အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇)
လစာနှင့် ပတ်သက်သော ဝေါဟာရများ
လျန်ထျန်းက ထိုသို့ ပြောဆိုလိုက်သောအခါ ထိုအဘွားအိုသည် ဒေါသအဟုန်ကြောင့် မျက်လုံးများပင် ပြူးကျယ် သွားရလေသည်။ သူမက တစ်စုံတစ်ခုကို ထပ်မံပြောဆိုရန် ပြင်ဆင်လိုက်သော်လည်း လမ်းကြားဝ၌ ဝိုင်းအုံ ကြည့်ရှုနေကြသော လူအုပ်ကြီးကလည်း ဝိုင်းဝန်း၍ ပြောဆိုကြတော့သည်။
"အဝါရောင်အလံတော် ဆိုတာက ဘာမို့လို့လဲ...။ ရှေးခေတ်က ဖြစ်ခဲ့ရင်ကော ဘာဖြစ်လဲ...၊ ချင်းမင်းဆက် ဆိုတာကလည်း မင်မင်းဆက်ကနေ ပြောင်းလဲလာတာပဲ မဟုတ်လား...။ ငါတို့အားလုံးက တရုတ်လူမျိုး နွယ်ဖွားတွေချည်းပါပဲ...။"
"ဟုတ်ပဗျာ...၊ ဒီအဘွားကြီးက ဘီမြို့တော်သားတွေရဲ့ မျက်နှာကို အိုးမဲသုတ်နေတာပဲ...။ ဘာတွေကို အဲ့လောက် မောက်မာနေတာလဲ မသိဘူး...။ မိဘဘိုးဘွားတွေရဲ့ အရှိန်အဝါကိုပဲ မျိုးဆက်အလိုက် အလကား ထိုင်စားလာပြီး တော့ ပဒေသရာဇ် အတွေးအခေါ်တွေ အတော်လေး ပြင်းထန်နေတာပဲ...။"
"ဖူယီတစ်ယောက် ခြေအိတ်ချုပ်ပြီး အာလူးတူးနေတုန်းက ဘာလို့ အဝါရောင်အလံတော် တပ်ဖွဲ့တွေ လာမ ကယ်ကြတာလဲ...။ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေကြတာ...၊ ခင်ဗျားတို့က ဘယ်အလံတော်အဖွဲ့ကပဲလို့ ပြောပြော ငါကတော့ ဆဲရဲတယ်...။"
"ငါ ဒီအဘွားကြီးကို သိသလိုပဲ...၊ သူမက ဒီလမ်းကြားတစ်ဝိုက်မှာ အကျင့်မကောင်းတာနဲ့ နာမည်ကြီးပဲ...။ အမှားအယွင်း အသေးအဖွဲတွေကို အမြဲလုပ်တတ်ပြီး အမှုကြီးကြီးမားမားတော့ မကျူးလွန်ဘူး...။ ရန်ဖြစ်ရတာ နဲ့ ပြဿနာရှာရတာကို ကြိုက်ပြီး အသက်ကြီးလေ ပိုဆိုးလေ ဖြစ်တဲ့ လူစားမျိုးပဲ...။"
"ဟုတ်တယ်...၊ ဟုတ်တယ်...။ သာမန်လူတွေကတော့ သူမကို အလျှော့ပေးပြီး ရူးကြောင်ကြောင် ပြောနေ တယ်လို့ပဲ သဘောထားကြတယ်...။ ဒါမှမဟုတ် လုံးဝကို လျစ်လျူရှုထားလိုက်ကြတာ...။ သူမရဲ့ လှည့်ကွက် နောက်ကို လိုက်လို့ မရဘူး...။ မဟုတ်ရင် ဒေါသထွက်ပြီး ရင်ကွဲသေရလိမ့်မယ်...။"
ပြင်းထန်လှသော ဝေဖန်ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်လိုက်ရသဖြင့် ထိုအဖွားကြီး သည်
"ပညာရှိအပေါင်းအား အခြေအတင် စကားဆိုနိုင်ခြင်း" စွမ်းရည် ကင်းမဲ့နေရှာသဖြင့် နောက်ဆုံးတွင်မူ ကျဉ်း မြောင်းသော လမ်းကြားလေးထဲမှ လူအုပ်ကို တိုးဝှေ့ကာ ကပျာကယာ ထွက်ပြေးတိမ်းရှောင်သွားရလေ တော့သည်။
လျန်ထျန်းသည် လမ်းကြားထဲမှ ထွက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကျေးဇူးတင်စကား ဆိုလိုက် သည်။
"အားလုံးပဲ ဝိုင်းပြောပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ အမှန်အတိုင်း ပြောရရင် စောစောက ဒီနေရာ မှာ ဘီမြို့တော်က အချို့လူတွေကြောင့် ကျွန်တော့်အပေါ် အလွန်ဆိုးဝါးတဲ့ အထင်အမြင်တွေ ဖြစ်ပေါ်ခဲ့ရ တာ...။"
