ခိုက်မင်မွန်းစတားအိုကြီးဟာ သတ်ဖြတ်ခြင်း
Vol. 7 Ch. 94
အခန်း (၉၄)ခိုက်မင်မွန်းစတားအိုကြီးဟာ သတ်ဖြတ်ခြင်း
ဂျိလုန်ချန် စိန်ခေါ်ခဲ့တာတောင် ငါးနှစ်ကြာခဲ့ပါပြီ။
ဒီငါးနှစ်အတွင်းမှာ ယွီဂျင်ဂိုဏ်းဟာ အဆင်ပြေချောမွေ့နေပြီး ဘာကပ်ဘေးကိုမှ မရင်ဆိုင်ရပါဘူး။ ဂိုဏ်းတစ်ခုလုံးကလည်း ဂူအောင်းကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေပါတယ်။
ကောင်းကင်သွေးမီးလျှံဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံမှုဟာ ယွီဂျင်ဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံမှုထက် ယေဘုယျအားဖြင့် ပိုမြင့်မားပါတယ်။ ဒါကြောင့် ယွီဂျင်ဂိုဏ်းဟာ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို လုံးဝဝါးမြိုချင်တယ်ဆိုရင် သူတို့ကျင့်ကြံမှုတွေ တိုးတက်လာအောင် မဖြစ်မနေ ကြိုးစားရမှာပါ။
တိတ်ဆိတ်တဲ့ ခန်းမတစ်ခုမှာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ မော့ကျူတစ်ယောက် တရားထိုင်နေပါတယ်။ မော့ကျူဟာ ဟန်ကျွယ် လှည့်စားတာကို ခံရပြီးတဲ့နောက်ပိုင်း ဒီနေရာမှာ အချုပ်ချခံထားရတာကြောင့် ခြေလှမ်းတစ်ဖဝါးတောင် မခွာနိုင်ပါဘူး။
ယွီဂျင်ဂိုဏ်းက မော့ကျူက ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ မော့ကျူလိုသမျှကို ဖြည့်ဆည်းပေးပါတယ်။ ဒီထဲမှာ ကျင့်ကြံခြင်းရင်းမြစ်တွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ မော့ကျူဟာ ထွက်ပြေးလို့မရတဲ့အတူတူ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပါတယ်။ ဒါကြောင့် ဒီလောက်နှစ်တွေ ကြာပြီးတဲ့အခါမှာ မော့ကျူရဲ့ ကျင့်ကြံမှုက ရွှေဓာတ်လုံးအဆင့်ကို ရောက်ရှိလို့နေခဲ့ပါပြီ။
မော့ကျူရဲ့ ကျင့်ကြံမှုအလျင်က မြန်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုမြန်ရတာကလည်း တာအိုသခင်ကျိုးတီက ယွီဂျင်ဂိုဏ်းကို ပြုပြင်ပြောင်းလဲခဲ့လို့ပါ။ မော့ကျူတစ်ဦးရဲ့ ကျင့်ကြံမှုအလျင်သာ တိုးတက်လာတာ မဟုတ်ပါဘူး။ ယွီဂျင်ဂိုဏ်းတပည့်တွေအားလုံးရဲ့ ပျှမ်းမျှကျင့်ကြံမှုအလျင်က အရင်ကထက် နှစ်ဆကျော်တိုးတက်လာပါတယ်။
မော့ကျူဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူ့မျက်မှောင်ကြားမှာ သတ်ဖြတ်ခြင်းငွေ့တွေ ယှက်သမ်းသွားပါတယ်။
“သတ်..သတ်... မော့မိသားစုအတွက် ကလဲ့စားချေနိုင်အောင် ဒီနေရာကနေ ထွက်စမ်း”
“ဘာကို စောင့်နေတာလဲ၊ နင့်အကို မော့ဖူချိုက နင့်အကူအညီကို စောင့်နေတယ်”
မော့ကျူရဲ့နားထဲမှာ ထူးဆန်းတဲ့အသံကို ဆက်တိုက် ကြားလိုက်ရပါတယ်။ မိစ္ဆာတစ်ကောင်က သူမကို မကောင်းတာလုပ်ဖို့ ဖြားယောင်းသွေးဆောင်နေသလိုပါပဲ။
အတန်ကြာတဲ့အခါမှာတော့...
