← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈)

မင်းမနိုင်ရင်လည်း မင်းဦးလေးကိုသာ လွှဲပေးလိုက်တော့

မျက်တောင်တစ်ခတ်အတွင်းမှာပင် လျန်ထျန်းတစ်ယောက် ဘီမြို့တော်သို့ ရောက်ရှိနေခဲ့သည်မှာ သုံးလကျော် မျှ ကြာညောင်းခဲ့ပြီ ဖြစ်သည်။

ထိုရက်ပေါင်း တစ်ရာကျော် ကာလအတွင်း သူသည် နေ့စဉ်ရက်ဆက် အစားအသောက် ပို့ဆောင်ပေးနေ သည့် အပြင် ဘီမြို့တော်ရှိ ဖန်မိသားစု၏ လှုပ်ရှားမှု သတင်းအစအနများကိုလည်း အခွင့်အခွင့်သင့်သလို စုံစမ်း ထောက်လှမ်းခဲ့လေသည်။

ထို့ပြင် အစားအသောက်ပို့၍ ရရှိသော ငွေကြေးများဖြင့်လည်း တိတ်တဆိတ် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး စုစုပေါင်း ယွမ် လေးသောင်းခန့် သုံးစွဲခဲ့လေသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု မဖြစ်ပွားမီကာလကဆိုလျှင် ယွမ် လေးသောင်းဟူသော ပမာဏမှာ ဘာမျှ လုပ်၍ရမည် မဟုတ်ပေ။ ဘီမြို့တော်ကဲ့သို့ နေရာမျိုးတွင် အိမ်ရာမြေ တစ်စတုရန်းမီတာစာပင် ဝယ်ယူနိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။

သို့သော် ယခုမူ တစ်ကမ္ဘာလုံးရှိ ကုန်ဈေးနှုန်းများမှာ အဆတစ်သန်း ပြုတ်ကျသွားခဲ့ပြီ ဖြစ်ရာ ယွမ် လေးသောင်း မှာ ယွမ် ဘီလီယံ လေးဆယ်နှင့် ညီမျှနေပြီ ဖြစ်သည်။

ဖန်မိသားစု၏ ယွမ် သုံးသိန်းကျော်သော ပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်လျှင် ယွမ် လေးသောင်းမှာ အနည်းငယ် နည်းပါးသည်ဟု ထင်မှတ်ရသော်လည်း...၊

တစ်ခါတစ်ရံတွင် ငွေကြေး မည်မျှ များပြားသည်က အဓိက မဟုတ်ဘဲ ထိုငွေကြေးကို မည်သို့ ကောင်းမွန်စွာ အသုံးချသနည်း... ဆိုလိုသည်မှာ မိမိ၏ ငွေကြေးကို မည်သို့သော နည်းလမ်း၊ မည်သို့သော နယ်ပယ်များတွင် အထိရောက်ဆုံး သုံးစွဲသနည်းဟူသည့် အချက်ကသာ ပို၍ အရေးကြီးလှပေသည်။

ယနေ့တွင်မူ လျန်ထျန်းသည် အားစိုက်ထုတ်မှု အနည်းငယ်ရုံမျှဖြင့် ဖန်မိသားစုကို အလဲထိုးပစ်နိုင်မည်ဟု အပြည့် အဝ ယုံကြည်မှု ရှိနေခဲ့ပြီ ဖြစ်သည်။

ဖန်မိသားစုမှာ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ တတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်ပြီး ရှယ်ယာ တစ်ဆယ့်ငါးရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပေသည်။

ဖန်မိသားစု ဂုဏ်သိက္ခာ ကျဆင်းသွားသည့် အခါတွင်မူ တစ်မူထူးခြားစွာပင် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုလုံးကို ရိုက်ခတ်သွားပေလိမ့်မည်။ ထိုအချိန်ကျမှသာ လျန်ထျန်းအနေဖြင့် အစွမ်းကုန် လှုပ်ရှားရ ပေတော့မည်...။

ဖန်မိသားစုအကြောင်း ပြောရလျှင် ထိုအစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီရှိ ၎င်းတို့၏ ရှယ်ယာများမှာပင် မိသားစု ပိုင်ဆိုင်မှု စုစုပေါင်း၏ ထက်ဝက်နီးပါး ရှိနေချေပြီ။

သို့သော် ၎င်းတို့၏ အဓိက စီးပွားရေးမှာ ဤနေရာ၌ ရှိသည်မဟုတ်ဘဲ မိသားစု၏ အခြေခံ အုတ်မြစ်မှာ အခြား သော စက်မှုလုပ်ငန်းများပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

