန်ဖို့နဲ့ သွက်လက်ဖို့ပဲ... တည်ငြိမ်ရမယ်... တိကျရမယ်... ပြီးတော့ ပြတ်သားရမယ်... မြွေရဲ့ အရေးကြီးတဲ့ နေရာကို ညှစ်ဖမ်းလိုက်တာနဲ့ သူ လှုပ်လို့ မရတော့ဘူး..."

"ဒါ့အပြင်... မြွေအမျိုးအစား မတူရင် အလေ့အထတွေလည်း မတူကြလို့ ငါတို့က အဲဒီအပေါ် မူတည်ပြီး ကိုင်တွယ်ရမယ်…"

"အစ်ကိုချန်... ဒီမြွေက အရမ်း ချွဲကျိနေတာပဲ... ကျွန်တော် မဖမ်းရဲဘူး..."

ယွမ်ပေါင်က သနားစရာ ကောင်းသော မျက်နှာပေးဖြင့် နောက်သို့ ဆုတ်သွားပြီး ရှေ့သို့ မတက်ရဲချေ။

"သတ္တိကြောင်လိုက်တာ... မင်း အစ်ကိုချန်နဲ့အတူ မြွေသွားဖမ်းတာ အကြိမ်ပေါင်းများစွာ ရှိနေပြီကို အခုထိ မရဲသေးဘူးလား..."

ထျဲ့နျူက လဲ့ချန်၏ လက်ထဲမှ မြွေကို ဆွဲယူလိုက်ပြီး မြွေ၏ အရေးကြီးသော နေရာကို ညှစ်ဖမ်းသည့် အမူအရာကို အတုခိုးကာ ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်လိုက်၏။

“ငါ့ကို ကြည့်စမ်း... ဘယ်လောက် လွယ်သလဲလို့..."

သူ စကားပြော၍ မဆုံးမီမှာပင် မြွေက ရုတ်တရက် ၎င်း၏ အမြီးဖြင့် လှမ်းရိုက်လိုက်ရာ ထျဲ့နျူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ထိမှန်သွားသဖြင့် သူက နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

လူတိုင်းက ဝါးလုံးကွဲ ရယ်မောလိုက်ကြပြီး လဲ့ချန်ကလည်း ပြုံး၍ ခေါင်းယမ်းလိုက်၏။

"ထျဲ့နျူ... သိပ်မဝင့်ကြွားစမ်းပါနဲ့... မြွေဖမ်းတယ်ဆိုတာ နောက်စရာ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် သတိထား..."

လဲ့ချန်က သူ၏ ထူးခြားသော ကျွမ်းကျင်မှုများကို စိတ်ရှည်လက်ရှည် သင်ကြားပေးလိုက်သည်။

အရုဏ်တက်ချိန်၌ တောင်တန်းများက မြူနှင်းများဖြင့် ဖုံးလွှမ်းနေ၏။ လဲ့အားကော်နှင့် သူ၏ တပည့်သုံးယောက် ဖြစ်သော ရွှေရှန်း၊ ယွမ်ပေါင်နှင့် ထျဲ့နျူတို့က ကြမ်းတမ်းသော တောင်လမ်းလေး အတိုင်း တောနက်တောင်ကြီးထဲသို့ ထွက်ခွာလာကြသည်။

"အစ်ကိုအားကော်... ဒီနေ့ ကျွန်တော်တို့ ဘယ်သွားပြီး မြွေဖမ်းကြမလဲ..."

ယွမ်ပေါင်က အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ လမ်းသွားကြည့်တုန်းက အနောက်ဘက်တောင်က ဝါးတောထဲမှာ ဝါးမြွေစိမ်းတွေ အများကြီး တွေ့ခဲ့တယ်..."

လဲ့အားကော်က ယုံကြည်မှု ရှိစွာဖြင့် ပြောလိုက်၏။

"အစ်ကိုချန်က အဒ့ဝါးမြွေစိမ်းတွေက အရမ်းကောင်းပြီး ဆေးဖက်ဝင်တန်ဖိုး မြင့်တယ်လို့ ပြောတယ်..."

"ဝါးမြွေစိမ်း... အဲ့မြွေက အဆိပ်အရမ်းပြင်းတယ်နော်..."

ရွှေရှန်းက အနည်းငယ် ကြောက်ရွံ့သွားသည်။

"ပြီးခဲ့တဲ့ အကြိမ်က ကျွန်တော် မြွေစိမ်းလေးတစ်ကောင် ကိုက်ခံရတာတောင် ရက်တော်တော်များများ ရောင်သွားသေးတယ်..."