မော့ကျူဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်မောင်းကို ဆန့်တန်းလိုက်တဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးရောင်ဝါ ထွက်ပေါ်လာပြီး ခန်းမထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီကို ယောက်ယက်ခတ်သွားစေပါတယ်။
မော့ကျူဟာ ခေါင်းငုံလိုက်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်ပါတယ်။ မော့ကျူရဲ့မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေဟာ မိုးရေစက်တွေလို ကျဆင်းလာပါတယ်။
‘ဒီကျင့်စဉ်က... မော့မိသားစုက တကယ်ပဲ မိစ္ဆာဆန်တာလား’ ဒီအတွေးကို တွေးမိလိုက်တဲ့ မော့ကျူဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။
မော့ကျူလေ့ကျင့်နေတဲ့ ကျင့်စဉ်ဟာ ယွီဂျင်ဂိုဏ်းက မဟုတ်ဘဲ မော့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။ မော့ကျူဟာ ရွှေဓာတ်လုံးအဆင့်ကို တက်ရောက်ပြီးနောက်ပိုင်းမှာ သူ့စိတ်ဝိညာဉ်စွမ်းအားက စပြီးတော့ ပြောင်းလဲလာပါတယ်။ မော့ကျူရဲ့ စွမ်းအားဟာ တစ်ခြားလက်ဝဲကျင့်ကြံသူတွေလို ရက်စက်ယုတ်မာပုံ ရှိပေမဲ့ အေးစက်မနေပါဘူး။
မော့ကျူဟာ သူမခေါင်းပုံမှာ နတ်ဆိုးချီတွေ စုစည်းပြီး ဖြစ်ပေါ်နေတဲ့ အတောင်ပံနှစ်စုံရှိတဲ့ ကြောက်မယ်ဖွယ်ပုံရိပ်ကို သတိမထားမိပါဘူး။
မော့ကျူဟာ ဒီကျင့်စဉ်ကို ဆက်ကျင့်သင့် မကျင့်သင့် ဝေခွဲမရ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အစကနေ ပြန်လေ့ကျင့်မယ်ဆိုရင် အချိန်တွေအများကြီး ကုန်သွားမှာပါ။ ဒီအချိန်မှာ မော့ကျူဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အရမ်းမြင့်မားနေမှာ ကျိန်းသေတာကြောင့် မော့ကျူဟာ သူ့ကျင့်ကြံမှုကို အလွယ်တကူ မစွန့်လွှတ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ မော့ကျူဟာ အံကြိတ်ပြီး ဒီကျင့်စဉ်ကို ဆက်ကျင့်ကြံပါတယ်။
…
အဲဒီလတည်းမှာပဲ ယွီဂျင်ဂိုဏ်းဟာ အရေးကြီးဧည့်သည်တစ်ဦးကို ကြိုဆိုရပါတယ်။ ဒီအရေးကြီးဧည့်သည်ကကတော့ အသွင်မဲ့ဂိုဏ်းချုပ် ခိုက်မင်မွန်းစတားအိုကြီးပဲ ဖြစ်ပါတယ်။
ယွီဂျင်ဂိုဏ်းချုပ်အနေနဲ့ လီချင်းဇဲ့ဟာ ရွေးချယ်စရာမရှိဘဲ လူရှေ့ထွက်ရပါတယ်။
ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ ရောင်ဝါကို ဖမ်းမိလိုက်တာကြောင့် ချက်ချင်း စမ်းသပ်လိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲကိုလည်း စတင်လိုက်ပါတယ်။
