အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း (၂၃၅)
အားနည်းသူများက ပို၍ အားနည်းသူများအပေါ်တွင်သာ ဓားမိုးရမည်လော
ထိုစကားကို ကြားသောအခါ မာတာ့ပေါင်၏ စိတ်အားထက်သန်မှုမှာ ချက်ချင်း မြင့်တက်လာခဲ့လေသည်။
"ကောင်းပါပြီ...။ စိတ်မပူပါနဲ့…၊ သူ ဘယ်လောက်ပဲ ခေါင်းမာနေပါစေ သူ့ပါးစပ်ကို ဟဟလာအောင် ကျွန်တော် သေချာပေါက် လုပ်ပေးမယ်...။"
ထိုသို့ပြောရင်း မာတာ့ပေါင်သည် မြေကျင်းထဲသို့ ခုန်ဆင်းသွားကာ တပည့်တစ်ဦးထံမှ သံဂေါ်ပြားကို ယူလိုက် ပြီး အစ်ကိုလန် အနီးသို့ ရောက်လာခဲ့လေသည်။ မြေပြင်ပေါ်တွင် ဖိချုပ်ခံထားရဆဲဖြစ်သော အစ်ကိုလန်သည် ခက်ခက်ခဲခဲ ခေါင်းမော့လာကာ မာတာ့ပေါင်ကို ဒေါသမီးလျှံများ တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်လေသည်။
"မာတာ့ပေါင်...၊ မင်း ငါ့ကို ထိရဲတယ်ပေါ့လေ…။ ငါ မင်းကို...၊ အား...။"
သို့သော် အစ်ကိုလန် စကားမဆုံးမီမှာပင် မာတာ့ပေါင်က သူ၏ သံဂေါ်ပြားကို လွှဲရိုက်လိုက်ကာ ပြောလိုက် လေသည်။
"စမ်းကြည့်လိုက်လေ...။"
"ဘာပဲဖြစ်ဖြစ် ဒီအလုပ်ပြီးတာနဲ့ ငါနဲ့ ငါ့ညီအစ်ကိုတွေ နိုင်ငံခြားကို သွားတော့မှာ...။ (၅၀၀) ယွမ်ဆိုတာ ငါတို့ မျိုးဆက်အဆက်ဆက် ဇိမ်ကျကျ နေသွားဖို့ လုံလောက်တယ်...။"
အစ်ကိုလန်သည် နာကျင်မှုကြောင့် အံကြိတ်ထားသော်လည်း ပါးစပ်ကမူ မာကျောနေဆဲပင် ဖြစ်သည်။
"အစားအသောက်ပို့တဲ့ ကောင်စုတ်လေးက မင်းတို့ကို (၅၀၀) ယွမ် ပေးတယ်ဆိုတာ...၊ မင်းပဲ ရူးနေတာလား ဒါမှမဟုတ် သူပဲ ရူးနေတာလား...။"
"ဘန်း"
ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာလေသည်။
အစ်ကိုလန် စကားမဆုံးမီမှာပင် မာတာ့ပေါင်က သံဂေါ်ပြားဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်လေသည်။
"ပါးစပ်ပိတ်ထားစမ်း...၊ မစ္စတာလျန်ကိုများ မင်းက ဘယ်လိုတောင် ပြောရဲတာလဲ...။"
"ငါ မင်းကို ပြောပြမယ်…။ မင်းကိုတောင် ထည့်ပြောစရာ မလိုဘူး…၊ မင်း နောက်ကွယ်က အင်အားစုတွေရဲ့ ပိုင်ဆိုင်မှုတွေဆိုတာ မစ္စတာလျန်ရဲ့ ကြွယ်ဝချမ်းသာမှု အစိတ်အပိုင်းလေးတစ်ခုစာတောင် မရှိဘူး...။"
"မစ္စတာလျန်ကို ထိပ်တန်း သိုင်းပညာရှင်တွေကလည်း တိတ်တဆိတ် ကာကွယ်ပေးထားတာ...။ ဒီနေ့တောင် မင်းကြောင့် ငါ သေတော့မလို့ပဲ...။"
"ဒီနေ့ ငါ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ အကုန်လုံး မင်းဆီကနေ ပြန်ယူမယ်...။ မင်းကို သေတဲ့အထိ ရိုက်သတ်ပစ် မယ်…၊ သေအောင် ရိုက်မယ်...။"