ထိုအရာများထဲမှ အဓိက အကျဆုံး အစိတ်အပိုင်းမှာ ဘီမြို့တော် ပတ်ဝန်းကျင်ရှိ အိမ်ခြံမြေ လုပ်ငန်းများပင် ဖြစ်သည်။

မှန်ပေသည်...။ ဖန်မိသားစု၏ အဓိက စီးပွားရေးမှာ အိမ်ခြံမြေ ကုမ္ပဏီများ၊ သို့မဟုတ် အိမ်ခြံမြေ တည်ဆောက် ရေး လုပ်ငန်းရှင်များ ဖြစ်ကြပြီး ၎င်းတို့သည် ထိုလုပ်ငန်းဖြင့်ပင် ကြီးပွားချမ်းသာလာခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က အခြေအနေကို ပြန်ကြည့်လျှင် တရုတ်နိုင်ငံအတွင်း လျင်မြန်စွာ ထွက်ပေါ်လာ ခဲ့သော သူဌေးအများစုမှာ အိမ်ခြံမြေနှင့် ဆက်စပ်နေသော စက်မှုလုပ်ငန်းများဖြင့်သာ ရပ်တည်ခဲ့ကြကြောင်း တွေ့ရပေလိမ့်မည်။

နောင်တွင် စီးပွားရေး သံသရာ အပြောင်းအလဲ ဖြစ်လာသောအခါ အချို့က လုပ်ငန်းပုံစံ ပြောင်းလဲခဲ့ကြပြီး၊ အချို့ကမူ ဇွတ်မှိတ် ဆက်လုပ်ခဲ့ကြကာ၊ အချို့က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြပြီး၊ အချို့ကမူ လျှောက်လုပ် ရင်းဖြင့်...၊ နောက်ဆုံးတွင် လူအမြောက်အမြားမှာ 'အသက်ပျောက်' ခဲ့ကြရလေသည်။

သို့သော်လည်း ကံကောင်းသူ အများစုမှာမူ လုပ်ငန်းပုံစံ ပြောင်းလဲချိန်တွင် အခွင့်အရေးကို အရဖမ်းဆုပ်နိုင်ခဲ့ ခြင်း သို့မဟုတ် မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။

ဖန်မိသားစုမှာမူ မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် "ကုမ္ပဏီအဖွဲ့ပေါင်း တစ်ရာ စစ်ပွဲ" စတင်သည့် အစောပိုင်း ကာလများအတွင်း အဝါရောင်သားပိုက်ကောင် ကုမ္ပဏီ၌ ပိုက်ဆံများကို ပုံအော၍ လောင်းကြေးထပ်ခဲ့ကြသည်။

အဝါရောင်သားပိုက်ကောင် ကုမ္ပဏီသည် ဝိုင်းရံပိတ်ဆို့မှုများကို ဖြတ်ကျော်ကာ အောင်မြင်မှု ရရှိခဲ့ပြီးနောက် ဖန်မိသားစု၏ မူလရင်းနှီးမြှုပ်နှံမှုအပေါ် အဆပေါင်း ထောင်ချီရှိသော အကျိုးအမြတ်များကို ပြန်လည် ဆောင်ကြဉ်းပေးခဲ့လေသည်။

ဤလောင်းကြေးကပင် အောင်မြင်မှု ပေးခဲ့သောကြောင့် ဖန်မိသားစုသည် ယနေ့ထက်တိုင် ဆက်လက် ရပ် တည်နိုင်ခြင်း ဖြစ်လေသည်။

အိမ်ခြံမြေ လုပ်ငန်းများ အခက်ခဲဆုံး ဖြစ်နေသည့် ကာလတွင်ပင် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ အစုရှယ်ယာ အမြတ်ဝေစုများဖြင့် ထောက်ပံ့ ကူညီပေးနိုင်ခဲ့သည်။

အမှန်စင်စစ်...၊ လူတစ်ယောက် ဝမ်းမြောက်နေချိန်တွင် အခြားတစ်ယောက်ကမူ ပူဆွေး သောကရောက်နေရ သည်မှာ ဓမ္မတာပင် ဖြစ်သည်။ စစ်သူကြီးတစ်ဦး၏ အောင်မြင်မှုမှာ ရေတွက်၍မရနိုင်သော စစ်သည်တို့၏ အရိုးစုများပေါ်တွင် တည်ဆောက်ထားရသည်ဟု ဆိုရပေမည်။

