အခန်း ၂၃၃
Vol. 24 Ch. 233
အခန်း (၂၃၃)
အောင်မြင်ရေးဟောပြောသူများ၏ ဘေးဒုက္ခက နှစ်ထောင်ချီတိုင်အောင် အမွေဆိုးအဖြစ် ကျန်ရစ်ခဲ့လေသည်
ယနေ့ခေတ်ရှိ (၅၀၀) ယွမ်ဆိုသည်မှာ ကမ္ဘာပေါ်တွင် ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ်သန်း (၅၀၀) နှင့် ညီမျှလေသည်။
ထို့ကြောင့် လျန်ထျန်းက ဤသို့ပြောလိုက်သောအခါ ဓားဝင့်ကာ သူ့ထံသို့ ချဉ်းကပ်လာသူများအားလုံး မှင်တက် သွားကြပြီး ခြေလှမ်းများ ရပ်တန့်သွားကြလေသည်။
ပြဿနာရှာသူများ၏ ခေါင်းဆောင်မှာ အလျင်အမြန် သတိဝင်လာပြီး လှောင်ပြောင်သရော်လိုက်လေသည်။
"ဘယ်သူမဆို ကြွားလုံးထုတ်လို့ ရတာပဲ ငါဆိုရင်လည်း ငါ့မှာ ပိုင်ဆိုင်မှု ဒေါ်လာတစ်ထောင် ရှိတယ်လို့ ပြောလို့ ရတာပဲ...။"
"ညီအစ်ကိုတို့ သူ့စကားကို မယုံကြနဲ့ သူက ဆင်းရဲတဲ့ အစားအသောက်ပို့ဆောင်သူလေးပါကွာ ဘယ်ကနေ (၅၀၀) ယွမ် ရလာမှာလဲ...။"
"အစ်ကိုလန်က မတူဘူးလေ…၊ သူက ပရိသတ် သန်းချီရှိတဲ့ အင်တာနက်နာမည်ကြီးပဲကို သူက လိုက်ဖ်လွှင့်ရုံနဲ့ တင် ယွမ်အနည်းငယ် ဒါမှမဟုတ် ဆယ်ယွမ်ကျော်လောက်တောင် ရနိုင်တယ်...။"
"ဒါ့အပြင် အစ်ကိုလန်ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ မင်းတို့အားလုံး မသိကြဘူးလား…။ သူက ဒီအစား အသောက်ပို့ဆောင်သူလေးရဲ့ အသက်ကိုဝယ်ဖို့ ဒီလောက် ပိုက်ဆံအများကြီး ပေးထားတာဆိုတော့ ပိုက်ဆံရှာ ချင်တဲ့လူတိုင်း ပါဝင်သင့်တယ်...။"
ထိုလူမိုက်၏ စကားများကို ကြားသောအခါ လူစုမှာ ပို၍ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာကြပြီး ဆင်းရဲသော အစားအသောက်ပို့ဆောင်သူလေး၏ လှည့်စားမှုကို ခံလိုက်ရသည်ဟု တွေးကာ ဒေါသများ ပိုမို ထွက်လာကြလေ သည်။
အခြေအနေ မဟန်သည်ကို မြင်သောအခါ လျန်ထျန်းသည် သူ၏ လက်ကိုင်ဖုန်းကို အမြန်ထုတ်ကာ ငွေလက် ကျန်ကို ပြသရင်း အော်ပြောလိုက်လေသည်။
"ငါ့မှာ ပိုက်ဆံမရှိဘူးလို့ ဘယ်သူပြောလဲ ငါ့မှာ အများကြီးရှိတယ်...။"
"မင်းတို့ကို ငါ အမှန်အတိုင်း ပြောပြမယ်…။ မင်းတို့ရဲ့ အစ်ကိုလန်နဲ့ သူ့နောက်ကွယ်က အင်အားစုတွေက ငါ့ပိုင်ဆိုင်မှုရဲ့ အစွန်းထွက်လောက်တောင် မရှိဘူး...။"
"တောက်ရင်ပေါ်မှာ ငါတင်သမျှ ဗီဒီယိုတိုင်း ဘာလို့ နာမည်ကြီးနေလဲဆိုတာ မင်းတို့ သိလား…။ ငါက ပိုက်ဆံ ပိုပေးထားလို့ပေါ့…။ ကြော်ငြာခအနေနဲ့ တစ်ပုဒ်ကို (၁၀၀) ယွမ်တောင် ထည့်ပေးထားတာ...။"