"တချို့လူတွေက တမင်သက်သက် လမ်းအမှားတွေ ပြကြတယ်...။ လမ်းမေးတာကို ပိုက်ဆံတောင်းကြတယ်...၊ ပြီးတော့ စောစောကလို အကျိုးအကြောင်းမရှိဘဲ စိတ်ပုပ်စပ်စပ်နိုင်လှတဲ့ အဘွားအိုလည်း ရှိသေးတယ်...။"
"ဒါပေမဲ့ ဒီလို လူမျိုးက အလွန်နည်းပါးတဲ့ လူနည်းစုသာ ဖြစ်ပြီး ဘီမြို့တော်က လူအများစုက မှန်ကန်တဲ့ စိတ် သဘောထားရှိကြတဲ့ လူကောင်းတွေဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါသေးတယ်...။"
"မိတ်ဆွေတို့ကြောင့်သာ အခြားဒေသကလာတဲ့ ကျွန်တော်တို့လို ရွှေ့ပြောင်းလုပ်သားတွေဟာ မိမိရပ်ရွာလို ခံစားရပြီး အပယ်ခံမဖြစ်ရတာပါ...။"
"တစ်ခေါက်ပြန်ပြီး အထူးပဲ ကျေးဇူးတင်ပါတယ်...။ တကယ်ကို ကျေးဇူးတင်ပါတယ်...။"
လူအုပ်ကြီးကလည်း လျန်ထျန်းကို ခင်မင်ရင်းနှီးစွာဖြင့် ပြန်လည် တုံ့ပြန်ကြသည်။
"ကိစ္စမရှိပါဘူး...၊ ဒီနေရာကို ရောက်လာပြီဆိုကတည်းက မင်းက ဘီမြို့တော်သားတစ်ဦးပါပဲ...။ ငါတို့အားလုံး အတူတူပါပဲ...။"
"ဟုတ်တယ်... ဘီမြို့တော်သားတွေရဲ့ သိက္ခာကို ချနေတဲ့ လူအနည်းငယ်ကတော့ အမြဲရှိတာပဲ...။ ငါတို့ကတော့ အဲ့လိုလူတွေကို သည်းမခံနိုင်ဘူး...။"
"ကဲ... အားလုံးပဲ လူစုခွဲကြရအောင်...။ ပို့ဆောင်ရေးသမားလေးလည်း အစားအသောက် ပို့ဖို့ အလျင်လိုနေတာ ပဲ...၊ ငါတို့လည်း ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြရအောင်...။ သွားပြီနော်...။"
ဤသည်မှာ လျန်ထျန်းအတွက် ဘီမြို့တော်တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အသေးအဖွဲလေးတစ်ခုသာ ဖြစ် သော်လည်း နေရာတိုင်းတွင် ထူးဆန်းသော လူဆိုးအချို့ ရှိနိုင်သော်လည်း လူကောင်းများက ပို၍ အဆမတန် များပြားကြောင်းကို သိရှိသွားစေခဲ့သည်။
ဤလောကတွင် လူကောင်းများနှင့် ထူးဆန်းသော လူဆိုးများအပြင် လျန်ထျန်း ကြုံတွေ့ခဲ့ရဖူးသော အလွန် "ပါရမီပါသော" လူအချို့လည်း ရှိသေးသည်။
ဥပမာအားဖြင့် ဤနေ့တွင် လျန်ထျန်းသည် အအေးနှင့် သစ်သီးလက်ဖက်ရည် အမှာစာတစ်ခုကို လက်ခံရရှိခဲ့ပြီး ၎င်းတွင် မှတ်ချက်တစ်ခု ရေးသားထားလေသည်။
[လတ်တလော ရာသီဥတုက တဖြည်းဖြည်း ပိုမိုပူပြင်းလာတာကြောင့် ပို့ဆောင်ရေးသမားလေးအတွက် အအေး တစ်ခွက် ဝယ်ပေးတာပါ...။ သောက်ပြီးသွားရင်တော့ ကူညီစရာလေးတစ်ခု ရှိပါတယ်...၊ အလွန်ပဲ ရိုးရှင်းပါ တယ်...။ ဒီလိုလုပ်ပါ... ပြီးရင် ဒီလိုလုပ်ပါ...။]
ရှည်လျားလှသော မှတ်ချက်ကို ဖတ်ရှုပြီးနောက် လျန်ထျန်းမှာ လက်မထောင်၍ ချီးကျူးမိရုံမျှမက အံ့ဩတ သစွာ ရေရွတ်လိုက်မိသည်။