"ကုမ္ပဏီအဖွဲ့ပေါင်း တစ်ရာ စစ်ပွဲ" တွင် အောင်နိုင်သူ တစ်ဦးတည်းသာ ရှိနိုင်ပြီး ကျန်ရှိသူများမှာမူ ရှုံးနိမ့်သူများ သာ ဖြစ်ကြရသည်။

၎င်းတို့ကို ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့် အခြားသော အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းရှင် အများ အပြားမှာလည်း မူလကပင် ခက်ခဲနေသော အခြေအနေကို ပို၍ ဆိုးဝါးစေခဲ့ပြီး နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ကြရလေသည်။

ထို့ကြောင့်ပင် မကြာသေးမီ နှစ်များအတွင်း၌ ဆောက်လုပ်ဆဲ တန်းလန်းနှင့် အကောင်အထည် မဖော်နိုင်တော့ သော အဆောက်အအုံများစွာ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

လူအများက အိမ်ဝယ်ရန် ပေးချေထားသော ငွေကြေးများမှာ အိမ်များကို ဆက်လက် ဆောက်လုပ်ရန်အတွက် မလုံလောက်ခြင်းကြောင့် မဟုတ်ပေ။

အမှန်တကယ်၌မူ တည်ဆောက်ရေး လုပ်ငန်းရှင်များက ထိုငွေကြေး အားလုံးကို အခြားသော နေရာများတွင် အသုံးချခဲ့ခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ၎င်းတို့ အောင်မြင်သွားပါက တည်ဆောက်ရေး လုပ်ငန်းရှင်များတွင် ပိုက်ဆံများ ရှိလာပြီး အိမ်များကို ဆက်လက် ဆောက်လုပ်ကာ အဆင်ပြေပြေ လွှဲပြောင်းပေးနိုင်မည် ဖြစ်၍ လူတိုင်း ပျော်ရွှင်ကြပေလိမ့်မည်။

သို့သော် ရှုံးနိမ့်သွားခဲ့လျှင်မူ... ကျယ်ပြောလှသော မြေကွက်ကြီးများပေါ်တွင် ဆောက်လုပ်ဆဲ တန်းလန်း အဆောက်အအုံများသာ တန်းစီ၍ ကျန်ရစ်ခဲ့ပေတော့မည်...။

ပြိုင်ဘက်များ လျော့နည်းသွားခြင်းကပင် ဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့သော ဖန်မိသားစုကဲ့သို့သော အိမ်ခြံမြေ ကုမ္ပဏီများအတွက် ပိုမိုကျယ်ပြန့်သော နယ်ပယ် ချဲ့ထွင်ခွင့်ကို ရရှိစေခဲ့သည်။

ထို့ပြင် မကြာသေးမီက အိမ်ခြံမြေ လုပ်ငန်းများ စီးပွားရေး ပြန်လည် ဦးမော့လာခြင်းကြောင့် ဖန်မိသားစုမှာ တစ်ဖန် လှုပ်ရှားရန် အားခဲလာခဲ့ကြပြန်သည်။

၎င်းတို့သည် အတွေ့အကြုံရင့် အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းရှင်များပီပီ အိမ်ခြံမြေ ဈေးနှုန်းများကို ဖောင်းပွအောင် ပြုလုပ်ရာတွင် အလွန် ကျွမ်းကျင်လှပေသည်။

အထူးသဖြင့် ဘီမြို့တော် ပတ်ဝန်းကျင်ရှိ အိမ်များနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များနှင့် စီးပွားရေး ဇုန်များ ချဲ့ထွင်မည့် ကောလာဟလ သတင်းများကို ထုတ်လွှင့်ခဲ့ကြသည်။

ထို့ပြင် အနီးနားတွင် စာသင်ကျောင်းများနှင့် မြေအောက် ရထားဘူတာရုံများ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး ကျောင်းနီးနားရှိ အိမ်ရာမြေများ ဖြစ်လာတော့မည် ဖြစ် ကြောင်း ဝါဒဖြန့်ခဲ့ကြသည်။

ဤကဲ့သို့သော ကြေညာချက်များမှာ လူအများ၏ အာရုံစိုက်မှုကို အမြဲတမ်း ဆွဲဆောင်နိုင်လေ့ ရှိသော်လည်း ဤအရာများမှာ မြည်းစမ်းရုံမျှသာ ရှိသေးပြီး အဓိက အစီအစဉ်ကြီးမှာမူ နောက်မှ လာမည် ဖြစ်သည်။