"ဒါကြောင့် (၅၀၀) ယွမ်ဆိုတာ ငါ့အတွက်တော့ အသေးအဖွဲလေးပါပဲ မဟုတ်ဘူးလား...။"
"လုပ်စရာရှိတာကို သာ ဆက်လုပ်ကြပါ…။ ပြီးသွားရင် မင်းတို့ကို တစ် ပြားမှ လျှော့ပေးမှာ မဟုတ်ဘူး စိတ်မပူ ကြနဲ့...။"
ထိုစကားများနှင့်အတူ လျန်ထျန်းက သူ၏ မိုဘိုင်းဘဏ်လုပ်ငန်း ငွေလက်ကျန်ကိုပါ ပြသလိုက်သဖြင့် ရန်လိုနေ သော ထိုသူများမှာ ထပ်မံ၍ တုံ့ဆိုင်းသွားကြပြန်သည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ပို၍ ခိုင်မာသော အရင်းအနှီးကို ကိုယ်စားပြုသည့် ငွေကြေး၊ အထူးသဖြင့် ပိုများပြားသော ငွေကြေးကို မည်သူက ငြင်းဆန်နိုင်မည်နည်း။
သို့သော် ပြဿနာရှာသူ ခေါင်းဆောင်မှာ ထပ်မံ၍ အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ပြန်သည်။
"အခုခေတ်မှာ ဖုန်းထဲက ဟာတွေအားလုံးက အတုလုပ်လို့ ရနေပြီလေ ငါ့ရဲ့ အသိပေးချက် အသံဆိုရင်တောင် အလီပေးထဲကို (၁၀၀) ယွမ် ဝင်လာတယ်လို့ ပြနေတုန်းပဲ...။"
"ပြီးတော့ အတိတ်တုန်းက ငါ လမ်းမှားတွေ ရောက်ခဲ့ဖူးတယ်…၊ အဲ့ဒီတုန်းက ငါ ဆရာတစ်ဆူလို့ ယုံကြည်ခဲ့ရတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူက ငါ့ကို အတိအကျ ပြောခဲ့ဖူးတယ်...။"
"သူ့ကို သစ္စာဖောက်သွားတဲ့ သူတွေကိုတောင် တစ်ယွမ် ပေးခဲ့တာဆိုတော့ သူ့အပေါ် သစ္စာရှိတဲ့ သူတွေဆိုရင် အနာဂတ်မှာ ယွမ်ရာချီ တန်ကြေးရှိမလာနိုင်ဘူးလားတဲ့ လက်ခုပ်တီးကြ မင်းတို့ သဘောပေါက်တယ်မလား...။"
"အဲ့ဒီအချိန်တုန်းက ငါလည်း တခြားသူတွေနဲ့အတူ လက်ခုပ်တီးခဲ့တာပဲ…။ ငါ မကြာခင် သူ့လို အောင်မြင်လာ တော့မယ်လို့ တွေးပြီး လက်ခုပ်တီးရလွန်းလို့ လက်တွေတောင် ပေါက်ပြဲမတတ် ဖြစ်ခဲ့ရတယ်...။"
"တောက်...၊ ငါ့မှာ ပြားအနည်းငယ်လောက် အလိမ်ခံလိုက်ရတယ် ငါ ဒေဝါလီခံလိုက်ရပြီ အဲ့ဒီခွေးကောင်ကို ငါ တကယ် သတ်ပစ်ချင်တာ...။"
"ဒါကြောင့် ညီအစ်ကိုတို့ တခြားသူတွေကို ဘယ်တော့မှ အလွယ်တကူ မယုံကြနဲ့ ကိုယ် ကောင်းကောင်းသိတဲ့ သူတွေကို ယုံတာက ပိုစိတ်ချရတယ်...။"
သူ ဘာပဲပြောပြော၊ မည်သို့ပင် သက်သေပြနေစေကာမူ တစ်ဖက်လူက မယုံကြည်သည်ကို မြင်သောအခါ လျန်ထျန်းမှာ တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