"တကယ်ကို ပါးနပ်တာပဲ...။ အစားအသောက် မှာတာကို အခုလိုမျိုး အသုံးချနိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင် ထားခဲ့ဘူး...။ စိတ်ဝင်စားဖို့ ကောင်းတယ်...၊ ငါ စမ်းကြည့်ရတာပေါ့...။"
ဆယ်မိနစ်ခန့် ကြာပြီးနောက် လျန်ထျန်းသည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာခဲ့ပြီး သူ၏ ပို့ဆောင် ရေး ဝတ်စုံကို ချွတ်ကာ ဦးထုပ်ကို သိမ်းဆည်းလျက် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
ထို့နောက် တစ်ဆယ့်ခုနစ်လွှာ၏ ကွေ့တစ်ခုတွင် အသက်ကို ပြင်းပြင်းရှူသွင်းကာ ပျာပျာသလဲဖြင့် အထဲသို့ ပြေးဝင်သွားတော့သည်။
တစ်ဆယ့်ခုနစ်လွှာတွင် အင်တာနက်ကုမ္ပဏီတစ်ခု ရှိပြီး စမတ်ကျသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုး သမီးငယ်တစ်ဦးက ဧည့်ကြိုကောင်တာတွင် ဧည့်သည်များကို ကြိုဆိုနေသည်။ သူမထံသို့ အလျင်အမြန် ပြေး ဝင်လာသည်ကို မြင်သောအခါ ထိုမိန်းကလေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ဘာကိစ္စရှိသနည်းဟု အမြန် မေးမြန်းလိုက်လေသည်။
"လူကြီးမင်း...၊ ဘယ်သူ့ကို ရှာနေတာလဲ ရှင့်...။"
လျန်ထျန်း၏ သရုပ်ဆောင်ချက်မှာ အပြစ်ပြောစရာမရှိအောင်ပင် ကောင်းမွန်လှပြီး အသက်ကိုလည်း ပြင်းထန် စွာ ရှူရှိုက်နေရှာသည်။
"ကျွန်တော်...၊ ကျွန်တော် ဝမ်ရှန့်ကို ရှာနေတာပါ...။ အိမ်မှာ အရေးပေါ်ကိစ္စ ဖြစ်လို့ပါ...၊ သူ အခု ဘယ်မှာလဲ...။"
ဝမ်ရှန့်ဟူသော နာမည်ကို ကြားလိုက်ရသောအခါ မိန်းကလေးက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည် ဖြေလိုက် လေသည်။
"ဪ...၊ ဝမ်ရှန့်လား...။ ဒီနေ့ အားလုံး အစည်းအဝေး လုပ်နေကြတာ...၊ သူလည်း အထဲမှာ ရှိနေလိမ့်မယ်...။"
လျန်ထျန်းတစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်ကာ အသက်ရှူ စည်းချက်မမှန် ဖြစ်နေသည်ကို မြင်သောအခါ ထိုမိန်း ကလေးသည် ကြင်နာတတ်သူပီပီ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက် ပြောဆိုလိုက်သည်။
"ရှင်... တကယ်ပဲ အရေးကြီးနေတာလား...။ ဒါဆိုရင် ကျွန်မ ရှင့်ကို အထဲအထိ လိုက်ပို့ပေးမယ်...။"
မကြာမီပင် ထိုမိန်းကလေးသည် လျန်ထျန်းကို အစည်းအဝေးခန်းမ တံခါးဝသို့ ခေါ်ဆောင်လာခဲ့လေသည်။ တံခါး ကို ပိတ်ထားသော်လည်း အတွင်းဘက်မှ ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရပြီး အထက်လူကြီးတစ်ဦး ဒေါသပေါက်ကွဲနေခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
မိန်းကလေးက တံခါးကို ခေါက်လိုက်သောအခါ အတွင်းဘက်မှ ဒေါသတကြီး အော်ဟစ်သံများ ခေတ္တမျှ ရပ်တန့် သွားပြီးနောက် တိုးညည်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
"ဝင်ခဲ့..."