ထိုသို့သော နည်းလမ်းများတွင် အိမ်ရာများကို သိမ်းဆည်းထားကာ အရောင်းပိတ်ခြင်း၊ ထိတ်လန့် တုန်လှုပ်မှုများ ဖန်တီးခြင်း၊ ဈေးနှုန်းများကို အရင်မြှင့်ပြီးမှ ပြန်ချခြင်း၊ အရောင်းရဆုံး ဈေးနှုန်းများကို လုပ်ကြံဖန်တီးခြင်း၊ အတွေးအခေါ် အယူအဆအသစ်များကို အမွှန်းတင်ခြင်း၊ ပြုပြင်မွမ်းမံမှုများအတွက် အခကြေးငွေများ ပိုမို တောင်းခံခြင်းနှင့် ဈေးနှုန်းများကို စုပေါင်း၍ မြှင့်တင်ခြင်း စသည်တို့ ပါဝင်လေသည်။

ပိုမို ဆန်းပြားသော နည်းလမ်းမှာမူ ပွဲစားများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

ပထမဦးစွာ အိမ်ခြံမြေ အကျိုးဆောင်များက အိမ်ရာများကို စာရင်းသွင်းကာ ဝယ်လိုအား မြင့်မားနေသည့် ပုံစံ မျိုးကို ဖန်တီးကြပြီး ထိုမှတစ်ဆင့် တစ်ပတ်ရစ် အိမ်ဟောင်းများ၏ ဈေးနှုန်းမှာ အိမ်သစ်များထက် နိမ့်ကျနေ သည်ဟူသော အမှားအယွင်း အမြင်ကို ဖြစ်ပေါ်စေသည်။

တစ်ပတ်ရစ် အိမ်ဟောင်းများက အိမ်သစ်များထက် ပို၍ ဈေးကြီးနေပါက အိမ်သစ်တစ်လုံးကို ဝယ်ယူခြင်းက အကျိုးအမြတ် ရရှိရန် သေချာနေသည် မဟုတ်ပါလား။ ဤအချက်က လူတို့ကို ဆွဲဆောင်နိုင်သည် မဟုတ်ပါ လား။

အကယ်၍ လုပ်ငန်းစဉ် အဆင်ပြေသွားပါက အိမ်ဝယ်ယူသူများ အချင်းချင်း အပြိုင်အဆိုင် ဖြစ်လာနိုင်ပြီး အိမ် ဈေးနှုန်းများကို ပိုမို မြင့်တက်စေနိုင်ပေသည်။

အတိုချုပ်ပြောရလျှင် အမျိုးမျိုးသော နည်းလမ်းများမှာ အစဉ်အမြဲ ပေါ်ထွက်နေပြီး တည်ဆောက်ရေး လုပ်ငန်း ရှင်များ ကြံဆနိုင်သော နည်းလမ်းများမှာ လူတို့ စိတ်ကူးမယဉ်နိုင်သည်အထိ ပိုမို များပြားလှပေသည်။

ဤသို့ လှည့်ဖြားပြီးနောက်တွင်မူ ‘လယ်ကွင်းထဲက မုန်ညင်းပင် (သားကောင်)’ များကို တစ်သုတ်ပြီး တစ်သုတ် ပျော်ရွှင်စွာ ရိတ်သိမ်းနိုင်တော့မည် မဟုတ်ပါလား။

လူများတွင် အိမ်ဝယ်ရန် အမှန်တကယ် ပိုက်ဆံ ရှိ၊ မရှိ ဆိုသည်မှာ အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းမှာ ချေးငွေများ ရယူကြရမည် ဖြစ်သောကြောင့်ပင်။

အိမ်များမှာ တန်ဖိုး တက်လာလိမ့်မည်ဟူသော လှည့်စားမှုကို ဖန်တီးထားနိုင်သရွေ့ လူအများက စွန့်စား၍ ဝယ်ယူခြင်း မပြုဘဲ နေကြလိမ့်မည်ကို စိုးရိမ်စရာ မလိုပေ။

ငွေကြေးများ အလွန်အကျွံ သုံးစွဲမိခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တည်ဆောက်ရေး လုပ်ငန်း ရှင်များက ဂရုစိုက်နေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆံများမှာ ၎င်းတို့၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ချေသည်။

ပိုက်ဆံများ လက်ထဲသို့ ရောက်ရှိလာသည်နှင့် ၎င်းတို့သည် နောက်ထပ် 'လောင်းကစားဝိုင်း' သို့ ချက်ချင်း ကူးပြောင်းသွားကြပြီး ဤသံသရာကြီးမှာ ထပ်ခါတလဲလဲ လည်ပတ်နေတော့သည်။