'သောက်ကျိုးနည်း...၊ ဒီလူက အရင်တုန်းက အောင်မြင်ရေးဟောပြောသူတွေဆီမှာ တော်တော်လေး လမ်းမှား ရောက်ခဲ့တာပဲ...။ အခုဆို ငါ့ကိုတောင် လွှမ်းမိုးနေပြီ...။'
'ဒီအောင်မြင်ရေးဟောပြောသူတွေက တကယ်ကို နှစ်ထောင်ချီတိုင်အောင် အမွေဆိုးတွေ ချန်ရစ်ခဲ့တာပဲ...။'
ထိုသူများအားလုံးမှာ ပြဿနာရှာသူ ခေါင်းဆောင်၏ လက်ပါးစေများ ဖြစ်ကြသဖြင့် သဘာဝကျစွာပင် သူတို့၏ သူဌေးကို ပို၍ ယုံကြည်ကြလေသည်။
ထို့နောက် သူတို့သည် လျန်ထျန်းထံသို့ ထပ်မံ ချဉ်းကပ်လာကြပြီး သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ပိုမို အားကောင်းလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ကနဦးက လျန်ထျန်းသည် ငွေကြေးဖြင့် ဖြေရှင်း၍ရနိုင်သော ကိစ္စများအတွက် အကြမ်းဖက်ရန် မလိုအပ်ဟု တွေးထင်ခဲ့သော်လည်း ယခုမူကား... အင်း...
ပထမဆုံး လက်သီးတစ်လုံး လျန်ထျန်းထံသို့ ကျရောက်လာတော့မည့် ဆဲဆဲတွင်ပင်။
“ဝှီး...”
လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီး ထိုသူမှာ လျန်ထျန်း၏ အနီးအနား အရိပ်ထဲတွင် ပုန်းကွယ်နေခဲ့သော ရှီမင် က စတင် လှုပ်ရှားလိုက်ခြင်းပင် ဖြစ်လေသည်။
ကျန်ဆုန်း လုံခြုံရေးကုမ္ပဏီတွင် အကျော်ကြားဆုံး ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် လျန်ထျန်းနှင့် အသက် အရွယ် တူညီသော်လည်း သူ၏ စွမ်းရည်များမှာမူ သာမန်လူ ဒါဇင်ပေါင်းများစွာပင် သူ့အနားသို့ မကပ်နိုင် လောက်အောင် ထက်မြက်လွန်းလှလေသည်။
သူသည် မျက်စိတစ်မှိတ်အတွင်း လျန်ထျန်း၏ ရှေ့သို့ ရောက်ရှိလာကာ ညာဘက်သို့ လွှဲကန်လိုက်မှု တစ်ချက် တည်းဖြင့် လျန်ထျန်းကို လက်သီးဖြင့် ထိုးရန် ကြံရွယ်နေသူမှာ လွင့်စင်သွားခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ဘယ်ဘက်သို့ အရှေ့ထွက်ကန်ချက် တစ်ချက် ဆက်တိုက် ထွက်ပေါ်လာပြီး တုတ် တစ်ချောင်း ကိုင်ဆောင်ကာ ပြေးဝင်လာသော အခြားတစ်ယောက်မှာလည်း မီတာအတော်ဝေးဝေးကို လွင့်စင်သွားခဲ့ ပြန်သည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် အရပ်မျက်နှာ အသီးသီးမှ လူအုပ်ကြီး တစ်အုပ်လုံး ပြေးဝင်လာကြ လေသည်။ ဤမျှများပြားလှသော လူများကို မည်သို့ ရင်ဆိုင်ရမည်နည်း။
သို့သော် ထိုအချိန်တွင် ရှီမင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အော်ဟစ်လိုက်လေသည်။
"နဂါးကြာပွတ်..."