ခိုက်မင်မွန်းစတားအိုကြီးဟာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း တတိယအဆင့် ရောက်နေပေမဲ့ ဟန်ကျွယ်ပြိုင်ဘက် လုံးဝမဟုတ်ပါဘူး။
ပထမဆုံးတိုက်ပွဲမှာ ဟန်ကျွယ်ဟာ အသက်ရှူကြိမ် ဆယ်ကြိမ်ကျော် အသုံးပြုခဲ့ရပါတယ်။ အကြောင်းကတော့ ခိုက်မင်မွန်းစတားအိုကြီးရဲ့ ဆန်းကြယ်စွမ်းအားက အရမ်းထူးဆန်းလို့ပါ။ ခိုက်မင်မွန်းစတားအိုကြီးရဲ့ ရုပ်ခန္ဓာက သေဆုံးပြီးသွားရင် ပြန်ရှင်သန်လာပါတယ်။ သူ့ပဓာနဝိညာဉ်ကို ဖျက်ဆီးနိုင်မှပဲ ခိုက်မင်မွန်းစတားအိုကြီးကို တကယ်သေတာပါ။
အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ရှစ်ကြိမ်ကျော် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို တစ်ချက်တည်း သတ်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့သွားပါတယ်။
ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။
နှစ်နှာရီအကြာ။
လီချင်းဇဲ့ဟာ ခိုက်မင်မွန်းစတားအိုကြီးကို ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဆီ ခေါ်လာပါတယ်။
ဖူစန်းပင်အောက်မှာ ထိုင်နေတဲ့ မုရုံချီနဲ့ ရွှင်ချန်အန်းတို့ဟာ လီချင်းဇဲ့တို့ကို လှမ်းကြည့်လိုက်ပါတယ်။ လီချင်းဇဲ့က ပထမဆုံးအကြိမ် ဟန်ကျွယ်ဆီ တစ်ယောက်ယောက် ခေါ်လာပါတယ်။
“အကြီးအကဲဟန်... အသွင်မဲ့ဂိုဏ်းချုပ်က အကြီးအကဲဟန်ဆီ အထူးတလည် လာလည်တာ၊ အကြီးအကဲဟန် သူ့ကို တွေ့ဆုံမှာလား” လီချင်းဇဲ့ဟာ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။ အသွင်မဲ့ဂိုဏ်းက အင်အားကြီးမားတာကြောင့် လီချင်းဇဲ့ဟာ သူတို့ကို အလွယ်တကူ အပြစ်မပြုရဲပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဆီကို ခေါ်လာရတာပါ။ ခိုက်မင်မွန်းစတားအိုကြီးမှာ မကောင်းတဲ့အတွေး ရှိခဲ့ရင် အကြီးအကဲဟန်က လုံးဝဖြေရှင်းနိုင်မှာပါ။
ကျင့်ကြံခြင်းလိုဏ်ဂူ တံခါးဝဟာ ရုတ်တရက်ပွင့်သွားပြီး ဟန်ကျွယ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ဝင်လာခဲ့”
ဟန်ကျွယ်အသံကို ကြားလိုက်ရတဲ့အခါမှာ ခိုက်မင်မွန်းစတားအိုကြီးဟာ ပြုံးလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ချက်ချင်းဝင်လိုက်ပါတယ်။
လီချင်းဇဲ့ဟာ မထွက်သွားဘဲ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်မှာ စောင့်နေပါတယ်။ လီချင်းဇဲ့ဟာ အကြီးအကဲဟန်က သူ့ကို အပြစ်တင်မှာကို နည်းနည်း စိုးထိတ်နေပါတယ်။