ထိုညတွင် ဖန်မိသားစုသည် ဘီမြို့တော်၏ ဗဟိုချက်မရှိ ကြယ်ခုနစ်ပွင့်အဆင့်ရှိ ဟိုတယ်ကြီးတွင် ခမ်းနား ကြီးကျယ်သော ဂုဏ်ပြုဆုခံပွဲကြီးကို ကျင်းပခဲ့လေသည်။

ဖန်မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သော အင်အားစု အားလုံးမှာ တက်ရောက်လာခဲ့ကြပြီး ဖန်မိသားစု၏ အကြီးအကဲ ဖန်တွမ့်ကျန်းကို အလှည့်ကျ ခွက်မြှောက်၍ ဂုဏ်ပြု သောက်နေကြလေသည်။

"မစ္စတာဖန်...၊ ဂုဏ်ယူပါတယ်ဗျာ...။ လုပ်ငန်းကြီး အောင်အောင်မြင်မြင် စတင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်...။"

"ဟားဟား...၊ မစ္စတာဖန် ပိုင်ဆိုင်တဲ့ အိမ်ခြံမြေ စီမံကိန်းကတော့ သေချာပေါက် ရေပန်းစား လူကြိုက်များ မှာပါ...။"

"မှန်ပါတယ်...၊ ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးက သာမန်လူတွေ ကိုင်တွယ်နိုင်တဲ့ နေရာမျိုး မဟုတ်ဘူး။ အဲဒီတုန်းက သခင်လေးကော် ဆိုရင်လည်း ဒီနေရာကနေပဲ ကျော်တက်သွားခဲ့တာ မဟုတ်လား...။"

"ဟုတ်ပါတယ်... ၊ မစ္စတာဖန် ဝင်ရောက် ကိုင်တွယ်ပြီး အားလုံးကို ရှင်းလင်းလိုက်ပြီးတဲ့နောက်မှာတော့ အခု ဆိုရင် ဒီနေရာဟာ ရေပန်းစားတဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီ။ ဒါကြောင့် မစ္စတာဖန်က တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်၊ ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်...။"

"ဥက္ကဋ္ဌဖန်ကတော့ အိမ်ခြံမြေ လောကရဲ့ ဟွာထို (အသက်ကယ်နတ်သမီး) အလားပါပဲ...။ တကယ်ကို အံ့ဖွယ် ဖန်တီးရှင်ကြီးပါပဲ...။"

ဖန်တွမ့်ကျန်းသည် ဘေးပတ်ဝန်းကျင်ရှိ အမှုဆောင်အရာရှိများ၏ မြှောက်ပင့် စကားများကို ကြားရသောအခါ ပို၍ ဘဝင်မြင့်လာပြီး ခွက်ကို ဂုဏ်ယူဝင့်ကြွားစွာ မြှောက်လိုက်ရင်း ဆိုလိုက်သည်။

“ငါ အစောပိုင်းတုန်းက ရှောင်ကော်နဲ့ တွေ့တုန်းကလည်း သူ့ကို ပြောခဲ့သားပဲ...။”

“သူက ငယ်လည်းငယ်သေးတယ်၊ အတွေ့အကြုံလည်း မရှိသေးဘူး။ ဒီလောကကြီးက ဘယ်လောက်အထိ ရှုပ်ထွေးတယ်ဆိုတာ သူ နားမလည်သေးဘူး။ မင်း မနိုင်ရင်လည်း မင်းဦးလေးကိုသာ လွှဲပေးလိုက်တော့လို့ ပြောခဲ့တယ်...။”

“ဒါပေမဲ့ သူက ထိုအချိန်တုန်းက စကားနားမထောင်ဘဲ အံကြိတ်ပြီး ဇွတ်တိုးလုပ်ခဲ့တယ်၊ နောက်ဆုံးတော့လည်း ငါကပဲ ဝင်ပါပြီး အဲဒီမြေကွက်ကို သူ့ဆီကနေ သိမ်းယူလိုက်ရတာပဲ မဟုတ်လား...။”

“တွေ့တယ်မလား...။ ငါ ဒီကို ရောက်လာပြီးတဲ့နောက်မှာတော့ အဲဒီနယ်မြေဟာ တကယ်ပဲ ထိုးတက်သွားခဲ့ပြီ။ ဒါကြောင့်မို့ အရာရာတိုင်းဟာ ငါ့လို အတွေ့အကြုံရင့် အဖိုးကြီးတွေ ကိုင်တွယ်မှသာ အဆင်ပြေမှာ...။”

ထိုစကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ မြှောက်ပင့်သံများမှာ ပိုမို ကျယ်လောင်လာတော့သည်။