ထိုစကားလုံးများကို ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှီမင်သည် ထိုအတိုင်း လှုပ်ရှားလိုက်လေသည်။
“ဘုန်း...”
သူ၏ လှုပ်ရှားမှုများကို လုံးဝ မြင်တွေ့ရခြင်း မရှိတော့သော်လည်း ထိုလူများထံမှ ဆက်တိုက် ထွက်ပေါ်လာသော ပေါက်ကွဲသံများကိုကား ကြားနေရလေသည်။
ချက်ချင်းပင် ရှေ့သို့ ပြေးဝင်လာသူ အများအပြားမှာ လဲကျသွားကြလေသည်။
အကယ်၍သာ တစ်စုံတစ်ဦးက ဤအချိန်တွင် အထက်မှ ငုံ့ကြည့်မည်ဆိုပါက လဲကျနေသူများမှာ စက်ဝိုင်းပုံစံ ဖြစ်ပေါ်နေပြီး အပြည့်အဝ ပွင့်လန်းနေသော ပန်းတစ်ပွင့်နှင့် ဆင်တူနေမည် ဖြစ်လေသည်။
သူ၏ ကွက်ကဲမှုကို အဆုံးသတ်ပြီးနောက် ရှီမင်သည် အရေးမပါသော ကိစ္စတစ်ခုကို ပြုလုပ်လိုက်သည့်အလား တည်ငြိမ်စွာ ဆုတ်ခွာလိုက်လေသည်။
လူ ဒါဇင်ပေါင်းများစွာပင် သူ့အနားသို့ မကပ်နိုင်ဟု ဆိုခြင်းမှာ အလွန်အကျွံ ပြောဆိုခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။
သူ၏ လက်အောက်ခံများ မည်မျှလွယ်ကူစွာ အရိုက်ခံလိုက်ရသည်ကို မြင်သောအခါ ပြဿနာရှာသူ ခေါင်းဆောင်မှာ သူ စတင်ပေါ်လာကတည်းက လက်များကို အိတ်ကပ်ထဲသို့ ထည့်ထားခဲ့လေသည်။
သူ၏ စောင်းငဲ့နေသော ကိုယ်ဟန်အနေအထားနှင့် ပေါင်းစပ်လိုက်သောအခါ လမ်းဘေးလူမိုက်တစ်ဦး၏ ပေါ့ပျက်ပျက်နှင့် တာဝန်ယူမှုမရှိသော ပုံရိပ်ကို အပြည့်အဝ ပုံဖော်ပေးနေလေသည်။
ထိုအချိန်တွင် သူသည် အိတ်ကပ်ထဲမှ လက်များကို ထုတ်ကာ လက်သီးများကို ဆုပ်လိုက်ပြီး သူကိုယ်တိုင် ရှေ့သို့ ခြေလှမ်းလိုက်လေသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်တွေ လမ်းဖယ်စမ်း...။"
ရှီမင်သည် သူ့ထံသို့ လျှောက်လာနေသော ထိုပြဿနာရှာသူကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ပုံမှန် တည်ငြိမ်နေ သော မျက်နှာထားမှာ ရုတ်တရက် လေးနက်သွားလေသည်။
လျန်ထျန်းသည် ရှီမင်၏ အပြောင်းအလဲကို သတိပြုမိသွားကာ အံ့သြတကြီးဖြင့် မေးလိုက်လေသည်။
"သူက အရမ်း တော်နေလို့လား..."