မာတာ့ပေါင်သည် ရိုက်လေရိုက်လေ ပို၍ အားပါလာလေ ဖြစ်သည်။ ယခင်က ဖော်ပြခဲ့သည့်အတိုင်း သူသည် ရှီမင်ကို မယှဉ်နိုင်သော်လည်း သူ၏ စွမ်းရည်များမှာ သာမန်လူများထက် များစွာ သာလွန်ပေသည်။ ထို့ပြင် ယခု အချိန်တွင် သူသည် သံဂေါ်ပြားကို ကိုင်ဆောင်ထားပြီး အစ်ကိုလန်မှာမူ မြေပြင်ပေါ်တွင် လုံးဝ မလှုပ်ရှားနိုင်ဘဲ 'လူသား သစ်ငုတ်တို' တစ်ခုအဖြစ် အသုံးပြုခံနေရသကဲ့သို့ ဖြစ်နေလေသည်။
သံဂေါ်ပြားဖြင့် နောက်ထပ် အချက်အနည်းငယ် အရိုက်ခံရပြီးနောက်တွင် အစ်ကိုလန်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အသက်ချမ်းသာပေးရန် တောင်းပန်တော့သည်။
"ငါ ပြောပါ့မယ်...၊ ငါ ပြောပါ့မယ်...။ ဒီကိစ္စရဲ့ နောက်ကွယ်က အင်အားစုတွေကို ဖော်ထုတ်ပါ့မယ်..။ ကျေးဇူးပြု ပြီး မရိုက်ပါနဲ့တော့...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက မာတာ့ပေါင်ကို တားလိုက်လေသည်။ မာတာ့ပေါင်သည် အားမလို အားမရ ဖြစ်နေဆဲဖြင့် သူ၏ သံဂေါ်ပြားကို ဖယ်ထားလိုက်ပြီး ခေါင်းခါကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ် လိုက်လေသည်။
"ဝန်ခံတာ အရမ်း မြန်လွန်းတယ်...။ သူတို့က ငါ့လောက်တောင် မခံနိုင်ဘူး...၊ လူငယ်တွေက တကယ်ကို အဆင့် မမီတာပဲ...။"
လျန်ထျန်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်လေသည်။
"ပြောစမ်း မင်းရဲ့ နောက်ကွယ်က အင်အားစုက တကယ်တော့ ဘယ်သူလဲ...။"
အစ်ကိုလန်က အသက်ရှူဝအောင် အရင်ရှူလိုက်ပြီးနောက် အားနည်းနေသော်လည်း လေလုံးထွားသည့် လေသံ ဖြင့် ပြန်လည်ပြောဆိုလာလေသည်။
"ငါ ပြောပြလိုက်ရင် မင်း လန့်သွားလိမ့်မယ်...။ ငါ့နောက်ကွယ်က အင်အားစုဆိုတာ ဘီမြို့တော် အစားအ သောက်ပို့ဆောင်ရေး ကုမ္ပဏီရဲ့ တတိယမြောက် အစုရှယ်ယာရှင်ကြီးပဲ...။"
"မင်း အွန်လိုင်းမှာ တင်လိုက်တဲ့ ကိစ္စတွေက အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးနှုန်းနဲ့ ဈေးကွက်တန်ဖိုးကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်...။"
"တတိယမြောက် အစုရှယ်ယာရှင်ကြီးက ရှယ်ယာ (၁၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်...။ နည်းတယ်လို့ ထင်ရပေမဲ့ ဒါက ယွမ် တစ်သိန်းခွဲကျော် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုပဲ...။"