"မှန်ပါပေ့...၊ မစ္စတာဖန်က ကျွန်တော်တို့ လောကရဲ့ ဝါရင့် စီနီယာကြီးတစ်ဦး ဖြစ်သလို အရည်အချင်းရော ကိုယ်ကျင့်တရားပါ ပြည့်စုံတဲ့သူ ပါပဲဗျာ...။"

"အဲ့အချိန်တုန်းက သခင်လေးကော်က အသက်ဆက်ဖို့ မြေကွက်တွေကို လျှောက်ရောင်းနေတာ၊ မစ္စတာဖန် တစ် ယောက်ပဲ ဝင်ယူရဲတာ။ မစ္စတာဖန်နဲ့ သခင်လေးကော်တို့ရဲ့ သံယောဇဉ်ကတော့ လူသိများတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့ပြီပေါ့...။"

"မစ္စတာဖန်...၊ ကျွန်တော်လည်း အဲဒီနယ်မြေမှာ ရင်းနှီးမြှုပ်နှံလို့ ရမလားဗျာ။ အများကြီး မလိုပါဘူး...။ နှစ်ဆယ် ရာခိုင်နှုန်းလောက်ဆို ရပါပြီ...။"

"ဖယ်စမ်း...၊ နှစ်ဆယ်ရာခိုင်နှုန်း ဟုတ်လား...။ မင်းက နှစ်ဆယ်ရာခိုင်နှုန်း ယူရင် ငါတို့အတွက် ဘယ်လောက် ကျန်တော့မှာလဲ။ မစ္စတာဖန်...၊ ကျွန်တော့်ကိုပါ ခေါ်သွားပါဦး၊ ကျွန်တော် ဆယ်ရာခိုင်နှုန်းပဲ ယူပါ့မယ်...။"

"အဲဒီနယ်မြေရဲ့ မြေဈေးနှုန်းတွေအရ ဆိုရင်တော့ မစ္စတာဖန်က အိမ်ရာမြေ ပျမ်းမျှဈေးနှုန်းကို တစ်စတုရန်း မီတာကို လေးကျောင်အထိ မြှင့်တင်ထားပြီးပြီ ဖြစ်လို့ အမြတ်က ထက်ဝက်မက ရနေပြီ ဖြစ်ပါတယ်...။"

"မှန်တာပေါ့...၊ ဒါကြောင့် အခုအချိန်မှာ မစ္စတာဖန်ရဲ့ လမ်းညွှန်မှုကို ရတဲ့သူမှန်သမျှ အောင်မြင်တော့မှာပဲ။ မစ္စတာဖန်... ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး...။ ကျွန်တော် သုည ဒသမ ငါး ရာခိုင်နှုန်းပဲ လိုချင် ပါတယ်...။"

အမှန်စင်စစ်... စီးပွားရေးလောကတွင် အကျိုးအမြတ်သည်သာ အမြဲတမ်း ပထမ ဖြစ်သည်။ အကယ်၍ ဤ နေရာတွင် ဤမျှ ကြီးမားသော အကျိုးအမြတ် အခွင့်အလမ်း မရှိခဲ့ပါက လူအမြောက်အမြားမှာ အနံ့ခံ၍ ရောက်ရှိလာကြမည် မဟုတ်ပေ။

ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ရလဒ်မှာ သေချာသလောက် ရှိနေပြီ ဖြစ်ပြီး ဖန်မိသားစုသည် ဤ အရှိန်အဝါကို အသုံးချကာ ၎င်းတို့၏ အဓိက စီးပွားရေးအတွက် ဒုတိယမြောက် နွေဦးကာလကို ဆောင်ကြဉ်း ပေးနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း လောကသား အားလုံး သိကြသည်မှာ အိမ်ခြံမြေ ကဏ္ဍတွင် ဖြစ်ပေါ်နေသော ဤ "နွေဦးကာလ" မှာ ရေတိုမျှသာ ဖြစ်ပြီး လူသားတို့ ဖန်တီးထားသော အပေါ်ယံ ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မည်သူမျှ စီးပွားရေး သံသရာကြီးကို တားဆီးနိုင်ခြင်း မရှိသောကြောင့်ပင်။ ၎င်းတို့ လုပ်ဆောင်နိုင်သည်မှာ လုံးဝ ပျက်စီးမသွားမီ နောက်ဆုံးအချိန်တွင် ရူးသွပ်စွာဖြင့် အကျိုးအမြတ် အများကြီးကို အရယူသွားရန်သာ ဖြစ်သည်။