ရှီမင်သည် ပြဿနာရှာသူကို စူးစိုက်ကြည့်ရင်း ပြန်ဖြေလိုက်လေသည်။
"သူ့မှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိရမယ် သူ့လက်သီးတွေကို ကြည့်လိုက်စမ်း အကြိမ်ပေါင်းများစွာ ကျိုးပဲ့ပြီး ပြန်ဆက်ထားရတဲ့ ရလဒ်ဖြစ်တဲ့ သာမန် မုန့်ပေါင်းလက်သီး ပုံစံပဲ...။"
"အဲ့ဒီလို လူမျိုးက အနည်းဆုံးတော့ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဝါရင့်တစ်ယောက်ပဲ ဖြစ်ရ မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ပို၍ပင် အံ့အားသင့်သွားရလေသည်။
"မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဝါရင့်တစ်ယောက် ဟုတ်လား…။ မင်းကိုယ်တိုင် အဲ့ဒီလို ပြောရ တယ်ဆိုတော့ သူက သာမန်လူတော့ မဖြစ်နိုင်ဘူး…။ မင်းနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်လား...။"
ရှီမင်မှာ အလွန် လေးနက်နေလေသည်။
"သူ ဘယ်လောက် သန်မာလဲဆိုတာ တကယ် တိုက်ခိုက်ကြည့်မှပဲ သိရမှာပဲ...။ ဒီလို ပြိုင်ဘက်မျိုးနဲ့ မတွေ့ရတာ ကြာပြီမို့ ဒီကိစ္စက စိတ်ဝင်စားစရာကောင်းပါတယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ရှီမင်သည် သူ့အား ကနဦးက ကာကွယ်မပေးမီတွင် ဤသို့ ပြောခဲ့ဖူးသောကြောင့်ပင် ဖြစ်လေသည်။
"အကယ်၍ တစ်နေ့နေ့မှာ ငါ စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ရတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ခဲ့ရင် မင်း ငါနဲ့ ခပ်ခွာခွာ နေသင့်တယ်...။"
"ငါ အစွမ်းကုန် တိုက်ခိုက်နေရတဲ့ အချိန်မှာ မင်းကို စိတ်ပူနေဖို့ အချိန်ရမှာ မဟုတ်ဘူး…။ မတော်တဆ ထိခိုက် မိတာမျိုး မဖြစ်ရအောင် ငါနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေပါ...။"
အစပိုင်းတွင် ရှီမင်၏ ကြားဝင်စွက်ဖက်မှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် လျန်ထျန်းက ဤအခြေအနေ မျိုး ဖြစ်လာမည်မဟုတ်ဟု ထင်မှတ်ထားခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ရှီမင် ပြသခဲ့သော စွမ်းရည်များမှာ လျန်ထျန်း၏ မျက်လုံးထဲတွင် သာမန်လူများ လုပ်နိုင် စွမ်းထက် များစွာ သာလွန်နေခဲ့သည် မဟုတ်ပါလား။
ကိုယ်တိုင် မျက်မြင်မတွေ့ရမီတွင် မည်သို့သော လူမျိုးက ရှီမင်နှင့် ယှဉ်ပြိုင်နိုင်မည်ကို စိတ်ကူးကြည့်ရန် ခက်ခဲ လှပြီး ထိုအခြေအနေမျိုးမှာ ဘယ်သောအခါမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
သို့သော် မထင်မှတ်ထားဘဲ ဤအခြေအနေမှာ ယနေ့တွင် ဖြစ်ပေါ်လာခဲ့ပြီး ထိုသူမှာ ပထမတစ်ချက် ကြည့်လိုက် ရုံဖြင့် လမ်းဘေးလူမိုက် ခေါင်းဆောင်တစ်ဦးနှင့် တူနေလေသည်။