"ဟွန့်…၊ မင်း အခု ကြောက်သွားလောက်ပြီမလား...။ ဘာပဲဖြစ်ဖြစ် ယွမ် တစ်သိန်းခွဲကျော် ပိုင်ဆိုင်မှုဆိုတာ အယ်လ်မြို့တော်မှာဆိုရင် ထိပ်ဆုံး သုံးယောက်စာရင်းမှာ အသေအချာ ပါဝင်နေမှာပဲ...။"
ခေတ္တမျှ ရပ်နားပြီးနောက် အစ်ကိုလန်က တံတွေးမြိုချကာ ဆက်ပြောလေသည်။
"မင်းလို အဆင့်နိမ့် အစားအသောက်ပို့တဲ့ ကောင်လေးတစ်ယောက်က ဒီလောက် ကြီးမားတဲ့ အင်အားစုကြီးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...။"
"ငါ့နောက်ကွယ်က အင်အားစုတွေရဲ့ ပိုင်ဆိုင်မှုက မင်းရဲ့ အစိတ်အပိုင်းလေးတစ်ခုတောင် မရှိဘူးလို့ မင်း ခုနက ကြွားရဲတယ်ပေါ့လေ...။ ဘယ်လောက်တောင် မောက်မာလိုက်သလဲ...။"
"မင်း (၅၀၀) ယွမ် ထုတ်ပေးနိုင်တယ် ဆိုရင်တောင် ဘာဖြစ်သေးလဲ..၊. အဲ့ဒီလို လူကြီးပိုင်းတွေရှေ့မှာ မင်းက အမှိုက်တစ်စထက်တောင် အဆင့်နိမ့်နေဦးမှာပဲ...။"
"မင်းသာ အသိတရား ရှိသေးတယ်ဆိုရင် ငါ့ကို လွှတ်ပေးပြီး ဒူးထောက် တောင်းပန်လိုက်တာ ပိုကောင်းမယ်...။ ဒါဆိုရင် သူဌေးကြီးဆီမှာ မင်းအတွက် ငါ တောင်းပန်ပေးလို့ ရနိုင်သေးတယ်...။"
"သူဌေးကြီးက မင်းကို သက်ညှာစွာ အပြစ်ပေးအောင် ငါတို့ လုပ်ပေးမယ်...။ ဒီလိုမှမဟုတ်ရင် မင်းက သူ့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ခဲ့တဲ့အတွက် ဘယ်လို သေသွားမှန်းတောင် မသိဘဲ သေသွားရလိမ့်မယ်...။"
အစ်ကိုလန် ပြောခဲ့သော စကားများမှာ ပုံကြီးချဲ့၍ ခြိမ်းခြောက်နေခြင်း သက်သက် မဟုတ်ပေ။ အစားအ သောက်ပို့ဆောင်ရေး ကုမ္ပဏီ၏ တတိယမြောက် အစုရှယ်ယာရှင်ကြီးသည် ရှယ်ယာ (၁၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ၎င်းမှာ ယွမ် တစ်သိန်းခွဲကျော် တန်ဖိုးရှိသော ပိုင်ဆိုင်မှု ဖြစ်လေသည်။ ထိုကဲ့သို့သော အရင်းအနှီး အင်အားမျိုးဖြင့်သာ အယ်လ်မြို့တော်တွင် ရှိနေမည်ဆိုပါက အစ်ကိုလန် ပြောသကဲ့သို့ပင် ထိပ်ဆုံး သုံးခုစာရင်း တွင် အခိုင်အမာ ပါဝင်နေမည် ဖြစ်သည်။
ထို့ပြင် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီမှာ အခြေတကျဖြစ်နေသော အင်အားစုတစ်ခု ဖြစ်သည်။ ယနေ့ ခေတ်တွင် မည်သည့်မြို့ကမှ အစားအသောက်ပို့ဆောင်ရေး လုပ်ငန်း မရှိဟု မပြောရဲကြပေ။ ထို့ကြောင့် တတိယ မြောက် အစုရှယ်ယာရှင်ကြီးသာ ဖြစ်သော်လည်း ၎င်းကို အထင်သေး၍ မရပေ။ ၎င်း၏ အင်အားမှာ လုံးဝကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သို့သော် လျန်ထျန်းကို ပဟေဠိဖြစ်စေသော အရာတစ်ခု ရှိနေသဖြင့် သူက အသံထွက်၍ မေးလိုက်လေသည်။