ထိုရူးသွပ်မှု၏ အကျိုးဆက်များမှာ အိမ်ဝယ်ယူသူများအပေါ်၌သာ သက်ရောက်မည် ဖြစ်ရာ ၎င်းတို့နှင့် မည်သို့ သက်ဆိုင်ပါမည်နည်း။

ထို့ကြောင့် ဖန်မိသားစု ဦးဆောင်သော ဘီမြို့တော်ရှိ အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းရှင်ကြီး တစ်စုသည် ပူးပေါင်း၍ ‘မုန်ညင်းပင် (သားကောင်)’ များကို အမြစ်ပါမကျန် ရိတ်သိမ်းရန် ဓားကို စတင် ကိုင်စွဲလိုက်ကြလေ တော့သည်။

တစ်ချိန်တည်းမှာပင် ရုံးခန်းတစ်ခုအတွင်း၌ လျန်ထျန်းသည် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူအုပ်စုတစ်စုနှင့် အစည်းအဝေး ပြုလုပ်နေခဲ့လေသည်။

သို့သော်လည်း လျန်ထျန်း ဝတ်ဆင်ထားသော အစားအသောက် ပို့ဆောင်ရေး ယူနီဖောင်းမှာ ဤနေရာတွင် အနည်းငယ် ကသိကအောက် ဖြစ်နေပြီး ပတ်ဝန်းကျင်နှင့် လုံးဝ လိုက်ဖက်မှု မရှိသလို ဖြစ်နေသည်။

သို့သော်လည်း တက်ရောက်လာသူ မည်သူမျှ ဤအချက်အပေါ် မည်သည့် မှတ်ချက်မျှ မပေးရဲကြပေ။ အဓိက ထိုင်ခုံတွင် ထိုင်နေသော လျန်ထျန်းကိုပင် ရိုသေလေးစားစွာ ကြည့်နေကြသည်။

စမတ်ကျလှသော ဥက္ကဋ္ဌကြီးများက အစားအသောက် ပို့ဆောင်ရေးသမားတစ်ဦးကို ဤမျှအထိ ရိုသေ လေးစား စွာ ဆက်ဆံနေကြသည်ဟူသော သတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

မကြာမီပင် လျန်ထျန်းက စကားစတင် ပြောကြားလိုက်ရာ ဥက္ကဋ္ဌကြီးများ အားလုံးက အာရုံစိုက်၍ နားထောင် ကြလေသည်။

"အားလုံးပဲ... အဓိက အချက်ကို တိုက်ရိုက် သွားကြရအောင်။ ငါ အစည်းအဝေးပြီးရင် အစားအသောက် သွားပို့ရဦးမှာမို့လို့...။"

“မင်းတို့အားလုံးက ဘီမြို့တော်က အသေးစားနဲ့ အလတ်စား အိမ်ခြံမြေ ကုမ္ပဏီတွေ ဖြစ်ကြပြီး မကြာသေးမီ နှစ်တွေအတွင်းမှာ အဲဒီ ကုမ္ပဏီကြီးတွေရဲ့ ဖိအားပေးမှုကြောင့် ရုန်းကန်နေကြရတာ...။”

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းတို့အတွက် အခြေအနေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးကောင်းပဲ။ အဆုံး အဖြတ် တိုက်ပွဲက မြို့ဆင်ခြေဖုံးမှာ ဖြစ်မှာဖြစ်ပြီး ပစ်မှတ်ကတော့ ဖန်မိသားစုရဲ့ အိမ်ခြံမြေ စီမံကိန်းပဲ...။"

ထိုအချိန်တွင် မန်နေဂျာတစ်ဦးက လက်ညှိုးထောင်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"မစ္စတာလျန်... မင်းက ကျွန်တော်တို့ကို ပိုက်ဆံတွေ အများကြီး ရင်းနှီးမြှုပ်နှံပေးပြီး ဘယ်လို အခြေအနေမျိုး မှာမဆို မြေကွက်တွေကို အများကြီး ဝယ်ယူခိုင်းနေတာ။ မင်း တကယ်ပဲ အကျိုးအမြတ်ကို မလိုချင်တာလား...။"

ထိုစကားကို ကြားသောအခါ အခြားသူများကလည်း လိုက်လံ၍ ထိုမေးခွန်းကိုပင် မေးမြန်းကြသည်။

"ဟုတ်ပါတယ်... မစ္စတာလျန်၊ မင်းမှာ ပိုက်ဆံတွေ ရှိနေရင်တောင် ဒါက ကစားရမယ့် ပုံစံမျိုး မဟုတ်ဘူး။ မင်း ပိုက်ဆံတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်။ အဲဒါထက်...၊"