ရိုးရိုးသားသား ဆိုရလျှင် ရှီမင်၏ အသိအမှတ်ပြုမှု ကို ရရှိပြီးနောက် ထိုပြဿနာရှာသူ၏ အမူအရာတစ်ခုလုံး ပြောင်းလဲသွားပုံရလေသည်။
လမ်းဘေးလူမိုက် ခေါင်းဆောင်မှာ ရုတ်တရက် ပုန်းကွယ်နေသော သိုင်းဆရာကြီးတစ်ဦးအဖြစ် ပြောင်းလဲသွား လေတော့သည်။
ထိုပြဿနာရှာသူသည် ရှီမင်နှင့် နှစ်မီတာခန့်အကွာတွင် ရပ်တန့်လိုက်လေသည်။ လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး စူးစိုက်ကြည့်နေကြပြီး လေထဲတွင် မီးပွားများပင် လွင့်စင်နေသည့်အလား ထင်မှတ်ရလေသည်။
ရှီမင်က စတင်၍ ပြောလိုက်လေသည်။
"ကျန်ဆုန်း လုံခြုံရေးကုမ္ပဏီ မတိုင်ခင်က ကျန်ဆုန်း သိုင်းကျောင်းတော် ခြောက်ယောက်မြောက် နည်းပြတွေထဲ က တစ်ယောက်ဖြစ်တဲ့ ချူရှီမင်ပဲ...။"
ဤသည်မှာ မိတ်ဆက်ခြင်းတစ်ခု ဖြစ်ပြီး ပြိုင်ဘက်အပေါ် အလေးထားမှုကို ပြသခြင်းဖြစ်ကာ ခေတ်သစ် သိုင်းလောက တွင် စည်းမျဉ်းတစ်ခုအဖြစ် သတ်မှတ်ထားကြလေသည်။
ရှီမင်၏ ဂုဏ်ပုဒ်ကို ကြားသောအခါ ပြဿနာရှာသူမှာ သိသိသာသာ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ ဩရှရှအသံဖြင့် ဆိုလိုက်လေသည်။
"အစားအသောက်ပို့ဆောင်သူတစ်ယောက်မှာ ဒီလို အစွမ်းထက်တဲ့လူက လျှို့ဝှက်စွာ ကာကွယ်ပေးထား လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...။"
"ငါ လုံးဝ မမျှော်လင့်ထားတာက ဒီခေတ် ဒီအခါမှာ တိုက်ခိုက်တဲ့အခါ စည်းမျဉ်းတွေကို သိတဲ့လူနဲ့ တွေ့ရလိမ့် မယ်ဆိုတာပဲ…။ မင်းသာ ငါ့ကို သတိမပေးခဲ့ရင် ငါ့ရဲ့ မျိုးဆက်ဆင်းသက်လာမှုကိုတောင် မေ့လုနီးပါး ဖြစ်သွား ပြီ...။"
"ကောင်းပြီလေ ဒါဆိုရင် ငါ ပြောပြမယ် ငါက ဟွမ်ယွမ်ရှင်းယီ ဂိုဏ်းရဲ့ အရင်က အကြီးအကဲတပည့်ပဲ။ သခင်ကြီးပေါက်ကော်ရဲ့ အရင် အကြီးအကဲတပည့် မာတာပေါင်ပဲ...။"
ပြဿနာရှာသူ၏ ဂုဏ်ပုဒ်ကို ကြားသောအခါ ရှီမင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။
သိုင်းလောက တွင် ဟွမ်ယွမ်ရှင်းယီ ဟုခေါ်သော နာမည်ကြီး ဂိုဏ်းတစ်ခုခု ရှိမရှိကို သူ၏ မှတ်ဉာဏ်ထဲတွင် ပြင်းပြင်းထန်ထန် ရှာဖွေနေခဲ့လေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဘေးသို့ ဖယ်နေခဲ့သော လျန်ထျန်းမှာ ထိုအသံကို ကြားသည်နှင့် ဗြုန်းစားကြီး အော်ပြောလိုက်လေသည်။
"မျိုးချစ်သခင်ကြီး ဟုတ်လား အဲ့ဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရမ်းနာမည်ကြီးခဲ့တဲ့ မျိုးချစ်သခင်ကြီး မဟုတ်လား...။"
ရှီမင်သည် သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်လေသည်။
"မင်း သိလို့လား ငါတော့ တစ်ခါမှ မကြားဖူးဘူး...။"
လျန်ထျန်းက ပြန်ဖြေလိုက်လေသည်။