မိန်းကလေးက အရင်ဝင်သွားပြီး အခြေအနေကို ရှင်းပြပြီးနောက် လျန်ထျန်းသည်လည်း စိုးရိမ်တကြီးဖြင့် အထဲ သို့ ဝင်ရောက်ကာ ချက်ချင်းပင် စကားဆိုလိုက်တော့သည်။
"ဝမ်ရှန့်...၊ မင်း ငါနဲ့ အခုချက်ချင်း ပြန်လိုက်ခဲ့ရမယ်...။ အိမ်မှာ အရေးပေါ်ကိစ္စ ဖြစ်လို့...။"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် အစည်းအဝေးခန်းမအတွင်းရှိ လူအားလုံးသည် အနောက်ဘက်တွင် ထိုင်နေ သော အင်္ကျီအပြာရောင် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးထံသို့ ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည်။
ထိုအင်္ကျီအပြာရောင်နှင့် အမျိုးသားသည် လျန်ထျန်းကို ကြည့်ကာ သဘာဝကျကျပင် ထရပ်လျက် အော်ပြော လိုက်လေသည်။
"ဪ...၊ အစ်ကိုဝမ်းကွဲ...၊ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ...။ အိမ်မှာ ဘာဖြစ်လို့လဲ...။"
လျန်ထျန်းက စိုးရိမ်ပူပန်သော ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထားရင်း ပြောလိုက်လေသည်။
"အမြန်သွားရအောင်...၊ လမ်းကျမှ ငါ အကျိုးအကြောင်း ရှင်းပြမယ်...။ တကယ်ကို အရေးကြီးလို့...။"
ထိုအင်္ကျီအပြာရောင်နှင့် အမျိုးသားသည်လည်း ချက်ချင်းပင် စိုးရိမ်ပူပန်သွားဟန်ဖြင့်၊
"ကောင်းပြီ...၊ ခဏစောင့်ဦး...။ ငါ မန်နေဂျာဆီမှာ ခွင့်တိုင်လိုက်ဦးမယ်...။ မန်နေဂျာ...၊"
ထိုသူနှစ်ဦးမှာ အလွန်အမင်း အလျင်လိုနေသည်ကို မြင်သောအခါ ဝဖြိုးသောအထက်လူကြီးသည် ဦးစွာ မျက် မှောင်ကြုတ်လိုက်ပြီးနောက် အနည်းငယ် မကျေမနပ်ဖြစ်သော လေသံဖြင့် ဆိုလိုက်သည်။
"အမြန်သွား...။ အားလုံးရဲ့ အစည်းအဝေးကို မနှောင့်နှေးစေနဲ့...။ ဒါနဲ့...၊ ဒါကို မင်းရဲ့ နှစ်ပတ်လည် ခွင့်ရက်လို့ပဲ သတ်မှတ်လိုက်မယ်...။ အိမ်က ကိစ္စတွေကို အမြန်ရှင်းလင်းပြီး အလုပ်ကို အမြန်ဆုံး ပြန်လာခဲ့...။"
ထိုစကားကို ကြားသောအခါ အင်္ကျီအပြာရောင်နှင့် အမျိုးသားက အကြိမ်ကြိမ် ခေါင်းညိတ် သဘောတူလိုက်ပြီး သူ၏ ပစ္စည်းများကို အမြန်သိမ်းဆည်းကာ လျန်ထျန်းနှင့်အတူ ထွက်ခွာလာခဲ့လေသည်။
သူတို့နှစ်ဦး ကုမ္ပဏီအပြင်ဘက်သို့ ရောက်ရှိ၍ ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်သောအခါ စိုးရိမ်ပူပန်နေသော ဟန်ပန်များ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အင်္ကျီအပြာရောင်နှင့် အမျိုးသားမှာ အော်ဟစ်၍ပင် ရယ်မော လိုက်တော့သည်။