"ငါ မှတ်မိသလောက်ဆိုရင် မင်း ပထမဆုံး အင်တာနက် နာမည်ကြီး ဖြစ်လာတုန်းက အစားအသောက် ပို့ဆောင် ရေး လုပ်ငန်းတွေကို အသရေဖျက်ပြီး ဖြစ်လာတာ မဟုတ်လား...။"
"မင်းက ပို့ဆောင်ရေးသမား တစ်ယောက်ကိုတောင် ရူးသွားအောင် လုပ်ခဲ့သေးတယ်ဆိုတော့ ပို့ဆောင်ရေး ကုမ္ပဏီ အပေါ်မှာလည်း ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိခဲ့မှာ သေချာတယ်...။"
"ဘယ်လိုလုပ်ပြီး မင်းက အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီရဲ့ တတိယမြောက် အစုရှယ်ယာရှင်ကြီးရဲ့ လက်ပါးစေ ဖြစ်သွားရတာလဲ...။ ဒါက သဘာဝ မကျဘူးလေ...။"
ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ အစ်ကိုလန်က ရယ်မောလိုက်လေသည်။
"စီးပွားရေးလောကမှာ ထာဝရ မိတ်ဆွေ ဒါမှမဟုတ် ထာဝရ ရန်သူဆိုတာ မရှိဘူး…။ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်...။"
"အဲ့ဒီတုန်းက ငါက တကယ်ကို ရင့်ကျက်မှု မရှိခဲ့ဘူး…။ အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီအပေါ်ကိုလည်း ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တာ မှန်တယ်...။ နောက်ဆုံးတော့ တတိယမြောက် အစုရှယ်ယာရှင်ကြီး က ငါ့ဆီ ရောက်လာခဲ့တယ်...။"
"တတိယမြောက် အစုရှယ်ယာရှင်ကြီးက ပထမနဲ့ ဒုတိယ အစုရှယ်ယာရှင်တွေဟာ သူ့ထက် ရှယ်ယာအများကြီး ပိုပိုင်ဆိုင်ထားတာကို အမြဲတမ်း မကျေမနပ် ဖြစ်နေခဲ့တာ...။ ဒါကြောင့် သူက တခြား လမ်းကြောင်းတွေကို ရှာဖွေနေခဲ့တယ်...။"
"အဲ့ဒီအချိန်မှာ ငါနဲ့ အဆင်ပြေအောင် လုပ်လိုက်တာက ချက်ချင်း ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ရုံ သာမက ငါ့ဆီကနေ ပိုများပြားတဲ့ အခွင့်အလမ်းတွေကိုပါ ဖန်တီးနိုင်ခဲ့တယ်...။ အဲ့ဒီလိုနဲ့ ငါတို့ ပူးပေါင်းဖြစ်သွား တာပဲ...။"
"မင်းက တော်တော် အရည်အချင်း ရှိတာပဲ ကောင်လေး...။ မင်းက ငါ့ရဲ့ ဖျက်ဆီးမှုကနေ လွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်...။ ငါ့လိုပဲ တတိယမြောက် အစုရှယ်ယာရှင်ကြီးဆီမှာ ဝင်မပူးပေါင်းချင်ဘူးလား…။ နောင်ကျရင် ငါတို့ အတူတူ တိုးတက်အောင် လုပ်လို့ရတယ်...။"
ခေတ္တမျှ ထပ်မံ ရပ်နားပြီးနောက် အစ်ကိုလန်က အလေးအနက် စတင် အစီအစဉ်ဆွဲကာ ဆက်ပြောလေသည်။