"မင်းက တကယ့် သိုင်းပညာ အစစ်အမှန်ကို လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထားတာဆိုတော့ အွန်လိုင်းပေါ်က ကိစ္စ တွေကို သတိမထားမိတာက ပုံမှန်ပါပဲ...။"
"ဒီမျိုးချစ်သခင်ကြီးမှာ အမှတ်ရစရာ အခိုက်အတန့်တွေ အများကြီး ရှိတယ်…၊ ဥပမာ သူက တခြားသူတွေကို စိန်ခေါ်ခဲ့ပေမဲ့ လက်သီးတစ်ချက်တည်းနဲ့ လဲကျသွားတာမျိုးပေါ့...။"
"နောက်ပိုင်းကျတော့ အဲ့ဒီအချိန်တုန်းက ငါ သတိလက်လွတ်ဖြစ်သွားတယ်၊ ငါ မရှောင်လိုက်ဘူး၊ ပြီးတော့ တစ်ဖက်လူက အားကစားစိတ်ဓာတ် မရှိဘူး ကြွက်မြီးလိုပဲ ဆိုပြီး သူက ခေါင်းမာမာနဲ့ ပြောခဲ့သေးတာ...။"
"ဒါပေမဲ့ ဤလို လူမျိုးက အောင်မြင်ရေးဟောပြောသူတွေနဲ့ သိပ်ကွာခြားပုံ မပေါ်ပါဘူး သူတို့က တကယ်ပဲ တိုက်ခိုက်ရေးသမားကောင်း တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်လို့လား သူတို့က အခွံသက်သက် တွေပါကွာ...။"
လျန်ထျန်း စကားမဆုံးမီမှာပင် မာတာပေါင်က သူ့ကို စူးရှသောအသံဖြင့် ဖြတ်ပြောလိုက်လေသည်။
"ငါ့ဆရာကို မင်း စော်ကားခွင့် မရှိဘူး...။"
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့ဆရာရဲ့ ကျောင်းတော်ကနေ ငါ နှင်ထုတ်ခံခဲ့ရပေမဲ့ တစ်ရက်လောက် ဆရာ ဖြစ်ခဲ့ရင် တစ်သက်လုံး ဖခင်ပါပဲ…။ ငါ့ဆရာကို မကောင်းပြောရဲတဲ့ ဘယ်သူ့ကိုမဆို ငါ တိုက်ခိုက်သွားမယ်...။"
"ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါ့ဆရာအကြောင်း ပြောတဲ့လူတွေ အများကြီးနဲ့ ငါ တိုက်ခိုက်ခဲ့ ပြီး အဲ့ဒီလိုနဲ့ပဲ ငါ နာမည်နည်းနည်း ရလာခဲ့တာ..."
"ဒါကြောင့် နောက်ဆုံးတော့ ငါ့ရဲ့ စွမ်းရည်တွေအားလုံးက ငါ့ဆရာရဲ့ ကျေးဇူးတွေချည်းပဲ…။ ငါ့ဆရာ မကောင်း ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူး...။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မာတာပေါင်သည် ဒေါသထွက်မှုကို ထပ်တိုး စွမ်းအင် အဖြစ် ရရှိသွား ပုံပေါ်ပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် ရှေ့သို့ ပြေးဝင်လာကာ လက်သီးတစ်ချက် ပစ်သွင်းလိုက် လေသည်။
ဤသည်ကို မြင်သောအခါ ရှီမင်မှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏ လက်သီးကို မြှောက်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မာတာပေါင်သည် အားကုန်ထုတ်ကာ အော်ဟစ်လိုက်လေသည်။
"ခုနက မင်းသုံးခဲ့တဲ့ ကြာပွတ်ကို ရေနဂါးကြာပွတ် လို့ခေါ်တာ မဟုတ်လား…။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ဂိုဏ်းက နေ ဆင်းသက်လာတဲ့ ကြာပွတ်သိုင်းတစ်ခုလည်း ငါ့ဆီမှာ ရှိတယ် ဘယ်သူ့ကြာပွတ်က ပိုသန်မာလဲဆိုတာ ကြည့် ကြတာပေါ့...။"
"ဒါကို ယူလိုက်စမ်း လျှပ်စီးငါးချက်ကြာပွတ်...။"
“ဘုန်း...”