"ဘာကြောက်စရာရှိလို့လဲ... အစ်ကိုချန်က ငါတို့ကို မြွေဖမ်းနည်း သင်ပေးထားတာပဲ... အရေးကြီးတဲ့ နေရာကို ညှစ်ဖမ်းထားသရွေ့ သူ လှုပ်လို့ မရတော့ဘူး..."

ထျဲ့နျူက သူ့ရင်ဘတ်ကို ပုတ်လိုက်၏။

"ဒါ့အပြင်... ငါတို့မှာ အစ်ကိုအားကော်ရှိသေးတယ်... သူက မြွေဖမ်းကျွမ်းကျင်သူပဲ..."

"ငါ့ကို မြှောက်မနေနဲ့... အားလုံးပဲ သေချာ အာရုံစိုက်ကြ... မဟုတ်ရင် မြွေမဖမ်းနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်တောင် ထိခိုက်ကုန်လိမ့်မယ်..."

လဲ့အားကော်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"အစ်ကိုချန် သင်ပေးထားတာတွေကို မှတ်ထား... ဉာဏ်ရည်သွက်လက်ပြီး လက်မြန်ရမယ်... တိကျပြတ်သားစွာနဲ့ ဖမ်းရမယ်..."

ဝါးတောသို့ ရောက်သောအခါ လဲ့အားကော်က သူ၏ ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်လိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးများက အရောင်လက်သွားပြီး ဝါးရွက်တစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ကြည့်စမ်း... ဟိုမှာ တစ်ကောင်ရှိတယ်..."

အစိမ်းရောင် ဝါးမြွေစိမ်းတစ်ကောင်က ဝါးကိုင်းတစ်ခုပေါ်တွင် နားခိုနေပြီး ၎င်း၏ လျှာကို တလစ်လစ် ထုတ်နေ၏။

"ငါ သွားဖမ်းလိုက်မယ်..."

ထျဲ့နျူက စမ်းသပ်ချင်စိတ် ပြင်းပြနေပြီး သူ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သည်။

"နေဦး..."

လဲ့အားကော်က သူ့ကို ဆွဲထားလိုက်ပြီး ပြောလိုက်၏။

“သေချာကြည့်ဦး... အနီးအနားမှာ တခြားမြွေတွေရှိမရှိ အရင်ကြည့်... စိတ်လိုက်မာန်ပါ မလုပ်နဲ့..."

ဂရုတစိုက် အကဲခတ်ပြီး အခြားမြွေများ မရှိကြောင်း အတည်ပြုပြီးနောက် လဲ့အားကော်က ထျဲ့နျူကို လွှတ်ပေးလိုက်သည်။

“သွားတော့... မှတ်ထားနော်... တည်ငြိမ်ရမယ်... တိကျရမယ်... ပြီးတော့ ပြတ်သားရမယ်..."

ထျဲ့နျူက အသက်အောင့်ထားပြီး ဝါးမြွေစိမ်းထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားကာ ရုတ်တရက် ၎င်း၏ အရေးကြီးသော နေရာကို ဆုပ်ကိုင်ဖမ်းယူလိုက်၏။

"မိပြီ... မိပြီ..."

ထျဲ့နျူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"အရမ်းစိတ်မလှုပ်ရှားနဲ့... မင်းကို ကိုက်လိမ့်မယ်..."

လဲ့အားကော်က သတိပေးလိုက်၏။

သူတို့က ဝါးမြွေစိမ်း နောက်ထပ် အကောင်ရေ အနည်းငယ်ကို ထပ်မံ ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းမိထားသည်များကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာကြသည်။

မြွေခြံသို့ ပြန်ရောက်သောအခါ လဲ့အားကော်က မြွေခြံကို မည်သို့ တည်ဆောက်ရမည်၊ မည်သို့ စီမံခန့်ခွဲရမည်ကို စတင် သင်ကြားပေးလိုက်၏။

"အစ်ကိုချန်က မြွေခြံထဲက အပူချိန်နဲ့ စိုထိုင်းဆက အရမ်းအရေးကြီးတယ်လို့ ပြောတယ်... သင့်တော်တဲ့ ပတ်ဝန်းကျင် အခြေအနေကို ထိန်းသိမ်းထားမှသာ မြွေတွေက ကျန်းကျန်းမာမာ ကြီးထွားလာနိုင်မှာ..."

"အစ်ကိုအားကော်... ဒီမြွေက ဘာစားတာလဲ..."

ယွမ်ပေါင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မြွေအမျိုးအစားမတူရင် စားတဲ့ အစာလည်း မတူကြဘူး... ဝါးမြွေစိမ်းဆိုရင်တော့ အင်းဆက်တွေနဲ့ ကြွက်ငယ်လေးတွေကို အဓိကစားတယ်..."