ဒါပေမဲ့ ခိုက်မင်မွန်းစတားအိုကြီးက အကြီးအကဲဟန်ကို တွေ့လိုခြင်း ရှင်းရှင်းလင်းလင်း ပြောတဲ့အတွက် လီချင်းဇဲ့ ငြင်းလိုက်ရင် အမျက်ချောင်းချောင်းထွက်ပြီး ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်မှာ ကျိန်းသေပါတယ်။ အဲဒီအချိန်ကျရင်လည်း အကြီးအကဲဟန်ကို မလွဲမသွေ အကူအညီတောင်းရမှာပါ။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်သွားတဲ့ ခိုက်မင်မွန်းစတားအိုကြီးဟာ ဟန်ကျွယ်ကို မြင်မြင်ချင်း မှင်သက်သွားပါတယ်။
‘တော်တော်ချောတာပဲ... တုန်းဝမ်ရှန်းတောင် သူ့ကို မယှဉ်နိုင်ဘူး’
ခုတင်ပေါ်မှာ ထိုင်နေတဲ့ ဟန်ကျွယ်ကို မေးလိုက်ပါတယ် “ကျုပ်ဆီ ဘာကိစ္စနဲ့ လာလည်တာလဲ”
‘အချိန်ကိုက်ပဲ’
‘ကောင်းကင်သွားနိုင်တဲ့လမ်း ရှိရဲ့သားနဲ့ မသွားဘဲ ငရဲတံခါးဝကို ရောက်လာတယ်၊ ဒီလောက်တောင် ငရဲပြည်သွားချင်နေမှာတော့ ငါက အပင်ပန်းခံပြီး ပို့ပေးရမှာပေါ့’
ခိုက်မင်မွန်းစတားအိုကြီးဟာ စားပွဲဆီလျှောက်သွားပြီး ထိုင်ချလိုက်ပါတယ်။ အဲဒီနောက် အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျုပ်က ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲအကြောင်းကို ကြားဖူးတာ ကြာပါပြီ၊ ဒီလောက်ကျော်ကြားတဲ့ နတ်သတ်အကြီးအကဲကို ကိုယ်တိုင်တွေ့ချင်လို့ အလည်ရောက်တာပါ၊ ဒါ့အပြင် ကျုပ်တို့ကြားက မလိုမုန်းတီးမှုတွေကိုလည်း ဖြေရှင်းချင်လို့ပါ၊ အရင်တုန်းက မိန်းကလေးရှင်းကို တာအိုရောင်းရင်းရဲ့ တာအိုလက်တွဲဖော်မှန်း မသိခဲ့ပါဘူး၊ ဒီကိစ္စက ကျုပ်အမှားပါ၊ ဒါကြောင့် ကောင်းကင်သွေးမီးလျှံဂိုဏ်းက ယွီဂျင်ဂိုဏ်းထဲ ဝင်သွားတဲ့အခါမှာ ကျုပ်တို့အသွင်မဲ့ဂိုဏ်းက ဆက်မတိုက်တော့တာပါ”
ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားချင်ယောင် ဆောင်လိုက်ပါတယ် “ဪ... ဒီလိုလား၊ တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်”
‘စောက်ပိုတွေ... မင်း ငါ့ကို မုန်းနေတာက ကြယ်လေးပွင့်ကနေ ငါးပွင့်ဖြစ်သွားပြီ၊ မင်းက ငါ့ကို အရေခွံဆုတ်ချင်နေတာပဲ’
ခိုက်မင်မွန်းစတားအိုကြီးက ဟန်ကျွယ်ကို ဖော်ဖော်ရွေရွေ ဆက်ဆံပေမဲ့ သူ့မုန်းတီးမှုက မလျော့သွားတဲ့အတွက် ဟန်ကျွယ်က သူ့စကားကို လုံးဝမယုံပါဘူး။