"မင်းကို ပြောပြဖို့ ငါ မကြောက်ပါဘူး…။ အွန်လိုင်းပေါ်မှာ အစားအသောက်ပို့တာထက် ပိုက်ဆံပိုရှာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်...။"
"ဥပမာ နည်းပညာမြင့်နဲ့ ခေတ်မီဆန်းသစ်တဲ့ ပစ္စည်းတွေကို ရောင်းချတာ ဒါမှမဟုတ် လူထုရဲ့ အမြင်ကို ဖန်တီး ပြီး လမ်းညွှန်တာမျိုးတွေပေါ့...။"
"ဒီအခွင့်အရေးကို အသုံးချပြီး ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့ သေချာပေါက် ပိုကြီးမားပြီး ပိုများပြားတဲ့ အကျိုး အမြတ် ဝေစုကို ရနိုင်တယ်...။"
"ငါတို့ လုပ်ရမယ့်အရာက အရမ်း ရိုးရှင်းပါတယ်...။ ငါတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ဘေးဖယ်ထား လိုက်ရုံနဲ့ ပိုက်ဆံတွေ အများကြီး ရှာလို့ရပြီ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ပြတ်ပြတ်သားသား ဖြတ်ပြော လိုက်လေသည်။
"ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံ...၊ ပိုက်ဆံအတွက်ဆိုရင် မင်းက လူ့သဘာဝနဲ့ ကိုယ်ကျင့်တရားအားလုံးကို တကယ် ပဲ စွန့်လွှတ်ဖို့ ဆန္ဒရှိနေတာလား...။"
"ဒီလောက် ကြီးမားတဲ့ ကုမ္ပဏီတစ်ခုရဲ့ တတိယမြောက် အစုရှယ်ယာရှင်ကြီးက ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေတာတောင် မရောင့်ရဲနိုင်သေးဘူးဆိုတာ ငါ တကယ်ကို မထင်ထားခဲ့ဘူး...။"
"သူတို့က မင်းလို လူမျိုးတွေကို ဒီလောက် ယုတ်မာတဲ့ လမ်းကြောင်းပေါ်ကို ဆွဲချပြီး ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်ပြီးတော့ လူတွေရဲ့ ဒုက္ခပေါ်မှာ အမြတ်ထုတ်ပြီး ပိုက်ဆံရှာချင်နေကြတာပဲ...။"
အစ်ကိုလန်မှာ လျန်ထျန်း၏ ဆူပူကြိမ်းမောင်းမှုကြောင့် အနည်းငယ် မှင်တက်သွားသော်လည်း သတိပြန်ဝင် လာချိန်တွင် သူ၏ အပြုအမူများကို မပြောင်းလဲသေးပေ။
"ညီလေး...၊ ဒီလောကမှာ ရေစုန်မျောရမယ်...။"
"ဒီလိုမှ မဟုတ်ရင် အစားအသောက်ပို့တာ ဒါမှမဟုတ် တခြား ကြမ်းတမ်းတဲ့ အလုပ်တွေ လုပ်ရုံနဲ့ ပိုက်ဆံရှာ နိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား...။"
"မင်းကို အမှန်အတိုင်း ပြောပြမယ်...။ ငယ်ငယ်တည်းက လူတွေက ဒုက္ခခံပြီးရင် အကျိုးခံစားရမယ်လို့ သွန်သင် ခဲ့ကြတယ်…။ ဒုက္ခခံနိုင်တဲ့သူတွေက အနာဂတ်မှာ သေချာပေါက် ပျော်ရွှင်ရလိမ့်မယ်လို့ ပြောကြတယ်...။"