လဲ့အားကော်က စကားပြောနေရင်း သူ ဖမ်းလာသော ကြွက်များနှင့် ဖားများကို မြွေခြံထဲသို့ ထည့်လိုက်၏။

"ဒါ့အပြင် မြွေတွေ ဖျားနာတာကို ကာကွယ်ဖို့နဲ့ သန့်ရှင်းကျန်းမာရေးနဲ့ ညီညွတ်အောင် မြွေခြံကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်တယ်..."

အချိန်ကြာလာသည်နှင့်အမျှ မြွေခြံ၏ အရွယ်အစားမှာ ကြီးမားလာပြီး မြွေ အကောင်ရေ အနည်းငယ်မှသည် ဆယ်ဂဏန်း၊ ရာဂဏန်း သို့မဟုတ် ထိုထက်မက ပို၍ များပြားလာသည်။

"အားကော်... မကြာသေးခင်က မြွေသည်းခြေနဲ့ မြွေရေခွံ ထုတ်လုပ်မှု အခြေအနေ ဘယ်လိုရှိလဲ..."

လဲ့ချန်က စာရင်းစာအုပ်များကို လှန်လှောကြည့်ရင်း မေးလိုက်၏။

"အစ်ကိုချန်... ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုက ဆယ်ဆလောက် တိုးလာတယ်..."

လဲ့အားကော်က စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့လိုက်သည်။

"ရွှေရှန်းတို့က အခု မြွေဖမ်းတာ အရမ်း တော်နေကြပြီ... ကျွန်တော့်ထက်တောင် ပိုမြန်နေသေးတယ်..."

"မဆိုးဘူး... မဆိုးဘူး..."

လဲ့ချန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"အခုကစပြီး မင်းတို့က မြွေဖမ်းတာ၊ မြွေမွေးတာနဲ့ ဆေးဖော်စပ်တာတွေကို တာဝန်ယူရမယ်... ငါကတော့ အရောင်းပိုင်းကို အာရုံစိုက်ပြီး ငါတို့ရဲ့ မြွေထွက်ကုန်တွေကို တစ်နိုင်ငံလုံးအနှံ့ ရောင်းချနိုင်အောင် ကြိုးစားမယ်..."

"အစ်ကိုချန်... ဒါက ပြီးခဲ့တဲ့လက အရောင်းစာရင်းပဲ... တစ်ချက်လောက် ကြည့်ကြည့်ပါဦး..."

လဲ့အားကော်က အထပ်လိုက် ရှိနေသော ငွေစက္ကူများကို လဲ့ချန်ထံသို့ ကမ်းပေးလိုက်သည်။

လဲ့ချန်က ငွေများကို ယူ၍ ပေါ့ပေါ့ပါးပါး လှန်လှောကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"အားကော်... မင်း ဒီတစ်ကြိမ် အလုပ်လုပ်တာ အတော်ကောင်းတယ်... မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးပဲ..."

"အစ်ကိုချန်... ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေပါ..."

လဲ့အားကော်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

"အစ်ကို့အတွက် အလုပ်လုပ်ပေးရတာ စိတ်အေးရတယ်..."

မြွေခြံ စီမံခန့်ခွဲမှုကို အားကော်နှင့် သူ၏ တပည့်များထံသို့ လွှဲအပ်လိုက်ခြင်းဖြင့် လဲ့ချန်မှာ ရုတ်တရက် အားလပ်ချိန် များစွာ ရရှိသွား၏။

သူက မြွေထွက်ကုန်များကို မည်သို့ ပိုမို ကောင်းမွန်အောင် ရောင်းချရမည်ကို စတင် စဉ်းစားလိုက်သည်။

မြို့မှ သူ ဝယ်လာခဲ့သော "သိပ္ပံနည်းကျ မြွေမွေးမြူရေး လက်စွဲစာအုပ်" နှင့် ဆေးပညာ စာအုပ်များကို လှန်လှောကြည့်ရင်း လဲ့ချန်က သူ့ဘာသာ ရေရွတ်လိုက်၏။

"ဒီမြွေသည်းခြေအရက်က တကယ့် ရတနာပဲ..."

"ဒါက ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး အသက်ရှည်စေရုံသာမက ဈေးကောင်းလည်း ရနိုင်တယ်..."