"ဟားဟား...။ ညီလေး...၊ မင်းရဲ့ သရုပ်ဆောင်ချက်က တကယ်ကို ကောင်းလွန်းတယ်... ။ နောက်တစ်ခါကျရင် လည်း ခွင့်တိုင်ဖို့ မင်းကိုပဲ အကူအညီတောင်းရတော့မယ်...။ တကယ်ပဲ ကျေးဇူးတင်ပါတယ်...။"
ထိုကဲ့သို့သော ချီးကျူးမှုကို ခံရသောအခါ လျန်ထျန်းက ခေါင်းခါလျက် ပြုံးကာ မေးမြန်းလိုက်သည်။
"မင်း ဒီနည်းလမ်းနဲ့ ခွင့်တိုင်တာက မသင့်တော်ဘူး မဟုတ်လား...။"
"ပြီးတော့ ဧည့်ကြိုကောင်တာက မိန်းကလေးက တကယ်ကို စိတ်သဘောထား ကောင်းရှာတယ်...။ ငါ မင်းကို တွေ့ဖို့ အလျင်လိုနေတာကို မြင်တော့ အထဲအထိ ချက်ချင်း လိုက်ပို့ပေးတာ...။"
"အခုတော့ လူတွေကို လိမ်ညာမိသလို ဖြစ်သွားလို့ စိတ်ထဲမှာ အားနာမိတယ်...။"
"ဒါနဲ့...၊ မင်း ဘာလို့ ဒီလို ခွင့်တိုင်ဖို့ နည်းလမ်းကို စဉ်းစားမိရတာလဲ...။"
"မင်းရဲ့ အထက်လူကြီး ပြောပုံအရဆိုရင် မင်းမှာ နှစ်ပတ်လည် ခွင့်ရက်လည်း ရှိနေတာပဲ...။ ဘာလို့ ပုံမှန်အတိုင်း ခွင့်မတိုင်တာလဲ...။ ဘာလို့ ဒီလောက်အထိ ဒုက္ခခံနေရတာလဲ...။"
ဤမေးခွန်းကို မေးမြန်းလိုက်သောအခါ အင်္ကျီအပြာရောင်နှင့် အမျိုးသားသည် မတတ်သာဘဲ သက်ပြင်းချလိုက် ရှာလေသည်။
"ညီလေး...၊ မင်းက အစားအသောက် ပို့ဆောင်တဲ့ အလုပ်ကို လုပ်တာဆိုတော့ လုပ်ငန်းခွင်ထဲမှာ ဘယ်လောက် အထိ ခက်ခဲပင်ပန်းရတယ်ဆိုတာ သိမှာ မဟုတ်ဘူး...။"
"ဒီလိုမျိုး ပုဂ္ဂလိက ကုမ္ပဏီတွေမှာ နှစ်ပတ်လည် ခွင့်ရက်ဆိုတာက ဟန်ပြဖို့ သက်သက်ပဲ...။"
"ပုံမှန်အားဖြင့် မင်းက နှစ်ပတ်လည် ခွင့်ရက် ယူချင်တယ်ဆိုရင် အထက်လူကြီးက အကြောင်းပြချက် အမျိုးမျိုး ပေးပြီး ခွင့်မပြုဘဲ နှစ်ကုန်အထိ ဆွဲဆန့်ထားတတ်ကြတယ်...။"
"နှစ်သစ်ကူးပြီးသွားရင်တော့ အရင်နှစ်က နှစ်ပတ်လည် ခွင့်ရက်တွေက အလိုအလျောက် ပျက်ပြယ်သွားရော...။ ပိုပြီး ဆိုးတာက အချိန်ပိုဆင်းခတောင် မပေးကြဘူး...။ ဒါက ငါတို့ကို အမြတ်ထုတ် ညှစ်ယူနေတာပဲ...။"
"မင်း မသိပါဘူး...။ ငါ ဒီနှစ်ပတ်လည် ခွင့်ရက်ကို မယူရတာ သုံးနှစ်ရှိပြီ...၊ အခြားနည်းလမ်းမရှိလို့သာ ဒီလို အကြံကို ထုတ်ရတာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ပြုံး၍ ဆိုလိုက်သည်။