"ဒါပေမဲ့ လက်တွေ့က အဲ့ဒီလို မဟုတ်ဘူး...။ ဒုက္ခခံဖို့ ဆန္ဒရှိတဲ့သူတွေက ခံစားစရာ ဒုက္ခတွေ အစဉ်မပြတ် ရှိနေ မှာပဲ...။"
"မင်းဘေးနားက လူတွေတောင်မှ ပူးပေါင်းကြလိမ့်မယ်...။ မင်းက ဒုက္ခခံရတာကို သဘောကျတယ် မဟုတ်လား ဒါဆို ပိုခံလိုက်ပေါ့...။"
"ဒါက 'မင်း ဒုက္ခခံဖို့ ဆန္ဒရှိနေသရွေ့ ခံစားဖို့ ဒုက္ခတွေ အဆုံးမရှိ ရှိနေမယ်' ဆိုတဲ့ သူတို့ပြောတဲ့ အဓိပ္ပာယ်ပဲ...။"
"အရင်းအနှီးကို ပြောင်းလဲဖို့ မစဉ်းစားနဲ့...။ အရင်းအနှီးနဲ့ ပေါင်းစပ်တာက အမြန်ဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်း ပဲ...။"
"ဘဝဆိုတာ ဆယ်စုနှစ် အနည်းငယ်ပဲ ရှည်လျားတာ...၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ...။ တခြားသူတွေရဲ့ ဘဝ တွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ...။"
လျန်ထျန်း၏ မျက်နှာမှာ အလွန် မှိုင်းညို့နေလေသည်။ အဘယ်ကြောင့်ဆိုသော် ဤအစ်ကိုလန်ထံတွင် အရင်း အနှီးက ပစ်ချပေးလိုက်သော ကြိုးတစ်ချောင်းကို ဆုပ်ကိုင်ထားသည့် ရွှံ့နွံထဲ ပိတ်မိနေသော လူတစ်ယောက်ကို သူ မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ သူသည် အရင်းရှင်စနစ်၏ ထိုကြိုးဖြင့် ရွှံ့နွံထဲမှ ဆွဲတင်ခံရပြီးနောက် ရွှံ့နွံထဲတွင် နစ်မွန်းနေဆဲဖြစ်သော ပိုမိုများပြားသည့် လူများကို နင်းခြေရန် ခိုင်းစေခံရလေသည်။ ရွှံ့နွံထဲတွင် နစ်မွန်းနေပြီးသား လူများမှာ ခေါင်းပြူရုံသာ ရှိပြီး အသက်ရှူရန်ပင် ခက်ခဲနေကြသည်။
သို့သော် တစ်ချိန်က တူညီသော ရွှံ့နွံထဲတွင် ရှိခဲ့ပြီး ယခုအခါ အရင်းအနှီး၏ မြှင့်တင်မှုကို ခံရသော ဤသူသည် သူ့ကို ပိုမိုနက်ရှိုင်းသော ရွှံ့နွံထဲသို့ တွန်းချလိုက်လေသည်။ ကုန်းပေါ်သို့ ရောက်ခါစ လူတစ်ယောက်က ကုန်းပေါ် သို့ မရောက်သေးသော လူတစ်ယောက် အားနည်းနေချိန်တွင် ဘယ်လိုလုပ် လှည့်ပြီး ကန်နိုင်ရက်တာလဲ။
ထို့အပြင် သူက အရင်းအနှီး ပေးထားသော ကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အားရပါးရ ရယ်မော ရင်း ၎င်းကို ကျေနပ်နေခဲ့သည်။ မကြာမီက သူကိုယ်တိုင်လည်း ထိုရွှံ့နွံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်ကို လုံးဝ မေ့လျော့နေခဲ့လေသည်။ တကယ်ပင် အားကြီးသူများက အားနည်းသူများအပေါ် ဓားမိုးထားပြီး အားနည်း သူများက ပို၍ အားနည်းသူများအပေါ်တွင်သာ ဓားမိုးနိုင်သည် ဆိုတာ မှန်နေပါသလား။
...