သူတို့၏ တိုက်ခိုက်မှုအတွင်း ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အခြားသူများမှာ သူတို့၏ လှုပ်ရှား မှုများကို လုံးဝ မမြင်တွေ့နိုင်ကြပေ။
သို့သော် နှစ်ဖက်စလုံးမှာ ကြာကြာ မတိုက်ခိုက်ခဲ့ရပေ။ သုံးစက္ကန့်မှ ငါးစက္ကန့်ခန့်အကြာတွင် သူတို့နှစ်ဦး ကွဲသွား ကြလေသည်။
ရှီမင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
မာတာပေါင်မှာမူ မတ်မတ်ရပ်နေပြီး ပြုံးပင် ပြုံးနေသေးလေသည်။
"အခုဆို ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း သိပြီမလား…၊ ဟွမ်ယွမ်ရှင်းယီ ဂိုဏ်းက နာမည်နဲ့ လိုက်ဖက်တယ်ဆိုတာကိုရော အခု မင်း သိပြီ မဟုတ်လား...။"
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ လက်အောက်ခံများထဲမှ တစ်ဦးက သူ၏ လက်ကို လက်ညှိုးထိုးကာ အံ့သြတကြီး အော်ဟစ်လိုက်လေသည်။
"အစ်ကိုပေါင် ခင်ဗျားလက်က ပုံပျက်နေပြီး သွေးတွေထွက်နေပြီ...။"
ထိုအသံက မာတာပေါင်၏ နောက်ဆုံးလက်ကျန် ခွန်အားများကို ရိုက်ချိုးလိုက်သည့်အလား သူသည် အလျင် အမြန်ပင် သနားစရာကောင်းစွာ လက်များကို မြှောက်ကာ အပေါ်သို့ လေများ တဖူးဖူးမှုတ်ထုတ်နေတော့သည်။
"အား... အား... အား...၊ နာလိုက်တာ နာလိုက်တာ...။"
သူ၏ လက်မှာ ပြင်းထန်စွာ ပုံပျက်နေပြီး သွေးများ ထွက်နေကာ ထပ်မံ၍ အရိုးကျိုးသွားရန် အလားအလာ များနေလေသည်။
ရှီမင်သည် စိတ်ပျက်သွားသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်ကာ စကားဆိုလိုက်လေသည်။
"သူက အင်အားကို ဘယ်လို ဖယ်ရှားရမလဲဆိုတာတောင် မသိဘူး…။ ငါ သူ့ကို အထင်ကြီးလွန်းသွားပုံရတယ်...၊ သူ့ရဲ့ မုန့်ပေါင်းလက်သီး က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူတစ်ယောက်ဆီကနေ ရလာတာ မဟုတ်ဘဲ မရေမတွက်နိုင်အောင် အရိုက်ခံခဲ့ရတဲ့ လူတစ်ယောက်ဆီကနေ ရလာတာပဲ...။"
မှန်ပေသည်။ ခုနက ရှီမင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခြင်းမှာ သူက အရေးနိမ့်သွားသောကြောင့် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ပြင်ပအင်အားများကို ထုတ်လွှတ်လိုက်ခြင်းကြောင့်ပင် ဖြစ်လေသည်။
မိမိမှာ အထင်အမြင်သေး ခံနေရကြောင်းကို သဘောပေါက်သွားသောအခါ မာတာပေါင်သည် ချက်ချင်းပင် သူ၏ လက်များကို အောက်ချလိုက်ပြီးနောက် အာခံသည့်လေသံဖြင့် ဆိုလိုက်လေသည်။
"ဒါက ဘာမှ မဟုတ်သေးဘူး အစပဲ ရှိသေးတာ...။"
"ငါ့လက် ကျိုးသွားတော့ရော ဘာဖြစ်လဲ ငါ့ဆရာ သင်ပေးထားတဲ့ လက်ခံခြင်း၊ ခြေဖျက်ခြင်းနဲ့ ထုတ်လွှတ်ခြင်း ဆိုတဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ငါ့ဆီမှာ ရှိနေသေးတယ်...။"