"ငါ အဲ့ဒါကို တကယ်ပဲ မသိဘူး...။ ဘာပဲဖြစ်ဖြစ် ငါတို့လို ပို့ဆောင်ရေးသမားတွေမှာတော့ ပိတ်ရက်မရှိဘူး...။ အမှာစာ တစ်စောင် ပို့ရမှ ပိုက်ဆံရတာဆိုတော့ အနားမယူရဲကြဘူး...။"
အင်္ကျီအပြာရောင်နှင့် အမျိုးသားကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်...၊ မင်းတို့ ပို့ဆောင်ရေးသမားတွေလည်း တကယ်ကို ပင်ပန်းပါတယ်...။ ဒါပေမဲ့ ငါတို့ရဲ့ အလုပ် အကိုင်ချင်းက မတူညီသလို အခြေအနေချင်းကလည်း မတူဘူးလေ...။"
"အနည်းဆုံးတော့ မင်းတို့က အမှာစာ တစ်စောင်ချင်းအလိုက် ပိုက်ဆံရတယ်...။ ကြိုးစားအားထုတ်မှုတိုင်းက တန်ဖိုး ဖြတ်ထားပြီးသားပဲ...။ ပိုလုပ်လေ ပိုရလေမို့ ပိုပြီး ပင်ပန်းခံချင်ကြတယ်...။"
"ဒါပေမဲ့ ငါတို့ကျတော့ကော...၊ ကိုယ့်အလုပ်ကို ပြီးအောင် လုပ်ထားရင်တောင် အချိန်ပိုဆင်းဖို့၊ အစည်းအဝေး တက်ဖို့နဲ့ အထက်လူကြီးတွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်...။"
"ဒါပေမဲ့ ဒီလောက်အထိ အလုပ်တွေ အပိုလုပ်ပေးရပေမဲ့ ထိုက်တန်တဲ့ အကျိုးခံစားခွင့် မရရှိဘူး...။ ညီလေး...၊ ငါ ပြောပြမယ်...။"
ခေတ္တမျှ ရပ်တန့်ပြီးနောက် အင်္ကျီအပြာရောင်နှင့် အမျိုးသားက ဆက်လက်ပြောဆိုသည်။
"ငါ့ရဲ့ လစာက နည်းလွန်းလို့ အလုပ်ထဲမှာ အပျင်းထူနေရင်တောင် အပြစ်ရှိသလို မခံစားရဘူး...။ ဒါကို 'လစာနှင့် လျော်ညီသော အသိစိတ်' လို့ ခေါ်တယ်...။"
"ငါက ငွေအနည်းငယ်လောက်ပဲရှိတဲ့ လစာကို ရယူပြီး ငွေအမြောက်အမြား တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်ပေး နေရတယ်...။ ဒါကို 'လစာနည်းနည်းနှင့် အပင်ပန်းကြီး ပင်ပန်းခြင်း' လို့ ခေါ်တယ်...။"
"ငါ တစ်လလုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပေမဲ့ လစာထုတ်တဲ့အခါကျတော့ အချိန်ပိုဆင်းခ မပါလာဘူး...။ ငါ့ မျက်နှာကလည်း ညှိုးငယ်သွားရတယ်...။ ဒါကို 'မျက်နှာသွင်ပြင်က လစာကို ဖော်ပြခြင်း' လို့ ခေါ်တယ်...။"
"ဒီလစာကို တွေးမိတိုင်း ငါ အလုပ်လုပ်ဖို့ စိတ်ဓာတ်တွေ မရှိတော့ဘူး...။ ဒါကို 'လစာက စိတ်ဓာတ်ကို မပံ့ပိုး နိုင်ခြင်း' လို့ ခေါ်တယ်...။ ပြီးတော့ လစာရပြီးရင်တောင် ပစ္စည်းတွေ မဝယ်ရဲဘူး...၊ ဒါကို 'လစာက အလိုဆန္ဒကို မဖြည့်ဆည်းနိုင်ခြင်း' လို့ ခေါ်တယ်...။"
"ငါက အတော်လေး ခြွေတာနေထိုင်တာတောင် ပိုက်ဆံသုံးရမယ့် အချိန်တိုင်းမှာ လစာက ကုန်သလောက် ဖြစ်သွားရော...။ စိတ်ဓာတ်တွေပါ ကျဆင်းရတယ်...၊ ဒါကျ 'လစာကုန်၍ စိတ်နှလုံး အေးစက်ခြင်း' မဟုတ်ဘူး လား...။"