နာရီအနည်းငယ် အကြာတွင် လျန်ထျန်းက ရဲစခန်းသို့ သတင်းပို့ခဲ့ပြီး အစ်ကိုလန်နှင့် မာတာ့ပေါင်၏ ဂိုဏ်းကို ဖမ်းဆီးခဲ့လေသည်။ စွဲချက်မှာ အစ်ကိုလန်က တိုက်ခိုက်မှုကို သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်ပြီး မအောင်မြင်ခဲ့ သော်လည်း ၎င်းမှာ ရာဇဝတ်မှု မြောက်ကာ ထောင်ဒဏ် နှစ်အနည်းငယ် ကျခံရနိုင်လေသည်။
အယ်လ်မြို့တော် ရဲဌာနချုပ်၏ လက်ရှိ အကြီးအကဲဖြစ်သော ညွှန်ကြားရေးမှူးလီနှင့် လျန်ထျန်း၏ ဆက်ဆံရေး အရ အစ်ကိုလန်ကို အပြင်းထန်ဆုံး ပြစ်ဒဏ် သေချာပေါက် ချမှတ်နိုင်ပြီး မာတာ့ပေါင်နှင့် သူ၏ ဂိုဏ်းမှာမူ ပိုမိုပေါ့ပါးသော ပြစ်ဒဏ် ရရှိမည် ဖြစ်သည်။
ထို (၅၀၀) ယွမ်အတွက် မာတာ့ပေါင်နှင့် သူ၏ ဂိုဏ်းသည် 'အကျင့်ပျက် သက်သေများ' အဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် လျန်ထျန်းသည် ကတိတည်သော လူတစ်ယောက်ဖြစ်ပြီး (၅၀၀) ယွမ်ကို သူတို့ မိသားစုဝင်များ၏ ဘဏ်အကောင့်များသို့ လွှဲပြောင်းပေးပြီး ဖြစ်လေသည်။ ဤငွေသည် သူတို့ မိသားစုအတွက် ပူပင်သောကကင်းစွာ နေထိုင်ရန် လုံလောက်ပြီး သူတို့ ထွက်လာပြီးနောက်တွင်လည်း အလွန် သက်သောင့်သက် သာ နေထိုင်နိုင်မည် ဖြစ်သည်။
ထို့ပြင် မဝင်မီ လျန်ထျန်းက မာတာ့ပေါင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"အထဲဝင်ပြီး ကောင်းကောင်း ပညာယူလိုက်ပါ...။ မင်း ထွက်လာတဲ့အခါ အေးချမ်းပြီး တည်ငြိမ်တဲ့ ဘဝကို ဖြတ်သန်းပါ...။ အဆိုးမြင်မှုတွေကို အားပေးအားမြှောက်ပြုတာ ဒါမှမဟုတ် မင်းရဲ့ အသက်ကို စွန့်စားရတဲ့ အလုပ်မျိုးကို ဘယ်တော့မှ ထပ်မလုပ်နဲ့တော့...။"
မာတာ့ပေါင်က အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
"စိတ်မပူပါနဲ့ မစ္စတာလျန်...၊ ကျွန်တော်တို့ ဒီအရာတွေကို လုပ်ခဲ့တာက ဘဝက ဖိအားပေးလို့ပါ...။"
"ကျွန်တော်တို့ရဲ့ ပခုံးပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီး မရှိဘူးဆိုရင် ဘယ်သူက မနက်ဖြန်အတွက် အသက် ကို စွန့်စားမှာလဲ...။ ပိုက်ဆံအတွက် ပူစရာမလိုသရွေ့ ကျွန်တော်တို့က မွေးရာပါ လူဆိုးတွေ မဟုတ်ပါဘူး...။"
"ကျွန်တော် အားလုံး စဉ်းစားပြီးပါပြီ...၊ အထဲမှာ နှစ်အနည်းငယ်လောက် အေးအေးဆေးဆေး နေမယ်...။ ပြီး တော့ ထွက်လာတဲ့အခါ ရိုးသားတဲ့ မိန်းမတစ်ယောက်ကို ရှာပြီး လက်ထပ်မယ်..။ ကလေး ဆယ်ယောက် ၊ ရှစ်ယောက်လောက် ထပ်ယူမယ်...။"
"သေချာတာကတော့…။ မစ္စတာလျန် ကျွန်တော့်ကို လိုအပ်တာ တစ်ခုခုရှိရင် ဘယ်လိုပဲဖြစ်ဖြစ် တုံ့ဆိုင်းမနေဘဲ ကျွန်တော် ရှိနေပေးမှာပါ...။"
ထို့ကြောင့် မာတာ့ပေါင်နှင့် သူ၏ ဂိုဏ်းသည် ပျော်ရွှင်စွာ ဝင်သွားခဲ့ပြီး မည်သည့် စုံစမ်းစစ်ဆေးမှုကိုမဆို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြလေသည်။