“နောက်ပြီးတော့ ဒီနှစ်တွေထဲမှာ ကျုပ် ကျိန်စာတိုက်ခံနေရတယ်၊အဲဒါ တာအိုရောင်းရင်း လုပ်တာလား၊ တာအိုရောင်းရင်း လုပ်တာဆို ဆက်မလုပ်ဖို့ တောင်းဆိုပါတယ်၊ မိန်းကလေးရှင်းကို ကျုပ် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး၊ ကျုပ်တို့နှစ်ဂိုဏ်းလည်း ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်သင့်တယ်” ခိုက်မင်မွန်းစတားအိုကြီးက လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး တအံတဩ မေးလိုက်ပါတယ် “ကျိန်စာ... ကျုပ်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ နောက်ပြီး ကျုပ်နဲ့ခင်ဗျားက အခုမှ ပထမဆုံးအကြိမ် လူချင်းတွေ့တာလေ၊ ကျုပ်က ဘာကြောင့် ကျိန်စာတိုက်ရမှာလဲ”
‘ဒီအဘိုးကြီးက မဆိုးဘူးပဲ... ကျိန်စာတိုက်တဲ့လူက ငါဆိုတာကို ခန့်မှန်းနိုင်တယ်’
‘မဖြစ်ဘူး... သူ့ကို ငါ သုတ်သင်ပစ်ရမယ်’
ခိုက်မင်မွန်းစတားအိုကြီးဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘စောက်ရှက်မရှိလိုက်တာ... မင်းကလွဲပြီး ဘယ်သူ ဖြစ်နိုင်အုန်းမှာလဲ’ တစ်ချိန်တည်းမှာပဲ ခိုက်မင်မွန်းစတားအိုကြီးဟာ ဟန်ကျွယ်ရဲ့စွမ်းအားကို မှန်းဆလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ကိုယ်လုံးကို စိတ်ဝိညာဉ်ရတနာတွေ လွှမ်းခြုံထားပေမဲ့ ခိုက်မင်မွန်းစတားအိုကြီးကို တုန်လှုပ်စေတဲ့ရောင်ဝါ မရှိပါဘူး။
‘ဒီအခွင့်အရေးကိုယူပြီး ငါ သူ့ကို သတ်လိုက်ရမလား’
ခိုက်မင်မွန်းစတားအိုကြီးဟာ ဟန်ကျွယ်ကို ကြောက်နေတယ်ဆိုတာ ဝန်မခံရဲပါဘူး။
‘ဒီလူသေတာနဲ့ ရှင်းဟုန်ရွှမ်ကို ငါ့တပည့်ပိုင်ပြီ၊ ယွီဂျင်ဂိုဏ်းနဲ့ ကောင်းကင်သွေးမီးလျှံဂိုဏ်းကိုလည်း အသွင်မဲ့ဂိုဏ်းက သိမ်းပိုက်ဝါးမြိုနိုင်လိမ့်မယ်’
“တာအိုရောင်းရင်း ဟန်ဆောင်မနေပါတော့နဲ့၊ ကျုပ်က တာအိုရောင်းရင်းကို အပြစ်တင်ဖို့လာတာ မဟုတ်ပါဘူး၊ ရပ်တန့်ဖို့ပဲ ပြောတာပါ” ခိုက်မင်မွန်းစတားအိုကြီးက အပြုံးနဲ့ ပြောလိုက်ပါတယ်။
[ခိုက်မင်မွန်းစတားအိုကြီးသည် သင့်အပေါ်တွင် မုန်းတီးမှု တိုးလာပြီ ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်ခွဲ။]
‘သေစမ်း... ထပ်တက်ပြန်ပြီလား’
ဟန်ကျွယ် မျက်လုံးတွေဟာ အေးစက်သွားပါတယ်။
…
ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်။
ရွှင်ချန်အန်းဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... ဆရာသခင်က နှောင့်ယှက်ခံရတာကို မကြိုက်ဘူလေး၊ ဆရာသခင်ရဲ့ စည်းမျဉ်းကို ဘာလို့ချိုးဖျက်ရတာလဲ၊ ဒီအချိန်မှာ ကျွန်တော့်ဆရာသခင်က နတ်သတ်အကြီးအကဲဆိုတာကို အသွင်မဲ့ဂိုဏ်းက သိသွားလောက်ပြီ”