"ပြီးတော့ လစာရဲ့ မရေရာမှုကလည်း ရှိသေးတယ်...။ လူတစ်ယောက်ရဲ့ လစာက ဘယ်လောက်အထိ အောက် ခြေလွတ်အောင် နည်းပါးနိုင်မလဲဆိုတာ မင်း ဘယ်တော့မှ ခန့်မှန်းလို့ ရမှာ မဟုတ်ဘူး...။"
"ဒီလစာနဲ့ဆိုရင် လက်ထပ်ဖို့ နေနေသာသာ ရည်းစားရှာဖို့တောင် မဝံ့ရဲဘူး...။ ဒါက 'လစာနည်းပြီး အာသာနည်း ခြင်း' ပဲ...။"
"နွေဦးပွဲတော်မှာ ဇာတိရွာကို ပြန်တဲ့အခါ ဒါမှမဟုတ် အောင်သွယ်နဲ့ မိန်းကလေး သွားတွေ့တဲ့အခါ လူတွေက လစာအကြောင်း မေးရင် ငါ့မှာ စိုးရိမ်တကြီး ဖြစ်ရတယ်...။"
"နေ့တိုင်းလည်း အလုပ်ထဲမှာ အာရုံမစိုက်နိုင်ဘူး...။ လစာက ဘာလို့ ဒီလောက် နည်းရတာလဲ၊ အနာဂတ်ကော ရှိပါဦးမလားလို့ပဲ တွေးနေမိတယ်...။ ဒါက 'လစာကြောင့် အာရုံပျံ့လွင့်ခြင်း' ပဲ...။"
"တစ်နေ့နေ့မှာ ကုမ္ပဏီရဲ့ စီးပွားရေး ကျဆင်းလာရင် သူတို့က ငါ့ကို အချိန်မရွေး အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ ငါ ထင်တယ်...။ အဲ့ဒါဆိုရင်တော့ လစာမရဘဲ လုံးဝ အလုပ်လက်မဲ့ ဖြစ်သွားမှာ...။"
ထိုစကားလုံးများအားလုံးကို ကြားရသောအခါ လျန်ထျန်းမှာ ကျောဘက်သို့ပင် ချမ်းစိမ့်သွားရပြီး သူ၏ ပုခုံးကို ပုတ်ကာ မတတ်သာဘဲ နှစ်သိမ့်ပေးလိုက်မိသည်။
"ကိစ္စမရှိပါဘူး...၊ အားလုံး အဆင်ပြေသွားမှာပါ...။ အနည်းဆုံးတော့ မင်းမှာ အလုပ်တစ်ခု ရှိသေးတယ်လို့ တွေး လိုက်ပါ...။"
"လတ်တလော အလုပ်အကိုင် ဈေးကွက်က အတော်လေး ခက်ခဲနေတာ...။ လူအများစုက မင်းလို အလုပ်မျိုး ရချင်ပေမဲ့ မကြာခဏဆိုသလို ရှာမရကြဘူး...။"
"အခု လူ့အဖွဲ့အစည်းမှာ လူတိုင်းမှာ ကိုယ်စီ အခက်ဲတွေ ရှိကြတာပဲ...။ မိသားစုတိုင်းမှာလည်း မတူညီတဲ့ ပြဿနာတွေ ရှိကြတယ်...။ ငါတို့အားလုံးက အသက်ရှင်ရပ်တည်နိုင်ဖို့ ရုန်းကန်နေကြရတာပဲ...။"
လျန်ထျန်း၏ နှစ်သိမ့်စကားကို ကြားသောအခါ အင်္ကျီအပြာရောင်နှင့် အမျိုးသားက ခါးသက်စွာ ပြုံးလျက် လက်ကို ဝေ့ယမ်းလိုက်လေသည်။
"အလုပ်လုပ်တဲ့အခါ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထမင်းဝယ်စားစရာ မလိုပါဘူး...။ အထက်လူကြီးက ကတိတွေ ပေးတယ်၊ လုပ်ဖော်ကိုင်ဖက်တွေက အလုပ်တွေ ပုံပေးတယ်၊ ကိုယ်တိုင်ကတော့ အခွင့်အရေး ရှာရတယ်၊ အထက်လူကြီးကတော့ အပြစ်ပုံချတယ်...။"