အစ်ကိုလန်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ယခုအခါ လျန်ထျန်းသည် အစ်ကိုလန် နောက်ကွယ်ရှိ အင်အားစု ဖြစ်သော အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီ၏ တတိယမြောက် အစုရှယ်ယာရှင်ကြီးကို ရင်ဆိုင်ရန် လိုအပ် နေပြီ ဖြစ်သည်။ ဤအစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီ၏ အစုရှယ်ယာရှင်သုံးဦးမှာ လူတစ်ဦးတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ ဘီမြို့တော်မှ ဖန်မိသားစုကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
ယခင်က ဖော်ပြခဲ့သည့်အတိုင်း အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီ၏ (၁၅) ရာခိုင်နှုန်းသော ရှယ်ယာနှင့် ၎င်း ၏ ပိုင်ဆိုင်မှု ယွမ် တစ်သိန်းခွဲမှာပင် အယ်လ်မြို့တော်ရှိ ထိပ်တန်း စီးပွားရေးလုပ်ငန်း သုံးခုစာရင်းတွင် ပါဝင်ရန် လုံလောက်နေပေသည်။ သို့သော် ဖန်မိသားစုသည် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီရှိ (၁၅) ရာခိုင်နှုန်း သော ရှယ်ယာထက်မက ပိုင်ဆိုင်ထားလေသည်။ အခြားသော မိသားစု ပိုင်ဆိုင်မှုများ အပါအဝင် စုစုပေါင်း ပိုင်ဆိုင်မှုမှာ အကြမ်းဖျင်းအားဖြင့် အနည်းဆုံး (၃၀၀,၀၀၀) ခန့် ရှိမည်ဟု ခန့်မှန်းရလေသည်။
ဤသည်မှာ ထိုစဉ်က အက်စ်မြို့တော်မှ ရှီမိသားစုနှင့် နှိုင်းယှဉ်နိုင်သော နောက်ထပ် ကြီးမားသည့် မိသားစုကြီး တစ်ခုပင် ဖြစ်သည်။ ထို့ပြင် ဖန်မိသားစု၏ ဩဇာလွှမ်းမိုးမှု အခြေစိုက်ရာ နေရာမှာ ဘီမြို့တော်တွင် ဖြစ်လေ သည်။ စကားပုံတစ်ခု ရှိသည်မှာ အက်စ်မြို့တော်တွင် ပိုက်ဆံက အဓိကဖြစ်ပြီး ဘီမြို့တော်တွင် အာဏာက အဓိကဖြစ်သည် ဟူ၍ပင်။ ဘီမြို့တော်တွင် ဤမျှ ကြီးမားသော အတိုင်းအတာအထိ ကြီးထွားလာနိုင်သည့် ကုမ္ပဏီတစ်ခုသည် အာဏာကစားပွဲကို အလွန် ကျွမ်းကျင်စွာ ကစားတတ်ရမည်ဆိုသည်မှာ တွေးကြည့်ရန် လွယ်ကူလှပေသည်။
အစ်ကိုလန်၏ အမှုကဲ့သို့ပင် လျန်ထျန်းသည် မူလက သဲလွန်စများကို လိုက်ကာ ဖန်မိသားစုကိုပါ ဤအထဲသို့ ဆွဲသွင်းပြီး ရေရှည်တိုက်ပွဲ ဆင်နွှဲရန် အလိုရှိခဲ့သည်။ သို့သော် ဖန်မိသားစု၏ 'နည်းလမ်း' များမှာ ဤမျှ သန့်ရှင်း နေမည်ဟု မထင်ထားခဲ့ပေ။ အပြစ်အနာအဆာ လုံးဝ ရှာမတွေ့နိုင်ပေ။ ကီလိုမီတာ ရာနှင့်ချီ ဝေးကွာသော ဘီမြို့ တော်မှ အယ်လ်မြို့တော်အထိ ဤမျှ ရှည်လျားသော အကွာအဝေးကို ဖြတ်သန်းကာ ဤမျှ သန့်ရှင်းစွာ လုပ်ဆောင် နိုင်ခဲ့ခြင်းမှာ တကယ်ကို အံ့မခန်းပင် ဖြစ်ချေသည်။
သို့သော် လျန်ထျန်းတွင် ဖြေရှင်းရန် နည်းလမ်း လုံးဝ မရှိသည်တော့ မဟုတ်ပေ…။