လီချင်းဇဲ့ဟာ မျက်နှာပူသွားပြီး ကူကယ်ရာမဲ့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “အသွင်မဲ့ဂိုဏ်းချုပ် ကိုယ်တိုင်က ဝီရိယတောင်ကို လာတာလေ၊ သူ ငါ့ကို အကြီးအကဲဟန်ဆီ လိုက်ပို့ခိုင်းတာကလည်း အေးအေးချမ်းချမ်း ဆွေးနွေးချင်လို့ ဖြစ်ပါလိမ့်မယ်”
ဖူစန်းသစ်ပင်ပေါ်က ငရဲကြက်နက်ဟာ ရင်တထိတ်ထိတ် ဖြစ်သွားပါတယ်။ ငရဲကြက်နက်ရဲ့ ကျင့်ကြံမှုက ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကို နီးကပ်နေပေမဲ့ ခိုက်မင်မွန်းစတားအိုကြီးကို ရင်ဆိုင်ရတဲ့အခါမှာ မသက်မသာ ခံစားလိုက်ရပါတယ်။
“ဆရာသခင်... အဆင်ပြေပါ့မလား... ငါ အထဲပြေးဝင်ပြီး ဆရာသခင်နဲ့အတူ ထွက်ပြေးရင် ကောင်းမလား”
“ဝုန်း...”
ကျယ်လောင်တဲ့အသံတစ်သံ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ပေါ်လာတာကြောင့် လီချင်းဇဲ့ဟာ ရင်ထိတ်သွားပါတယ်။
ငရဲကြက်နက်ဟာ အနက်ရောင် လျှပ်စီးအသွင် ပြောင်းလဲသွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြေးဝင်သွားပါတယ်။ ငရဲကြက်နက်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ရောက်ရောက်ချင်း ဟန်ကျွယ်ရှေ့မှာ ရပ်နေတဲ့ ခိုင်မင်မွန်းစတားအိုကြီးကို တွေ့လိုက်ရပါတယ်။
“ဆရာသခင်၊ ကျွန်တော်...”
“တိတ်စမ်း” ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဖြတ်ဟောက်လိုက်ပါတယ်။
ငရဲကြက်နက်ဟာ ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခိုင်မင်မွန်းစတားအိုကြီးက မျက်လုံးပြူးပြီး ရပ်နေလို့ပါပဲ။ ဒါ့အပြင် ခိုင်မင်မွန်းစတားအိုကြီးက ငရဲကြက်နက်ကို မသက်မသာ မဖြစ်စေတော့ပါဘူး။
‘ဒီအဘိုးကြီးက...’
‘သေသွားပြီလား’
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ သူ့ရဲ့ ပဓာနဝိညာဉ်ကို ဖျက်ဆီးလိုက်ပြီ၊ အသွင်မဲ့ဂိုဏ်းချုပ်က ငါနဲ့ စကားပြောကောင်းနေလို့ ဒီမှာ ရက်နည်းနည်း ထပ်နေလိမ့်မယ်လို့ ဂိုဏ်းချုပ်ကို ပြောလိုက်”
ငရဲကြက်နက်ဟာ မှင်သက်သွားပါတယ်။
‘ကျင့်ကြံခြင်းလိုဏ်ဂူတောင် အလဲလဲအပြိုပြို မဖြစ်သေးဘူး၊ ဆရာသခင်က ခိုင်မင်မွန်းစတားအိုကြီးရဲ့ ပဓာနဝိညာဉ်ကို ဖျက်ဆီးလိုက်ပြီ၊ စွမ်းအားချင်းက ဘယ်လောက်တောင် ကွာနေတာလဲ’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။