"အဲ့ဒီအထဲကို ငါ့ဦးနှောက်ထဲက ရေတွေ၊ ငါ့နှလုံးသားထဲက မီးတွေ၊ ငါ့ကို ချိန်းချက်ပြီး လာမတွေ့တဲ့ ဖောက် သည်တွေနဲ့ ပြိုင်ဘက်တွေက မီးလောင်ရာလေပင့်တာတွေပါ ပေါင်းလိုက်ရင်...၊ ဆုံးနိုင်မှာ မဟုတ်တော့ဘူး...။ ငါ ဘယ်လိုမှ ရှင်းပြလို့ ပြီးမှာ မဟုတ်ဘူး...။"
အင်္ကျီအပြာရောင်နှင့် အမျိုးသားသည် အလွန် ဟာသမြောက်သော စကားလုံးများကို အသုံးပြု၍ အလွန် စိတ်နှ လုံး ထိခိုက်ဖွယ်ကောင်းသော လက်တွေ့ဘဝကို ဖော်ပြသွားခဲ့သည်။ လျန်ထျန်းသည် လုပ်ငန်းခွင်အတွေ့အကြုံ အနည်းငယ်သာ ရှိသော်လည်း ထိုစကားသံထဲမှ ခါးသက်မှုကို ခံစားမိနေဆဲ ဖြစ်သည်။
အင်္ကျီအပြာရောင်နှင့် အမျိုးသား၏ အတင်းအကျပ် လုပ်ယူထားသော အပြုံးကို ကြည့်ရင်း ဤအရာကိုပင် ဆင်းရဲဒုက္ခထဲမှ ပျော်ရွှင်မှုကို ရှာဖွေခြင်းဟု ခေါ်ဆိုပေလိမ့်မည်။
ပထမထပ်တွင် ဓာတ်လှေကား တံခါး ပွင့်သွားသောအခါ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြလေ သည်။ လျန်ထျန်း သည် အင်္ကျီအပြာရောင်နှင့် အမျိုးသား ထွက်ခွာသွားသည်ကို ကြည့်ရင်း ထိုသူသည် ဤစည်ကား လှသော မြို့ပြကြီးထဲတွင် နောက်ဆုံး၌ ခေတ္တမျှ အနားယူခွင့် ရသွားပြီဖြစ်ကြောင်း သိလိုက်သည်။
သို့သော် ဤသည်မှာ ခေတ္တမျှသာ ဖြစ်သည်။ ထို့နောက်တွင်မူ အလုပ်နှင့် ဘဝကို အသည်းအသန် လုံးပန်းရမည့် လျင်မြန်လှသော လူနေမှုပုံစံထဲသို့ ပြန်လည် ဝင်ရောက်ရပေဦးမည်။
တစ်ခါတစ်ရံတွင်မူ အသက်ရှင်ရသည်မှာ တကယ်ကို ပင်ပန်းလှသည်ဟု ခေါ်ဆိုနိုင်သည်။ သို့သော် ခြေလှမ်းများ ကို စတင်လိုက်ပြီးနောက်တွင်မူ ရပ်တန့်ရန်မှာ အလွန် ခက်ခဲလှပေသည်။
နောက်ဆုံးတွင်မူ ဤအရာအားလုံး၏ နောက်ကွယ်မှ တရားခံစစ်စစ်မှာ အရင်းအနှီးပင် ဖြစ်သည်။ ထိုကြီးမားလှ သော အရင်းအနှီးများသည် မြို့ပြကြီးများ၏ အထက်တွင် မမြင်နိုင်သော လက်ဝါးကြီးများအဖြစ် ပြောင်းလဲကာ လူသားများကို ၎င်းတို့၏ ရုပ်သေးရုပ်များကဲ့သို့ ကြိုးဆွဲ စေခိုင်းနေခြင်း ဖြစ်သည်။
လျန်ထျန်းသည် ဤအရာအားလုံးကို ပြောင်းလဲပစ်ရန် အမှန်တကယ်ပင် အလိုရှိနေသည်။ အနည်းဆုံးတော့ လူသားများ၏ ဘဝကို အသက်ရှင်ရုံသက်သက်ထက် ပိုမို ကောင်းမွန်စေချင်သည်။
သူ၏ ပထမဆုံးသော အရင်းအနှီး ပစ်မှတ်မှာ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုပင် ဖြစ်လေသည်...။