ထိုဥက္ကဋ္ဌက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက်၍ ဆိုလိုက်သည်။

"ကျွန်တော်တို့ ဖန်မိသားစုရဲ့ အိမ်ခြံမြေ စီမံကိန်း သတင်းကို အသုံးချပြီး ကျွန်တော်တို့ရဲ့ ဈေးနှုန်းတွေကိုပါ လိုက်မြှင့်ရင် မကောင်းဘူးလား။ ဒါဆိုရင် ကျွန်တော်တို့လည်း ပိုက်ဆံတွေ အများကြီး ရနိုင်တာပေါ့...။"

"အဓိက အချက်ကတော့ လူတိုင်း အသားစားရမှာ ဖြစ်ပြီး မလိုအပ်တဲ့ ပြဿနာတွေလည်း ရှိလာမှာ မဟုတ်ဘူး။ မဟုတ်ရင် ကျွန်တော်တို့ လုပ်ရပ်က ဝိုင်းဖျက်သလို ဖြစ်နေလိမ့်မယ်...။"

"စီးပွားရေးလောကမှာ သူတစ်ပါးရဲ့ အသက်မွေးဝမ်းကျောင်းကို ပိတ်ပင်တာနဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ် တောက်တာဟာ မိဘကို သတ်တာနဲ့ တူတူပဲ၊ အထူးသဖြင့် ဖန်မိသားစုလို အင်အားကြီး မိသားစုမျိုးနဲ့ ဆိုရင်ပေါ့။ သူတို့ ဘာတွေ လုပ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...။"

သို့သော်လည်း ထိုသူဌေး စကား မဆုံးမီပင် လျန်ထျန်းက စူးရှပြတ်သားသော လေသံဖြင့် ကြားဖြတ်၍ ဆို လိုက်သည်။

"အသားစားမယ် ဟုတ်လား...။ ဘယ်သူ့ အသားကို စားမှာလဲ...။ ဒါဟာ အများစုသော ပြည်သူလူထုရဲ့ အသားကို စားတာပဲ မဟုတ်လား...။"

"ပြီးတော့ သူတို့ ဘာတွေ လုပ်လာမလဲဆိုတာ ငါ ကြိုတင် မြင်ပြီးသားမို့လို့ စိုးရိမ်နေစရာ မလိုဘူး။ ငါ အားလုံး ကို ပြင်ဆင်ပြီးသား...။"

"မင်းတို့ ဘာမှ စိုးရိမ်စရာ မလိုဘူး…။တကယ်လို့ ပိုက်ဆံ ဆုံးရှုံးသွားရင်လည်း ငါ့တာဝန်ပဲ။ ငါ အစားအသောက် ပို့ပြီးတော့ပဲ ဖြစ်ဖြစ် မင်းတို့ ဒီတိုက်ပွဲကို နိုင်အောင် ကူညီပေးမယ်...။"

"ဒါပေမဲ့ အချက်တစ်ချက်တော့ ရှိတယ်...။"

ဤနေရာသို့ ရောက်သောအခါ လျန်ထျန်းက စကားကို ခေတ္တရပ်လိုက်ပြီး တစ်ခန်းလုံးကို ဝေ့ဝဲကြည့်ရှုကာ တစ်လုံးချင်း ပြတ်သားစွာ ဆိုလိုက်သည်။

"အကယ်၍ ဘယ်သူမဆို ဖန်မိသားစုရဲ့ အရှိန်အဝါကို အသုံးချပြီး အမြတ်ထုတ်ဖို့ ထပ်ပြောလာမယ်ဆိုရင်...၊ ငါ သူတို့ဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ချင်း ရုပ်သိမ်းမယ်...။"

သူ စကားပြောပြီးနောက်တွင်မူ တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ ထပ်မံ၍ စကားမပြောရဲကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် လျန်ထျန်း ၎င်းတို့ထံ ရင်းနှီးမြှုပ်နှံမှု မပြုမီကပင် ဘီမြို့တော်ရှိ ဤအသေးစားနှင့် အလတ်စား အိမ်ခြံမြေ ကုမ္ပဏီများမှာ ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့ကြခြင်းကြောင့် ဖြစ်သည်။

တစ်ခါမျှ လျန်ထျန်းက ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းလိုက်ပါက ၎င်းတို့အနေဖြင့် ဒေဝါလီခံကြောင်း ကြေညာ ရုံမျှသာ ရှိတော့သဖြင့် လျန်ထျန်း၏ အမိန့်ကိုသာ အကြွင်းမဲ့ နာခံကြရပေတော့မည်...

All Chapters