သူ၏ အတိတ်ဘဝတွင် သူက ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။ မြွေသည်းခြေအရက်၏ ဆေးဖက်ဝင် အာနိသင်များအကြောင်းကို အနည်းငယ် သိရှိထားသော်လည်း တိကျသော ဆေးဖော်စပ်နည်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်ကိုမူ သူ လုံးဝ မသိရှိခဲ့ချေ။

ဤအရောင်ဝါကြင့်ကြင့် ဖြစ်နေသော ဆေးကျမ်းက သူ၏ ရတနာတစ်ခု ဖြစ်လာတော့သည်။

"မြွေသည်းခြေက သဘာဝအရ ခါးသက်ပြီး အေးတဲ့ သတ္တိရှိတယ်... ဒါကြောင့် သူတို့ကို ဓာတ်ပြယ်သွားအောင် နွေးထွေးပြီး အားဖြည့်ပေးတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ပေါင်းစပ်ပေးသင့်တယ်လို့ ဒီစာအုပ်ထဲမှာ ရေးထားတယ်..."

လဲ့ချန်က မျက်မှောင်ကြုတ်လျက် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

“ဂျင်ဆင်းနဲ့ သမင်ချိုက ဈေးအရမ်းကြီးတယ်... ဟွမ်ချီနဲ့ တန်ကွေ့ကို သုံးရင်ကော ဘယ်လိုနေမလဲ..."

သူက ခြံဝင်းထဲရှိ စားပွဲငယ်လေး တစ်လုံးပေါ်တွင် ဆေးဖက်ဝင် အပင်မျိုးစုံကို ဖြန့်ချလိုက်ပြီး တိုင်းရင်းဆေးဆရာအိုကြီး တစ်ဦးကဲ့သို့ အတုခိုးကာ ဟိုဟာကို နမ်းကြည့်လိုက်၊ ဒီဟာကို ကြည့်လိုက် လုပ်ရင်း သူ့ဘာသာ ရေရွတ်နေ၏။

“ဂိုဂျီဘယ်ရီသီးက အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေတယ်... ဟင်း... ဒါကောင်းတယ်... နည်းနည်း ထည့်မယ်..."

လဲ့ချန်က ပထမဦးစွာ သာမန် မြွေသည်းခြေများကို အရက်အိုး အနည်းငယ်ထဲတွင် စိမ်လိုက်ပြီး မြည်းကြည့်လိုက်ရာ ခါးသက်သက်နှင့် ညှီစော်နံနေသဖြင့် မျိုချရန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။

"မဖြစ်ဘူး... မဖြစ်ဘူး...ဒီဟာကို ဘယ်သူက သောက်နိုင်မှာလဲ..."

သူက ရွံရှာဖွယ်ကောင်းသော အရက်တစ်ငုံကို ထွေးထုတ်လိုက်၏။

"အရသာကို ပိုကောင်းလာအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်..."

သူက ပျားရည်နှင့် ကျောက်သကြားတို့ကို ထည့်ကြည့်သော်လည်း ရလဒ်များက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။

"သစ်သီးနည်းနည်း ထည့်ကြည့်ရင်ကော ဘယ်လိုနေမလဲ..."

လဲ့ချန်က ရုတ်တရက် စိတ်ကူးတစ်ခု ရသွား၏။

"ဟော်သွန်းနဲ့ ပန်းသီး နည်းနည်း ထည့်လိုက်ရင် ခါးသက်တဲ့ အရသာ ဓာတ်ပြယ်သွားစေနိုင်တယ်..."

သူက အနောက်ဘက်တောင်သို့ ပြေးသွားပြီး တောရိုင်းဟော်သွန်းများနှင့် ပန်းသီးအချို့ကို ခူးယူကာ အတုံးသေးသေးလေးများ လှီးဖြတ်၍ အရက်အိုးထဲသို့ ထည့်လိုက်သည်။

အချိန်အနည်းငယ်ကြာအောင် စိမ်ပြီးသောအခါ သူက အရက်အိုးကို ဖွင့်ရန် မစောင့်နိုင်တော့ချေ။ အရက်နံ့နှင့် ရောနှောနေသော သစ်သီးများ၏ သင်းပျံ့သော ရနံ့သင်းသင်းလေးက လွင့်ပျံလာပြီး ခါးသက်သော အရသာမှာလည်း သိသိသာသာ လျော့ကျသွားခဲ့၏။

"ဟင်း... ဒါဆိုရင် ပိုကောင်းတယ်..."

လဲ့ချန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ညှီစော်နံတာကို ဖယ်ရှားဖို့ လိမ္မော်ခွံခြောက် နည်းနည်း ထည့်ရမယ်..."

သူက လိမ္မော်ခွံခြောက်ကို အရက်ထဲသို့ ထည့်၍ နောက်တစ်ကြိမ် ထပ်မြည်းကြည့်လိုက်၏။ ဤတစ်ကြိမ်တွင်မူ ထိုအရသာက နောက်ဆုံး၌ သူ့ကို ကျေနပ်သွားစေတော့သည်။

All Chapters